← Chapters

လုယူခြင်း

Vol. 14 Ch. 190

လုယူခြင်း

Vol. 14 Ch. 190

လူငယ်မှာ နေရာမရွှေ့နိုင်ဘဲ သူ့ရှေ့မှ ထျန်းလင်သတ္ထုရိုင်း တောင်များကို ကြည့်ကာ မူးနောက်နောက် ဖြစ်နေသည်။

" ငါ ဒီရက်ပိုင်းတွေ သေချာမအိပ်ထားရလို့ စိတ်ထင်ရာကို လျှောက်ပြီး မြင်ယောင်နေတာများလား "

သူ ထိုသို့ရေရွတ်လိုက်ပြီး မျက်လုံးကို ပွတ်၍ သေချာအောင် ထပ်ကြည့်လိုက်ပြန်၏။ သို့သော် .. အစောက မြင်ခဲ့ရသည့် မြင်ကွင်းကသာ ထပ်ပေါ်လာသည့်အတွက် သူ ခေါင်းပို ရှုပ်သွားတော့သည်။

" ငါ ..အိမ်မက် မက်နေတာများ ဖြစ်နေမလား "

သူမယုံကြည်နိုင် ဖြစ်လွန်နေသဖြင့် သူ့ပါးသူ ဖြတ်ရိုက်ချလိုက်သည်။

ဖျန်း ..

တစ်ချက်တည်းဖြင့်ပင် သူ့ခေါင်းထဲ၌ ကြယ်များလင်းသွားပြီး နှာခေါင်သွေးများပင် လျှံလာ၏။

" ဟမ် .. အိမ်မက် မက်နေတာလဲ မဟုတ်ပြန်ဘူး ။ ဒါဆို .. "

ထိုအချိန်မှသာ သူ မြင်နေရသည့် မြင်ကွင်းက အမှန်ဖြစ်ကြောင်း သူ သေချာသွားတော့သည်။

တစ်ချိန်တည်းမှာပင် သူ အလွန်လည်း စိတ်လှုပ်ရှားသွား၏။

" ဝိုး ... ထျန်းရှန့်နိုင်ငံက အရူးသုံးကောင်က တကယ် လုပ်နိုင်ကြသားပဲကွ ။ ဟားဟား .. ကောင်းလိုက်တာ။ ဒီအကြောင်းကို သတင်းပြန်ပို့ရမယ်။ အဲ့ကျရင် အကိုတွေက ငါ့ကို သေချာပေါက် ဆုချကြမှာပဲ "

သူက ထိုသို့ ပြောပြီးနောက် ချက်ချင်း နောက်လှည့်၍ ထွက်သွားလိုက်သည်။

" ဟင် .. "

ထိုအချိန်တွင် လောထျန်းက ခေါင်းလှည့်လာကာ ကြည့်လိုက်သည်။

" အကိုထျန်း ၊ဘာဖြစ်လို့လဲ "

နံဘေးမှ လောရှောင်ရှောင်းက မေးလာ၏။

လောထျန်းက ခေါင်းယမ်း၍ ပြန်ဖြေလိုက်သည်။

" ဘာမှ မဟုတ်ပါဘူးကွာ ၊ အိမ်မြှောင်တစ်ကောင် ထွက်ပြေးသွားလို့ပါ "

" အဲ့လိုလား .."

လောရှောင်ရှောင်းက ထိုမျှသာ ပြောပြီး လုပ်စရာရှိသည်များကိုသာ ဆက်လုပ်နေလိုက်သည်။

ထိုစဥ် .. အခြား သတ္ထုတွင်း တစ်ခုအပေါ်၌ ...

