လောထျန်းကို သတ်ချင်တာလား ?
Vol. 14 Ch. 188
" ဒါ .. တမင်သက်သက်ကြီးကို အနိုင်ကျင့်တာပဲ "
ပျက်စီးယိုယွင်းနေသည့် သတ္တုတွင်းဟောင်း တစ်ခုထဲမှ ဖုန်မှုန့်များနှင့် ရွံ့များ အလိမ်းလိမ်း ပေကျံနေသည့် ပိုင်ထျန်းယွိတစ်ယောက် တွားသွား ထွက်လာသည်။
" စိတ်လျော့ပါ ညီလေးပိုင်ရာ ၊ တခြားသူတစ်ယောက်ရဲ့ အိမ်ခေါင်မိုးအောက်မှာ ရောက်နေရင် ခေါင်းငုံ့ရတာ ထုံးစံပဲလေ "
သူ့နောက်မှ ဟမ်ဝမ်ကျိုးက နှစ်သိမ့်၏။
" ငါ ဒီကို မလာသင့်ဘူးလို့ ပြောသားပဲ ၊ ဒါကို မင်းတို့က အတင်း လိုက်လာခိုင်းတာ ။ ငါ့ရဲ့ ဝင်ခွင့်ကဒ်ကိုသာ တခြားသူကို ရောင်းလိုက်ရင် ပိုက်ဆံတွေ အများကြီး ရသွားမှာကွာ။ ခုတော့ .. "
ထိုနှစ်ယောက်နောက်မှ လင်ကျိုးရန် ကလည်း မျက်နှာငယ်လေးဖြင့် ပြောလာသည်။
ပိုင်ထျန်းယွိ အံကြိတ်လိုက်သည်။
" ဒါတွေအားလုံးက ဟိုမျိုးမစစ်ကောင် ၊ တုမင်လီ ကြောင့် ဖြစ်ရတာ "
တုမင်လီ ၏ အမည်ကို ပြောလိုက်စဥ် အခြားသူနှစ်ယောက်၏ မျက်လုံးများတွင်လည်း ဒေါသအရိပ်အငွေ့များ ပေါ်လာ၏။
" ဒီမှာသာ အကိုလောထျန်း ရှိရင် ကောင်းမှာပဲ "
သူတို့ သုံးယောက်လုံး၏ မျက်နှာများ ချက်ချင်း မှိုင်တွေညိုးငယ်သွားကြသည်။
ထိုအချိန်မှာပင် ..
" ဘာတွေ လုပ်နေကြတာလဲကွ "
သူတို့သုံးယောက်နောက်မှ အသံတစ်သံ ထွက်လာ၏။
" ဟင် .. ဒီအသံကို ရင်းနှီနေသလို ဘာဖြစ်လို့ ခံစားနေရတာပါလိမ့် ။ အကိုလောထျန်းရဲ့ အသံနဲ့တောင် တူသလိုပဲ ။ ငါ စိတ်ထဲရှိတာကို ကြားယောင်နေတာများလား "
လင်ကျိုးရန်က တအံ့တသြ မေးလိုက်သည်။
သူ့ဘေးမှ ပိုင်ထျန်းယွိက သက်ပြင်းချ၏။
" ဆုမီတောင်က ဒီလောက်ကျယ်တာကို ၊ ပြီးတော့ အခု ငါတို့က ဂူထဲမှာ ရောက်နေတာဆိုတော့ အကိုလောထျန်းနဲ့ တွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်း စိတ်ထဲမှာ စွဲနေလို့ ကြားယောင်တာ နေမှာပါကွာ "
ထိုစဥ် ဟန်ဝမ်ကျိုးက မျက်မှောင်ကြုံ့၍ ပြောလာသည်။
" မဟုတ်ဘူးကွ ၊ သူတစ်ယောက်တည်း မဟုတ်ဘူး ။ ငါလဲ ကြားလိုက်သလိုပဲ "
ဟန်ဝမ်ကျိုးက ပြောပြောဆိုဆို ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်လိုက်ရာ သူ့အနောက်ဘက် တည့်တည့်တွင် ရောက်နေသည့် ရင်းရင်းနှီးနှီး မျက်နှာနှင့် လူတ၀်ယောက်ကို တွေ့သွား၏။
" လောထျန်း ... "
ဟန်ဝမ်ကျိုးထံမှ အံ့သြတကြီး ရေရွတ်သံ ထွက်ပေါ်လာသည်။
ပိုင်ထျန်းယွိက မျက်မှောင်ကြီးကြုံ့ကာ ပြောလာ၏။
" အကိုဟန်ကရော ဘယ်လိုဖြစ်လို့ မြင်ယောင် ... ဟင် ... အကို လောထျန်း "
