ဗောဓိပင်၏ ဉာဏ်အလင်းပွင့်ခြင်း
Vol. 14 Ch. 196
ယန်ဖုန်းထျန် ရောက်သွားသည်နှင့် ဗောဓိပင် အနီးတဝိုက်မှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာ၏။
" ယန်ဖုန်းထျန်ပါလား ၊ လျှို့ဝှက်နဂါးစာရင်းမှာ အဆင့် ၃ ရထားတဲ့ ယန်ဖုန်းထျန်ပဲ "
" မင်းဆီ သတင်းရောက်တာ နောက်ကျနေပြီကွ ။ သူက အခု လက်ရှိ လျှို့ဝှက်နဂါးစာရင်းမှာ အဆင့် ၂ ဖြစ်နေပြီ "
" ဒီနေ့ ဗောဓိပင်ကို လာတဲ့သူတွေထဲမှာ သူက အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ယောက် ဖြစ်မယ်ထင်တယ်နော် "
" ထင်မနေနဲ့ ၊ ယုံကြည်မှုရှိရှိနဲ့ ဟုတ်တယ် လို့သာ ပြောလိုက်စမ်းပါကွာ "
" သူ ဘယ်လောက်အစွမ်းထက်ပြီးတော့ ဘာတွေ ဉာဏ်အလင်းပွင့်မလဲဆိုတာ ငါ တော်တော် သိချင်နေပြီ "
အားလုံး၏ အကြည့်မှာ ယန်ဖုန်းထျန်ပေါ်တွင်သာ ရှိနေကြသည်။
ဗောဓိပင်အောက်မှ ဉာဏ်အလင်းပွင့်ပြီးသွားသော သူများသည်ပင် အခြားနေရာများသို့ ဆက်မသွားနိုင်ကြဘဲ အနီးနားတဝိုက်တွင် နေကာ စောင့်ကြည့်နေကြ၏။
ယန်ဖုန်းထျန်မှာ အားလုံး၏ အာရုံစိုက်မှုအလယ်တွင် ရှိနေရသည်ကို ကျေနပ်နေဟန်ရှိပြီး ရွှယ်လင်းလုံဘက်သို့ မသိမသာ လှမ်းကြည့်လိုက်သည်။
သို့သော် .. ရွှယ်လင်းလုံက သူ့ကို လုံးဝ ကြည့်မနေသည့်အတွက် သူ ဒေါသ ပိုထွက်သွားရပြန်၏။
" တောက် .. ဒီ မိန်းမကတော့ကွာ ။ နေဦး .. သူ နောင်တရသွားအောင်ကို လုပ်ပြဦးမယ် "
ယန်ဖုန်းထျန် စိတ်ထဲမှ ဒေါသတကြီး ရေရွတ်လိုက်သည်။
ထို့နောက် သူက ဗောဓိပင်အောက်တွင် တင်ပျဥ်ခွေ ထိုင်ချလိုက်၏။
မကြာမီအချိန်မှာပင် သူ ဉာဏ်အလင်းစပွင့်လာပြီး သူ့ခန္ဓာကိုယ်တလျှောက် စွမ်းအင်လှိုင်းလုံးများ လိမ့်တက်လာကြသည်။
ယခင်က အလွန်တည်ငြိမ်နေခဲ့သည့် ဗောဓိပင်မှာလည်း အလင်းတန်းတစ်ခု စတင်လင်းလက်လာ၏။
" ဟိုမှာ ကြည့်ကြဟေ့ ၊ဗောဓိပင်ကြီး နေရာစရွှေ့နေပြီ "
အားလုံး မော့ကြည့်နေသည့် အချိန်မှာပင် ဗောဓိပင်ပေါ်မှ အလင်းက တဖျတ်ဖျတ်လက်ကာ နောက်ဆုံး ဗောဓိရွက် တစ်ရွက်ပေါ်၌ စုစည်းသွားတော့သည်။
ထို့နောက်တွင်မူ လေမတိုက်ပါဘဲလျက် ဗောဓိရွက်တစ်ရွက် ကြွေလာပြီး လေထဲတွင် မျောလွင့်ကာ ယန်ဖုန်းထျန်ရှေ့သို့ ကျလာ၏။
ဝီ ...
