ဝူယွိ မသေမျိုးနန်းတော် ဖျက်ဆီးခံရခြင်း
Vol. 14 Ch. 183
လောရှောင်ရှောင်နှင့် ကုန်းတျန်တို့ နှစ်ဦး အသဲအသန် တိုက်ခိုက်နေချိန်တွင် အနီးတဝိုက်မှ လူများအားလုံးမှာ အံ့သြမှင်သက်ကာ ကြက်သေ သေနေကြသည်။
လောရှောင်ရှောင်း၏ ကျင့်ကြံခြင်းအဆင့်မှာ ကောင်းကင်ထိန်းချုပ် အဆင့်သို့ပင် မရောက်သေးသော်လည်း သူမက ကုန်းတျန်အား အချိန်တိုလေးအတွင်း၌ပင် ဖိနှိပ်နိုင်နေ၏။
၎င်းက မည်သို့သော သဘောတရားပါနည်း။
ယခု သူတို့ရှေ့မှ တိုက်ပွဲမှာ ကျင့်ကြံခြင်းအဆင့် များစွာ ကွာကြသော လူနှစ်ယောက်၏ တိုက်ပွဲတစ်ခု ဖြစ်ပါသည်။
အကယ်၍ သူတို့နှစ်ယောက်သာ ကျင့်ကြံခြင်းအဆင့် အတူတူဆိုပါက .. ကုန်းတျန်မှာ လောရှောင်ရှောင်း၏ လက်ချက်ဖြင့် စက္ကန့်ပိုင်းလေးအတွင်း သေသွားရပေလိမ့်မည်။
ထိုစဥ် လုဖန်မှာလည်း အလွန်အံ့သြမှင်သက်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကာ မေးစေ့က မြေကြီးပေါ်သို့ ကျလုမတတ်ပင် ဖြစ်နေ၏။
" ချီး ..ဒီ ကလေးမလေးက ဘယ်လို သားရဲမျိုးလဲ။ ခုနက ငါနဲ့ တိုက်ခိုက်ခဲ့တဲ့လူက သူသာ ဖြစ်နေလို့ကတော့ ငါ စကားပြောဖို့ အခွင့်အရေးတောင် ရလိုက်မှာ မဟုတ်ဘူး "
" ဒါပေမယ့် အခု သူနဲ့ယှဥ်တိုက်ခိုက်နေတဲ့သူက ဦးလေး ကုန်းတျန် ဖြစ်နေလို့ တော်သေးတာပေါ့။ သူ ဘယ်လောက်ပဲကြိုးစားကြိုးစား သေရမှာပဲ "
လုဖန် တစ်ကိုယ်တည်း တွေးလိုက်သည်။
ထိုစဥ် .. တဖက်မှ ကုန်းတျန်၏ ကြမ်းတမ်းရက်စက်သော လက်ဝါးကြီးက လောရှောင်ရှောင်းဆီသို့ ဆူနာမီ လှိုင်းလုံးကြီး တစ်ခုသဖွယ် တိုးဝင်သွား၏။
၎င်းမှာ တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းအပြည့် သုံးထားသည့် သိုင်းကွက်တစ်ခု ဖြစ်နေသည့်အတွက် ဤတစ်ကြိမ်တွင်မူ လောရှောင်ရှောင်း မတားနိုင်တော့ပါချေ။
" အကိုထျန်း ၊ အကိုလောရုံ .. ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ .. "
သိုင်းကွက်နှင့် ရင်ဆိုင်နေရစဥ်တွင် လောရှောင်ရှောင်းက တီးတိုး ရေရွတ်လိုက်သည်။
သို့သော် .. ထိုအချိန်မှာပင် ..
ဝီ ..