ပိုင်ထျန်းယွိမှာလည်း လောထျန်းအား တွေ့သွားပြီး အစောက သုန်မှုန်နေသည့် မျက်နှာက ချက်ချင်း ဝင်းပသွားသည်။
ထိုစဥ် .. သူ့နောက်မှ လသ်ကျိုးရန်ကလည်း လောထျန်းအား တွေ့သွားကာ ရှိုက်ကြီးတငင် ငိုချလိုက်တော့သည်။
" အကိုလောထျန်း .. ၊ ခုမှပဲ တွေ့ရတော့တယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ကျုပ်တို့တွေ ဘယ်လောက် မတရား အလုပ်ခံခဲ့သလဲ အကို မသိဘူးဗျာ "
လင်ကျိုူရန်က ဝမ်းပမ်းတနည်း ငိုကြွေးရင်း မျက်ရည်များ နှင့် နှပ်ရည်များ တရွှဲရွှဲဖြင့် ပြောလိုက်သည်။
လောထျန်းမှာ လင်ကျိုးရန်က ယခင်တစ်ကြိမ်ကကဲ့သို့ သူ့အင်္ကျီကို နှပ်လာသုတ်မည်စိုး၍ ချက်ချင်း သူနဲ့ ခပ်ကွာကွာသို့ တွန်းပို့ထားလိုက်၏။
" ဘာတွေ ဖြစ်ခဲ့တာလဲ ၊ ငါ့ကို ဖြည်းဖြည်းချင်း ပြောပြ "
လောထျန်းက ပြောလိုကါသည်။
လင်ကျိုးရန်မှာ တဖြည်းဖြည်း အငိုတိတ်သွားပြီး ပြန်တည်ငြိမ်သွားကာ လွန်ခဲ့သော ရက်များအတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စအဝဝကို လောထျန်းအား ပြောပြလိုက်သည်။
သူတိို့သုံးယောက်သည် ထျန်းရှန့်သိုင်းပြိုင်ပွဲ ပြီးသည့်အချိန်၌ ထိပ်ပိုင်းအဆင့်များ ရခဲ့ကြသဖြင့် သုံးယောက်လုံး တစ်ယောက်စီလျှင် ဆုမီတောင်ဝင်ခွင့်ကဒ် ၃ ခုစီ ရသွားခဲ့ကြ၏။
ပိုင်ထျန်းယွိနှင့် ဟန်ဝမ်ကျိုးတို့ နှစ်ယောက်တွင် တစ်ယောက်မှာ မိသားစုတစ်ခု၏ သခင်ငယ်လေး တစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်ကမူ ဂိုဏ်းတစ်ခု၏ အဓိက တပည့်တစ်ယောက် ဖြစ်ပါသည်။
ထို့ကြောင့် သူတို့နောက်မှ အဖွဲ့ ၂ ခုကလည်း သူတို့အား ဆုမီတောင်သို့ အတူတူသွားပြီး အခွင့်ရေးကောင်းများ ရှာဖွေကြရန် ခွင့်ပြုပေးခဲ့ကြ၏။
လင်ကျိုးရန်ကမူ အစပိုင်းတွင် ထိုဝင်ခွင့်ကဒ် သုံးခုလုံးကို ပြန်ရောင်းပြီး ရလာသည့် ပိုက်ဆံအချို့ကို သုံးဖြုန်းရန်သာ စိတ်ကူးထားခဲ့သည်။
သို့သော် နောက်ဆုံးတွင်မူ ပိုင်ထျန်းယွိ၏ အဆက်မပြတ် တိုက်တွန်းမှုကို မခံစားနိုင်တော့သဖြင့် သူ အလျှော့ပေးခဲ့ရ၏။
လင်ကျိုးရန်၏ မိသားစုက ဝင်ခွင့်ကဒ် ၂ ခုကိုသာ ပြန်ရောင်းချရန် ဆုံးဖြတ်ပြီး လင်ကျိုးရန်အား ကျန်ဝင်ခွင့်ကဒ် တစ်ခုနှင့်အတူ ပိုင်မိသားစုဖြင့် ဆုမီတောင်သို့ လိုက်သွားခိုင်းခဲ့သည်။
ထို့ကြောင့် လင်ကျိုးရန်မှာလည်း ပြောမရသည့်အဆုံး အခွင့်ကောင်း တစ်ခုတလေ ရလိုရငြား ရည်ရွယ်ချက်ဖြင့် ဆုမီတောင်လို့ လာခဲ့ခြင်း ဖြစ်ပါသည်။
