ခေါင်းမာသည့် လောရုံ
Vol. 13 Ch. 181
အနီးနားမှ လူများ ချီးမွမ်းပြောဆိုနေကြသည်ကို နားထောင်နေရင်း လုဖန်စိတ်ထဲတွင် တိတ်တခိုး ကြိတ်ဝမ်းသာသွားသည်။
သူ သုံးလိုက်သည့် လှည့်ကွက်လေးတစ်ခုက လူများ၏ နှလုံးသားကို ဤမျှ ဖမ်းစားနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။
" ကြည့်ရတာ .. နောက်ကျရင် ငါ့ရဲ့ စရိုက်မှန်ကို လူတွေ မမြင်အောင် ဖုံးရတော့မယ်နဲ့တူတယ် "
သူ တွေးလိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် ..
" ရပ်စမ်း "
လောရုံထံမှ အသံထွက်လာ၏။
" ဟင် .. မင်း ဘာတွေ လုပ်နေတာလဲ "
လုဖန်က နောက်ပြန်လှည့်လာကာ လောရုံအား ကြည့်လိုက်သည်။
" ငါ မင်းကို ဒူးထောက်ပြီးတော့ ငါ့အကိုထျန်းကို တောင်းပန်လို့ ပြောထားတယ်လေ "
လောရုံက ပြောလိုက်သည်။
" မင်း .."
လုဖန် မျက်နှာအနည်းငယ် ပျက်သွား၏။
သူသည် ပြဿနာအား အဆင်ပြေဆုံး ဖြေရှင်းပြီးသွားပြီဟု ထင်နေခဲ့သော်လည်း ...
သူ့ရှေ့မှ လောရုံက ဤမျှ ခေါင်းမာသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
" ကောင်လေး ၊ငါ မင်းကို လွတ်လမ်းတစ်ခု ပေးထားပြီးပြီနော် ။ ကျေးဇူးမကန်းချင်စမ်းပါနဲ့ "
သူ ခပ်တင်းတင်း ပြန်ပြောလိုက်သည်။
သူ့စကားဆုံးသည်နှင့် ဘေးမှ လူများကလည်း သံယောင်လိုက်ကာ ဝင်ပြောလိုက်ကြ၏။
" ဟုတ်တယ် ။ လောရုံ ၊ မင်းက တစ်ဖက်လူ မျက်နှာသာပေးလာတဲ့ အခြေအနေကို မောက်မောက်မာမာ တုန့်ပြန်နေတာပဲ။ သူတို့က မင်းအသက်ကို ချမ်းသာပေးနေတာတောင်မှ မင်းက ကျေးဇူးမတင်ဘဲ သူတို့ကိုတောင် ဒူးထောက်ခိုင်းလိုက်သေးတယ် "
" အမှန်ပဲ ၊ ၊ မင်းလို ကောင်မျိုး ဘယ်လိုလုပ်ပြီး ရှိနေလဲ နားတောင် မလည်တော့ပါဘူး "
" ယဲ့ဖုန်းနိုင်ငံလို နိုင်ငံငယ်လေးတစ်ခုက လာတဲ့ လူတွေအားလုံးက အမှိုက်တွေချည်းပါပဲလား "
" နှစ်ယောက်လုံးက လူသားတွေပဲ ဖြစ်နေတာတောင် ၊ သူနဲ့ လုဖန်ကြားက ကွာဟချက်က ကြီးလိုက်တာ "
" လုဖန် ၊ သူက တိုက်ခိုက်ဖို့ပဲ ပြောနေမှတော့ သနားငဲ့ညှာပေးမနေနဲ့ ။ သူ့ကို သင်ခန်းစာ ကောင်းကောင်းကြီး ပေးလိုက် "
" ဟုတ်တယ် ၊ ထျန်းယွမ်အင်ပါယာက ပါရမီရှင်တစ်ယောက်ရဲ့ အစွမ်းက ဘယ်လောက်အင်အားကြီးတယ်ဆိုတာ သူ သိသွားအောင် ပြလိုက်ပါ "
" သု့ကို ရိုက် ..သူ့ကို ရိုက်.. "
လုဖန်အား အော်ဟစ်အားပေးနေသည့်အသံများ ဘေးပတ်လည်မှ ထွက်လာသည်။
" ကျုပ် .. "
လုဖန်မှာမူ မျက်နှာကြီးရဲကာ မအီမလည်ပုံကြီး ပေါက်နေ၏။
သူ့ကို ရိုက် ...တဲ့လား ..
