← Chapters

ထိပ်တန်းအဆင့် အခွင့်ကောင်းတစ်ခုဖြစ်သည့် သွေးရေအိုင်

Vol. 14 Ch. 184

ထိပ်တန်းအဆင့် အခွင့်ကောင်းတစ်ခုဖြစ်သည့် သွေးရေအိုင်

Vol. 14 Ch. 184

လောထျန်းက နာမည်ကျော် သွေးရေအိုင်အား ကြည့်လိုက်သည်။

အမှန်တွင်မူ သွေးရေအိုင်သည် ရေအိုင်အကြီးကြီးတစ်ခု မဟုတ်ဘဲ အနီရောင် ကျောက်ပြင်ကြီးတစ်ခုပေါ်တွင် ပြန့်ကျဲနေသည့် မရေမတွက်နိုင်သောရေအိုင်ငယ်လေးများကို ခေါ်ထားခြင်း ဖြစ်ပါသည်။

ထိုရေအိုင်ငယ်လေးများ အတွင်းတွင်မူ အနီရောင် စေးပျစ်ပျစ် အရည်တစ်ခု ရှိနေ၏။ ၎င်းမှာ သွေးနှင့် အလွန်တူသည့်တိုင် သွေးအစစ် မဟုတ်ပါချေ။

" အင်း .. ဒီ ရေအိုင်ထဲမှာ စိတ်စွမ်းအင်တွေ အများကြီး ရှိတာပဲ။ ဒါပေမယ့် .. ဒါကို ခန္ဓာကိုယ်ကျင့်စဥ် ကျင့်ကြံနေရာမှာ သုံးဖို့ကတော့ ..မလုံလောက်ဘူးထင်တယ် "

လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

စွန်းရှို့က အပြုံးဖြင့် ပြန်ပြော၏။

" ဒါပေါ့ဗျ ၊ ဒီဟာတစ်မျိုးတည်းဆို ဘယ်လုံလောက်ပါ့မလဲ။ ဒီရေအိုင်ထဲကို နောက်တစ်ခု ထပ်ထည့်ရသေးတယ်ဗျ "

စွန်းရှို့က ပြောပြောဆိုဆိုပင် သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ စိတ်စွမ်းအင်ဆေးပင် အများအပြားကို ထုတ်ယူလိုက်သည်။

" ကျုပ် ဒီဟာတွေကို ကြိုပြင်ဆင်လာတာဗျ။ ဒီဆေးပင်တွေကို သွေးရေအိုင်နဲ့ ပေါင်းစပ်လိုက်မှသာ ရလဒ်ကောင်းကောင်းကြီး ထွက်လာတာ။ ဒါတင်မကသေးဘူး ၊ ကျုပ်က ကျုပ်အဖေကို ရတနာတစ်ခု ရှာပေးဖို့လဲ မရမက  ပူဆာခဲ့သေးတယ် "

စွန့်ရှို့က လျှိုဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။

ထိုတခဏတွင် အားလုံး၏ အကြည့်က သူ့အပေါ်သို့သာ ကျရောက်နေ၏။

စွန်းရှို့က သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ ကျောက်စိမ်းပုလင်းသေးသေးလေး တစ်လုံးကို ဂရုတစိုက် ထုတ်ယူလိုက်သည်။

ထိုပုလင်းလေးထဲတွင်မူ အရည်တစ်စက် ရှိနေ၏။

စွန်းရှို့က ထိုအရည်အား သွေးရေအိုင်ထဲသို့ ထည့်လိုက်သည်။

ဝီ ..