ထို့နောက်တွင်မူ သူတို့သုံးယောက်သား ထျန်းယွမ်အင်ပါယာသို့ ရောက်လာပြီး ဆုမီတောင်သို့ အခြားဝင်ပေါက်မှ ဝင်ခဲ့ကြ၏။
သို့သော် .. သူတို့ ဆုမီတောင်သို့ ရောက်ရောက်ချင်းမှာပင် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ရပေသည်။
" အကိုလောထျန်း ၊ လုဝမ်ထောင်ကို မှတ်မိသေးလား "
ထိုစဥ် ပိုင်ထျန်းယွိက ရုတ်တရက် ဝင်ပြောကာ လောထျန်းအား မေးလိုက်သည်။
လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြန်ပြော၏။
" အင်း ..ငါ မှတ်မိပြီ ။ ထျန်းရှန့် သိုင်းပြိုင်ပွဲမှာတုန်းက ငါ့ကို ရန်လာစတဲ့ တစ်ယောက် မဟုတ်လား ။ သူက သေသွားပြီ မဟုတ်ဘူးလား "
ပိုင်ထျန်းယွိက ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်ဗျ ၊ သေသွားပြီ ။ ဒါပေမယ့် သူ့ဆီမှာ ထျန်းယွမ်အင်ပါယာက လူနဲ့ လက်ထပ်ထားတဲ့ အဒေါ်တစ်ယောက် ရှိတယ်။ အဲ့အဒေါ်မှာ တုမင်လီ လို့ခေါ်တဲ့ သားတစ်ယောက် ရှိတယ်ဗျ။ ပြောရမယ်ဆို သူက လူဝမ်ထောင်ရဲ့ အကိုဝမ်းကွဲပေါ့ဗျာ ။ကျုပ်တို့ ဆုမီတောင်ကို စရောက်ကတည်းက ကျုပ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့သူက အဲ့လူပဲဗျ ။သူ့ကြောင့်မို့ ကျုပ်တို့ ပိုင်မိသားစုက အကြီးအကဲနှစ်ယောက်နဲ့ အကိုဟန်ရဲ့ ဦးလေး နှစ်ယောက်လဲ ဒဏ်ရာဆိုးဆိုးရွားရွား ရထားခဲ့ကြတယ် ။ အကြီးအကဲ ကျိုး ကသာ ဝင်မတားခဲ့ရင် ခုချိန်ဆို ကျုပ်တို့တွေအားလုံး သေနေလောက်ပြီ "
လောထျန်းက အံ့အားသင့်သွားဟန်ဖြင့် မေးလာ၏။။
" သူက အဲ့လောက်တောင် အစွမ်းထက်တာလား ၊ မင်းတို့ရဲ့ အကြီးအကဲတွေကတောင် သူ့ကို အနိုင်မယူနိုင်ကြဘူးပေါ့ "
လင်ကျိုးရန်က နှုတ်ခမ်းမဲ့ကာ ပြန်ပြောသည်။
" သုက အဲ့လောက် အစွမ်းမထက်ပါဘူးဗျာ။ အစွမ်းကိုပဲ ကြည့်ပြီး ပြောမယ်ဆို သူက ကျုပ်နဲ့တောင် လက်ရည်တူတူလောက်ပဲ ။ ဒါပေမယ့် သူက စိတ်ဝိဥာဥ်သခင် တစ်ယောက် ဖြစ်နေတော့ ကျုပ်တို့အတွက် ပြဿနာပေါ့ဗျာ။ စိတ်ဝိဥာဥ်သခင်တွေက အင်မတန်ရှားတာ အကိုကြီးလဲ အသိပဲလေ။ ဒီလူက အဲ့ဒီဂုဏ်ပုဒ်နဲ့ပဲ အကိုကြီးတစ်ယောက် ရှာတွေ့သွားပြီးတော့ ချူစန်းယန် ဆိုတဲ့ လူရဲ့ ညီတစ်ယောက် ဖြစ်လာခဲ့တယ်ဗျ "
" အဲ့ဒီ ချူစန်းယန် ဆိုတဲ့ လူရဲ့ အစောင့်အကြပ်ကပဲ ပိုင်ထျန်းယွိရဲ့ မိသားစုက အကြီးအကဲကို ဒဏ်ရာရရအောင် လုပ်ခဲ့တာ "
ထိုအချိန်တွင် လောထျန်းနောက်တွင် ရှိနေသော ယင်ထျန်းလွေ့က ရုတ်တရက် ဖြတ်မေးလာ၏။
" ချူစန်းယန် ဟုတ်လား .. "
လောထျန်းက သူ့ကို တစ်ချက်လှည့်ကြည့်ကာ မေးလိုက်သည်။
