← Chapters

လုဖန်၏ စိတ်

Vol. 13 Ch. 180

လုဖန်၏ စိတ်

Vol. 13 Ch. 180

ဒူးထောက်စမ်း ..

မာန်ပါလှသောထိုစကားလုံးကြောင့် အနီးနားတဝိုက်မှ လူများ အားလုံး ရုတ်ချည်း ငြိမ်ကျသွားကြသည်။

လောရုံနောက်မှ စွန်းရှို့သည်ပင် မျက်လုံးပြူးသွား၏။

" ဟူး .. ဒီလူက လောထျန်းရဲ့ ညီဝမ်းကွဲဖြစ်ဖို့ ထိုက်တန်တာပဲ။ သူ့ရဲ့အစွမ်းက အံ့မခန်းပဲဗျာ။ အကိုယင်ရော ဘယ်လိုထင်လဲ "

သူက ယင်ထျန်းလွေ့ဘက် လှည့်ကာ တီးတိုးပြောလိုက်သည်။

ယင်ထျန်းလွေ့ကလည်း အံ့သြတုန်လှုပ်နေဟန်ဖြင့် ပြန်ပြောသည်။

" တဖက်လူရဲ့ အစွမ်းက နိမ့်လွန်းနေတော့ ညီလေးလောရုံရဲ့ အစွမ်းကို အတိအကျ ခန့်မှန်းလို့ မရဘူး။ ဒါပေမယ့် သူက အရမ်းတော့ အစွမ်းထက်တယ်။ ကြည့်ရတာတော့ ..လုဖန်ထက် အစွမ်းမနိမ့်နိုင်ဘူး "

" တကယ်ကြီးလား .. "

သူ့စကားကြောင့် စွန်းရှို့ စိတ်လှုပ်ရှားသွားကာ မျက်လုံးများ အရောင်လက်သွားသည်။

ထိုစဥ် .. လုဖန်က တဖက်မှ လောရုံကို ကြည့်ကာ ခေါင်းအသာညိတ်၍ ပြော၏။

" သိပ်ကောင်းတယ် ၊ မင်းမှာ ခုလိုအစွမ်းမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ဒီလိုဆိုမှတော့လဲ မင်းကို ငါကိုယ်တိုင်ပဲ တိုက်ခိုက်ရုံပေါ့ "

ဝီ ..

လုဖန်က ပြောပြောဆိုဆိုပင် လေထဲသို့ ပျံတက်လိုက်သည်။

လုဖန် လှုပ်ရှားသွားသည်ကို မြင်သောအခါ ဝူယွိမသေမျိူးနန်းတော်မှ လူများဆီမှ ဆူညံသံများ  ထွက်လာပြန်၏။

" အကိုလုဖန် နိုင်မှာ သေချာတယ် "

" အဲ့ကောင်ကို သတ်ပစ်ဗျာ "

လူများ က ထိုသို့ ဆူဆူညံညံ အားပေးအားမြှောက် လုပ်နေကြစဥ်တွင် စွန်းရှို့တစ်ယောက် မျက်မှောင်ကြုံ့သွားသည်။

" အကိုယင် ၊ ကျုပ်က လုဖန်အကြောင်း သေချာ ရင်းရင်းနှီးနှီး မသိဘူးဗျ။ သူ ဘယ်လို သိုင်းပညာရပ်မျိုး ကျင့်ကြံလဲဆိုတာ အကိုယင် သိလား "

စွန်းရှို့က မေးလိုက်သည်။

ယင်ထျန်းလွေ့က ပြန်ဖြေ၏။

" သုက ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ပဲကွ။  သူက သူ့ခန္ဓာကိုယ်ကို အင်မတန် ကြောက်စရာကောင်းလောက်အောင်အထိကို လေ့ကျင့်ထားတာ။ ငါတို့ လူငယ်မျိုးဆက်ထဲမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ကျင့်စဥ်က အကောင်းဆုံးပဲ "