ချက်ချင်းပင် သွေးရေအိုင်ထဲမှ စိတ်စွမ်းအင်များ သိသိသာသာ တိုးလာ၏။

စွန်းရှို့က ပြုံး၍ ပြောပြလိုက်သည်။

" ဒီဟာကို ရွှယ်လင်ဆေးရည်လို့ ခေါ်တယ်ဗျ။ ဒီဆေးရည်က နတ်ဆိုးတစ်သောင်းလွင်ပြင်ရဲ့ အဖိုးတန်ဆုံး ရတနာကိုးခုထဲက တစ်ခုပဲ။ ဒီဆေးရည်ကို နတ်ဆိုးဘုရင်တစ်ပါးက စောင့်ကြပ်နေတာမို့ ရဖို့ အင်မတန် ခက်ခဲတယ် "

" ကျုပ်က ဒီပစ္စည်းလေးရဖို့အတွက် အဖေ့ကို အသည်းအသန် တောင်းပန်ပြီးတော့ ပိုက်ဆံတွေ အများကြီး အကုန်အကျ ခံခဲ့ရတာ။အခု ဒီ ရွှယ်လင်ဆေးရည်က သွေးရေအိုင်နဲ့ ပေါင်းစပ်သွားတဲ့အချိန်မှာ သွေးရေအိုင်က အစွမ်းကို မြှင့်တင်ပေးပြီးတော့ အကျိုးသက်ရောက်မှုကိုလဲ အကောင်းဆုံး ဖြစ်သွားစေတယ် "

" ရွှယ်လင်ဆေးရည် တစ်မျိုးတည်းကိုပဲ ဒီတိုင်း သောက်လိုက်ရင်တော့ စိတ်စွမ်းအင်ပင်လယ်ကို ပိုအစွမ်းထက်လာစေတယ်ဗျ ။ ဒီ သွေးရေအိုင်ထဲ ချလိုက်ရင်တော့ သွေးရေအိုင်ရဲ့ အစွမ်းကို ပိုတိုးသွားစေပြီး ခန္ဓာကိုယ် ကျင့်ကြံဖို့အတွက် အကောင်းဆုံး ရလဒ်ကို ရသွားစေတာပေါ့ဗျာ "

စွန်းရှို့က အပြုံးမျက်နှာဖြင့် ရှင်းပြလိုက်သော်လည်း သူ့ရင်ထဲတွင်မူ သွေးများ ထွက်နေလေပြီ ။

ထိုရွှယ်လင်ဆေးရည် တစ်စက်ကို ရရန်အတွက် သူ ငွေကုန်ကြေးကျ များစွာ ခံခဲ့ရသည် မဟုတ်ပါလား ။

အစတွင် သူသည် ကျင့်ကြံခြင်းအဆင့် တက်သည့်အချိန်၌ ၎င်းကို မျိုချရန် စဥ်းစားခဲ့သေး၏။

သို့သော် .. ယနေ့တွင်မူ လောထျန်း စိတ်ကျေနပ်စေရန်အတွက် သူ ထိုလျှို့ဝှက်ပစ္စည်းများကို ထုတ်သုံးလိုက်ရခြင်း ဖြစ်ပါသည်။

တဖက်မှ လောရုံက စိတ်စွမ်းအင်များဖြင့် ပြည့်နေသည့် သွေးရေအိုင်ကို ကြည့်ကာပြောလိုက်သည်။

" ဟုတ်သားပဲဗျ ၊ ခုနကနဲ့ ယှဥ်လိုက်ရင် လုံးဝကို အကွာကြီး ကွာသွားတာပဲ ။ အထဲက အစွမ်းကိုတောင် ကျုပ်  ခံစားလို့ ရနေတယ် "

ယင်ထျန်းလွေ့မှာမူ ထို ဆန်းကြယ်သော ဆေးရည်က မည်မျှ အဖိုးတန်သည်ကို သေချာ သိထားသဖြင့် စွန်းရှို့နားကပ်ကာ တီးတိုး ပြော၏။

" ညီလေးစွန်း ၊ မင်း အကုန်အကျ ခံထားရတာ မများဘူးလားကွာ "

စွန်းရှို့က အားတင်းပြုံးကာ ပြန်ပြောလိုက်သည်။

" ငွေကြေးတွေကို ပြောနေဖို့ မလိုပါဘူး အကိုယင်ရာ ။ ကျုပ်တို့အားလုံးက ညီအကိုတွေပဲ ။ ဒီလိုပဲ  မျှဝေသင့်တာပေါ့ "