မည်သူက မည်သူ့ကို ရိုက်ရပါမည်နည်း။
လက်ဝါးတစ်ချက်တည်း ရိုက်လိုက်ရုံဖြင့်ပင် သူတို့နှစ်ယောက်ကြားမှ ကွာဟချက်ကို သူ ရိပ်မိခဲ့ပြီး ဖြစ်ပါသည်။
အကယ်၍ တိုက်ပွဲသာ ဆက်ဖြစ်သွားခဲ့ပါက ...
" အကိုကြီး ၊ အားလုံးရဲ့ ဆန္ဒကို လိုက်လျောပေးပါဗျာ "
" ဟုတ်တယ် အကိုကြီး ၊ ဒီကိစ္စက ကျုပ်တို့ချင်းကြားက ရန်ပွဲတစ်ခုထက် ပိုသွားပြီဗျ။ ထျန်းယွမ်အင်ပါယာ တစ်ခုလုံးရဲ့ ဂုဏ်သတင်းနဲ့ပါ သက်ဆိုင်သွားပြီ "
ဝူယွိမသေမျိုးနန်းတော်မှ တပည့်များကလည်း နောက်ကွယ်မှနေ၍ မီးလောင်ရာ လေပင့်ပေးနေကြ၏။
" ချီးပဲကွာ .. %$&*&% "
လုဖန် စိတ်ထဲမှ ဆဲရေးလိုက်သည်။
" ဒူးထောက်မလား ၊ ငါနဲ့ တိုက်ခိုက်မလား "
တဖက်မှ လောရုံကလည်း ခေါင်းမာစွာ ထပ်ပြောလာပြန်၏။
" ဒီကောင်ကလဲ တမျိုး .. "
လုဖန်မှာ စိတ်ဆင်းရဲကာ ဒေါသထွက်လွန်း၍ မည်သို့မှပင် စကားမဆိုနိုင်ဘဲ ဖြစ်သွားရသည်။
" တိုက်ခိုက်လေ "
လောရုံက ထပ်အော်လိုက်ပြန်သည်။
လုဖန်တစ်ယောက် နောက်ဆုတ်၍ မရတော့သည့် ထောင့်သို့ တွန်းပို့ ခံလိုက်ရလေပြီ။
" မတတ်နိုင်ဘူး ၊ သူ တိုက်ခိုက်တာကို မျက်နှာချင်းဆိုင်ပြီး ခံဖို့ပဲ ရှိတော့တယ်။ ပြီးမှ အခြေအနေ သိပ်မဆိုးခင် ငါ တောင့်ခံနိုင်တုန်းမှာ သူနဲ့ မြန်မြန်ကျေအေးပြီး နားလိုက်မယ်။ အဲ့ကျရင် ငါလဲ မျက်နှာမပျက်ရတော့ဘူး "
" ဟုတ်တယ် ၊ အဲ့လို လုပ်ရမယ် "
လုဖန်က ထိုသိူ့တွေးကာ မပြုံးချင်ပြုံးချင် ပြုံး၍ ပြောလိုက်သည်။
" ကောင်းပြီလေ ၊ မင်းက တိုက်ခိုက်ချင်နေမှတော့လဲ ငါ မင်းကို အခွင့်အရေး ပေးပါ့မယ် "
ထို့နောက် သူက လက်နှစ်ဖက်လုံး ဘေးသိူ့ ဆန့်ထုတ်ကာ စကားဆက်လိုက်၏။
" ခုနတုန်းက မင်း ငါ့ရဲ့ ရိုက်ချက်ကို ခံထားတာဆိုတော့ အခု မင်း ရိုက်တာကို ငါ ပြန်ခံမယ်။ ဒါဆိုရင် တခြားသူတွေ အမြင်မှာလဲ ငါက မင်းအပေါ် အခွင့်ကောင်းယူသလို မဖြစ်တော့ဘူးပေါ့။ ဒါပေမယ့် ငါ မင်းကို အခွင့်အရေး တစ်ခါပဲ ပေးမှာ။ ဒီတော့ အခွင့်အရေးကို လက်လွတ် မခံနဲ့ပေါ့ကွာ "
အမှန်တွင်မူ သူ ထိုသို့ ပြောလိုက်ခြင်းမှာ သိုင်းကွက်တစ်ကွက်တည်းသာ ခံပြီး အဆုံးသတ်ကို အပေါ်စီးမှနေကာ ဆုံးဖြတ်လို၍ ဖြစ်ပါသည်။
ထိုသိုင်းကွက် တစ်ကွက်ကိုသာ သူ တောင့်ခံလိုက်နိုင်ပါက လောရုံမှာလည်း နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရန် ရှက်ပြီး ရပ်သွားနိုင်သည် မဟုတ်ပါလား။