စွမ်းအင်လှိုင်းလုံးတစ်ခုက ကုန်းတျန်၏ လက်ဝါးချက်အစွမ်းကို ဖြတ်ကျော်တိုက်ခတ်လာ၏။ လွန်ခဲ့သော စက္ကန့်ပိုင်းကအထိ အလွန်ကြောက်မက်ဖွယ်ကောင်းကာ ဖျက်ဆီး၍ မရနိုင်ဟန် ရှိနေခဲ့သည့် လက်ဝါးကြီးမှာ အစအနပင် ကျန်မနေခဲ့ဘဲ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
" ဟင် ..ဘယ်သူလဲ ။ ဝူယွိမသေမျိုးနန်းတော်က ငါ့လို အကြီးအကဲတစ်ယောက်ကို ဘယ်ကောင် တားရဲတာလဲ "
ကုန်းတျန်က ချက်ချင်းပင် ဒေါသတကြီး အော်လိုက်သည်။
သူ့စကားဆုံးသည်နှင့် လူတစ်ယောက်က လှောင်ပြောင်သည့် လေသံဖြင့် ပြန်ပြောလာ၏။
" ဝူယွိ မသေမျိုးနနတော်က ကလေးတွေကို ဘယ်လိုအနိုင်ကျင့်ရမယ် ဆိုတာလောက်ပဲ သိတာလား။ ဒီလိုဆိုရင်တော့ ဝူယွိမသေမျိုးနန်းတော်ကို ဖျက်ဆီးပစ်မှ ရတော့မှာပဲ "
ဝူယွိ မသေမျိုးနန်းတော်ကို ဖျက်ဆီးပစ်ရမည်တဲ့လား ...
ထိုစကားများ၏ အဓိပ္ပါယ်မှာ အားပြင်းလှပေသည်။
ထျန်းယွမ်အင်ပါယာမှ မည်သူက ထိုသို့သော စကားမျိုး ပြောရဲနေပါသနည်း။
၎င်းမှာ မိမိကိုယ်ကို သေကြောင်းကြံသည်နှင့် မခြားတော့ပါချေ။
အားလုံး မျှော်လင့်ထားသည့်အတိုင်းပင် .. ကုန်းတျန်က ဒေါသဖြင့် ရယ်ကာ ပြန်ပြော၏။
" ဟား ဟား .. ငါတို့ရဲ့ ဝူယွိမသေမျိုးနန်းတော်ကို ဖျက်ဆီးရမယ် .. ဟုတ်လား ။ ခုလို မောက်မောက်မာမာ စကားမျိုး ပြောရဲတဲ့သူက ဘယ်သူလဲဆိုတာ ငါ တကယ် စိတ်ဝင်စားတယ်။ သတ္တိရှိရင် ရှေ့ထွက်လာပြီး ငါနဲ့ လာတွေ့စမ်းပါ "
ထို့နောက်တွင်မူ အသံလှိုင်းလုံးတစ်ခုက အရပ်မျက်နှာ အနှံ့မှ လွင့်ပျံလာပြီး .. လူရိပ်သုံးခု ( လူကြီး ၂ ယောက် နှင့် ကလေး ၁ ယောက် ) က ဖြည်းဖြည်းချင်း ဆင်းသက်လိုက်ကြသည်။
ထိုလူရိပ်သုံးခုကို မြင်သောအခါ အားလုံး အံ့သြတကြီးဖြစ်ကုန်ကြ၏။
အစောပိုင်းက စိတ်ဓာတ်ကျနေဟန် ပေါက်နေခဲ့သည့် လောရှောင်ရှောင်းသည်ပင် မျက်လုံးများ ပြူးကျယ်သွားသည်။
" အကိုထျန်း ၊ အကိုလောရုံ .. အကို မသေသေးဘူးပေါ့နော် "
သူမ အံ့သြတကြီး ပြောလိုက်သည်။
မှန်ပါသည် ။ ယခု ရောက်လာကြသည့် သုံးယောက်မှာ လောထျန်း ၊ လောရုံ နှင့် ပန်းလင် တို့ပင် ။
လောရုံက ခေါင်းကုတ်ကာ ပြန်ဖြေ၏။
" ဟီး ..အကိုထျန်းက ခုနလေးတင် ငါ့ကို ကယ်ခဲ့တာကွ "
လောရှောင်ရှောင်းက ချက်ချင်း မကျေမနပ် ဖြစ်သွားဟန်ဖြင့် ပြန်ရန်တွေ့လိုက်သည်။