ထိုအချိန်မှာပင် ယန်ဖုန်းထျန်၏ ကိုယ်ပေါ်တွင်လည်း အလင်းတနတစ်ခု ပေါ်လာသည်။
" ဒါ .. ဗောဓိရွက်ပဲ ၊ ဗောဓိပင်က ဗောဓိရွက် ကြွေပြီဟေ့ "
" ဘုရားရေ .. ဒီလို အံ့သြစရာ မြင်ကွင်းမျိုးကို ဒါ ပထမဆုံး မြင်ဖူးတာပဲ "
" ငါတို့ ထျန်းယွမ်အင်ပါရဲ့ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်တဲ့ ယန်ဖုန်းထျန်က မျှော်လင့်ထားသလိုပါပဲလား "
ဗောဓိပင် အနီးတဝိုက် ချီးမွမ်းသံများ စီဝေသွားသည်။
ထိုအချိန်မှာပင် .. ယန်ဖုန်းထျန်၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာပြီး သူ့လက်ထဲမှ ဗောဓိရွက်ကို ကြည့်ကာ အနည်းငယ် ပြုံးလိုက်၏။
ဝီ ...
ထို့နောက်တွင်မူ ဗောဓိပင်ပေါ်၌ အလင်းတန်းတစ်ခု ထပ်ပေါ်လာပြီး ယန်ဖုန်းထျန်အား အဝေးသို့ ပြန်ပို့လိုက်တော့သည်။
လူတစ်ယောက်တွင် ဉာဏ်အလင်းပွင့်နိုင်မည့် အခွင့်အရေး တစ်ကြိမ်သာ ရနိုင်သည် မဟုတ်ပါလား။
ယန်ဖုန်းထျန်က လက်ထဲတွင် ဗောဓိသစ်ရွက်ကို ကိုင်ရင်း ယခင်နေရာသို့ အပြုံးဖြင့် ပြန်ရောက်လာ၏။
" အင်း .. ဗောဓိသစ်ကိုင်းရဖို့ လက်တစ်ကမ်းစာလောက်ပဲ လိုတော့တာကွာ ။ နှမျောစရာ ကောင်းလိုက်တာ "
သူက နောင်တရနေဟန်ဖြင့် ဆိုသည်။
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး မျက်စိဆံပင်မွေးစူးသွားကြသည်။
" ဟမ့် .. ဘာတွေများ အဲ့လောက် ကြီးကျယ်နေလို့လဲ ။ သစ်ရွက်တစ်ရွက်ပဲဟာကို "
လောရှောင်ရှောင်းက မကျေမနပ်ဟန်ဖြင့် ရေရွတ်၏။
ယန်ဖုန်းထျန်က သူမကို တစ်ချက်လှမ်းကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
" ဘာမှတော့ ထူးထူးခြားခြားကြီး မဟုတ်ပါဘူးဗျာ။ တချို့လူတွေ တစ်သက်လုံး ကြိုးစားရင်တောင် မရနိုင်မယ့် ကျင့်ကြံခြင်း အဆင့်တစ်ခုပါပဲ "
သူက ထိုသို့ ပြောပြီးသည်နှင့် လောထျန်းအား ကြည့်လိုက်၏။ထို့နောက် ရွှယ်လင်းလုံဘက်သို့ တစ်လှည့် ထပ်ကြည့်လိုက်သည်။
" ရှင် .. "
လောရှောင်ရှောင်း အလွန်ဒေါသထွက်သွားသည်။
" နေဦး .. ကျွန်မကိုယ်တိုင်ကို သွားကြည့်ဦးမယ်။ ရှင့်စကားကိုပဲတော့ မယုံနိုင်ဘူး။ ဒီဉာဏ်အလင်းပွင့်တာက ဘယ်လောက်ကြီးကျယ်တာမို့လို့လဲ"
သူမက ထိုသို့ပြောကာ ဝုန်းခနဲ ထ၍ ဗောဓိပင်သို့သွားရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် လင်ကျိုးရန်က ပြောလာ၏။
" ညီမလေး ရှောင်ရှောင်း ၊ ခနလောက် စောင့်ပါဦး။ ကျုပ် အရင်သွားပြီးတော့ အခြေအနေ ဘယ်လိုလဲ ဆိုတာ သွားကြည့်လိုက်မယ်။ အဲ့ကျရင် ကျုပ်ရဲ့အတွေ့အကြုံကို မင်းကို ပြောပြလို့ရတာပေါ့ "
လောရှောင်ရှောင်းက ခေတ္တမျှ စဥ်းစားကာ သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဤသို့ဖြင့် လင်ကျိုးရန်က ဗောဓိပင်အောက်သို့ အရင်ဆုံး ရောက်သွားပြီး တင်ပျဥ်ခွေ ထိုင်လိုက်သည်။