" ခန္ဓာကိုယ်ကျင့်စဥ် ... ဒါဆို သူနဲ့ ရင်ဆိုင်ဖို့ တော်တော်ခက်ခဲမှာပဲ "

စွန်းရှို့၏ မျက်နှာထား အနည်းငယ် ပြောင်းသွားသည်။

ထို့နောက် သူက လောရှောင်ရှောင်းဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ ပြောလိုက်၏။

" မိန်းကလေး ရှောင်ရှောင်း ၊ မင်းရဲ့ အကိုလောရုံကို သွားကူလိုက်ပါလား "

စွန်းရှို့သည် လောရှောင်ရှောင်း၏ အစွမ်းကို သေချာသိထားပြီး ဖြစ်ပါသည်။

လောရှောင်ရှောင်းက သူမ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ကို အသုံးပြုကာ မူဖုန်းအား သတ်ပစ်မလို ဖြစ်ခဲ့သည့် မြင်ကွင်းကို သူ ကောင်းကောင်းကြီး မှတ်မိနေသေး၏။

ယခု သူတို့ရင်ဆိုင်နေရသည့် လူမှာလည်း အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်ပေရာ လောရှောင်ရှောင်း သွားသင့်သည်ဟု သူ ယူဆလိုက်သည်။

သို့သော် ..လောရှောင်ရှောင်းက မျက်မှောင်ကြုံ့၍ ပြောလာ၏။

" ဘာလို့ ကျွန်မကို သွားခိုင်းနေတာလဲ။ ကျွန်မက ဘယ်လိုတိုက်ခိုက်ရမယ်ဆိုတာ မသိဘူးလေ "

ထိုစကားကို ကြားသည်နှင့် စွန်းရှို့၏ မျက်နှာကြီး ချက်ချင်းပင် ရှုံ့မဲ့သွားသည်။

မည်သို့ တိုက်ခိုက်ရမည်ကို မသိဘူးတဲ့လား ..

မသိသည့်တိုင် သူမက တဖက်လူအား စက္ကန့်ပိုင်းအတွင်း အသေသတ်နိုင်ခဲ့သည်လား ..

သို့သော် ..စွန်းရှို့မှာ သူ့ခံစားချက်ကို မျိုသိပ်၍သာ ရှင်းပြလိုက်သည်။

" လုဖန်က အစွမ်းထက်တဲ့ ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက် ဆိုတာကို မိန်းကလေးလဲ ကြားလိုက်တာပဲလေ "

လောရှောင်ရှောင်းက နားမလည်နိုင်ဟန်ဖြင့် ပြန်ပြော၏။

" အဲ့တော့ ဘာဖြစ်လို့လဲ ။ ကျွန်မအကို လောရုံကလဲ ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက်ပဲလေ "

စွန်းရှို့တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားကာ ဆက်ပြောပြလိုက်သည်။

" ဒါပေမယ့် .. သူ့ပြိုင်ဘက်က လုဖန် ဖြစ်နေတယ်လေ "

လောရှောင်ရှောင်းက နှုတ်ခမ်းမဲ့သွားကာ ပြန်ပြော၏။

" သူက ဘာကောင်ကြီး ဖြစ်နေနေ ကျွန်မ ဂရုမစိုက်ပါဘူး။ အစ်ကိုလောရုံ ရိုက်သတ်တာခံရမှာပဲ "

နံဘေးမှ ယင်ထျန်းလွေ့မှာလည်း အားကိုးရာမဲ့သွားသလို ခံစားလိုက်ရသည်။ သို့သော် မည်သို့မှလည်း မတတ်နိုင်သဖြင့် သူပါ ဝင်ရှင်းပြလိုက်ရ၏။

" ဒါပေမယ့် မိန်းကလေးရှောင်ရှောင်း ၊ သူတို့နှစ်ယောက်လုံးက ခန္ဓာကိုယ် ကျင့်ကြံသူတွေ ဆိုပေမယ့် သူတို့ကြားမှာ ကွာဟချက်တွေ ရှိတယ်လေ "