" ဒါဆို ဘာလို့ အစောကြီး ကတည်းက မပြောတာလဲ ။ ကျွန်မကတော့ အကို သေသွားပြီထင်ပြီး ဒီလူကြီးကို သူသေ ကိုယ်သေ တိုက်ခိုက်နေခဲ့တာ "
လောရုံက ခြောက်ကပ်ကပ်ရယ်ကာ ပြန်ပြောလိုက်သည်။
" မပြောချင်လို့ မဟုတ်ပါဘူးကွာ ၊ အဲ့ဒါက အကိုထျန်းရဲ့ အကြံကွ "
" အကိုထျန်း "
လောရှောင်ရှောင်းက လောထျန်းအား မျက်စောင်းဖြင့် ကြည့်၏။
လောထျန်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
" နင့်ကို ခုလိုမှ တွန်းအားမမပေးရင် နင့်စိတ်ထဲမှာ ရှိနေတဲ့ အတားအဆီးကြီးကို ဘယ်ကျော်လွှားနိုင်ပါတော့မလဲ ။ကြည့်လေ ၊ အခုဆို နင်က တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်နဲ့တောင် တိုက်ခိုက်ရဲတဲ့ သတ္တိလဲ ရှိနေပြီ ၊ တိုက်ခိုက်ရေး အတွေ့အကြုံလဲ ရှိနေပြီ "
လောရှောင်ရှောင်းမှာ ခေတ္တမျှ မှင်သက်နေပြီးမှသာ လောထျန်းက သူမကို လေ့ကျင့်ပေးချင်သည့် အတွက်ကြောင့် ထိုသို့ လုပ်ခဲ့မှန်း နားလည်သွားတော့သည်။
ထိုစဥ် .. ကုန်းထျန်က အေးစက်စက် ပြောလာ၏။
" ကောင်လေး ၊ မင်းက ဘယ်သူလဲ ။ ငါတို့ ဝူယွိမသေမျိုးနန်းတော်ကို ရန်စစော်ကားရင် ပြန်ပေးဆပ်ရမယ့် အရာက ဘာလဲ ဆိုတာကိုရော မင်း သိရဲ့..."
သူ့စကား မဆုံးခင်မှာပင် လောထျန်းက သူ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
ဝုန်း ..
ကြောက်မက်ဖွယ် ဖိအားတစ်ခုက ကုန်းတျန်အား ရုတ်ချည်း ဖိနှိပ်လာပြီး ထိုဖိအားကြောင့် ကုန်းတျန်တစ်ယောက် မြေကြီးပေါ် ဒူးထောက် ကျသွားရ၏။
" ငါက မင်းကို စကားပြောခွင့် ပေးလို့လား "
လောထျန်းက အေးစက်စက် ပြောလိုက်သည်။
" ဟင် "
ထိုမြင်ကွင်းကို ကြည့်နေကြသည့် အနီးနားမှ လူများအားလုံး အံ့သြမှင်သက်သွားကြသည်။
အစောပိုင်းက လောရုံနှင့် လောရှောင်ရှောင်းတို့နှစ်ယောက် ကုန်းတန်နှင့် အပြန်အလှန် တိုက်ခိုက်နေစဥ်ကပင် အလွန် ကြောက်စရာကောင်းနေခဲ့ပြီ ဖြစ်ပါသည်။
ယခုတွင်မူ လောထျန်းက တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ကုန်းတျန်တစ်ယောက် မြေကြီးပေါ်သို့ ဒူးထောက်ကျသွားခဲ့ရ၏။
ထိုလူက မည်မျှ အစွမ်းထက်နေပါသနည်း။
ထိုအချိန်မှာပင် လောထျန်းက ရှေ့တိုးကာ စွန်းရှို့နှင့် အခြားသူများဆီသို့ လျှောက်သွားလိုက်သည်။