ထိုစဥ် နံဘေးမှ နားထောင်နေသည့် လောထျန်းတစ်ယောက် မျက်မှောင်ကြုံ့သွားသည်။

" အကိုစွန်းရဲ့ ရွှယ်လင်ဆေးရည်က တစ်စက်တည်းလား "

သူ မေးလိုက်၏။

စွန်းရှို့မှာ ခေတ္တမျှ အံ့အားသင့်နေပြီး နောက်မှသာ မြန်မြန် ပြန်ရှင်းပြလိုက်သည်။

" သခင်လေးလောထျန်း ၊ သခင်လေးကတော့ မသိလောက်ပေမယ့် ဒီ ရွှယ်လင်ဆေးရည်ကို ရဖို့က အင်မတန် ခက်ခဲတယ်ဗျ။ ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှာ ရှာကြည့်ရင်တောင် ဒီဆေးရည်က ၂ ၊ ၃ စက် လောက်ပဲ ရှိတာ "

လောထျန်းက မည်သို့မှ ပြန်မပြောဘဲ သူ့ ဟင်းလင်းပြင်လက်စွပ်ထဲမှ ပုလင်းကြီးတစ်လုံးကို ထုတ်လိုက်၏။

ပုလင်းထဲတွင် အရည်များ တဝက်လောက် ကျန်နေသေးပြီး လောထျန်းက ပုလင်းအဖုံးကို ဖွင့်ကာ သွေးရေအိုင်ထဲသို့ ခပ်များများ လောင်းထည့်လိုက်သည်။

ဝုန်း ..

သွေးရေအိုင်ထဲမှ စိတ်စွမ်းအင်များက မီးတောင်တစ်ခု ပေါက်ကွဲလာသည့်အလား ကောင်းကင်ယံသို့ တမဟုတ်ချင်း ထိုးတက်သွား၏။

သွေးရေအိုင်  တစ်ခုလုံးမှာလည်း စတင် ဆူပွက်လာသယောင်ပင် ။

" ဟင် ..ဘာတွေ ဖြစ်နေတာလဲ ။ သခင်လေးလောထျန်း ၊ ခုနက သခင်လေး လောင်းချလိုက်တာ ဘာတွေလဲ "

စွန်းရှို့က အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။

လောထျန်းက ဆေးရည် တစ်စိတ်ခန့် ကျန်နေသေးသည့် ပုလင်းကို ခါပြကာ ပြန်ပြော၏။

" ဒါ ရွှယ်လင်းဆေးရည်လေ '

စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့ နှစ်ယောက်လုံး အံ့သြမှင်သက်ကာ ကြက်သေ သေသွားကြသည်။

သူတို့၏ အကြည့်ကမူ လောထျန်းလက်ထဲမှ ပုလင်းကြီးပေါ်တွင်သာ ရှိနေသည်။ ထိုပုလင်းကြီးမှာ အနည်းဆုံး တစ်တောင်ခန့်ပင် ရှည်လျားပြီး သွေးရေအိုင်ထဲသို့ များစွာ လောင်းချပြီးသွားသည့်တိုင် ပုလင်းထဲ၌ များစွာပင် ကျန်နေသေး၏။

စွန်းရှို့၏ ပုလင်းမှာကား ဆေးရည်စက် တစ်စက်တည်းကိုသာ ထည့်နိုင်သည့် လက်သည်းခွံအရွယ် ပုလင်းလေးတစ်လုံးပင်။

၎င်းက လောထျန်း၏ လုပင်းနှင့် ယှဥ်လိုက်လျှင်မူ ရှက်စရာပင် ကောင်းနေသေးတော့သည်။

အစောက ထိုဆေးရည်မှာ မည်မျှရှားပါးကြောင်း  သူပြောနေခဲ့မိသည်ကို ပြန်တွေးမိကာ စွန်းရှို့တစ်ယောက် မြေကြီးထဲ ကျင်းတူး၍ ဝင်ပုန်းနေချင်စိတ်ပင် ပေါက်သွားသည်။