" ဟား ဟား .. ငါတို့တွေက တော်တော်ကံကောင်းကြတာပဲ။ ဆယ်ယောက်တည်းနဲ့တောင် ထျန်းလင်သတ္ထုရိုင်းတွေ ပေါင် ၃၀ ကျော်လောက် တူးနိုင်ခဲ့ကြတယ် ။ အကိုကြီးချူသာ ဒီအကြောင်းကို သိရင် သေချာပေါက် ပျော်သွားမှာပဲ "

လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားသည့် ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက်က အပြုံးဖြင့် ပြောလိုက်သည်။

ဤတစ်ကြိမ် ထျန်းလင်သတ္ထုတွင်းကို ဝင်ရသည်က ယခင်အကြိမ်များထက် များစွာ ပိုအမြတ်ရခဲ့ပေသည်။

ထိုအချိန်မှာပင် ...

" အကိုကြီး ၊ အကိုကြီး .. သတင်းထူးဗျ .. သတင်းထူးတယ် "

အစောက လူငယ်က အပြေးအလွှား ပြန်ရောက်လာ၏။

ယပ်တောင်ကိုင်ထားသည့် လူငယ်က မျက်မှောင်ကြုံ့သွားကာ မရွှင်မပျ မျက်နှာဖြင့် မေးလိုက်သည်။

" ဖန်ချူ ၊ ဒီ့ထက်ပိုပြီး တည်တည်ငြိမ်ငြိမ်လေး နေပါဦးလားကွာ ။ ကိစ္စတစ်ခုခု ဖြစ်တာနဲ့ မင်းမှာ ပျာယာကို ခတ်နေတာပဲ "

ဖန်ချူက သူ့ကိုယ်သူ ပြန်ထိန်းကာ ဟောဟဲဆိုက်နေပြီး အတန်ငယ်ကြာမှ ပြောလိုက်သည်။

" ကျုပ် တောင်းပန်ပါတယ် အကိုကြီး ချီပမ် ရယ်။ဒါပေမယ့် သတင်းက တကယ်ကြီးကို ထူးတာဗျ "

ချီပမ်က မျက်ခုံးပင့်သွားကာ မေး၏။

" ဘာတွေ ဖြစ်နေတာလဲ ။ ဟို အရှုံးသမား သုံးယောက်က ထျန်းလင်သတ္ထုရိုင်း ထပ်ရှာတွေ့သွားကြလို့လား "

ဖန်ချူမှာ စိတ်လှုပ်ရှားလွန်းနေသောကြောင့် စကားပြန်မပြောနိုင်ဘဲ ခေါင်းကိုသာ တဆတ်ဆတ် ညိတ်လိုက်သည်။

ချီပမ်က ရယ်သွမ်းသွေးကာ ​ဆက်ပြော၏။

" ဟား ဟား ..  ကြည့်ရတာ ငါ အဲ့အရှုံးသမား ၃ယောက်ကို လျှော့တွက်မိခဲ့တဲ့ ပုံပဲ။ လူတွေ စွန့်ပစ်ထားတဲ့ တွင်းဟောင်းထဲမှာ ဒီကောင်တွေက ထျန်းလင် သတ္ထုရိုင်း ကို တကယ်ကြီး တွေ့အောင် ရှာနိုင်ခဲ့ကြတယ်ပေါ့။ သူတို့ တူးထားတာ ဘယ်လောက်လောက်ရှိလဲ ။ ၃ ပေါင်လား ၊ ၅ ပေါင်လား "

ဖန်ချူက လက်ကို ဆက်တိုက်ယမ်းပြလိုက်သည်။

ချီပမ်က အံ့အားသင့်သွားဟန်ဖြင့် ပြော၏။

" ၁၀ ပေါင်ထက် ပိုများနေတာ လား ... ၊ ဒီလိုဆိုရင်တော့ သူ့တို့အပေါ် မြင်ထားတဲ့ အမြင်ကို ပြောင်းပစ်ရတော့မှာပဲ "