သို့သော် .. တဖက်မှ လောရုံကမူ သူ့စကားကို ကြားကာ လန့်သွား၏။
" ဒီလူက တည်ငြိမ်လှချည်လား .. ။ သူက တခြားသူတွေ ပြောနေသလို တကယ်ပဲ အဲ့လောက် အစွမ်းထက်နေတာလား မသိဘူး "
သူ့စိတ်ထဲတွင်လည်း သံသယမကင်း ဖြစ်သွားသည်။
" အင်း .. စွန်းရှို့ကလဲ သူ့ကို ထျန်းယွမ်အင်ပါယာရဲ့ ထိပ်သီး ပါရမီရှင်တစ်ယောက်လို့ ပြောထားတာဆိုတော့ .. ငါက တကယ်ပဲ သူ့ပြိုင်ဘက် မဟုတ်ဘူးနဲ့ တူပါတယ် "
" ဒါပေမယ့် ..ဘယ်လိုပဲဖြစ်ဖြစ် အကိုထျန်းကို အရှက်ရအောင်တော့ လုပ်လို့ မဖြစ်ဘူး "
" ငါ့ရဲ့ အကိုထျန်းကို စော်ကားလို့ကတော့ လိုအပ်ရင် ငါ့အသက်ကို စတေးပြီးတော့ပဲဖြစ်ဖြစ် အကိုထျန်းအတွက် တရားမျှတမှုကို ပြန်ရှာပေးရမယ် "
လောရုံက ထိုသို့တွေးကာ တိုက်ခိုက်ရေးစိတ်ဓာတ်ကို အပြည့်မွေးပြီး ပြောလိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆိုလဲ ငါ့လက်သီးချက်ကို ခံလိုက်ဦး "
ထိုစဥ် .. လုဖန်မှာ လောရုံ၏ မျက်နှာအမူအရာကို ကြည့်ကာ တစ်စုံတစ်ခု မှားယွင်းနေမှန်း ခံစားမိလိုက်၏။
" ဒီလူ့ပုံက .. ဘာဖြစ်လို့ သေဖို့ အသင့်ဖြစ်နေတဲ့ ပုံမျိုး ပေါက်နေရတာလဲ "
သူ့နှလုံးခုန်နှုန်းမှာလည်း အလွန်လျင်မြန်လာသည်။
ဝုန်း ..
လောရုံက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့ကိုယ်မှ အရောင်အဝါက ပေါက်ကွဲမှုတစ်ခုအလား ဝုန်းခနဲ တက်လာ၏။
" အရောင်အဝါက အစွမ်းထက်လိုက်တာ "
၎င်းကို မြင်သောအခါ အားလုံးထံမှ အံ့သြတကြီး ရေရွတ်သံများ ထွက်လာကြသည်။
" ဟင် .. နောက်နေတာများလား ။ ဒီကောင်က လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား။ ဘာလို့ အဲ့လောက် ကြောက်စရာကောင်းတဲ့ အစွမ်းမျိုး ရှိနေရတာလဲ "
" ဒီ အရောင်အဝါက .. ကောင်းကင်ထိန်းချုပ် အဆင့်ထက် ပိုသာတယ် မဟုတ်လား "
အားလုံး တအံ့တသြ ဖြစ်သွားကြသည်။
ထိုစဥ် လုဖန်မှာ မျက်နှာကို အီးမှန်ထားသည့်အလား အလွန်မျက်နှာပျက်နေ၏။
" ဟေ့ .. မင်း အဲ့လိုလုပ်စရာ မလို ... "
သူက လောရုံအား စိတ်လျှော့ရန် လေပြေထိုးမည်ဟု ကြံစည်ကာ စကားစလိုက်သည်။
သို့သော် ...
" ယား ... "
လောရုံက ညာသံပေး အော်လိုက်ရာ သူ့အနောက်ဘက်တွင် တောင်ကြီးတစ်လုံး ပေါ်လာ၏။
ဝုန်း..