" သခင်လေးလောထျန်း ၊ ဒီ ရွှယ်လင်ဆေးရည်ကို  ဘယ်ကနေ ရခဲ့တာလဲဗျ "

သူ အသက်ပင် မရှူနိုင်ဘဲ မေးလိုက်သည်။

" ကျုပ် ဒါကို နတ်ဆိုးတစ်သောင်းလွင်ပြင်ကနေ ရခဲ့တာ "

လောထျန်းက ပြန်ဖြေသည်။

စွန်းရှို့က ခပ်မြန်မြန်ပင် ဆက်မေး၏။

" ဒီဟာကို ရဖို့ .. ခက်လားဗျ "

လောထျန်းက ခေါင်းယမ်း၍ ပြန်ဖြေသည်။

" နည်းကတော့ တော်တော်လေး ရိုးရှင်းတယ်ဗျ "

" ရိုးရှင်းတယ် .. "

စွန်းရှို့၏ မျက်လုံးများ အရောင်လက်သွားကြသည်။

ထိုရွှယ်လင်ဆေးရည်က မည်မျှ အဖိုးတန်ကြောင်းကို သူ သေချာ သိထားပြီးသား ဖြစ်ပါသည်။

ယခု လောထျန်းလက်ထဲမှ ပုလင်းတစ်ဝက်ခန့်သည်ပင် များစွာသော မြို့ကြီးများ ၏ အနာဂါတ်ကို ပြာင်းလဲပစ်နိုင်စွမ်း ရှိပေသည်။

သို့ဖြစ်ရာ ...အကယ်၍ ၎င်းကို လောထျန်း ပြောသည့်အတိုင်းသာ အလွယ်တကူ ရနိုင်သည်ဆိုပါက  သူ ပွပေါက်ကြီးနဲ့ တိုးသွားခြင်းပင်။

ထိုတခဏတွင် စီးပွားရေးသမားတစ်ဦးဖြစ်သည့် သူသည် ငွေနံ့ကို ကောင်းကောင်းကြီး အာရုံခံမိသွား၏။

" သခင်လေးလောထျန်း ၊ ဒါကို ဘယ်လို လွယ်လွယ်နဲ့ ရခဲ့တယ်ဆိုတာ ပြောပြပေးလို့ ရမလားဗျ "

စွန်းရှို့ မေးလိုက်သည်။

သူ့မျက်နှာကြီးမှာလည်း ပိုက်ဆံအကြောင်းတွေးမိကာ ပြုံးဖြီးနေ၏။

လောထျန်းက ပြန်ပြောလိုက်သည်။

" အဲ့ဒါက လွယ်ပါတယ်ဗျ ၊ ကျုပ် ပြောပြမယ် ။ နတ်ဆိုးဘုရင်ကို အရင်ရှာလိုက် ... "

စွန်းရှို့က စာအုပ်ငယ် တစ်အုပ်ကို ထုတ်ကာ မှတ်စုအချို့ လိုက်ရေးသည်။

"  နတ်ဆိုးဘုရင်ကို ရှာပြီးသွားရင် ဘာဆက်လုပ်ရမလဲဗျ "

" သူ့ကို ထိုးကြိတ်ပစ်ဗျာ။ အသားကုန် သတ်မလိုဖြတ်မလို ပုံမျိုးနဲ့ ထိုးကြိတ်ပစ် ။ အဲ့ကျရင် သူက မျက်နှာငယ်လေးနဲ့ ထုတ်ပေးလာလိမ့်မယ် "

လောထျန်းက ပြောလိုကါသည်။

စွန်းရှို့တစ်ယောက် ကြက်သေသေသွား၏။

နတ်ဆိုးဘုရင်ကို အသေထိုးကြိတ်ရမည်တဲ့လား ..

ထိုအချိန်ကျလျှင် နတ်ဆိုးဘုရင်က ရွှယ်လင်ဆေးရည်ကို ထုတ်ပေးမည်တဲ့လား ...