" ဘာဖြစ်လို့လဲဗျ ၊ ခင်ဗျား သူ့ကို သိလို့လား "
ယင်ထျန်းလွေ့က ခေါင်းညိတ်ပြကာ ပြန်ဖြေ၏။
" သူက ထျန်းယွမ်အင်ပါယာရဲ့ လျှို့ဝှက်နဂါးစာရင်းမှာ အဆင့် ၁ ရထားတဲ့သူပေါ့ "
လောထျန်း အံ့အားသင့်သွားဟန်တူသည်။
" သူက တော်တော်နာမည်ကြီးတာပဲ "
ထိုစဥ် လင်ကျိုးရန်က စကားဆက်၏။
" အကိုလောထျန်း ၊ အဲ့ဒီ ချူစန်းယန်က ဆုမီတောင်မှာ အကို့ကိုတွေ့ရင် သူ့လက်ဗလာနဲ့တောင် သတ်ပစ်မယ်လို့ ပြောခဲ့သေးတယ်ဗျ "
သူ့စကား ဆုံးသည်နှင့် လောရုံတစ်ယောက် ဒေါသူပုန် ထသွားတော့သည်။
" ဘာ .. ဒီကောင် တကယ်ကြီး အဲ့လို ပြောခဲ့တာလား "
လောရုံက ဒေါသတကြီး မေးလိုက်သည်။
လင်ကျိုးရန်မှာ လောရုံကြောင့် ရုတ်တရက် လန့်သွားသော်လည်း ခေါင်းညိတ်ကာ ပြန်ဖြေ၏။
" ဟုတ်တယ်ဗျ ။ ကျုပ်ပြောတာ မယုံရင် သူတို့ကိုလဲ မေးလို့ရတယ် "
ပိုင်ထျန်းယွိကလည်း ချက်ချင်း ဝင်ထောက်ခံသည်။
" ဒီကောင်က တကယ်ကြီး အဲ့လိုပြောခဲ့တာ။ အကိုလောထျန်း ၊ ချူစန်းယန်က အကို့ရဲ့ ပြိုင်ဘက် မဟုတ်ပေမယ့် သူ့နောက်က အစောင့်အကြပ် နှစ်ယောက်လုံးက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ကြတယ်။ သူတို့နဲ့ ရင်ဆိုင်ရင် သတိထားပါ အကိုလောထျန်း၊ သတိလက်လွတ် မဖြစ်သွားစေနဲ့ "
သူ့စကားဆုံးအောင် နားထောင်ပြီးနောက် လောရုံက ဒေါသတကြီး ထပ်ပြောလိုက်သည်။
" ဘယ်လို အစောင့်အကြပ်မျိုးပဲ ဖြစ်ဖြစ် ကျုပ်နဲ့ တွေ့လို့ကတော့ တစ်စစီ ဖြစ်သွားအောင်ကို ဆွဲဖြဲပစ်မယ် "
ထိုစကားကို ကြားသောအခါ ပိုင်ထျန်းယွိက လောရုံအား လှည့်ကြည့်လိုက်ပြီး ခေါင်းအသာယမ်း၏။
သူ့စိတ်ထဲတွင်မူ လောရုံအား ပြိုင်ဖက်၏ အစွမ်းကို မသိသော ကျိုးကြောင်း မဆင်ခြင်တတ်သည့် လူတစ်ယောက်အဖြစ်သာ မြင်နေသည်။
ထိုအချိန်မှာပင် .. စွန်းရှို့က ရုတ်တရက် မေးလာသည်။
" ခင်ဗျားတို့ သုံးယောက်က ကျုပ်တို့ထက် အရင် ရောက်နေကြတာဆိုတော့ ထျန်းလင်သတ္ထုရိုင်းတွေ ဘယ်လောက် ရနေကြပြီလဲ "
သူ့မေးခွန်းကို ကြားသည်နှင့် လင်ကျိုးရန်တို့ သုံးယောက်၏ မျက်နှာများ ချက်ချင်း ညိုးသွားကာ စိတ်ဓာတ်ကျနေဟန် ပေါက်သွား၏။
" အဲ့ဒါကိုတော့ ပြောမနေပါနဲ့တော့ဗျာ ၊ ပြန်ပြောရင် ဒေါသထွက်လွန်းလို့ပါ "
လင်ကျိုးရန်က မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။
" ဟင် .. ဘာတွေ ဖြစ်ခဲ့လို့လဲဗျ "
လောရုံက ထပ်မေး၏။
လင်ကျိုးရန်က ပြန်ဖြေလိုက်သည်။
