ငါက တည်သီးပျော့နဲ့ တူနေလား
Vol. 14 Ch. 185
" ကျေးဇူးတင်ပါတယ် အကိုထျန်း "
လောရှောင်ရှောင်းက ပြောလိုက်ပြီး ဆေးရည်ပုလင်းကို လှမ်းယူကာ တစ်ဂွတ်မော့သောက်လိုက်သည်။
ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော အရောင်အဝါတစ်ခု တိုးထွက်လာ၏။
လောရှောင်ရှောင်း ရုတ်တရက်လန့်သွားကာ ချက်ချင်း သူမ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ကို အသက်သွင်းလိုက်သည်။
အရောင်အဝါက တဖြည်းဖြည်းချင်း ပြန်လည်ငြိမ်ကျသွား၏။
ထိုမြင်ကွင်းကို ကြည့်နေကြသည့် သူတို့နားမှ တုကျဲ့အဆင့် ကျင့်ကြံသူ လူကြီးသုံးယောက်မှာ အံ့သြတုန်လှုပ်နေသည့် မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရွှယ်လင်ဆေးရည်၏ အကျိုးသက်ရောက်ပုံကို သူတို့အားလုံး သေချာ သိထားကြပြီး ဖြစ်ပါသည်။
ပုံမှန်ဆိုလျှင် သာမာန်လူတစ်ယောက်သည် ဆေးရည်အများကြီးကို တစ်ပြိုင်နက်တည်း သောက်မိသွားပါက ဆေးရည်မှ အစွမ်းကြောင့် အသက်ရှုကျပ်၍ သေသွားနိုင်သလို မသေလျှင်ပင် ဒဏ်ရာဆိုးဆိုးရွားရွား ရသွားနိုင်၏။
သို့သော် ရွှယ်လင်းလုံက မူ ဆေးရည်မှ အစွမ်းများအား သူမ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ဖြင့် အလွယ်တကူ ဖိနှိပ်ထားနိုင်ပေသည်။
၎င်းမှာ မည်သို့သော အဓိပ္ပါယ်ပါနည်း။
လောရှောင်းရှောင်း၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်က သာမာန်လူများ၏ အသိစိတ်ထက် များစွာ ပိုသာနေသည်လား ... ။
ဤသို့ဖြင့် ...သွေးရေအိုင်ထဲတွင် လောရုံနှင့် အခြားသူများက ခန္ဓာကိုယ်အား လေ့ကျင့်နေကြချိန်၌ ...
သွေးရေအိုင် အပြင်ဘက်တွင်မူ လောရှောင်ရှောင်းက ရွှယ်လင်းဆေးရည်ကို သန့်စင်နေ၏။
သူတို့အားလုံး၏ အစွမ်းကလည်း ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပိုတိုးလာနေသည်။
လောထျန်းကမူ သူတို့အားလုံးကို နံဘေးမှ ကြည့်နေကာ ပျင်းရိနေဟန် ပေါက်နေ၏။
" အင်း ... ငါက အစွမ်းထက်လာတာကို ဘာလို့ မပျော်နေရတာလဲ မသိပါဘူး "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သူ့ဘေးမှ ပန်းလင်ကမူ သူ့အား မျက်စောင်းတထိုးထိုး ဖြင့် ကြည့်လိုက်သည်။
အကယ်၍ သူမတွင်သာ လုံလောက်သော အစွမ်းမျိုး ရှိထားပါက ၊ အစောကတည်းကပင် လောထျန်းအား ရိုက်ပုတ်ထိုးနှက် လုပ်လိုက်လေပြီ။