ဤတစ်ကြိမ်တွင်မူ သူ့စကား မဆုံးခင်မှာပင် ရှောင်ရှောင်းက ပြန်ပြောလာသည်။

" ရှင်ပြောတာ အဓိပ္ပါယ်ရှိတယ် "

ယင်ထျန်းလွေ့က စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင်မူ လောရှောင်ရှောင်း  သဘောပေါက်သွားလေပြီ။

ထိုအချိန်မှာပင် လောရှောင်ရှောင်းက စကားဆက်၏။

" ဥပမာပြောရရင် ဟို လုဖန်ဆိုတဲ့ လူရဲ့ ခန္ဓာကိုယ်က တိုဖူးတုံးလို ပျော့စိနေတာ။ ဒါကိုတောင် ခန္ဓာကိုယ် ကျင့်ကြံသူလို့ ခေါ်သေးတာလား။ တော်တော်ရှက်စရာ ကောင်းတာပဲ "

" ဟင် .. "

ဤတစ်ကြိမ်တွင်မူ စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့ နှစ်ယောက်သာမက စွန်းရှို့အဖေ ငှားထားသည့် တုကျဲ့အဆင့် ကျင့်ကြံသူကြီး လေးယောက်လုံးပါ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။

စွန်းရှို့မှာ သူကိုယ်တိုင်ပင် သတိမထားမိဘဲ သူ့နောက်မှ အဘိုးအိုတစ်ယောက်ဘက်သို့ လှည့်ကြည့်မိသွားသည်။

ထိုအဘိုးအိုက မျက်မှောင်ကြုံ့၍ ပြောလာ၏။

" မိန်းကလေး ၊ မင်းက အမှန်ကို မသိဘဲနဲ့ စိတ်ထင်ရာ ခန့်မှန်းနေတာပဲ။ လုဖန်က ဝူယွိ မသေမျိုးနန်းတော်ရဲ့ ဝူယွိမသေမျိုး ခန္ဓာကိုယ်ကျင့်စဥ်ကို အတိုင်းအတာတစ်ခုအထိ ကျင့်ကြံထားတာကွ။ သူနဲ့ ကျင့်ကြံခြင်း အဆင့် တူတဲ့ သူထဲမှာတောင် သူနဲ့ ယှဥ်နိုင်တဲ့သူ နည်းနည်းလေးပဲ ရှိတယ်။ ဒါနဲ့များတောင် သူ့ခန္ဓာကိုယ်ကို တိုဖူးလို ပျော့တယ်လို့ ပြောနေတာလား "

သူမက ထိုလူကြီးကို မျက်စောင်းထိုးကြည့်ကာ ပြန်ပြောလိုက်သည်။

" ကျွန်မပြောတာကို မယုံရင် စောင့်သာကြည့်လိုက်ပါရှင် "

အဘိုးအို၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။

" ကောင်းပါပြီ ၊ ငါ စောင့်ကြည့်နေပါ့မယ် "

ထိုစဥ်မှာပင် လုဖန်က လောရုံရှေ့သို့ ရောက်လာကာ တိုကရိုက်ပင် တိုက်ခိုက်လိုက်သည်။

ဘုန်း ..

သူ လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်ရာ ကောင်းကင်ဘုံ တေးသွားတစ်ခု ခပ်တိုးတိုး ထွက်လာ၏။

" ဝူယွိ မသေမျိုး ခန္ဓာကိုယ် .. ဒါ ဝူယွိမသေမျိုး ခန္ဓာကိုယ် အစစ်ပဲ "

" လုဖန်က ဝူယွိမသေမျိုး ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်တဲ့ အစွမ်းရှိတယ်လို့ ငါ ကောလဟာလတွေ ကြားထားတာတော့ ကြာပြီ ။ ဒါပေမယ့် ကောလဟာလ တစ်ခုသက်သက်ပဲလို့ ထင်ထားခဲ့တာ။ ခုလို အမှန်ဖြစ်နေလိမ့်မယ်လို့ ဘယ်ထင်ထားမိမလဲကွာ "