ဖန်ချူက လက်ယမ်းလိုက်ပြန်သည်။

ချီပမ် မျက်မှောင်ကြုံ့သွားကာ စိတ်မရှည်တော့ဟန်ဖြင့် ပြောလိုက်သည်။

" ဘယ်လောက်လဲ ဆိုတာသာ ငါ့ကို ပြောစမ်းပါ "

ဖန်ချူက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ ပြောလိုက်သည်။

" ကျုပ် ထင်တာတော့ ... အနည်းဆုံး ပေါင် ၁ သောင်း ထက် ပိုတယ်ဗျ "

ထိုစကားကို ကြားလိုက်သည်နှင့် သူ့နံဘေးမှလူများအားလုံး ရုတ်ချည်း တိတ်သွား၏။

အချိန် အတန်ငယ် ကြာပြီးနောက်တွင်မူ .. ဝါးလုံးကွဲ ရယ်သံကျယ်ကြီး ထွက်လာတော့သည်။

ချီပမ်က ရယ်နေရင်း ခေါင်းယမ်းကာ ပြော၏။

" ဖန်ချူ ၊ မင်း ဘယ်တုန်းက အဲ့လို ​ပေါက်ကရတွေ ပြောတတ်သွားတာလဲ "

ဖန်ချူက အသည်းအသန် ရှင်းပြလိုက်သည်။

" အကိုချီ ၊ ကျုပ် ပေါက်ကရတွေ ပြောနေတာ မဟုတ်ဘူးဗျ ။ ကျုပ် တကယ်ကြီး တွေ့ခဲ့တာ "

ချီပမ်၏ မျက်နှာ ချက်ချင်း သုန်မှုန်သွားကာ ဒေါသတကြီး ထပ်ပြော၏။

" အဓိပ္ပါယ်မရှိတာတွေ .. မင်းက ဒီ ထျန်းလင်သတ္ထုတွင်းကို ဘာထင်နေလို့လဲ ။ ငါ ဂိုဏ်းထဲ ရောက်နေတာ နှစ်တွေ ဒီလောက်ကြာတာတောင် ထျန်းလင် သတ္ထုရိုင်းတွေ ပေါင် ၃၀၀ ထက် ပိုတာ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ မင်းပါးစပ်ကနေ အဲ့လို ပေါက်ကရ စကားတွေ ထပ်ထွက်လာလို့ကတော့ ဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေအတိုင်း မင်းကို အပြစ်ပေးရလိမ့်မယ် "

ဖန်ချူက မျက်နှာငယ်လေးဖြင့် ပြန်ပြောရှာသည်။

" အကိုကြီး ၊ ကျုပ် တကယ် လျှောက်ပြောနေတာ မဟုတ်ပါဘူးဗျာ ။ သူတို့ရဲ့ ထျန်းလင်သတ္ထုရိုင်းတွေက တောင်တွေလို ပုံနေတာကို ကျုပ်ကိုယ်တိုင် မျက်စိနဲ့ သေချာမြင်ခဲ့ရတာပါ "

ချီပမ်မှာ သူ့အမူအရာကို ကြည့်နေရင်း သူ့စကားများက အမှန်​များ ဖြစ်နေသည်လားဟု စိတ်ထဲ သံသယ ဝင်မိသွား၏။

သူ ပြောခဲ့သည့် စကားများက အမှန်ပေလား ...

သို့သော် .. ထိုသို့လဲ မဖြစ်နိုင်ဟုသာ သူ ထင်နေသေးသည်။

ချီပမ်က မယုံကြည်သေးဟန် ဖြစ်နေသည်ကို တွေ့သောအခါ ဖန်ချူက ဆက်ပြောလိုက်သည်။

" ကျုပ် ပြောတာကို မယုံရင် အကိုကြီး ကျုပ်နဲ့လိုက်ပြီး ကြည့်ကြည့်ပါဗျာ ။ အဲ့ကျ ကျုပ်စကားတွေက အလိမ်ဖြစ်နေရင်တောင် ကျုပ်ကို ဆုံးမလို့ ရပါသေးတယ်။ ဒါပေမယ့် ကျုပ်တို့တွေ အခု မြန်မြန်တော့ လှုပ်ရှားရမယ်ဗျ ။ တခြားသူတွေသာ ဒီဟာတွေကို တွေ့သွားရင် ပြဿနာကြီးကြီး တက်သွားလိမ့်မယ် "