" ကျုပ်တို့သုံးယောက်က ကံကောင်းတယ်လို့ ပြောရမယ်ဗျ။ ဆုမီတောင်ကို တက်တက်ချင်းမှာတင် ထျန်းလင်သတ္ထုတွင်း ဝင်ပေါက်ကို တွေ့သွားခဲ့တာ ။ ကျုပ်တို့ကလဲ ချက်ချင်း အထဲဝင် ၊ နေရာကောင်းကောင်းယူပြီး သတ္ထုတွေ တူးကြတာပေါ့ "
" ဒါပေမယ့်ဗျာ .. တူးပြီး ခဏလောက်လဲနေရော ချူစန်းယန်ရဲ့ လူတွေ ရုတ်တရက် ပေါ်လာပြီးတော့ ကျုပ်တို့ တူးထားတဲ့ သတ္ထုရိုင်းတွေအားလုံးကို အတင်း လုသွားပါရောလား။ ဒါတင်မကသေးဘူး ၊ ကျုပ်တို့ကိုပါ ထိုးကြိတ်သွားကြသေးတယ်။ သခင်ကြီး ကျိုးရဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် သူတို့က ကျုပ်တို့ကိုတောင် အသေသတ်မယ့်ပုံပဲ "
" သူတို့က အဲ့လို မသတ်ဘူးဆိုပေမယ့် ကျုပ်တို့ကို အရင်နေရာကနေ မောင်းထုတ်ပြီးတော့ ဒီ လူသူစွန့်ပစ်ထားတဲ့ တွင်းကို ခေါ်လာပြီး ဒီမှာပဲ တူးဖို့ ခွင့်ပေးထားတာဗျ ။ ပြီးတော့ ကျုပ်တို့တွေ တခြားနေရာကို သွားရင် နောက်ဆက်တွဲ အကျိုးဆက်ကို ခံကြရမယ်လို့လဲ ခြမ်းခြောက်ထားသေးတယ် "
" ဒါပေမယ့်ဗျာ .. အားလုံးလဲ ကြည့်ကြပါဦး။ ဒီတွင်းက သူများတွေ တူးထားပြီးလို့ အားလုံး ပြောင်သလောက်နီးပါးတောင် ဖြစ်နေပြီ။ ဒီမှာသာ တူးလို့ကတော့ ထျန်းလင်သတ္ထုရိုင်း တစ်တုံးတောင် ရပါ့မလား မသေချာဘူး "
လောရုံက ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ လင်ကျိုးရန် ပြောသလိုပင် ဖြစ်နေမှန်း တွေ့လိုက်ရ၏။
သူတို့ လက်ရှိရောက်နေသည့် နေရာမှာ အများသူငှာ စွန့်ပစ်ထားဟန်တူသည့် တွင်းကြီး တစ်တွင်းပင် ။
လွန်လေခဲ့ပြီးသော နှစ်များအတွင်း ဤနေရာသို့ လူပေါင်းမတွက်နိုင်အောင် ရောက်လာကာ ရှိသမျှ သတ္ထုရိုင်းများ အားလုံးနီးပါးကို တူးသွားခဲ့ကြသည်မှာ သိသာပေသည်။
" ဒီလူတွေက တော်တော်အနိုင်ကျင့်ကြတာပဲ ။ ဒီကောင်တွေကို သွားပြီး လက်တုန့်ပြန်ကြမယ်ဗျာ ။ သူတို့က အခု ဘယ်မှာလဲ "
လောရုံက ပြောလိုက်သည်။
သူ့စကားကြောင့် လင်ကျိုးရန်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကာ ပြန်ဖြေ၏။
" သူတို့က ဟိုနားလေးမှာ ရှိကြတာ .. ဒီကနေ ဆယ်မိုင်တောင် မဝေးဘူး "
သူသည် လောရုံကို မသိသော်ငြား လောထျန်းကို သိပါသည်။
အကယ်၍ လောထျန်းသာ ထိုနေရာသို့ သွားပါက သူတို့အတွက် တရားမျှတမှုကို ပြန်ယူပေးနိုင်မည်မှာ သေချာလှပေသည်။
ထိုစဥ် လောရုံက ချက်ချင်း နောက်လှည့်ကာ မေးလိုက်၏။
" အကိုထျန်း ၊ ကျုပ်တို့တွေအားလုံး အဲ့ကို သွားကြရအောင်လေ "
သို့သော် လောထျန်းက သူတို့ ညွှန်ပြသည့်ဘက် တစ်ချက်သာ လှမ်းကြည့်ပြီး ခေါင်းယမ်းပြလိုက်သည်။
" မသွားဘူး "