ထိုစဥ် ..သွေးရေအိုင်အတွင်းမှ စိတ်စွမ်းအင်များက အခြားသူများ၏ အာရုံကို ဆွဲဆောင်နေသကဲ့သို့လည်း ဖြစ်နေခဲ့၏။
လူငယ်လေးတစ်ယောက်က လောထျန်းရှိနေသည့် နေရာကို ကြည့်ကာ အံ့သြတကြီး ပြောလိုက်သည်။
" ဘုရားရေ ၊ သွေးရေအိုင်ချင်း အတူတူကို ဟိုနားက သွေးရေအိုင်က ငါတို့နားက ရေအိုင်ထက် စိတ်စွမ်းအင်တွေ အများကြီး ပိုပေါများနေတာပဲ ။အားလုံး ..အဲ့နားကို သွားပြီး အခွင့်ကောင်းကို သွားယူရအောင်လေ "
သူ့ဘေးမှလူက မျက်စောင်းဖြင့် ကြည့်ကာ ပြန်ပြော၏။
" ကောင်လေး ၊ မင်း အသက်ဆက်မရှင်ချင်တော့ဘူးလား ။ အဲ့သွေးရေအိုင် ဘေးနားလေးမှာ ရှိနေတဲ့ လူငယ်က ဘယ်သူလဲဆိုတာ မင်း မသိဘူးလား "
လူငယ်က ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှသာ လောထျန်းကို ထပ်ကြည့်၍ မေးလိုက်သည်။
" အဲ့ဒါ ဘယ်သူလဲ "
" ဘယ်သူလဲ ..ဟုတ်လား ၊ အဲ့ဒါ လောထျန်းပဲကွ "
သူ့ဘေးမှ လူက ပြန်ပြော၏။
လူငယ်က မျက်ခုံးပင့်ကာ ထပ်မေးလိုက်သည်။
" လောထျန်း .. ဟုတ်လား ။ ကျုပ် တစ်ခါမှ မကြားဖူးဘူး ။ သူက အစွမ်းထက်လို့လား။ ကျုပ်အကို ဝမ်းကွဲတစ်ယောက်ဆိုရင် ထျန်းယွမ်အင်ပါယာ လျှို့ဝှက်နဂါးစာရင်းမှာ အဆင့် 375 တောင် ရထားတာဗျ ။ သူ့ကို ကျုပ် အကိုဝမ်းကွဲမည် ပြောလိုက်ရင် ကျုပ်ကို မျက်နှာသာ ပေးလောက်တယ် မဟုတ်လား "
သူ့ဘေးမှ လူက သူ့အား အရူးတစ်ယောက်သဖွယ် ပြန်ကြည့်လာသည်။
" မင်းအကိုဝမ်းကွဲ ကို ခဏထားလိုက်ဦး ။ မင်း လုဖန်ကို သိလား "
လူငယ်က ခေါင်းညိတ်ပြလိုက်သည်။
" အဲ့လို ပါရမီရှင် အစစ်တစ်ယောက်ကို မသိဘဲ ဘယ်နေပါ့မလဲဗျ ။ ဒီ လောထျန်းဆိုတဲ့သူက လုဖန်ရဲ့ ညီဝမ်းကွဲလား "
တဖက်လူက သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်ကာ ပြော၏။
" အဲ့လို မဟုတ်ဘူးကွ ။ လောထျန်းက ခုနလေးတင် လုဖန်ကို အသေရိုက်သတ်ပစ်လိုက်တာ "
" ဘာ .. ကျုပ်ကို လာနောက်နေတာလား "
လူငယ်မှာ အံ့သြမှင်သက်သွားရသည်။
" လုဖန်တစ်ယောက်တည်း မဟုတ်ဘူးကွ ။ ဝူယွိမသေမျိုးနန်းတော်က တခြားတပည့်တပန်းတွေ ဆယ်ယောက်ကျော်ရော နောက် တုကျဲ့အဆင့် အကြီးအကဲတစ်ယောက်ရော ၊ အားလုံးက ခုနလေးကမှ လောထျန်းလက်ချက်ကြောင့် သေသွားခဲ့ကြတာ။ ဒါကိုလဲ ဒီမှာ ရှိကြတဲ့ ငါတို့တွေ တော်တော်များများ မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့ကြတာကွ ။ ကဲ ..မင်း အကို ဝမ်းကွဲက သူ့ရဲ့ မျက်နှာသာပေးတာကို ခံသင့်တယ်လို့ ထင်နေသေးရင် အဲ့နားသွားပြီး သူ့ကို သွားပြောလေ"
