← Chapters

အမြစ်များကို ရှင်းပစ်ခြင်း

Vol. 14 Ch. 192

အမြစ်များကို ရှင်းပစ်ခြင်း

Vol. 14 Ch. 192

" ဟေး .... "

လင်ကျိုးရန်တို့ သုံးယောက်မှာ ဆုမီတောင်သို့ စဝင်လာကတည်းက ဆိုးဆိုးရွားရွား အနိုင်ကျင့် ခံခဲ့ကြရသဖြင့် သူတို့ရင်ထဲ၌ ဒေါသဖြင့် ပြည့်နေသည်မှာ အချိန်အတန်ကြာခဲ့လေပြီ ။

ထို့ကြောင့် လောထျန်းဆီမှ အမိန့်ရသည်နှင့် သူတို့အားလုံး ညာသံပေးကာ ဝုန်းခနဲ ပြေးသွားလိုက်ကြသည်။

အားလုံး၏ လက်ထဲတွင်လည်း သတ္ထုရိုင်းများ တူးသည့် ဂေါ်ပြားများ ရှိ​နေကြပြီး ချီပမ်တို့ လူစုအား အားရပါးရ လွှဲရိုက်နေကြ၏။

အထူးသဖြင့် ချီပမ်မှာ သူတို့ကို အရက်စက်ဆုံး ဆက်ခံခဲ့သူဖြစ်သဖြင့် ယခု အဆိုးရွားဆုံး အရိုက်ခံနေရသည်။

အချိန်တိုအတွင်းမှာပင် ချီပမ်တို့ လူစုထံမှ စူးစူးဝါးဝါး အော်ဟစ်သံများနှင့် ငိုယိုတောင်းပန်နေသံများ ထွက်လာကြ၏။

ဤသို့ဖြင့် အချိန်အတန်ကြာသွားပြီး နောက်တွင်မူ လင်ကျိုးရန်က ဂေါ်ပြားကိုင်လျက် လောထျန်းဆီသို့ ပြန်ရောက်လာပြီး ပြောလိုက်သည်။

" အကိုလောထျန်း ၊ ကျုပ် ဆက် မရိုက်နိုင်တော့ဘူးဗျ "

ထိုအချိန်တွင် ချီပမ်တို့ လူစုမှာ မြေကြီးပေါ်၌ အတုံးအရုံး လဲကျနေပြီး တစ်ကိုယ်လုံးလည်း သွေးများ ရွှဲလျက်  သေလုမျောပါး ဖြစ်နေကြလေပြီ။

၎င်းကို မြင်သောအခါမှသာ လောထျန်းက လက်ယမ်း၍ သူတို့ကို ချုပ်နှောင်ထားသည့် အချုပ်အနှောင်များအား ဖြေပေးလိုက်တော့သည်။

" ဒီကနေ ဝေးဝေးထွက်သွားကြ "

လောထျန်းက ပြောလိုက်သည်။

ချီပမ်တို့လူစုမှာ ဒဏ်ရာများ ဆိုးဆိုးရွားရွား ရထားကြသဖြင့် လောထျန်းထံမှ ခွင့်ပြုချက် ရရချင်း ဒယီးဒယိုင် ထွက်ပြေးလိုက်ကြ၏။

သူတို့အထဲတွင် ချီပမ်၏ ဒဏ်ရာများက အဆိုးဆုံးပင် ..

သို့သော် ..သူသည် ထိုအချိန်အထိ လက်လျော့အရှုံးပေးလိုဟန် မရှိသေးပါချေ။

သူက လောထျန်းကို ကြည့်ကာ အံကြိတ်၍ ပြောလိုက်သည်။

" မင်းတို့အားလုံး ဒီမှာပဲ စောင့်နေကြ ။ ငါ ပြန်လာခဲ့မယ် ။ ဒီကိစ္စက မပြီးသေးပါဘူးကွာ "

သူက ထိုသို့ပြောပြီးနောက် နောက်လှည့်ကာ ထွက်သွားရန်  ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ...

