ကျုပ်ကို ဘယ်သူမှ အနိုင်မယူနိုင်သလို ခံစားနေရတယ်
Vol. 14 Ch. 186
ထိုအခြင်းအရာကို မြင်သောအခါ သူ့ဘေးတွင် ရပ်နေသည့် ပန်းလင်က မထူးခြားဟန်ဖြင့် ပြော၏။
" အင်း .. တော်တော်လေးတော့ တူတယ် "
လောထျန်းက မျက်နှာကို ချက်ချင်း တည်ကာ ပြောလိုက်သည်။
" ဒါဆို .. ကျုပ် ပိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ပုံမျိုး နေရမှာလား "
သူက ထိုသို့ပြောနေရင်း ထူးဆန်းသော မျက်နှာပုံစံ အမျိုးမျိုးကို လုပ်ကြည့်နေ၏။ နောက်ဆုံးမှသာ သူ့အကြိုက်ကို တွေ့သွားဟန်ဖြင့် ပန်းလင်ဘက် လှည့်လာပြီး မေးလိုက်သည်။
" ဒီ မျက်နှာထား ဆိုရင်ရော အဆင်ပြေလား "
ပန်းလင်မှာ လောထျန်းကို ကြည့်ရင်း ကြောင်အအဖြစ်သွားပြီး ကို့ရို့ကားရား ပြန်ဖြေသည်။
" အင်း .. အရမ်း ... ခက်ထန် .."
လောထျန်းက စိတ်ဓာတ်ကျသွားဟန်ဖြင့် မျက်နှာအိုသွားသည်။
" ထားလိုက်ပါတော့ဗျာ .. "
ထို့နောက်တွင်မူ သူတို့ဆီသို့ မည်သူကမှ ပြဿနာ လာမရှာကြတော့ပါချေ။
သူတို့နှင့် မလှမ်းမကမ်းတွင် ရှိနေသော တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ အလောင်းကပင် လာသည့် လူများကို တားရန် လုံလောက်သည် မဟုတ်ပါလား။
ဤသို့ဖြင့် နာရီဝက်ခန့် အကြာတွင်မူ ..
ဝုန်း ..
စွန်းရှို့က သွေးရေအိုင်ထဲမှ ပထမဆုံး ပြန်ခုန်ထွက်လာသည်။
" ကျုပ်ရဲ့ ခန္ဓာကိုယ်က အများကြီး ပိုပြီး အစွမ်းထက်လာတာပဲဗျ "
စွန်းရှို့က အားပြင်းသည့် အရောင်အဝါတစ်ခု ထုတ်လွှတ်နေပြီဖြစ်သော သူ့ကိုယ်ကို ပြန်စစ်ဆေးကြည့်ကာ ပြောလိုက်သည်။
ထို့နောက် သူက ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်ကာ သူ့လက်သူ ပြန် ခုတ်ကြည့်လိုက်သည်။
ထိုအချိန် ...
နေရာအနှံ့ မီးတောက်များ တဝုန်းဝုန်း တောက်လောင်လာပြီး သူ့လက်မှ ဓားက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွား၏။ သူ့လက်မောင်းပေါ်တွင်မူ မှိန်ဖျော့ဖျော့ အဖြူရောင် အရာလေးတစ်ခုသာ ထင်ကျန်ခဲ့သည်။
" ဘုရားရေ .. ငါ့ ခန္ဓာကိုယ်က တကယ်ပဲ အဲ့လောက်ကြီး အစွမ်းထက်လာတာလား "
စွန်းရှို့မှာ စိတ်လှုပ်ရှားလွန်း၍ တစ်ကိုယ်လုံးပင် တုန်နေတော့သည်။
အမှန်တွင်မူ ..သိုင်းပညာရပ်တွင် သူ့ပါရမီမှာ လုံးဝ သာမာန်မျှသာ ဖြစ်ပါသည်။
သူနှင့် ရွယ်တူ မိတ်ဆွေများထဲတွင်ပင် သူက သာမာန်အကျဆုံး ဖြစ်၏။
သို့သော် ယခုတွင်မူ သူ့ခန္ဓာကိုယ်က မယုံနိုင်စရာ ကောင်းလောက်အောင်ပင် သန်မာလာခဲ့လေပြီ။
ထျန်းယွမ်အင်ပါယာ၏ လျှို့ဝှက်နဂါးစာရင်းတွင်ပင် အဆင့် ၁ မှ ၁၀ အတွင်း ဝင်သူများမှ လွဲ၍ အခြား မည်သူမှ သူ့အား အနိုင်ယူနိုင်တော့မည် မထင်ပါ။
" ကျေးဇူးတင်ပါတယ် သခင်လေးလောထျန်း "
စွန်းရှို့က လောထျန်းရှေ့တွင် ဦးညွှတ် အရိုအသေပြုကာ အလေးနက် ပြောလိုက်သည်။
သူ ယခု ရခဲ့သည့် အခွင့်အရေးကောင်းမှာ လောထျန်းက သူ့ကို ပေးခဲ့၍သာ ရခဲ့ခြင်း မဟုတ်ပါလား ။
လောထျန်းက ခေါင်းညိတ်၍ သူ့ကို ထိုင်ရန် အချက်ပြလိုက်သည်။
ဤသို့ဖြင့် အချိန်တစ်နာရီ ကြာသွားပြီး နောက်တွင်မူ ..