သူ့ကိုယ်မှ အရောင်အဝါမှာလည်း တမဟုတ်ချင်းပင် များစွာ ပိုအစွမ်းထက်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော လုဖန်၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွားကာ တီးတိုးရေရွတ်လိုက်သည်။
" ထူးခြားတဲ့ စိတ်စွမ်းအင်ပင်လယ် ပါလား .. "
လောရုံ၏ မူလ ကိုယ်အရောင်အဝါသည်ပင် အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်နေခဲ့ပြီ ဖြစ်ပါသည်။
ယခု ထူးခြားသည့် စိတ်စွမ်းအင်ပင်လယ် ပေါ်လာသည့် အချိန်တွင်မူ ၎င်းက သံသယ ဖြစ်စရာမလိုအောင်ပင် များစွာ ပိုအစွမ်းထက်လာခဲ့၏။
ထိုအချိန်မှသာ လောရုံ၏ လက်သီးချက်အား သူ မည်သို့မှ ခံနိုင်မည်မဟုတ်ကြောင်း လုဖန်တစ်ယောက် ကောင်းကောင်းကြီး နားလည်လိုက်တော့သည်။
" ခဏ နေပါဦး "
သူ တစ်ခုခုပြောရန် ရည်ရွယ်ချက်ဖြင့် လက်မြှောက်လိုက်၏။
သို့သော် ... ထိုအချိန်မှာပင် လောရုံက ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်လေပြီ။
" ကျိုးပျက်စေ "
လောရုံက မာန်ဖြင့်အော်လိုက်သည်။
ဘုန်း ..
ထိုလက်သီးချက်က လုဖန်ဆီသို့ ကြောက်မက်ဖွယ် အားကြီးဖြင့် တိုးဝင်လာ၏။
လုဖန်၏ မျက်လုံးထဲတွင်မူ ၎င်းက လက်သီးတစ်ခုနှင့် တူမနေဘဲ ..
တောင်ကြီးတစ်လုံး သူ့အပေါ်သို့ ကျလာသလိုပင် ခံစားလိုက်ရသည်။
သူ ၎င်းကို မည်သို့ တောင့်ခံရပါမည်နည်း။
ထိုလက်သီးကြောင့် သူ ဖိခြေခံရကာ သေဆုံးရမည်မှာ သေချာသလောက်ပင် ။
" ကယ်ကြပါဦး "
လုဖန်မှာ မျက်နှာပျက်မည် ၊ မပျက်မည်ကို မစိုးရိမ်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်လိုက်တော့သည်။
" မင်းက လုပ်ရဲတယ်ပေါ့လေ "
ထိုစဥ် .. သူ့နောက်မှ အော်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
ဝှစ် .
ထို့နောက်တွင်မူ လုဖန်ရှေ့၌ လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။
" ဦးလေးဆရာ "
ထိုလူကို မြင်သောအခါ လုဖန် အလွန်အမင်း ဝမ်းသာသွား၏။
တုကျဲ့အဆင့် ၁ ရှိသည့် သူ့ဦးလေးဖြစ်သူ ကုန်းတျန် က ချက်ချင်း လှုပ်ရှားလိုက်သည်။
ထို့နောက် ..
သူက လောရုံ၏ လက်သီီးချက်အား လက်ကို ဆန့်ထုတ်ကာ တားလိုက်တော့သည်။
တုကျဲ့အဆင့် ၁ ရှိသော သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဆိုပါက လောရုံ၏ လက်သီးကို အလွယ်တကူပင် တားနိုင်လိမ့်မည်ဟုလည်း သူ တွေးထား၏။
သို့သော် .. လောရုံ၏ လက်သီးချက်မှာ မျှော်လင့်မထားလောက်အောင် ကြောက်စရာကောင်းလွန်းနေသဖြင့် ကုန်းတျန်သည်ပင် ၎င်းကို တားနေရင်း အနည်းငယ် အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
" ဒီကောင်လေးက .. "
ကုန်းတျန်၏ မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်များ ဖျတ်ခနဲ လက်သွား၏။ ထို့နောက်တွင်မူ သူ အံကြိတ်ကာ အားထပ်ထည့်ပြီး လောရုံ၏ လက်သီးချက်မှ အစွမ်းများအားလုံးကို လေထဲသို့ တွန်းထုတ်လိုက်သည်။
ဘုန်း ..
လေထဲတွင် ပေါက်ကွဲသွားသော လက်သီးချက်၏ အစွမ်းကြောင့် အားလုံး နားများပင် အူသွားကြသည်။
ပလောက် ..