ဝီ ...

စွမ်းအင်အလင်းတန်းတစ်ခုက သူ့အား ရုတ်တရက် ချုပ်နှောင်ထားလိုက်ပြန်၏။

" ဟင် .. "

သူ အံ့အားသင့်သွားပြီး လောထျန်းအား ချက်ချင်း လှည့်ကြည့်လိုက်သည်။

" ငါက မင်းကို သွားခွင့်ပေးနေတာတောင် မင်းက ပါးစပ်မပိတ်သေးဘူးပေါ့လေ ။ ဒီလိုဆိုမှတော့လဲ မင်းသေလမ်းကို မင်းကိုယ်တိုင် ရွေးလိုက်တာပဲ "

လောထျန်းက ထိုသို့ပြောကာ လက်ဖြင့် နောက်ပြန် ရိုက်လိုက်သည်။

ဘုန်း ...

ချီပမ်နှင့် သူ့နောက်လိုက် အပေါင်းအပါများအားလုံး အပိုင်းပိုင်းအစအစ ဖြစ်သွားကြတော့၏။

" အ ... "

၎င်းကို မြင်လိုက်ရသည့် စွန်းရှို့တစ်ယောက် အသက်ရှူပင် မှားသွားသည်။

လောထျန်း၏ တိုက်ခိုက်မှုမှာ ရက်စက်လွန်းလှပေသည်။

လောထျန်းက သူ့အတွေးကို ထွင်းဖောက်မြင်နေရသည့်အလား ရှင်းပြ၏။

" ဒီ ထျန်းလင်သတ္ထုရိုင်းတွေရဲ့ ပမာဏက များလွန်းတယ်ဗျ။ ဒါတွေကိုသာ တခြားသူတွေ သိသွားရင် ကျုပ်အတွက်က ပြဿနာမရှိပေမယ့် ၊ ခင်ဗျားတို့တွေ ပြဿနာနဲ့ ကြုံလာရနိုင်တယ် "

" မီးတောက်ဝိဥာဥ် အဘိုးအိုကတော့ ကျုပ်ကို ကြောက်နေတဲ့သူမို့ ဘယ်သူ့ကိုမှ သွားပြောမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီလူတွေကတော့ အဲ့လို မဟုတ်တာ ခင်ဗျားတို့လဲ အမြင်ပဲ။ သူတို့ကိုသာ ဒီတိုင်း ပေးသွားလိုက်ရင် မဆုံးနိုင်တဲ့ ပြဿနာတွေ ဖြစ်လာမှာ။ အဲ့တော့ ခုတည်းက အမြစ်ကနေရှင်းပြီး သတ်လိုက်တာ ပိုကောင်းတာပေါ့ "

သူ့စကား ဆုံးသောအခါ အားလုံး သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။

အမှန်မှာလည်း အစွမ်းနိမ့်သော လူတစ်ယောက်ထံတွင် အဖိုးတန် ပစ္စည်းများ အလွန်များနေခြင်းက အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့် မခြားလှပေ။

သူတို့သည်ပင် ရှေ့မှ ထျန်းလင်သတ္ထုရိုင်းပုံကြီးကို  ကြည့်ကာ ခေါင်းများ မူးနောက်နေကြသည် မဟုတ်ပါလား။

အကယ်၍ ထိုသတင်းသာ အပြင်သို့ ပေါက်ကြားသွားခဲ့ပါက ပြဿနာကြီးကြီး ဖြစ်သွားပေလိမ့်မည်။

လောထျန်းက ဖြစ်လာမည့် ပြဿနာကို ကြောက်မည် မဟုတ်သော်လည်း ..