ဝုန်း ...
ယင်ထျန်းလွေ့က သွေးရေအိုင်ထဲမှ ခုန်ထွက်လာ၏။
" ဟင် .. ဒါ ငါ့အတွက် အစွမ်းကုန်ပဲလား "
အနည်းငယ် ဟောဟဲဆိုက်နေသည့် ပိုင်ထျန်းလွေ့က ပြောလိုက်သည်။
သွေးရေအိုင်ထဲတွင် ကျန်နေသည့် မြောက်များစွာသော စိတ်စွမ်းအင်များကို ကြည့်ကာ သူအနည်းငယ် နောင်တရသကဲ့သို့လည်း ခံစားနေရ၏။ သို့သော် သူ ထိုစိတ်စွမ်းအင်များကို ဆက်၍ မစုပ်ယူနိုင်တော့ပါချေ။
သူသည် အစောကတည်းက ခန္ဓာကိုယ် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေရာ ဤမျှ စုပ်ယူနိုင်ခဲ့သည်ကပင် တော်လှလေပြီ။
သို့သော် .. ထိုစဥ် စွန်းရှို့က ပိုင်ထျန်းလွေ့အား အထက်အောက် စုံဆန်ကြည့်ကာ မျက်လုံးပြူးသွားသည်။
" အကိုယင် ၊ တည့်တိုးကြီး ဖြစ်သွားရင်လဲ ခွင့်လွတ်ဗျာ ။ အခုလက်ရှိ အကို့ရဲ့ ခန္ဓာကိုယ် အခြေအနေက ပိုင်ရွှယ် ထက်တောင် ပိုပြီး သန်မာနေတာပဲ "
စွန်းရှို့က ပြောလိုက်သည်။
ယင်ထျန်းလွေ့က ခေါင်းယမ်းကာ ပြန်ပြော၏။
" နောက်မနေပါနဲ့ ညီလေးစွန်းရာ ။ ပိုင်ရွှယ် ဆိုတာ ငါတို့ မျိုးဆက်မှာ အကောင်းဆုံး ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်ပဲကွ။ သူ့လက်သီးချက်က ဘယ်လောက် အားပြင်းတယ်ဆိုတာ မင်းလဲ သိနေတာပဲ ။ ငါ့လက်သီးချက်ကိုတော့ ကြည့်ပါဦး "
ယင်ထျန်းလွေ့က ပြောပြောဆိုဆို လက်သီးဖြင့် တစ်ချက်ထိုးပြလိုက်သည်။
ဘုန်း ..