မြေပြင်ပေါ်သို့ သွေးတစ်စက် ကျလာ၏။
အားလုံး အသံလာရာဆီသိူ့ ကြည့်လိုက်ကြရာ ထိုသွေးစက်က ကုန်းတျန်၏ လက်များကြားမှ ကျလာသည်ကို မြင်လိုက်ရသည်။
လက်သီးချက်တစ်ချက်တည်းဖြင့် တူကျဲ့အဆင့်မှ ကျင့်ကြံသူတစ်ယောက်က ဒဏ်ရာရသွားခဲ့သည်လား ။
ထိုအခြင်းအရာကို မြင်သောအခါ အားလုံးပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့သည်။
" ဟေ့ .. ငါ တကယ်မရှိတာတွေကို စိတ်ထင်ပြီး မြင်ယောင်နေတာများလား။ လောရုံက အဲ့လောက်ကို အစွမ်းထက်တာလား "
" အဲ့ဒါကို ခဏထားလိုက်ဦး ။ လောရုံ လက်သီးနဲ့ ထိုးလိုက်တဲ့အချိန်တုန်းက လုဖန်ဆီကနေ ကယ်ပါဦး ဆိုပြီး အော်တဲ့အသံကို ကြားလိုက်ရသလို ထင်နေတယ်ကွ "
" အဲ့ဒါကို သံသယဖြစ်မနေနဲ့ ။ သူက တကယ်လဲ ကယ်ပါဦး ဆိုပြီး အော်နေခဲ့တာ "
" ဟင် .. လုဖန်က အစောတုန်းက လောရုံရဲ့အသက်ကို တမင် သနားညှာတာပေးခဲ့တာ မဟုတ်ဘူးလား။ အခုမှ ဘာလို့ ကယ်ပါဦး အော်နေရတာလဲ "
" ဟား ဟား .. မဖြစ်နိုင်တာကွာ ၊ မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်ဘူး ၊ လုံးဝကို မဖြစ်နိုင်ဘူး။ လောရုံက လူတစ်ယောက်ကို ဒီတိုင််း သနားညှာတာပြီး လွှတ်ပေးဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တာ။ ဒါကို ယုံတဲ့သူတွေလဲ ရှိသေးတာပဲလား "
" အမှန်ပဲ ။ ငါဆို အစောကတည်းက လုဖန် ဟန်ဆောင်နေတာမှန်း တန်းပြီး သိလိုက်တယ်။ သူက လောရုံရဲ့ ပြိုင်ဘက်တစ်ယောက် လုံးဝ မဟုတ်ဘူး "
" ဟင် .. တကယ်ကြီးလား ။ ခုနက မင်းပြောတာတော့ အဲ့လို မဟုတ်ပါဘူး။ မင်းက လုဖန်ကို ကောင်းကောင်းကြီး ချီးမွမ်းခန်း ဖွင့်နေခဲ့တာလေ "
" မင်းက ရိုးသားတဲ့ လူတစ်ယောက်ကို ဘာကိစ္စကြောင့် မဟုတ်တာတွေ စွပ်စွဲပြီး နာမည်ဖျက်ချင်ရတာလဲကွာ "
အားလုံးက တစ်ယောက်တစ်ခွန်း တီးတိုးပြောနေကြ၏။ အားလုံး၏ အမြင်မှာ အစောကနှင့် ဆန့်ကျင်ဘက် ဖြစ်သွားခဲ့လေပြီ။
ထိုစဥ် .. ကျဥ်းထဲကြပ်ထဲ အခြေအနေမှ ယခုလေးတင် လွတ်မြောက်လာခဲ့သည့် လုဖန်က သူ့ဦးလေး ကုန်းတျန်အား ကြည့်လိုက်သည်။
ကုန်းတျန်က ခေါင်းအသာ ညိတ်ပြလိုက်၏။
" ဒီကောင်လေးကို ဆက်ပြီး အသက်ရှင်ခွင့် ပေးလို့ မဖြစ်တော့ဘူး "
သူ ဆုံးဖြတ်ချက်ချကာ အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
" မင်းက ငယ်ငယ်လေးနဲ့တောင် ဒီလောက် ရန်လိုနေတာဆိုတော့ နောက်ကျရင် ပိုပြီး ဆိုးလာဖို့ပဲရှိတယ်။ ဒီနေ့တော့ ကောင်းကင်နဲ့ မြေကြီးရဲ့ကိုယ်စား တရားမျှတမှုကို ရှာပေးတဲ့အနေနဲ့ မင်းကို ငါ သတ်ရလိမ့်မယ် ကောင်လေး "