ကျန်လူများကမူ ထိုသို့ လျစ်လျူရှုနိုင်သည့် အစွမ်းမျိုး မရှိကြပါ။

လောထျန်း၏ ဆုံးဖြတ်ချက်မှာ မှန်ကန်နေသဖြင့် စွန့်ရှို့အပါအဝင် အားလုံး ခေါင်းညိတ်လက်ခံလိုက်ကြခြင်း ဖြစ်သည်။

ထို့နောက်တွင်မူ လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ချောက်ကြီးအား ထပ်ခါထပ်ခါ စစ်ဆေးကြည့်လိုက်ပြီး ပြော၏။

" ကဲ .. အောက်ထဲက ထျန်းလင်သတ္ထုရိုင်းတွေကတော့ ကုန်သလောက် ဖြစ်သွားပြီ ။ အခု အားလုံးကို ခွဲဝေကြတာပေါ့ "

လင်ကျိုးရန်က အပြုံးဖြင့် ပြန်ပြောသည်။

" ခွဲနေစရာ မလိုပါဘူး အကိုလောထျန်းရာ ။ ကျုပ်တို့ရဲ့ ဒေါသကို ဖြေလျော့ခွင့် ပေးခဲ့တာနဲ့တင် လုံလောက်နေပါပြီ။ ကျုပ်တို့ ဒီ ထျန်းလင်သတ္ထုရိုင်းတွေကို မလိုချင်ပါဘူး။ အားလုံးက်ို အကိုပဲ ယူပါ "

ပိုင်ထျန်းယွိနှင့် ဟန်ဝမ်ကျိုးတို့ကလည်း ခေါင်းညိတ်ပြလိုက်ကြ၏။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ဆိုသည်။

" အဲ့လို ဘယ်ဖြစ်မလဲ ။ ဒီ သတ္ထုရိုင်းတွေကို ကျုပ် တွေ့ခဲ့တာဆိုပေမယ့် မင်းတို့အားလုံးလဲ အများကြီး ဝင်လုပ်ပေးခဲ့ကြတာပဲလေ။ အဲ့တော့ အားလုံးကို တစ်ယောက်တည်း ယူလို့ မဖြစ်ဘူး။ ဒီမှာ ရှိတဲ့ လူဦးရေအလိုက် အာလုံးကို အညီအမျှ ခွဲဝေကြမယ်ကွာ "

ပိုင်ထျန်းယွိက လက်ယမ်းပြကာ မြန်မြန်ပြန်ပြော၏။

" အဲ့လိုတော့ မလုပ်ပါနဲ့ဗျာ။ ကျုပ်တို့က နည်းနည်းပါးပါး တူးတာလောက်ပဲ လုပ်ခဲ့ရတာပါ။ အကိုလောထျန်းကပဲ အများဆုံး အားစိုက်ထုတ်ခဲ့တာဗျ။ တကယ်လို့ အကိုက ခွဲဝေပေးချင်တယ် ဆိုရင်တောင် ကျုပ်တို့က နည်းနည်းပဲ ယူမယ်။ အကိုလောထျန်းပဲ အများဆုံး ယူပါ "

" ဟုတ်တယ် ၊  အဲ့လိုပဲ ဖြစ်သင့်တယ် "

အားလုံးကလည်း ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။

ဤသို့ဖြင့် အချိန်အတန်ငယ်ကြာ ဆွေးနွေးကြပြီး နောက်တွင်မူ လောထျန်း ၊ လောရုံနှင့် လောရှောင်ရှောင်းတို့က ပစ္စည်းအားလုံး၏ ၉၀ % ကို ယူခဲ့ကြ၏။

ကျန် ၁၀ % ကိုမူ ပိုင်ထျန်းယွိတို့ လူစုနှင့် စွန်းရှို့တို့ လူစု အညီအမျှ ခွဲဝေလိုက်ကြသည်။

သဘာဝ စိတ်ဝိဥာဥ်တစ်ကောင်ဖြစ်သည့် ပန်းလင်အတွက်မူ ထိုပစ္စည်းများက အသုံးမဝင်သဖြင့် တစ်ခုမှ မယူခဲ့ချေ။