ထိုလက်သီးချက်၏ အသံမှာ မိုးကြိုးသံနှင့် ဆင်ပြီး နားကန်းစေလုမတတ်ပင် ။
ယင်ထျန်းလွေ့မှာ ခဏတာမျှ အံ့သြမှင်သက်သွားရသည်။
" ကြည့်ရတာ .. ငါ့ခန္ဓာကိုယ်က တကယ်လဲ ပိုင်ရွှယ်ထက် ပိုသန်မာလာတဲ့ပုံပဲ ။ ဒါပေမယ့် ... ငါက ဓားကျင့်ကြံသူ ( ဓားသမား ) တစ်ယောက်လေ "
သူ့ကမ္ဘာကြီး ပြိုကွဲသွားတော့မည့် အလား ယင်ထျန်းလွေ့ ခံစားလိုက်ရသည်။
ဓားသိုင်း ပညာရပ်များကို နှစ် ၂၀ ကျော် လေ့ကျင့်ခဲ့ပြီးချိန်၌ ရေအိုင်ထဲတွင် ရေဝင်ချိုးရုံမျှဖြင့် ခန္ဓာကိုယ်လေ့ကျင့်မှုပိုင်းတွင် ကြီးစွာသော တိုးတက်မှုကြီး ရခဲ့သည်တဲ့လား ။
" အကိုယင် ၊ ခန္ဓာကိုယ်အစွမ်း သန်မာသွားတာက ဓားသိုင်းကျင့်စဥ်မှာ အောင်မြင်မှုတွေ မရအာင် တားနိုင်မှာ မဟုတ်ပါဘူးဗျာ။ ခန္ဓာကိုယ်ကျင့်စဥ်ကိုရော ၊ ဓားသိုင်းပညာကိုရော နှစ်ခုလုံး လေ့ကျင့်ရင် အစွမ်းအထက်ဆုံး တိုက်ခိုက်မှုစွမ်းရည်မှာတင်မက အကောင်းဆုံး ခုခံစွမ်းရည်ပါ ရမှာ။ ဒါ ပိုမကောင်းဘူးလားဗျ "
စွန်းရှို့က ပြောကာ နှစ်သိမ့်လိုက်သည်။
ယင်ထျန်းလွေ့ ခေါင်းပြန်ညိတ်ပြ၏။
" ဒါလဲ ဟုတ်တာပဲ "
ထို့နောက် ယင်ထျန်းလွေ့ကလည်း လောထျန်းအား ကျေးဇူးတင်စကားဆိုကာ သူတို့ဘေးတွင် ထိုင်၍ သွေးရေအိုင်ထဲမှ လောရုံအား ကြည့်နေလိုက်သည်။
လောရုံတစ်ယောက်ကမူ သွေးရေအိုင်ထဲမှ စိတ်စွမ်းအင်များကို အဆက်မပြတ် ဆက်လက်စုပ်ယူနေဆဲ ဖြစ်ပါသည်။
ယင်ထျန်းလွေ့မှာ သူ့ကို ကြည့်ကာ မနေနိုင်တော့ဘဲ လေးစားအားကျစိတ် ဖြစ်သွား၏။
" ညီလေး လောရုံရဲ့ ပါရမီက တကယ်ကို မင်းနဲ့ ငါ့ထက် ပိုကောင်းတာပဲ "
စွန်းရှို့ကလည်း ခေါင်းညိတ်၍ ပြန်ပြောသည်။
" အမှန်ပဲဗျ ။ သူ သွေးရေအိုင်ထဲမှာ ဘယ်လောက်ကြာကြာ နေနိုင်ပြီးတော့ နောက်ဆုံးမှာ ဘယ်လောက် အစွမ်းထက်သွားမယ်ဆိုတာကျုပ် သိတောင် မသိတော့ဘူး "
ဤသို့ဖြင့် အချိန် ၂ နာရီ ကြာသွားသည့် အချိန်တွင်မူ သွေးရေအိုင်ထဲမှ စိတ်စွမ်းအင်က လျော့ပါးသည်ထက် ပါးလာခဲ့သည်။
နောက်ဆုံးတွင်မူ လောရုံ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကာ သွေးရေအိုင်ထဲမှ ခုန်ထွက်လာ၏။
ဝုန်း ...