ဤနည်းက ....

အမှန်တကယ်လည်း ရိုးရှင်းလှပါသည်။

" ကဲ .. အခု စကားပြောနေတာကို ခဏရပ်ထားကြတာပေါ့ ။ ရေအိုင်ထဲဝင်ပြီး ခန္ဓာကိုယ် အစွမ်းထက်အောင် သွားလုပ်လိုက်ကြပါဦး"

လောထျန်းက ပြောလိုကါသည်။

" ဒါဆို ..ကျုပ်အရင် ဆင်းသွားတော့မယ်ဗျာ "

လောရုံမှာ ထိုအချိန်တွင် စိတ်မရှည်နိုင်ပင် ဖြစ်နေသဖြင့် သွေးရေအိုင်ထဲသို့ အရင်ဆုံး ဆင်းချသွား၏။

အား ...

သူ ရေအိုင်ထဲသိူ့ ရောက်သည်နှင့် သူ့ကိုယ်မှ အဖြူရောင် မီးခိုးတစ်ခု ထွက်ပေါ် လာပြီး သူ နာကျင်စွာ အော်ဟစ်လိုက်ရသည်။

" ညီလေးလောရုံ ၊ တောင့်ခံထားနော် ။ မင်းရဲ့ ခန္ဓာကိုယ်က အခုတောင် အစွမ်းထက်လာနေပြီ"

စွန်းရှို့က ပြောလ်ုက်သည်။

လောရုံက ခေါင်းညိတ်ပြလိုက်ပြီး အံကြိတ်ကာ ဆက်တောင့်ခံ၏။

ထို့နောက် အားလုံး၏ အကြည့်အောက်မှာပင် လောရုံ၏ ခန္ဓာကိုယ်က သိသိသာသာ ပိုသန်မာတောင့်တင်းလာခဲ့တော့သည်။

ယင်ထျန်းလွေ့၏ မျက်လုံးများ ပြူးကျယ်သွား၏။

သာမာန်အခြေအနေအတိုင်းသာ ဆိုပါက ယခု လောရုံ ရသွားခဲ့သည့် တိုးတက်မှုမျိုးကို ရရန် သာမာန် ကျင့်ကြံသူတစ်ယောက်အတွက် ဆယ်နှစ်ကျော်ကြာ အချိန်ယူရမည်ကို သူ သေချာသိထားပြီး ဖြစ်ပါသည်။

သူသည် ယခင်က သွေးရေအိုင်ထဲသို့ ဝင်ခဲ့ဖူးပါသော်လည်း ....

ထိုသို့ ကြီးမားသော တိုးတက်မှုကြီးနှင့် ကြုံရသည်မှာ ယခုက ပထမဆုံးအကြိမ်ပင် ။

ရွှယ်လင်ဆေးရည်၏ အကျိုးသက်ရောက်မှုကအများပြောကြသကဲ့သို့ အစွမ်းထက်ဟန်ပင်။

ထိုတခဏတွင် သူ့တစ်ကိုယ်လုံး ယားလာသလို ခံစားလိုက်ရကာ လောရုံအား မနာလိုအားကျစွာ ကြည့်လိုက်သည်။

အကယ်၍ သူသည်လည်း ထိုရွှယ်လင်ဆေးရည်၏ ကောင်းကျိုးကို ခံစားနိုင်ပါက မည်မျှ ကောင်းလိမ့်မည်နည်း။

ထိုစဥ် နံဘေးမှ ကြည့်နေသော လောထျန်းက ပြောလာ၏။

" အကိုယင်က ဘာတွေ ကြည့်နေတာလဲဗျ ။ အောက်ကို ဆင်းချင်ရင် ဆင်းသွားလေ "

ကြားလိုက်ရသည့် စကားကြောင့် ယင်ထျန်းလွေ့ အံ့သြမှင်သက်သွားကာ သေချာအောင် ထပ်မေးလိုက်သည်။