သူတို့အားလုံးမှာ ၁၀ % ကိုသာ ခွဲဝေခဲ့ကြသော်ငြား ၎င်းပမာဏကပင် အလွန်များနေခဲ့ပြီ ဖြစ်သဖြင့် သူတို့အတွက် ပွပေါက်ကြီး ဖြစ်သွားခဲ့လေပြီ။

ဤဆုမီတောင် ခရီးစဥ်၏ နောက်ပိုင်းတွင် အခြား မည်သို့သော အဖိုးတန် ပစ္စည်းမှ ထပ်မရလျှင်ပင် သူတို့အတွက် အရှုံးမရှိတော့ပေ။

" အကိုစွန်း ၊ ဒီ ထျန်းလင်သတ္ထုရိုင်းက အဲ့လောက် ထူးခြားတာလားဗျ "

လောရုံက ထျန်းလင်သတ္ထုရိုင်း တစ်ခုကိုယူကာ သေသေချာချာ ကြည့်နေရင်း မေးလိုက်သည်။

စွန်းရှို့က ခေါင်းကုတ်ကာ ပြန်ဖြေ၏။

" အမှန်တိုင်း ပြောရရင်တော့ ကျုပ်လဲ ကြားပဲ ကြားဖူးတာဗျ ။ လူကိုယ်တိုင် တစ်ခါမှ မတွေ့ဖူးဘူး "

လောထျန်းက ဝင်ပြောသည်။

" ဒါဆို အခု စမ်းကြည့်လိုက်ပါလား "

" ဒီ အကြံကောင်းတယ် "

အားလုံး ခေါင်းညိတ်လိုက်ကြပြီး ထျန်းလင်သတ္ထုရိုင်း အတုံးသေး တစ်ခုစီယူကာ စတင်သန့်စင်လိုက်ကြသည်။

မကြာမီ ..

ဝီ ...

အားလုံးထဲတွင် ကျင့်ကြံခြင်း အဆင့်အနိမ့်ဆုံးဖြစ်သည့် လင်ကျိုးရန်၏ ကိုယ်မှ စိတ်စွမ်းအင်အလင်းတန်းတစ်ခု တိုးထွက်လာ၏။

" နောက်တဆင့် တက်သွားပြီ ၊ တကယ်ကြီး နောက်တဆင့် တက်သွားပြီ "

လင်ကျိုးရန်ဆီမှ ဝမ်းသာအားရ အော်သံလည်း ထွက်လာသည်။

ယခင်က သူ ခန့်မှန်းတွက်ချက်ထားသည့် အတိုင်းဆိုလျှင် ကျင့်ကြံခြင်း နောက်တဆင့်တက်ရန် အနည်းဆုံး တစ်လခန့်ပင် အချိန်ယူရဦးမည် ဖြစ်ပါသည်။

သို့သော် ..ယခုတွင်မူ ထျန်းလင်သတ္ထုရိုင်း အပိုင်းသေးလေး တစ်ခုကို သန့်စင်လိုက်ရုံဖြင့် သူ နောက်တဆင့်သို့ တက်သွားခဲ့ရလေပြီ။

ထို့နောက် သူ ဘာမှ ဆက်မပြောတော့ဘဲ သတ္ထုရိုင်းကိုသာ ဆက်သန့်စင်နေလိုက်၏။

ဝီ ..

ထိုအချိန်မှာပင် သူ့ဘေးမှ ဟန်ဝမ်ကျိုးကလည်း ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု တက်သွားပြန်သည်။

" ဝိုး ..အစွမ်းထက်လိုက်တာ ၊ ဆက်လုပ်ရမယ် "

ဟန်ဝမ်ကျိုး၏ မျက်လုံးများ အရောင်လက်သွားပြီး ဆက်၍ သန့်စင်လိုက်၏။

ဤသို့ဖြင့် အားလုံး၏ ခန္ဓာကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းများ တစ်ခုပြီးတစ်ခု တိုးထွက်လာကာ ကျင့်ကြံခြင်းအဆင့်များ ဆက်တိုက်ဆိုသလို တက်သွားကြတော့သည်။