လောရုံတစ်ယောက် သွေးရေအိုင်အပြင်သို့ ရောက်သည်နှင့် သူ့ကိုယ်မှ ကြောက်မက်ဖွယ် အစွမ်းတစ်ခု ပေါက်ကွဲထွက်လာသည်။
ထိုအစွမ်းကြောင့် ဖြစ်လာသည့် ကြေက်မက်ဖွယ် ဖိနှိပ်အားတစ်ခုကြောင့် စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့ နှစ်ယောက်လုံးမှာ သူတို့ကိုယ်တိုင်ပင် သတိမထားမိလိုက်ကြဘဲ နောက်သို့ ခြေနှစ်လှမ်းခန့် အလိုလို ဆုတ်သွားကြသည်။
" အစွမ်းထက်လိုက်တာ .. "
သူတို့ နှစ်ဦးလုံးပင် လောရုံအား အံ့သြတုန်လှုပ်စွာ ကြည့်နေကြ၏။
" ညီလေးလောရုံ ၊ ဘယ်လို ခံစားရလဲ "
စွန်းရှို့က မေးလိုက်သည်။
လောရုံက ခေါင်းငုံ၍ သူ့လက်ဝါးသူ ကြည့်ပြီး ပြန်ဖြေ၏။
" ကျုပ်မှာ အဆုံးအစမဲ့တဲ့ အစွမ်းတွေ ရှိနေသလို ခံစားနေရတယ်ဗျ ။ ဟိုလူကြီး ကုန်းတျန်နဲ့ ပြန်ယှဥ်ရရင်တောင် ကျုပ် သူ့ကို ရှုံးတော့မယ် မထင်ဘူး "
" ဟင် ... "
စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့မှာ စကားမဆိုနိုင်ကြတော့ဘဲ တစ်ယောက်ကိုတစ်ယောက်သာ အံ့သြတကြီး လှည့်ကြည့်လိုက်ကြသည်။
ကုန်းတျန်သည် တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသည်။
ယခု လောရုံက သူ့ကိုပင် မရှုံးနိုင်ဟု ပြောလိုက်သည်လား ...
သို့ဆိုပါက လောရုံ၏ အစွမ်းမှာ တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းနှင့် ယှဥ်လို့ရနေပြီဆိုသည့် အဓိပ္ပါယ်ပေလား .. ။
၎င်းမှာ ... ကြောက်စရာ ကောင်းလှပေသည်။
ထိုစဥ် လောရုံက သူ့လက်သူ ပြန်ကြည့်ပြီးနောက် လောထျန်းဘက်လှည့်ကာ ပြောလာ၏။
" အကိုထျန်း ၊ ကျုပ် ကို ဘယ်သူမှ အနိုင်မယူနိုင်တော့သလို ခံစားနေရတယ်ဗျာ "
လောထျန်းက သူ့ကို မျက်လုံးထောင့်ဖြင့် ကြည့်လိုက်ပြီးနောက် သူရှိရာဘက်သို့ လက်ညိုးထိုးလိုက်သည်။
ဘုန်း ..
ချက်ချင်းပင် လောရုံတစ်ယောက် နောက်သို့ လွင့်စင်ထွက်သွားကာ မြပြင်သို့ အရှိန်ပြင်းပြင်း ပြန်ကျသွားသည်။ အချိန်အတန်ကြာသွားပြီးမှသာ သူ ဒယီးဒယိုင် ပြန်ထလာနိုင်၏။
လောထျန်းက အရှက်ရနေဟန် တူသည့် လောရုံကို ကြည့်ကာ မေးလိုက်သည်။
" အခုရော မင်းကို ဘယ်သူမှ အနိုင်မယူနိုင်ဘူးလို့ ခံစားနေရတုန်းပဲလား "
လောရုံက ချက်ချင်းလက်ယမ်းပြကာ ပြန်ပြောသည်။
" မခံစားရတော့ပါဘူးဗျာ "
လောထျန်းက သက်ပြင်းတစ်ချက်ချကာ စကားဆက်၏။
" ဒီလောကကြီးမှာ တောင်တွေရဲ့အပြင်မှာ နောက်ထပ် တောင်တန်းတွေ အများကြီး ထပ်ရှိနေတတ်တယ်ကွ ။ ကိုယ့်မှာ ရှိတာလေးနဲ့ပဲ ကျေနပ်မနေဘဲ ကြိုးကြိုးစားစား ဆက်ကျင့်ကြံပါ "
" ဟုတ်ကဲ့ပါ အကိုထျန်း "
လောရုံက ခေါင်းညိတ်ကာ အလေးအနက် မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။
ထိုအချိန်မှာပင် ...