" သခင်လေးလောထျန်း ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ။ ဒါတွေအားလုံးက ကျုပ် လုံလောက်အောင် အစွမ်းမထက်ထားလို့ ဖြစ်ရတာပါ "
စွန်းရှို့က ခေါင်းငုံ့ကာ ထပ်ခါတလဲလဲ တောင်းပန်လိုက်သည်။
သို့သော် လောထျန်းက သူ့ကို လျစ်လျူရှုထားကာ အဘိုးကြီးယန် ဆီသို့သာ တည့်တည့် လျှောက်သွား၏။
အဘိုးကြီးယန် မှာ လောထျန်း၏ အကြည့်အောက်တွင် တစ်ကိုယ်လုံး ဇောချွေးများ ပြန်လာသည်။
" သခင်လေး ဘာအလိုရှိလို့လဲခင်ဗျာ "
သူ ကြောက်ကြောက်လန့်လန့် ပြောလိုက်သည်။
လောထျန်းက အေးစက်စက် ပြန်ပြော၏။
" မင်းနဲ့ ကျုပ်နဲ့က ဘာမှ မတော်စပ်တဲ့ သူတွေမို့ ကျုပ်လူတွေကို မကယ်ချင်ဘူးဆိုတာကို နားလည်ပေးလို့ ရသေးတယ်။ဒါပေမယ့် တခြားသူတွေကိုပါ သွားမကယ်အောင် တားလိုက်တာက ဘာသဘောလဲ ။ ဝူယွိမသေမျိုးနန်းတော်ကို စော်ကားလို့ မရဘူးဆိုတော့ ၊ ကျုပ်ကိုတော့ စော်ကားလို့ ရတယ်ဆိုတဲ့ သဘောလား "
အကယ်၍ အစောကသာ အဘိုးကြီးယန် ဝင်မပါခဲ့ပါက ကျန် တုကျဲ့အဆင့် ကျင့်ကြံသူ သုံးယောက်မှာ လောရုံအား ကယ်တင်ပေးခဲ့ကြပေလိမ့်မည်။
သို့သော် အဘိုးကြီးယန်က အားလုံးကို ဝင်တားခဲ့၏။
အကယ်၍ လောထျန်းသာ စောစောရောက်မလာခဲ့လျှင် ယခုချိန်လောက် ဆိုပါက လောရုံတစ်ယောက် သေနေလောက်လေပြီ။
အဘိုးကြီးယန်က အံကြိတ်ကာ ပြန်ပြောလိုက်သည်။
" အခု .. မင်းက ဘာလိုချင်တာလဲ "
လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြော၏။
" ရပါတယ်လေ ၊ မင်းကိုလဲ ဝူယွိ မသေမျိုးနန်းတော်နဲ့အတူတူ မြေမြှုပ်ပေးမယ် "
ထို့နောက် လောထျန်းက လက်ဖျောက်တစ်ချက် တီးလိုက်ရာ စွမ်းအင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အဘိုးကြီးယန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်သွားတော့သည်။
အဘိုးကြီးယန်မှာ မြေကြီးပေါ်သို့ ချက်ချင်း လဲကျသွားပြီး နေရာတွင်သာ သေဆုံးသွားရ၏။
ထိုစဥ် စွန်းရှို့နောက်တွင် ရှိနေသည့် ကျန်တုကျဲ့အဆင့် ကျင့်ကြံသူ သုံးယောက်လုံး သေမတတ် ကြောက်လန့်တုန်လှုပ်သွားကာ တစ်ကိုယ်လုံး တုန်ယင်လာကြသည်။
သူတို့လေးယောက်လုံး၏ အစွမ်းများက အတူတူနီးပါးပင် ဖြစ်ပေရာ သူတို့ထဲမှ တစ်ယောက်ကိုသာ အလွယ်တကူ သတ်နိုင်ပါက ကျန်သုံးယောက်လုံးကိုလည်း အလွယ်တကူ သတ်နိုင်သည်ဆိုသည့် အဓိပ္ပါယ်ပင်။