သို့သော် သူ ထိုင်ချပြီး ချက်ချင်းဆိုသလိုပင် ဗောဓိပင်မှ အလင်းတန်းက သူ့အား အပြင်ပြန်ပို့လိုက်၏။
" အင် ... အကိုလင် ၊ အခြေအနေ ဘယ်လိုလဲ "
လောရှောင်ရှောင်းက သူ့နား မြန်မြန်ရောက်လာပြီး မေးလိုက်သည်။
အခြားသူများကလည်း သူ့ကို စိတ်ဝင်တစား ကြည့်လိုက်ကြ၏။
လင်ကျိုးရန်က ကြောင်အအ ပြန်ဖြေသည်။
" အင်း .. ကျုပ်ရဲ့ ကျင့်ကြံခြင်းက နည်းနည်းလေးတော့ တိုးတက်သွားတယ် "
သူရခဲ့သည့် ဉာဏ်အလင်းပွင့်မှုမှာ အလွန်နည်းလွန်းသဖြင့် သူ့ကျင့်ကြံခြင်းက အနည်းငယ်မျှသာ တိုးတက်သွားသကဲ့သို့ သူ ခံစားနေရ၏။
၎င်းကို မြင်သေူအခါ ယန်ဖုန်းထျန်က မည်သို့မှ မပြောဘဲ လှောင်ပြုံးသာ ပြုံးလိုက်သည်။
သို့သော် .. ဤတစ်ကြိမ်တွင်မူ တိတ်ဆိတ်ခြင်းက စကားလုံးများထက် ပို၍ ဆိုးနေပေသည်။
လင်ကျိုးရန်မှာ မည်သို့မှ မပြောနိုင်ဘဲ ဘေးသို့သာ ဖယ်လိုက်ရ၏။
" ငါတို့လဲ ကြိုးစားကြည့်မယ် "
ထိုအချိန်တွင်ဟန်ဝမ်ကျိုးနှင့် ပိုင်ထျန်းယွိတို့က ပြောလိုက်ကြသည်။
ထို့နောက် သူတို့ နှစ်ဦးလုံး ဗောဓိပင်ဆီသို့ ပျံသန်းသွားကြ၏။
သူတို့နှစ်ဥိးမှာ လင်ကျိုးရန်ထက် အနည်းငယ်မျှသာ ပိုကြာအောင် နေနိုင်ခဲ့ကြပြီး အပြင်သို့ ပြန်ပို့ခံခဲ့ကြရသည်။
သူတို့မှာလည်း လင်ကျိုးရန်နှင့် အလားတူပင် ကျင့်ကြံခြင်း အနည်းငယ်သာ တိုးတက်သွားခဲ့ပြီး နောက်တဆင့်သို့ပင် တက်မသွားခဲ့ကြပါချေ။
ပြန်ရောက်လာချိန်တွင်မူ သူတို့၏ မျက်နှာများ နီနေကာ စကားမဆိုနိုင်ဘဲ ဖြစ်နေကြ၏။
ယင်ဖုန်းထျန်၏ မျက်နှာပေါ်မှ လှောင်ပြုံးကလည်း ပိုပို၍ ကြီးလာခဲ့သည်။
" မင်းတို့တွေ ကိုယ့်ကိုကိုယ် အရှက်ခွဲသလိုပဲ ဖြစ်မှာလို့ ကျုပ် အစောကြီးကတည်းက ပြောသားပဲဗျာ။ မင်းတို့တွေ ဒီညီလေး လောထျန်းဆီကနေ အများကြီး မှတ်သားသင်ယူသင့်တယ်။ သူက ကိုယ့်အကြောင်းကိုယ် သေချာသိထားတော့ တခြားသူတွေနောက်မှာပဲ ပုန်းနေတာ ။ ဒါက နည်းနည်း သူရဲဘောကြောင်တယ် ဆိုပေမယ့် ရှက်စရာ မဟုတ်ဘူးလေ "
ယန်ဖုန်းထျန်က အပြုံးဖြင့် ပြောလိုက်သည်။
" မင်း .. "
ထိုစကားကို ကြားသောအခါ အားလုံးက သူ့အား ဒေါသတကြီး ကြည့်လာကြ၏။
ယန်ဖုန်းထျန်က အပြုံးဖြင့် စကားဆက်သည်။
" မင်းတို့တွေအားလုံးက ကျုပ်ကို ဘာဖြစ်လို့ အဲ့လို ကြည့်နေကြတာလဲ ။ ကျုပ်ပြောတဲ့ အထဲမှာ ဘာများ အမှားပါသွားလို့လဲ။ ညီလေး လောထျန်းရော ဘယ်လိုထင်လဲ ပြောပါဦး "
၎င်းကို ကြားသောအခါ လောထျန်းက သူ့အား မျက်ခုံးပင့်၍သာ ကြည့်လိုက်၏။
ထိုလူကား စကားအလွန်များလှပေသည်။
ထိုလူသည် စစချင်း ကတည်းကပင် ထေ့လုံးငေါ့လုံးများဖြင့် ဆက်တိုက်ပြောနေခဲ့၏။ သူသည် ထိုလူကြောင့် စိတ်အနှောင့်ယှက် မဖြစ်ချင်၍ သူ့စကားများကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေးသာ နေခဲ့သော်လည်း ယခုတွင်မူ ထိုသို့ ဆက်နေ၍ မဖြစ်တော့ပေ။ ထိုလူက ဤမျှ မောက်မာနေလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။