တဖက်လူက ပြောလိုက်သည်။
" အင် .. "
ကြားလိုက်ရသည့် စကားကြောင့် လူငယ်မှာ ကြောက်လန့်တုန်လှုပ်သွားကာ ပါးစပ်အဟောင်းသားပင် ဖြစ်သွား၏။
သူသည် လောထျန်းအား အလွယ်တကူ ပစ်မှတ်ထားနိုင်မည့် လူတစ်ယောက်ဟု ထင်ထားခဲ့သော်လည်း .. ယခုတွင်မူ အလွန်အစွမ်းထက်သူတစ်ယောက် ဖြစ်နေပေသည်။
လူငယ်မှာ ရှက်လွန်းသဖြင့် ထိုနေရာတွင်ပင် ဆက်မနေရဲတော့ဘဲ ချက်ချင်း နောက်လှည့်၍ အခြားနေရာသို့ ထွက်သွားလိုက်တော့သည်။
ထို့နောက်တွင် လောထျန်းနှင့် သူ့လူစုအား အနိုင်ကျင့်၍ ရမည်အထင်ဖြင့် သူတို့လက်မှ အခွင့်အရေးကောင်းကို လုယူချင်သူများ များစွာ ပေါ်လာကြသေး၏။
သို့သော် .. လောထျန်း၏ အခြေအနေနှင့် အစွမ်းအကြောင်းကို ကြားပြီးနောက်တွင်မူ သူတို့အားလုံး ချက်ချင်း ပြန်ထွက်ခွာသွားကြတော့သည်။
နာရီဝက်ခန့် အကြာတွင်မူ ...
" ဟား ဟား ..ဒီနှစ် သွေးရေအိုင်မှာ ဆန်းကြယ်တဲ့ နေရာတစ်ခု ရှိနေတာပဲ ။ တပည့်တို့ ၊ ကြည့်ရတာ မင်းတို့တွေ ကံကောင်းကြတယ်နဲ့တူတယ် "
မုတ်ဆိတ်မွေးများနှင့် အဘိုးအိုတစ်ဦးက အားရပါးရ ရယ်ကာ ပြောလိုက်သည်။
သူ့ဘေးတွင်မူ မောက်မာသော မျက်နှာထားရှိသည့် ဆံပင်တိုတိုနဲ့ လူငယ်လေးတစ်ယောက် ရပ်နေ၏။
" ဆရာကြီး ၊ကြည့်ရတာ အဲ့နားလေးမှာ တခြားသူတွေ ရှိနေတယ်နဲ့ တူတယ် "
လူငယ်က လောထျန်းတို့ လူအုပ်အား မျက်မှောင်ကြုံ့ကြည့်ကာ ပြောလိုက်သည်။
" ဟား ဟား ..ကိစ္စမရှိပါဘူးကွာ။ တစ်ယောက်ယောက် ရှိနေရင်လဲ မောင်းထုတ်လိုက်ကြရုံပေါ့ "
အဘိုးအိုက ရယ်သွမ်းသွေး၍ ပြောလိုက်ပြီးနောက် လောထျန်းနှင့် အခြားသူများကို ကြည့်ကာ အသံကျယ်ဖြင့် အော်လိုက်သည်။
" ဒီနေရာကနေ ဆယ်စက္ကန့်အတွင်း ထွက်သွားကြ။ မသွားလို့ကတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်ပါနဲ့ "
သူ့အော်သံကြောင့် လူများစွာပင် လန့်သွားကြသည်။
လူတစ်ယောက်က အဘိုးအိုကို လှည့်ကြည့်လိုက်ပြီး တအံ့တသြ ရေရွတ်လိုက်၏။
" အဲ့လူက မိုးကြိုးဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး လဲ့ကျိုးလင် ပဲ '