" ဝူယွိမသေမျိုး ခန္ဓာကိုယ်ဆိုတာ ဝူယွိမသေမျိုးနန်းတော်ရဲ့ အကောင်းဆုံး ရတနာသုံးခုထဲက တစ်ခုပဲ။ လုဖန်သာ ဒီကျင့်စဥ်ကို သုံးပြီး တိုက်ခိုက်ရင် သူနဲ့ ကျင့်ကြံခြင်းအဆင့် တူတဲ့ ဘယ်သူကမှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး "

အားလုံးမှာ တအံ့ဘသြ ရေရွတ်ရင်း လုဖန်က လောရုံအား မည်သည့်အကွက်ကို သုံးကာ သတ်ပစ်မည်ကို စာင့်ကြည့်နေကြ၏။

ထိုအချိန်မှာပင်

ဘုန်း ..

လုဖန်၏ လက်ဝါးချက်က လောရုံပေါ်သို့ ကျသွားသည်။ သို့သော် ..လောရုံကမူ နောက်သို့ ခြေလှမ်းတစ်ဝက်ခန့်မျှသာ ဆုတ်သွားရ၏။

" ဟင် .. ဒီလောက်ပဲလား "

အားလုံး အံ့သြမှင်သက်သွားကြသည်။

" ဒါ .. လုဖန်က အစမ်းအနေနဲ့ပဲ လုပ်လိုက်တာလား "

လူများဆီမှ တစ်ယောက်တစ်ပေါက် ငြင်းခုန်သံများ  ထွက်လာ၏။

" သူ့ရဲ့ လက်ဝါးရိုက်ချက်က ဘာမှ မကြီးကျယ်ဘူးလို့ ထင်ရပေမယ့် လောရုံရဲ့ ခန္ဓာကိုယ်အတွင်းထဲမှာ ဒဏ်ရာဆိုးဆိုးရွားရွားရပြီး သူ့ကိုယ်တွင်းကလီစာတွေ ထိခိုက်ပျက်စီးသွားတာလဲ ဖြစ်နိုင်တာပဲ "

" ဟုတ်တယ် ၊ ဒါပဲ ဖြစ်ရမယ် "

အားလုံးက သူတို့ထင်မြင်ရာကို ပြောလိုက်ကြသည်။

သို့သော် .. ထိုအချိန်တွင် လုဖန်၏ မျက်နှာထားကမူ ယခင်ကနဲ့ မတူတော့ဘဲ ပြောင်းလဲနေလေပြီ။

ယခင် တိုက်ပွဲနှစ်ပွဲ၌ သူတို့ ဝူယွိမသေမျိုးနန်းတော်မှ လူများ နှစ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ရသည်ဖြစ်ရာ ၎င်းကပင် သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်နေပြီဖြစ်သည်။

ထို့ကြောင့် လုဖန်သည် ယခုပွဲ မစခင်ကတည်းက လောရုံအား သိုင်းကွက် တစ်ကွက်တည်းဖြင့် အနိုင်ယူကာ ဝူယွိမသေမျိုးနန်းတော်၏ ဂုဏ်ကို ပြန်ဆယ်မည်ဟု ဆုံးဖြတ်ချက် ချထားခဲ့၏။

သို့သော် .. သူက အားကုန်သုံး၍ ရိုက်လိုက်သည့် နောက်မှာပင် လောရုံက ခြေလှမ်းတစ်ဝက်ခန့်မျှသာ နောက်ဆုတ်သွားလိမ့်မည်ဟု မည်သူ တွေးထားပါမည်နည်း။

၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း ။

ထိုစဥ် တဖက်မှ လောရုံက မျက်မှောင်ကြုံ့၍ ပြောလာသည်။

" ဟေ့ .. ဒါ ဘာသဘောလဲ ။ မင်းက ငါ ဒူးထောက်ခိုင်းတာကို မထောက်ဘဲ တိုက်ခိုက်မယ်ဆိုရင်လဲ အစွမ်းကုန်သုံးပြီး တိုက်ခိုက်လေ။ အခု ဒီ ပျော့စိစိ အခြောက်လိုလက်ဝါးချက်နဲ့ ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား "

လောရုံက လုဖန်အား ဒေါသတကြီး ကြည့်နေ၏။

သူ့စကားကြောင့် လုဖန် နှုတ်ခမ်း မဲ့သွားသည်။

ပျော့စိစိ လက်ဝါးချက်တဲ့လား ..

သူ့ကို အရှက်ခွဲဖို့ ကြိုးစားသတဲ့လား ..

အမှန်တွင်မူ ထိုလက်ဝါးချက်တွင် သူ့အစွမ်း၏ ၉၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး ဖြစ်ပါသည်။

ထိုအကြောင်းကို အမှန်တိုင်း ထုတ်ပြောလျှင်လည်း အရှက်ရသူက သူကိုယ်တိုင် ဖြစ်သွားပေလိမ့်မည်။

သူ့ရှေ့မှ လူက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လှပါတကား ..

ကြည့်ရသည်မှာ သူ နံရံကြီးတစ်ခုနှင့် ဝင်တိုက်မိခဲ့ဟန်ပင် ..

ရုတ်တရက် ..လုဖန်က လောရုံထံမှ အကြည့်လွှဲလိုက်ပြီး သူ့လက်ကို ပြန်ရုတ်ကာ ပြောလိုက်သည်။

" ငါက ပါရမီရှင်တွေကို တန်ဖိုးထားတတ်တဲ့သူပဲ။ မင်းအတွက် ကျင့်ကြံဖို့ မလွယ်လောက်ဘူးဆိုတာကို သတိထားမိသွားလို့ ငါက အစွမ်းကို တမင် ထိန်းချုပ်ထားခဲ့တာ။ ထားလိုက်ပါ .. ဒီနေ့ကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့။ မင်းလဲ ပြန်ပြီးတော့ ကောင်းကောင်းကျင့်ကြံပါ "

ထိုစကားကို ကြားသည်နှင့် အနီးနားတဝိုက်မှ လူများအားလုံးမှာ တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားဟန် ဖြစ်သွားကြသည်။

" အဲ့လက်ဝါးက လောရုံကို မသတ်နိုင်ခဲ့တာ မထူးဆန်းတော့ပါဘူးကွာ။ လုဖန်က သူ့အစွမ်းကို ထိန်းချုပ်ထားခဲ့တာတဲ့ "

" အဲ့လိုကိုး .. လုဖန်က အသက်ငယ်ငယ်လေးပဲ ရှိသေးတာတောင်  သူ့စိတ်က တော်တော်သဘောထား ကြီးတာပဲ။ သူ့အနာဂါတ်က တောက်ပနေမှာ သေချာတယ် "

" အင်း ..ဒီနေ့မှာ လုဖန်ကို မတူတဲ့ အမြင်မျိုးနဲ့ မြင်လိုက်ရတာပဲ "

အနီးမှ လူများမှာ မနေနိုင်ဘဲ ချီးမွမ်းစကား ဆိုလိုက်ကြသည်။

သို့သော် .. ဝူယွိမသေမျိုးနန်းတော်မှ လူများအားလုံးကမူ မကျေမနပ် ဖြစ်နေကြဟန် တူ၏။

" အကိုလုဖန် ၊ ဒီတိုင်း လွှတ်ပေးလိုက်လို့ မဖြစ်ဘူးလေဗျာ။ အကိုဟဲ့ နဲ့ အကိုထုံတို့ကို ကြည့်ပါဦး။ အခုဆို သူတို့ရဲ့ အသက်အန္တရာယ်ကိုတောင် စိုးရိမ်ရတယ်ဗျ "