ချီပမ်က ခေတ္တမျှ စဥ်းစားကာ ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ ၊ ဒါဆို မင်းပြောသလိုပဲ လုပ်ကြတာပေါ့။ မင်း ငါ့ကို လိမ်နေတာ မဟုတ်ပါစေနဲ့လို့ပဲ ငါ မျှော်လင့်ပါတယ် "

ထို့နောက် သူက သူ့ဘေးမှ လူများဘက် လှည့်ကာ ပြော၏။

" အားလုံး ငါနဲ့ လိုက်ခဲ့ကြ "

" ဟုတ်ကဲ့ပါ "

မကြာမီ အချိန်တွင်မူ ... မျက်နှာထား တင်းတင်းဖြင့် မောက်မာနေဟန်ရှိသည့် လူဆယ်ယောက်ကျော်က လောထျန်းတို့ လူစု ရှိသည့်ဘက်သို့ ဦးတည်လျှောက်သွားလိုက်ကြသည်။

ထို့နောက် .. အစောက ဖန်ချူ ရပ်နေခဲ့သည့် နေရာသို့ သူတို့ ရောက်လာကြ၏။

​သူတို့နှင့် မနီးမဝေးရှိ မြေပြင်တွင်မူ ထျန်းလင်သတ္ထုရိုင်းများက ယခင်ကထက်ပင် ပိုများနေလေပြီ ။

" အကို .. ကြည့်ဦးဗျ ။ ကျုပ် လိမ်ပြောတာ မဟုတ်ဘူးနော် "

ဖန်ချူက ပြုံးဖြီးနေသည့် မျက်နှာကြီးဖြင့် ပြောလိုက်သည်။

ချီပမ်မှာ  သူ့ရှေ့မှ မြင်ကွင်းကို ကြည့်နေရင်း တစ်ကိုယ်လုံး ကြက်သေ သေနေ၏။

" ဘုရားရေ .. အမှန်တွေ ဖြစ်နေတာပဲ ။ ဒီ ထျန်းလင်သတ္ထုရိုင်းတွေနဲ့ဆို ငါတို့ ဂိုဏ်းထဲမှာ ရှိတဲ့ လူတွေအားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေ အများကြီး တိုးတက်သွားဖို့တောင် လုံလောက်တယ်။ ဖန်ချူ ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်း နာမည်ကောင်း ရစေရမယ်ကွာ ။ ဂိုဏ်းကို ပြန်ရောက်တာနဲ့ မင်းကို ဆုချပေးဖို့ ဂိုဏ်းချုပ်ကြီးကို ငါ ပြောလိုက်မယ် "

ချီပမ်က ပြောလိုက်သည်။

ဖန်ချူက အလွန်ပျော်ရွှင်ဝမ်းမြောက်သွားဟန်ဖြင့် ပြန်ပြော၏။

" ကျေးဇူးတင်ပါတယ် အကိုကြီး "

" အားလုံး ငါနဲ့ လိုက်ခဲ့ကြဟေ့ "

ချီပမ်က ထိုသို့ ပြောလိုက်ပြီးနောက် အရင်ဆုံး အောက်သို့ ပျံဆင်းသွားသည်။

" ထျန်းရှန့်နိုင်ငံက လူတွေက တော်တော်ကြိုးစားထားကြတာပဲကွ ။ အခု ဒီ ထျန်းလင်သတ္ထုရိုင်းတွေအားလုံး ငါ့အပိုင် ဖြစ်သွားပြီ "

ချီပမ်က လောထျန်းတို့နား မရောက်မီကတည်းကပင် ရယ်မောကာ ပြောလိုက်သည်။

" ဟင် .. "