" မင်းက ကိုယ့်ကိုကိုယ် အရှက်ခွဲချင်နေမှတော့လဲ မင်းဆုတောင်းကို ဖြည့်ပေးရတော့မှာပေါ့ကွာ '
လောထျန်းက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
ယန်ဖုန်းထျန်က ရန်လိုသည့် အပြုံးဖြင့် ပြန်ပြော၏။
" အိုး .. ဘယ်လို ၊ ညီလေး လောထျန်းကရော ကြိုးစားကြည့်ချင်လို့လား။ ညီလေးလောက ဘာတွေ အလင်းပွင့်သွားမလဲဆိုတာ ကျုပ်လဲ တော်တော်စိတ်ဝင်စားနေပြီ "
ယန်ဖုန်းထျန်၏ စိတ်ထဲတွင် လောထျန်းအား ဗောဓိပင်အောက်သို့ အလွန်သွားစေချင်နေပေသည်။
သို့မှသာ သူတို့နှစ်ယောက်ကြားမှ ကွာဟချက်ကို သိသိသာသာ မြင်ကြရမည်မဟုတ်ပါလား။
ဤနည်းဖြင့် သူသည် လောထျန်းထက် ပိုအစွမ်းထက်ကြောင်း သက်သေပြနိုင်ပေလိမ့်မည်။
သို့ဆိုလျှင် ရွှယ်လင်းလုံကလည်း သူ့အပေါ် အလွန် သဘောကျသွားမည်မှာ သံသယဖြစ်စရာပင် မလိုချေ။
" လုပ်လိုက်စမ်းပါ အကိုထျန်းရာ၊ ဒီကောင့်ကို ပါးစပ်ပိတ်သွားအောင် လုပ်ပစ် "
နံဘေးမှ လောရုံက အော်ပြော၏။
ယန်ဖုန်းထျန်က သူ့အား မျက်စောင့်းဖြင့် အသာကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်မူ ကြိတ်၍ ကျေနပ်နေ၏။
" ဟား ဟား .. ယဲ့ဖုန်းနိုင်ငံက တောသားလေးရေ ၊ အရှက်ကွဲဖို့သာ ပြင်ထားလိုက်တော့ကွာ "
ယန်ဖုန်းထျန်က လက်ထဲတွင် ဗောဓိရွက်ကို ကိုင်ရင်း စိတ်ထဲမှ ကြိတ်ပြောလိုက်သည်။
ထိုအချိန်မှာပင် လောထျန်းက ဗောဓိပင်အောက် ရောက်သွားခဲ့လေပြီ။
" ဉာဏ်အလင်းပွင့်ခြင်း ... ငါ ဘာတွေများ ရုတ်တရက် သိသွားမှာပါလိမ့် "
လောထျန်းသည် ဗောဓိပင်အောက်တွင် ရပ်နေရင်း စိတ်ထဲ အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။
ဉာဏ်အလင်းပွင့်ခြင်း ဆိုသည်မှာ မိမိ၏ လက်ရှိအဆင့်ကို မကျေနပ်ဘဲ အဆင့်တက်နိုင်ရန် လိုအပ်နေသည့် အသိပညာများအား ရသွားခြင်းကို ဆိုလိုပါသည်။
သူသည်ရော မည်သို့ပါနည်း။
လက်ရှိတွင် သူ့လုပ်နိုင်စွမ်းများမှာ ကန့်သတ်ချက် ထိပ်ဆုံးသို့ပင် ရောက်နေပြီ ဖြစ်ပါသည်။
သို့ဖြစ်ရာ .. ယခု ဘာတွေကို ထပ်သိစရာ ရှိပါသေးသနည်း။
ထိုတခဏတွင် သူ့စိတ်ထဲ၌ ဝေခွဲမရနိုင် ဖြစ်နေတော့၏။
ထိုမြင်ကွင်းကို ကြည့်နေကြသည့် အနီးနားတဝိုက် လူများထံမှ တီးတိုးပြောသံများ ထွက်လာသည်။
" ဟေ့ .. ဒီလူက ဘာလုပ်နေတာလဲ ။ သူက ဘာဖြစ်လို့ ထိုင်ပြီး မကျင့်ကြံသေးတာလဲ "
" ဘယ်သိ မလဲကွ ။ စိတ်ပူပြီး ကြောက်နေလို့ ဖြစ်မှာပေါ့ "
" ဘယ်လိုပဲဖြစ်ဖြစ် ၊ သူသာ အကြာကြီး အဲ့လို ရပ်နေရင်တော့ ဗောဓိပင်က သူ့ကို အဝေးကို ပြန်ပို့လွှတ်လိုက်မှာပဲ။ အဲ့ကျရင် အခွင့်ကောင်းကြီးကို ဆုံးရှုံးသွားရမှာ ဘယ်လောက်နှမျောစရာ ကောင်းလိုက်သလဲ "
အားလုံး ခေါင်းယမ်းကာ သက်ပြင်းချလိုက်ကြသည်။
သို့သော် .. ထိုအချိန်မှာပင် ...