" ဟုတ်တယ် အကိုကြီး ၊ကျုပ်တို့ ဝူယွိမသေမျိုးနန်းတော်ဘက်က ကြီးပဲ ခုလို အရှုံးမျိုးနဲ့ ရင်ဆိုင်ရတာတော့ မဖြစ်သင့်ဘူး "

" အကိုလုဖန် ၊ သူ့ကို မသတ်ရင်တောင် သူ့ခြေထောက်တွေကို ချိုးပြီး အကိုဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ပြလိုက်စမ်းပါဗျာ "

" အမှန်ပဲ၊ သူ့ခြေထောက်တွေကို ချိုးပစ်ပါ "

" သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ပစ် "

ဝူယွိမသေမျိုးနန်းတော်မှ တပည့်တပန်းများ တစ်ယောက်တပေါက် အော်လိုက်ကြသည်။

ထိုအချိန်တွင် လုဖန်ကမူ မျက်နှာအလွန်ပျက်နေ၏။

လောရုံ၏ ခြေထောက်တွေကို ချိုးပစ်ရမယ်တဲ့လား ..

သူ့တွင်သာ ထိုသို့ လုပ်နိုင်စွမ်း ရှိနေပါက ထိုခြေထောက်များကို ချိုးပြီးသည်မှာ ကြာလှပြီ ဖြစ်သည်။

သု့နောက်လိုက် တပည့်များက မည်သည့်အတွက်ကြောင့် ဤမျှ မောက်မာနေကြရပါသနည်း။

အကယ်၍ သူသာ လောရုံအား ဆက်တိုက်ခိုက်နေပါက ပြဿနာကို လက်ယပ်ခေါ်နေသကဲ့သို့ ဖြစ်သွားမည်ကို ထိုလူများ မသိလေရော့သလား ...

ထိုစဥ်မှာပင် လုဖန်က အင်္ကျီလက်ကို ယမ်းကာ ဒေါသတကြီး အော်လိုက်သည်။

" ပါးစပ် ပိတ်ထားကြစမ်း ။ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က တည်တည်ငြိမ်ငြိမ်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိဖို့ပဲ။ အညှာအတာမဲ့ တိုက်ခိုက်နေဖို့ မဟုတ်ဘူး။ ဒီလိုစိတ်မျိုးနဲ့သာဆို မင်းတို့တွေ အနာဂတ်မှာ ဘယ်လို အောင်မြင်မှုမျိုး ရတော့မှာလဲ။ ငါ ပြောတာ နားထောင်ကြစမ်း ၊ ဒီတစ်ခါ ဆုမီတောင်က ပြန်ရောက်တာနဲ့ အားလုံး တစ်ယောက်တည်း သီးသန့်ကျင့်ကြံပြီး ကိုယ့်လုပ်ရပ်ကိုယ် ပြန်ဆန်းစစ်ကြ "

ဝူယွိမသေမျိုးနန်းတော်မှ  လူများမှာ မည်သို့မှ ထပ်မပြောရဲကြတော့ဘဲ ခေါင်းများ ငုံ့သွားကြ၏။

တဖက်မှ ကြည့်နေသည့် လူအုပ်မှာလည်း အံ့အားသင့်သွားကြသည်။

" လုဖန်က တကယ်ကို အံ့မခန်းပါပဲလား ။ လျှို့ဝှက် နဂါးစာရင်းမှာ အဆင့် ၇ ဆိုတာ သူ့ရဲ့ အစွမ်းအစစ်မှန်တောင် မဟုတ်နိုင်ဘူး။ ဒီ့ထက်ပိုပြီးတောင် အစွမ်းထက်တယ်နဲ့ တူတယ်ကွ "

" အမှန်ပဲ၊  ခုလို အမြင်ကျယ်တဲ့ စိတ်နဲ့ဆို နောင်အနာဂတ်ကျရင် ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှာ နံပါတ် ၁ ဖြစ်လာမှာ သေချာတယ် "

All Chapters