ထိုအချိန်တွင် သူတို့ သုံးယောက်လုံး၏ နှလုံးခုန်နှုန်းများမှာ အလွန်လျင်မြန်နေကြကာ လောထျန်း တိုက်ခိုက်လာမည်ကို အလွန်စိုးရိမ် ကြောက်ရွံ့နေကြ၏။
သို့သော် .. မျှော်လင့်မထားစွာပင် လောထျန်းက သူတို့သုံးယောက်ကို လုံးဝ မကြည့်ဘဲ စွန်းရှိူ့ဘက်သို့သာ လှည့်ကြည့်လိုက်သည်။
" သခင်လေးစွန်း ၊ နောက်ကျရင် ဒီဟာကို မြဲမြဲမှတ်ထားပါ။ အားနည်းတဲ့သူကို အနိုင်ကျင့်ပြီး အစွမ်းထက်တဲ့ သူကိုမှ ကြောက်တတ်ကြတဲ့ ဒီလိုလူတွေက ကိုယ့်အတွက် အရေးအကြီးဆုံးအချိန်မှာ အရင်ဆုံး သစ္စာဖောက်ကြမယ့် သူတွေပဲ "
လောထျန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ ၊ ကျုပ် မှတ်ထားပါ့မယ် "
စွန်းရှို့ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် လောထျန်းက ဝူယွိ မသေမျိုးနန်းတော်မှ လူများဘက် လှည့်ကြည့်ကာ သာမာန်ကာလျှံကာ ရိုက်လိုက်သည်။
ဘုန်း ...
အသံကျယ် တစ်သံနှင့်အတူ လုဖန်အပါအဝင် ဝူယွိမသေမျိုးနန်းတော်မှ လူများအားလုံး အပိုင်းပိုင်းအစစ ဖြစ်သွားကြတော့၏။
" ဟင် .. ဒါ .. "
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
လောထျန်းက မျက်စိတစ်မှိတ်ခန့် အချိန်အတွင်း ဤမျှ လူများစွာကို သတ်ပစ်ခဲ့သည်လား ..
ထို့အပြင် .. ထိုလူများ အားလုံးမှာ ဝူယွိမသေမျိုးနန်းတော်မှ အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြပါသည်။
ထိုစဥ် .. လူအုပ်ကြားထဲ တစ်နေရာမှ မိုရှသည် လောထျန်းကို ကြည့်နေရင်း နဖူးတွင် ဇောချွေးများ ပြန်လာ၏။
လွန်ခဲ့သော လပိုင်းခန့်က သူ မှားယွင်းစွာဖြင့် လောထျန်းအား သူနှင့် အဆင့်တူ ပါရမီရှင်တစ်ယောက်အဖြစ် ထင်နေခဲ့သည်ကိုပါ ပြန်တွေးမိသွားသည်။
ထိုမြင်ကွင်းကို ပြန်မြင်ယောင်မိသည့် အချိန်တွင်မူ သူ မြေကြီးထဲတွင် တွင်းတစ်တွင်းတူးကာ ဝင်ပုန်းနေချင်စိတ်ပင် ပေါက်သွားရ၏။
ထိုအချိန်မှာပင် လောထျန်းက လူအုပ်ဘက် လှည့်လာကာ ပြောလိုက်သည်။
" ဝူယွိ မသေမျိုးနန်းတော်ကို ကျုပ်ဆီက သတင်းစကား သွားပို့ပေးလိုက်ကြပါ ။ အခုချိန်ကစပြီးတောဘ ဝူယွိမသေမျိုးနန်းတော်က ဘယ်သူ့ကိုမဆို ကျုပ်က တွေ့တာနဲ့ သတ်ပစ်မှာ ။ တစ်ယောက်တွေ့ရင် တစ်ယောက်သတ်မယ် ၊ နှစ်ယောက်တွေ့ရင် နှစ်ယောက်သတ်မယ် ။သူတို့ဂိုဏ်းတစ်ခုလုံး ပြောင်သွားတဲ့အထိကို သတ်မယ်လို့ ပြောလိုက်ပါ "