ထိုစဥ် ချောက်ကမ်းပါးထဲမှ ထျန်းလင်သတ္ထုရိုင်းကို သယ်ကာ ထွက်လာကြသည့် လင်ကျိုးရန်တို့ လူစုမှာ သူ့ကို သတိထားမိသွားပြီး မျက်လုံးမျာ ပြူးသွားကြ၏။

" အကိုလောထျန်း ၊ ကျုပ်ပြောခဲ့တဲ့ လူတွေက အဲ့လူတွေပဲ "

လင်ကျိုးရန်က ပြောလိုက်သည်။

လောထျန်းက ခေါင်းလှည့်၍ ကြည့်လိုက်၏။

ထိုအချ်န်မှာပင် ချီပမ်တို့ လူစု သူတို့အနား လောက်လာကြသည်။

ချီပမ်ကလည်း လောထျန်းကို သတိထားမိသွားကာ မျက်ခုံးပင့်သွား၏။

" အိုး ..နောက်ထပ် လူသစ်လေးပါလား "

သို့သော် .. သူ လောထျန်းအား စိတ်ထဲ သိပ်မရှိလှပါချေ။

ထို့နောက် သူ လောထျန်းဆီမှ အကြည့်လွှဲလိုက်စဥ်မှာပင် စွန်းရှို့နှင့် ယင်ထျန်းလွေ့တို့အား တွေ့သွားသည်။

အထူးသဖြင့် စွန်းရှို့နောက်မှ တုကျဲ့အဆင့် ကျင့်ကြံသူ သုံးယောက်ကြောင့် သူ ခဏ တာ စကားမပြောနိုင်ဘဲ ဖြစ်သွားရ၏။

" စွန်းရှို့ နဲ့ ယင်ထျန်းလွေ့တို့ပါလား ။ငါက အမြဲတမ်း ခြေတစ်လှမ်း နောက်ကျနေတာပဲ "

ချီပမ် ထိုသို့တွေးကာ မျက်မှောင်ကြုံ့သွားသည်။

ထိုစဥ် စွန်းရီု့က မေး၏။

" ချီပမ် ၊ မင်းက ဒီကို ဘာလာလုပ်တာလဲ "

စွန်းရှို့သည် စီးပွားရေးသမားတစ်ယောက်ပီပီ မိတ်ဆွေများစွာ ဖွဲ့ထားသူ တစ်ယောက်ဖြစ်ရာ ချီပမ်နှင့် သိနေသည်မှာ မထူးဆန်းပါချေ။

ချီပမ်က လက်ထဲမှ ယပ်တောင်ကို ဖွင့်၍ ယပ်ခပ်ကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

" ငါတို့ရဲ့ သတ္ထုတွင်းက ထျန်းလင်သတ္ထုရိုင်းတွေကို လာယူတာပေါ့ကွ "

" မင်းတို့ရဲ့ ထျန်းလင်းသတ္ထုရိုင်း .. ဟုတ်လား "

ယင်ထျန်းလွေ့၏ လေသံက ချက်ချင်း တင်းမာသွားသည်။

ချီပမ်က ခေါင်းညိတ်၍ လင်ကျိုးရန်တို့ သုံးယောက်အား လက်ညိုးညွှန်ပြကာ ​ဆက်ပြော၏။

" အမှန်ပဲ ။ သူတို့ကို ဒီနေရာမှာ တူးကြဖို့ ကျုပ်ပဲ အမိန့်ပေးခဲ့တာလေ ။ အဲ့တော့ ဒီမှာ တူးလို့ရသမျှ ထျန်းလင်သတ္ထုရိုင်းတွေက ကျုပ်အပိုင်ပဲ "