ဝီ ...
ဗောဓိပင်ပေါ်၌ အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာ၏။
ထို့နောက် စိတ်စွမ်းအင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ဆက်ပေါ်လာကြသည်။
ထိုတခဏတွင် ဗောဓိပင်ကြီးမှာ အလင်းတန်းများကြောင့် နေတစ်စင်းအလား လင်းလက်တောက်ပနေတော့၏။
ထို့နောက်တွင်မူ ..
ဝီ ...
စိတ်စွမ်းအင် အလင်းတန်း လှိုင်းလုံးကြီးတစ်ခု တက်လာကာ ဗောဓိပင် အောက်တွင် ဉာဏ်အလင်းပွင့်မှုကို အရယူရန် ရှိနေကြသည့် လူများအားလုံး နောက်သို့ လွင့်စင်ထွက်သွားကြတော့သည်။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ ။ ငါ မပြီးသေးဘူးလေ "
" ပြန်သွားချင်တယ် .. ငါသိချင်တာတွေ မသိရသေးဘူး "
" ဗောဓိပင်က တစ်ခုခု မှားနေတာလား။ ဘာလို့ အပင်အောက်က လူတွေအားလုံး ကို အဝေးကို ပို့လိုက်တာလဲ "
အပြင်သို့ ရောက်သွားကြသူများထံမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်လာ၏။
ထိုအချိန်မှာပင် လူတစ်ယောက်က အံ့သြတကြီး ရေရွတ်လိုက်သည်။
" ခဏလေး .. အပင်အောက်မှာ လူတစ်ယောက် ရှိနေတယ်ကွ "
" ဘယ်လို ... "
အားလုံး ကြည့်လိုက်ကြရာ ဗောဓိပင်အောက်တွင် ရပ်နေသည့် လောထျန်းအား မြင်လိုက်ရတော့သည်။
ထိုလူက ဘာတွေ ဖြစ်နေပါသနည်း...။
" ဒါ ထူးခြားတဲ့ အဖြစ်ပျက်တစ်ခုရဲ့ ရှေ့ပြေးနိမိတ်များလား ။ ဗောဓိပင်ပေါ်က ဗောဓိသီး ကြွေလာတော့မှာလား "
" ဒီလူက ဘယ်သူလဲ ၊ ကံကောင်းလိုက်တာ "
အားလုံး အံ့သြတုန်လှုပ်သွားကြရကုန်သည်။
ယန်ဖုန်းထျန်သည်ပင် မျက်နှာကြီး အလွန်တည်နေ၏။
ထိုသို့သော အဖြစ်ပျက်မျိုးကို သူ ယခင်က ကြားပင် မကြားဖူးခဲ့ပါချေ။
ထိုအချိန်မှာပင် ...
ဝှစ် ..
ဗောဓိပင်မှ အလင်းတန်းတစ်ခု ထွက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
၎င်းကို မြင်လိုက်ရသည့် လူများအားလုံး အံ့သြမှင်သက်သွားကုန်၏။
" ဟင် .. ငါ အမြင်မှားနေတာများလား .. ။ ဒါ .. ဗောဓိပင်က ဉာဏ်အလင်းပွင့်သွားတာလား "
လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်က မယုံကြည်နိုင်သည့် မျက်နှာဖြင့် ပြောလိုက်သည်။
စာစဉ်ပြီး၏