ဝုန်း ..
လောထျန်းဘေးမှ လောရှောင်ရှောင်း၏ မျက်လုံးများ ပွင့်လာ၏။
သူမ၏ အရောင်အဝါက တမဟုတ်ချင်း တိုးထွက်လာပြီး သူမ၏ အဝတ်စားများက လေထဲတွင် တဖျတ်ဖျတ်လွင့်နေကာ သူမဆံပင်ရှည်များကလည်း လေထဲတွင် လွင့်မျောနေသည်။
သူမနောက်တွင် ခေါင်းကိုးလုံး သားရဲကြီးကလည်း သူ့အလိုလိူ တိုးထွက်လာသည်။
သို့သော် ... ထိုသားရဲကြီး၏ ခန္ဓာကိုယ်ကမူ ယခင်ကထက် အနည်းဆုံးဆယ်ဆမက ပိုကြီးလာခဲ့၏။
၎င်းကိုယ်မှ ထွက်နေသည့် အရောင်အဝါမှာလည်း များစွာပင် ပိုအစွမ်းထက်နေခဲ့လေပြီ။
" သူလဲ အများကြီး ပိုပြီး အစွမ်းထက်လာတာပဲ "
စွန်းရှို့က လောရှောင်ရှောင်းကို ကြည့်ကာ အံ့သြတကြီး ပြောလိုက်သည်။
ယင်ထျန်းလွေ့မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အနေ၏။ အတန်ငယ် ကြာသွားမှသာ သူ ပြောသည်။
" ညီလေးစွန်း ၊ ငါ့ကိုယ်ငါ အမှိုက်တစ်ခုလို ခံစားနေရတယ် "
ထျန်းယွမ်အင်ပါယာ၊ လူငယ်မျိုးဆက်ထဲမှ ထိပ်သီး ပါရမီရှင်တစ်ယောက်၏ မိမိကိုယ်ကို ယုံကြည်မှုများ ကျိုးပျက်သွားခဲ့ရလေပြီ။
" ငါ ဆုံးဖြတ်ပြီးသွားပြီ ။ ဆုမီတောင်ကနေ ပြန်ထွက်ရင် သခင်လေးလောထျန်းရဲ့ အဖွဲ့မှာပဲ အဖွဲ့ဝင်တစ်ယောက်အဖြစ် သွားနေတော့မယ် ။ အောက်ခြေသိမ်းအလုပ်က စလုပ်ရမယ်ဆိုရင်တောင် သူတို့အဖွဲ့ကိုပဲ ဝင်မှာ "
ယင်ထျန်းလွေ့က ပြောလိုက်သည်။
စွန်းရှို့က နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြ၏။
ပါရမီရှင်တစ်ယောက်ဖြစ်သော ယင်ထျန်းလွေ့အား ထိပ်တန်းအဆင့် အဖွဲ့ပေါင်းများစွာက အဖွဲ့ဝင်အဖြစ် လိုချင်နေသည့်တိုင် ...
ထိုအဖွဲ့များက လောထျန်း၏ နောက်လိုက်တစ်ယောက် ဖြစ်ရခြင်းထက် ပိုကောင်းပါမည်လား။
သူတို့ နှစ်ဦး ပြောနေကြစဥ်မှာပင် ...
ဝုန်း ...
ကောင်းကင်နှင့် မြေကြီးတလျှောက် အသံကျယ်ကြီး မြည်ဟီးလာသည်။
အားလုံးက အသံလာရာဘက် လှည့်ကြည့်လိုက်ရာ ဆုမီတောင်ကို ဖုံးလွှမ်းထားသည့် ကန့်သတ်ချက် အချုပ်အနှောင်များ ပြေလျော့လာသည်ကို မြင်လိုက်ရသည်။
စွန်းရှို့သည် စစချင်းတွင် အံ့သြမှင်သက်နေသော်လည်း ခဏအကြာတွင် အံ့သြတကြီး ပြောလိုက်၏။
" ဆုမီတောင်ရဲ့ ကန့်သန်ချက်တွေအားလုံးကို ဖယ်ရှားလိုက်ပြီ "
ထို့နောက် သူက လောထျန်းဘက်လှည့်ကာ မေးလိုက်သည်။
" သခင်လေးလောထျန်း ၊ ကျုပ်တို့တွေ သွားကြတော့မလား "
လောထျန်းက ခေါင်းညိတ်ပြကာ ပြန်ပြော၏။
" သွားကြစို့လေ "
ထို့နောက်တွင်မူ သူတို့အားလုံး ထိုင်ရာမှ ထကာ ဆုမီတောင်သို့ ဦးတည်ထွက်လာခဲ့လိုက်ကြသည်။
မကြာမီမှာပင် သူတို့အားလုံး ဆုမီတောင်ခြေသို့ ရောက်လာ၏။ သူတို့ရှေ့တွင် ရှည်လျားသော တောင်တက်လမ်းတစ်ခု ပေါ်လာသည်။
ဘုန်း ..