လောထျန်းက ထိုသိူ့ပြောပြီးသည်နှင့် နောက်လှည့်၍ လောရုံနှင့် အခြားသူများကို ခေါ်ကာ သွေးရေအိုင်ဆီသို့ လျှောက်သွလိုက်သည်။
သူ ထွက်သွားပြီးသည့်နောက်တွင်မူ လူအုပ်ကြီးဆီမှ ရုတ်ရုတ်သဲသဲ ဆူညံသံများ ဝေါခနဲ ထွက်လာ၏။
" ဘုရားရေ .. တကယ့် သတင်းထူးကြီးပဲ ။ လောထျန်းက ဝူယွိမသေမျိုးနန်းတော်ကို စစ်ကြေငြာလိုက်ပြီ "
" ဒီတိုက်ပွဲမှာ ဘယ်သူ အနိုင်ရမယ်လို့ ထင်လဲ "
" နောက်နေတာလားကွ ၊ မင်းလဲ လောထျန်းကို မမြင်လိုက်ရတာ ကျနေတာပဲ ။ သူက တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် ချက်ချင်း သတ်ပစ်နိုင်တဲ့ အစွမ်းရှိတာလေ "
" ဟုတ်တယ် ၊ ဒီ လောထျန်းက အခု ဘယ်ကျင့်ကြံခြင်းအဆင့်မှာလို့ ထင်လဲ "
" ဘယ်အဆင့်လဲဆိုတာ ပြောဖို့တော့ ခက်တယ်ကွ ။ ဒါပေမယ့် စိတ်ဝိဥာဥ်အသွင်ပြောင်း အဆင့်ထက်တော့ ကျော်တာ သေချာတယ် ။ ကောင်းကင်ထိန်းချုပ်အဆင့် ဒါမှမဟုတ် ကွေ့ရှ အဆင့်ထဲက တစ်ခုခု ဖြစ်နိုင်တယ်။ အဲ့ထက်လဲ မြင့်ရင် မြင့်နေနိုင်တယ်ကွ "
" အင်း .. ကြည့်ရတာ ဝူယွိမသေမျိုးနန်းတော်တော့ ဒုက္ခရောက်ပြီနဲ့တူတယ် "
" ငါတော့ အဲ့လို မထင်ဘူး။ ဝူယွိမသေမျိုးနန်းတော်ရဲ့ အစွမ်းကိုလဲ လျှော့မတွက်နဲ့ကွ။ ငါ ကြားတာတော့ သူတို့ရဲ့ တားမြစ်နယ်မြေထဲမှာ အခုချိန်ထိ အသက်ရှင်နေကြသေးတဲ့ သားရဲအိုကြီးတွေ အများကြီး ရှိတယ်တဲ့။ အဲ့တော့ သူတို့ထဲမှာ လောထျန်းလို ကျင့်ကြံခြင်း အဆင့်မျိုးနဲ့ အစွမ်းထက်တဲ့သူတွေ ရှိရင် ရှိနေမှာကွ "
" အဲ့လိုသာ ဆိုရင်တော့ ဒီတိုက်ပွဲက တော်တော်စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ "
အချိန်တိုအတွင်းမှာပင် ထိုသတင်းက ဆုမီတောင်တစ်ခုလုံးသိူ့ ပျံနှံ့သွားပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေကြတော့သည်။
ထိုအချိန်တွင် လောထျန်းနှင့် အခြားသူများမှာ သွေးရေအိုင်သို့ပင် ရောက်သွားခဲ့ကြလေပြီ။
" သခင်လေးလောထျန်း ၊ ဒါက သွေးရေအိုင်ပဲဗျ။ ဒီ ရေအိုင်ထဲကို ဝင်လိုက်တာနဲ့ ခန္ဓာကိုယ်အစွမ်းကို အများကြီး တိုးတက်သွားစေတယ် "
စွန်းရှို့က နံဘေးမှ ရှင်းပြလိုက်သည်။