" လဲ့ကျိုးလင် .. ၊ လဲ့ကျိုးလင် ဆိုတာ သူလား ။ ငါ ကြားတာတော့ သူက လွန်ခဲ့တဲ့ နှစ်တွေကတည်းက တုကျဲ့အဆင့် ၉ ကို ရောက်ထားတာတဲ့ ။ သူက ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှာတောင် ထိပ်တန်းအဆင့် ကျင့်ကြံသူတွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ။ ငါ သူ့ကို အခုမှ ပထမဆုံး မြင်ဖူးတာ "
" တကယ်တော့ ဒီ လဲ့ကျိုးလင်က လောထျန်းနဲ့ အဆင့်တူတူလောက်ပဲ ရှိမှာကွ ။ ဘယ်သူ နိုင်မလဲ ဆိုတာတောင် ပြောလို့မရဘူး '
" ဟုတ်တယ်ကွ ၊ အတိအကျ ပြောဖို့ခက်တယ်။ လောထျန်းက ကုန်းတျန်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်ခဲ့ပေမယ့် လဲ့ကျိုးလင်မှာလဲ အဲ့လို အစွမ်းမျိုး ရှိထားတယ်လေ။ ငါ ထင်တာတော့ သူတို့နှစ်ယောက် တိုက်ခိုက်ရင် သိုင်းကွက်တစ်ထောင်လောက်အတွင်းမှာ ဘယ်သူက အနိုင်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ခက်မယ်နဲ့တူတယ် "
" တကယ်လား ..ဒီပွဲက အစွမ်းထက်တဲ့ သခင်ကြီးတွေ ကြားထဲက ကြုံတောင့်ကြုံခဲ ပွဲမျိုးပဲ။ ဒီပွဲကို သေချာကြည့်ရမယ်ကွ ။ သူတို့ တိုက်ခိုက်တာကို ကြည့်နေရင်းနဲ့ ကျုပ် ဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံခြင်း နောက်တစ်ဆင့်တောင် တက်ရင် တက်သွားမှာ "
လူအုပ်မှာ ထိုမြင်ကွင်းကို ခပ်ဝေးဝေးမှ ကြည့်နေရင်း အလွန်စိတ်လှုပ်ရှားနေကြပြီး ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်အထင်ဖြင့် စောင့်မျှော်နေကြ၏။
ထိုစဥ် ..လောထျန်းက မျက်ခုံးအနည်းငယ် ပင့်၍ လဲ့ကျိုးလင်အား ရွံရှာစက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်သည်။
လောထျန်းသည် အစောက တရေးတမော အိပ်နေပြီး အိမ်မက်ကောင်းကောင်း မက်နေသည့် အချိန်တွင် အနှိုးခံလိုက်သဖြင့် ဒေါသထွက်နေ၏။
" ကျုပ်ရှေ့ကနေ သုံးစက္ကန့်အတွင်း ထွက်သွားစမ်း ၊ မဟုတ်လို့ကတော့ ခင်ဗျားကြီး သေရလိမ့်မယ် "
သူ အေးစက်စက် ပြန်ပြောလိုက်သည်။
" ဟင် .. "
လဲ့ကျိုးလင် အံ့အားသင့်သွား၏။ ထို့နောက် သူက အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။
" ဟား ဟား .. ငါ့ကို အဲ့လိုပုံစံမျိုးနဲ့ ဘယ်သူမှ မပြောရဲတာ နှစ်တောင် ရာချီသွားခဲ့ပြီကွ ။ မင်းက အသက်ငယ်သေးပေမယ့် သတ္တိတော့ တော်တော်ရှိတာပဲ ။ ဒါနဲ့ နေစမ်းပါဦး ၊ မင်းက ဘယ်သူ့အားကိုးနဲ့ အဲ့လို ပြန်ပြောနိုင်ရတာလဲ ။ ဒီ သုံးယောက် အားကိုးနဲ့လား "