ထိုစဥ် .. ကျယ်လောင်သော အသံတစ်သံကို ရုတ်တရက် ကြားလိုက်ကြရ၏။
အသံနှင့် မရှေးမနှောင်းမှာပင် တောင်တက်လမ်းအတိုင်း လူရိပ်တစ်ခု လိမ့်ကျလာသည်။
ကျလာသည့် လူက အလူးအလဲ ပြန်ထလိုက်ပြီး နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ကာ မကျေမနပ် ပြောလိုက်သည်။
" ချီး .. ဒီလမ်းမှာလဲ ဘာဖြစ်လို့ အဲ့ဒါပဲ ထပ်ရှိနေရတာလဲ "
" ဟင် .. အကို ၊ ဘာဖြစ်လို့လဲဗျ "
ထိုအခြင်းအရာကို မြင်သွားသော စွန်းရှို့က ချက်ချင်း ရှေ့တိုးလာကာ မေး၏။
ထိုလူက စွန်းရှို့ကို ကြည့်ကာ ပြန်ဖြေသည်။
" ဒီလမ်းက ပိတ်ထားတယ်ကွ ။ မင်းတို့ တောင်ပေါ်တက်ချင်ရင် တခြားလမ်းကိုပဲ ရှာကြ "
" ဟင် .. ပိတ်ထားတယ် ဟုတ်လား ။ ကျုပ် နားမလည်လို့ သေချာ ပြောပြပေးလို့မရလား "
စွန်းရှို့တစ်ယောက် အံ့သြတကြီး ဖြစ်သွားရသည်။
တဖက်လူက ပြန်ပြော၏။
" ဒီ တောင်တက်လမ်းကို ကျောက်တုံးရုပ်ထု တစ်ခုက စောင့်နေတာကွ ။ ပြီးတော့ ဒီကျောက်တုံးအရုပ်ရဲ့ တိုက်ခိုက်စွမ်းရည်က တုကျဲ့အဆင့်လောက်ကို ရှိတာ။ အဲ့တော့ ဘယ်လိုလုပ်ပြီး သူ့ကို ကျော်နိုင်ပါတော့မလဲ ။ ထားပါလေ .. ဆုမီတောင်ကို သွားတဲ့ တောင်တက်လမ်းတွေက ရာနဲ့ချီပြီး ရှိတာဆိုတော့ ဒီမှာပဲ အချိန်ဖြုန်းမနေဘဲ တခြားတောင်တက်လမ်းကိုသာ ရှာကြကွာ "
သူတို့ ပြောနေစဥ်အတွင်းတွင် အခြား လူရိပ်ဆယ်ခုကျော်လည်း တောင်တက်လမ်းမှ ဒလိမ့်ခေါက်ကွေး ကျလာကြသေး၏။ ထိုလူများအားလုံးမှာ အောက်သို့ ရောက်သည်နှင့် သွေးများ အန်သွားကြပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားကြပုံ ပေါ်နေသည်။
" သခင်လေး လောထျန်း .. "
စွန်းရှို့က လောထျန်းကို မေးခွန်းထုတ်ချင်နေသည့် အကြည့်ဖြင့် ကြည့်လိူက်သည်။
လောထျန်းမှာ သူ့အတွေးကို သိနေသည့်အလား ချက်ချင်း ပြန်ပြော၏။
" ဒီလမ်းကနေပဲ တက်လိုက်ကြပါ "