" ဒါပေမယ့် ကျုပ်က ခင်ဗျားတို့ နှစ်ယောက်နဲ့ သိနေပြီးသားဆိုတော့ မျက်နှာထောက်တဲ့အနေနဲ့ ၈၀ % ကိုပဲ ယူလိုက်မယ် ။ ကျန်တဲ့ ၂၀ % ကိုတော့ ခင်ဗျားတို့ နှစ်ယောက်ယူကြပေါ့ ။ ဘယ်လိုလဲ "

ချီပမ်က ထိုသို့ပြောကာ ယင်ထျန်းလွေ့တို့ နှစ်ယောက်အား မျက်မှောင်ကြုံ့ ကြည့်နေလိုက်သည်။

ယခု သူ ​ ပေး ခဲ့သည့် ၂၀ % ကပင် သဘောထား ကြီးလွန်းရာ ကျနေပြီ မဟုတ်ပါလား ။

စွန်းရှို့တို့ မိသားစုသည် ချမ်းသာကြွယ်ဝကြသော်လည်း အစွမ်း ထက်လှသူများ မဟုတ်ပါချေ။

ယင်ထျန်းလွေ့ကိုမူ ထည့်စဥ်းစားစရာပင် မလိုလှပါ။

ယင်ထျန်းလွေ့၏ မူလဂိုဏ်းမှာ ဖျက်ဆီးခံလိုက်ရပြီး ယခု  သူက တစ်ကိုယ်တော် ကျင့်ကြံသူအဖြစ်သာ ရှိနေပေသည်။

သူ့နောက်သို့ အင်အားကြီး အဖွဲ့ပေါင်းစုံက လိုက်နေကြသည် မှန်သော်လည်း လက်ရှိတွင် သူ့ကို ကျောထောက်နောက်ခံ ပေးမည့်အဖွဲ့ ရှိမနေသေးပေ။

သို့ဖြစ်ရာ ယင်ထျန်းလွေ့နှင့်ပတ်သက်၍ မည်သည့်အရာကိုမှ ကြောက်နေစရာ မလိုလှချေ။

သို့သော် .. ချီပမ်နှင့် မျက်နှာချင်းဆိုင်မှ ထိုလူနှစ်ယောက်ကမူ သူ့ကို အရူးတစ်ယောက်သဖွယ်သာ ပြန်ကြည့်နေကြသည်။

သူတို့၏ အကြည့်ကြောင့် ချီပမ်တစ်ယောက် အလွန်ဒေါသထွက်သွား၏။

" မင်းတို့နှစ်ယောက်က ကျုပ်ပြောတာကို သဘောတူတာလား ၊ သဘောမတူဘူးလား "

ချီပမ်က အေးစက်စက်အသံဖြင့် ထပ်မေးလိုက်သည်။

သို့သော် .. ထိုနှစ်ယောက်က သူ့ကို မည်သို့မှ ပြန်မပြောဘဲ ကြည့်မြဲအတိုင်း ဆက်ကြည့်နေကြ၏။

ချီပမ်တစ်ယောက် ဒေါသပေါက်ကွဲခါနီးမှာပင် ...

" ဟ ..ထျန်းလင်သတ္ထုရိုင်းတွေ အများကြီးပါလား ၊ ကောင်းလိုက်တာကွာ။ ဒီနေ့ နတ်ဘုရားက ငါ့ကို ကူညီနေပါ့လား ။ ငါ့အပိုင် .. အားလုံး ငါ့အပိုင် .. "

လေထဲမှ ရယ်သံကျယ်ကြီး တစ်သံ ထွက်ပေါ်လာသည်။

ထိုအသံထွက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် လေထဲမှ မီးလုံးကြီးတစ်လုံး ကျလာ၏။

ထိုမြင်ကွင်းကို မြင်သည်နှင့် ချီပမ်ထံမှ ကြောက်လန့်သွားသည့်အသံ ထွက်လာသည်။

" ဟာ .. မဖြစ်ဘူး ၊ ဒီ အရူးက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာရတာလဲ "

All Chapters