လဲ့ကျိုးလင်က ပြောရင်းဆိုရင်း စွန်းရှို့နောက်မှ တုကျဲ့အဆင့် အစောင့်အကြပ် သုံးယောက်ကို ကြည့်လိုက်သည်။
ထိုသုံးယောက်သည် အလွန်အစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်သော်လည်း လဲ့ကျိုးလင်အတွင် ပြိုင်ဘက် မဟုတ်ပါချေ။
တုကျဲ့အဆင့် ကျင့်ကြံသူ သုံးယောက်မှာ လဲ့ကျိုးလင်၏ အကြည့်ကြောင့် အလွန်ကြောက်ရွံ့သွားပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားကြ၏။ သူ့မျက်လုံးများကိုလည်း တိုက်ရိုက် ပြန်မကြည့်ရဲသဖြင့် မျက်နှာများ လွှဲထားလိုက်ကြသည်။
လဲ့ကျိုးလင်က ထိုသုံးယောက် ဖြစ်ပျက်သွားသည့်ပုံကို ကြည့်ကာ လှောင်ပြုံး ပြုံး၏။
" ကောင်လေး .. ဟိုမှာတွေ့လား ၊ မင်းအားကိုးရတဲ့ သူတွေတောင်မှ ငါ့ကို အဲ့လို ပြန်မပြောရဲကြဘူး။မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲကွ .. ဟမ်။ ငါ့ကိုများ သတ်ပစ်မယ်လေး ဘာလေးနဲ့ ပြောရဲတယ်ပေါ့ "
တဖက်မှ လောထျန်းက သူ့ကိုကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြန်ပြောလိူက်သည်။
" အချိန် သုံးစက္ကန့်လဲ ပြည့်သွားပြီ ။ ခင်ဗျားက ထွက်မသွားဘူးဆိုတော့ .. သေရုံပဲ ရှိတော့တာပေါ့ "
သူက ထိုသို့ပြောကာ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်၏။
ဝီ ..
ရွှေရောင်လက်ကြီးတစ်ဖက် ရုတ်ချည်းပေါ်လာပြီး လဲ့ကျိုးလင်အား ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
လဲ့ကျိုးလင်က ရွှေရောင်လက်ကြီးကို ကြည့်ကာ လှောင်ပြုံးဖြင့် ပြော၏။
" ဒါက ဘာလဲ .. ဘာပဲဖြစ်ဖြစ် အပိုင်းပိုင်း အစစ အဖြဲခံလိုက်တော့ "
သူက ထိုသို့ပြောပြီးနောက် ဓားတစ်လက်ဖြင့် ရွှေရောင်လက်ကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားကာ အားရပါးရ လွှဲခုတ်လိုက်သည်။
သို့သော် ...
ချွှင် .
အသံ မြည်သွားသော်လည်း ရွှေရောင်လက်ကြီးမှာ မတုန်မလှုပ် ဆက်ရှိနေသည်။
သို့သော် .. လဲ့ကျိုးလင်၏ လက်တစ်ဖက်ကမူ လုံးဝ ကျိုးကြေသွားခဲ့ရလေပြီ ။
" ဟင် ... "
ထိုအချိန်မှသာ သူ နံရံကြီးတစ်ခုနှင့် ဝင်တိုက်မိလိုက်ပြီဖြစ်ကြောင်း လဲ့ကျိုးလင်တစ်ယောက် သတိထားမိလိုက်တော့၏။
ထို့နောက်တွင်မူ သူက မည်သို့မှ မပြောဘဲ ချက်ချင်း နောက်လှည့်၍သာ ထွက်ပြေးရန် ပြင်လိုက်သည်။
သို့သော် ... ထိုသို့ အလွယ်တကူ ထွက်ပြေး၍ ရနိုင်ပါမည်လား ။
ဘုန်း ...