" ဟင် .. တကယ်ကြီးလား ၊ ကျုပ်လဲ ဆင်းလို့ ရတယ်လား "

လောထျန်းက ခေါင်းညိတ်ပြ၏။

" ဒါပေါ့ဗျ ၊ အခု ခင်ဗျားကို ဘယ်သူက တားနေလို့လဲ "

ယခင် ဟဲ့ဒုံမြို့ထဲရှိ တိမ်ပင်လယ်စားသောက်ဆိုင်အတွင်း၌ ယင်ထျန်းလွေ့က လောရှောင်ရှောင်အား ကယ်ရန် ကြိုးစားခဲ့သည်ကို လောထျန်း ယခုထိ မှိတ်မိနေဆဲ ဖြစ်ပါသည်။

ထိုစကားကို ကြားသောအခါ ယင်ထျန်းလွေ့ အလွန်ဝမ်းသာပျော်ရွှင်သွားတော့သည်။

" ကျေးဇူးတင်ပါတယ် သခင်လေးလောထျန်း "

သူက ထိုသို့ပြောပြီးနောက် သွေးရေအိုင်ထဲသို့ ချက်ချင်း ပြေးဝင်သွား၏။

ထို့နောက် တမဟုတ်ချင်းမှာပင် သူ့ခန္ဓာကိုယ်က အစွမ်းထက်လာသည်ကို ခံစားလိုက်ရတော့သည်။

" သခင်လေးလောထျန်း ၊ ကျုပ် .... "

ထိုစဥ် ဘေးနားမှ စွန်းရှို့ကလည်း သတိထားကာ စကားစ၏။

လောထျန်းက သူ့အတွေးကို သိနေဟန်ဖြင့် ​တည်ငြိမ်စွာ ပြောလိုက်သည်။

" အထဲဝင်ချင်ရင် သွားသာ သွားပါဗျာ ။ ကျုပ်ကို ဖိတ်စာနဲ့ သေချာ ဖိတ်စေချင်သေးတာလား "

စွန်းရှို့မှာလည်း အလွန်ပျော်ရွှင်သွားကာ ချက်ချင်း ခုန်ဆင်းသွားသည်။

သူတို့ရှေ့တွင် ရှိနေသည့် သွေးရေအိုင်မှာ ရတောင့်ရခဲ အခွင့်ကောင်းကြီးတစ်ခုပင် မဟုတ်ပါလား ...

၄.စွန်းရှို့ မဆိုထားဘိ ၊ သူ့အစောင့်အကြပ် တုကျဲ့အဆင့် ကျင့်ကြံသူ သုံးယောက်သည်ပင် ရေအိုင်ထဲသို့ ခုန်ဝင်ချင်နေကြဟန် ပေါက်နေ၏။

သို့သော် လောထျန်းရှိနေသည့်အတွက် သူတို့ ကြောက်ရွံ့ကာ နေရာပင် မရွှေ့ရဲပါချေ။

ထိုစဥ် လောထျန်းက လောရှောင်ရှောင်းကို ကြည့်ကာ ပြောလိုက်သည်။

" နင်ရော ရေအိုင်ထဲ ဆင်းချင်လား "

လောရှောင်ရှောင်းက ရွံရှာဟန်ဖြင့် ခေါင်းယမ်း၍ ပြန်ပြော၏။

" ရေက ညစ်ပတ်လွန်းတယ် .. မဆင်းတော့ဘူး ။ ပြီးတော့ ကျွန်မက ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက် မဖြစ်ချင်ဘူးလေ "

လောထျန်းက ခေါင်းညိတ်လိုက်ပြီး ရွှယ်လင်ဆေးရည် လက်ကျန်ပုလင်းအား သူမဆီသို့ ပစ်ပေးလိုက်သည်။

" ဒါကို ယူသွားပြီး အပျော်စမ်းသောက်ကြည့်လိုက် ။ ဖြည်းဖြည်းချင်း သောက်နော် ။ ပြီးသွားမှ ငါတို့ဆီ ပြန်လာခဲ့ "

All Chapters