ထိုအချိန်မှာပင် .. လောထျန်းက လက်ကိုဆန့်ထုတ်ကာ လဲ့ကျိုးလင်အား ဖမ်းဆုပ်လိုက်တော့သည်။
" သခင်လေး .. ကျုပ် အကန်းကြီး ဖြစ်သွားခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ ။ ကျေးဇူးပြုပြီး နောက်တစ်ကြိမ် အခွင့်အရေးပေးပါ "
လဲ့ကျိုးလင်က တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။
လောထျန်းက အေးစက်စက် ပြန်ပြော၏။
" နောက်ကျသွားခဲ့ပြီ "
သူက ထိုသို့ပြောပြီးသည်နှင့် လက်ကို ဖျစ်ညှစ်လိုက်တော့သည်။
ဂျွတ် ..
လဲ့ကျိုးလင်၏ ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး ကျိုးကြေသွားကုန်၏။
ထို့နောက် လောထျန်းက လက်ကို ထပ်မံဝေ့ယမ်းလိုက်ရာ သူ့လက်ချောင်းကြားထဲမှ စိတ်ဝိဥာဥ်အစွမ်း ထွက်လာပြီး လဲ့ကျိုးလင်၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားလိုက်သည်။
အချိန် အတန်ငယ် ကြာပြီးနောက်တွင်မူ သူ့လက်ထဲ၌ စိတ်ဝိဥာဥ် ပုလဲလုံးတစ်လုံး ပေါ်လာ၏။
ထို့နောက် သူ့လက်ကို ထပ်ယမ်းလိုက်ရာ ရွှေရောင်လက်ကြီး ပျောက်ကွယ်သွားပြီး လဲ့ကျိုးလင်၏ ခန္ဓာကိုယ် မြေကြီးပေါ်သို့ ပြုတ်ကျလာတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အနီးနားတဝိုက်မှ လူများအားလုံးမှာ အလွန်အမင်း အံ့သြတုန်လှုပ်သွားကြကုန်သည်။
လောထျန်းတို့ နှစ်ယောက်ကြားထဲတွင် တိုက်ပွဲကောင်းကောင်းကြီးတစ်ခု ဖြစ်လိမ့်မည်ဟုသာ သူတို့ ထင်ထားခဲ့ကြသော်လည်း ....
ယခုတွင်မူ .. တစ်ဖက်သတ်သာ ဖိခြေခံခဲ့ရပေသည်။
ထိုသို့ ခံခဲ့ရသူမှာ လဲ့ကျိုးလင်ပင် ။
တုကျဲ့ အဆင့် ၉ ရှိသည့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ကို ..
ထိုသို့ ချက်ချင်း သတ်ပစ်နိုင်သည် ဆိုပါက ..
လောထျန်းက မည်မျှ အစွမ်းထက်နေပါသနည်း ။
" မင်း .. မင်းက ငါ့အဖေကို သတ်လိုက်တာပေါ့လေ ။ မင်းကို ဒီတိုင်း အလွတ်မပေးနိုင်ဘူးကွ "
ထိုစဥ် လဲ့ကျိုးလင်၏ သားဖြစ်သူဆီမှ အော်သံကျယ်ကြီး ထွက်လာ၏။
လောထျန်းက သူ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
" ဟုတ်သားပဲ ၊ ငါက မင်းကိုတောင် မေ့နေတာ ။ မင်းနဲ့ မင်းအဖေနဲ့ ပြန်ဆုံနိုင်အောင် အခုပဲ လုပ်ပေးမယ် "
ဝုန်း ..
တစ်စက္ကန့်မျှ အကြာတွင်မူ လဲ့ကျိုးလင်၏ သားလည်း နေရာ၌ပင် လဲကျသေဆုံးသွားတော့သည်။
ထိုလူနှစ်ယောက်နှင့် ရင်ဆိုင်ပြီးနောက် လောထျန်းမှာ မနေနိုင်တော့ဘဲ သွေးရေအိုင်ထဲတွင် အလင်းပြန်ပြီး ပေါ်နေသည့် သူ့အရိပ်သူ ပြန်ကြည့်လိုက်သည်။
" ငါ့ပုံက သူများခိုင်းတဲ့အတိုင်း အကုန်လိုက်လုပ်ပေးမယ့် တည်သီးပျော့တစ်လုံး ပုံများ ဖြစ်နေလို့လား "