နာရီဝက်ခန့် ကြာသွားပြီးနောက်တွင်မူ အားလုံး၏ ကျင့်ကြံခြင်းအဆင့်များက သိသိသာသာပင် တိုးတက်လာခဲ့ကြလေပြီ။

သူတို့ထဲတွင် လင်ကျိုးရန် ၊ စွန်းရှို့ နှင့် လောရှောင်ရှောင်းတို့၏ တိုးတက်မှုများက အသိသာဆုံး ဖြစ်၏။

ထျန်းလင် သတ္ထုရိုင်းများကို သန့်စင်ပြီးသွားသည့် နောက် သူတို့သုံးယောက်လုံးပင် ကောင်းကင်ထိန်းချုပ်အဆင့်သိူ့ ရောက်သွားခဲ့ကြသည်။

သူတို့သုံးယောက်ပြီးနောက်  ဟန်ဝမ်ကျိုးနှင့် ပိုင်ထျန်းယွိတို့လည်း  ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်သွားခဲ့၏။ သို့သော် သူတို့၏ တိုးတက်မှုမှာ ရှေ့သုံးယောက်နှင့် ယှဥ်လျှင် နည်းသည်ဟု ပြော၍ ရပေသည်။

ထို့နောက်တွင်မူ ယင်ထျန်းလွေ့နှင့် လောရုံ ...

သူတို့ နှစ်ယောက်လုံးမှာ ယခင်ကတည်းက ကောင်းကင်ထိန်းချုပ်အဆင့်သို့ ရောက်ထားပြီးသူများ ဖြစ်သဖြင့် တိုးတက်မှု အနည်းဆုံး ဖြစ်သည်။။ သို့သော် သူတို့ နှစ်ယောက်လုံး ကျင့်ကြံခြင်း အဆင့်ငယ်များစွာပင် တိုးသွားခဲ့ကြ၏။

ပုံမှန်တွင်လည်း ကျင့်ကြံခြင်းအဆင့် မြင့်လာလေလေ  နောက်တဆင့်တက်ရန် ပိုခက်ခဲလေ ဖြစ်ပြီး နှစ်နှင့်ချီ၍ပင် အချိန်ယူရလေ့ ရှိပါသည်။

သို့ဖြစ်ရာ ယခု သူတို့နှစ်ယောက်၏ တိုးတက်နှုန်းကပင် အံ့သြစရာ ကောင်းလောက်အောင် မြန်နေပြီဟု ပြော၍ရပေသည်။

သို့သော် .. လောထျန်းကမူ အားလုံးနှင့် ဆန့်ကျင်ဘက် ဖြစ်နေပြီး ထျန်းလင်သတ္ထုရိုင်း ပေါင် ၃ ထောင်ခန့်ကို သန့်စင်ပြီးသွားသည်အထိ မည်သို့သော တိုးတက်မှုမှ ရှိမလာခဲ့ချေ။

" အင်း .. ငါ ထင်ထားတဲ့ အတိုင်းပါပဲလား "

လောထျန်း သက်ပြင်းချလိုက်သည်။

ထိုသို့သော လှည့်ကွက်နည်းလမ်းများဖြင့် သူ့ ကျင့်ကြံခြင်းအဆင့်ကို တိုးလာအောင် လုပ်၍မရသည်မှာ အသိအသာကြီးပင် ။

သူကိုယ်တိုင်လည်း ထိုအကြောင်းကို အတန်ငယ် ရိပ်မိထားပြီး ဖြစ်ပါသည်။ သို့သော် ရလိုရငြား မျှော်လင့်ချက်ဖြင့်သာ လုပ်ခဲ့ခြင်းဖြစ်၏။

ကြည့်ရသည်မှာ ကောင်းကင်ဘုံ သိုင်းကျမ်း ကိုးအုပ်ထဲတွင် ပါသည့် နည်းလမ်းများအတိုင်းသာ သူ့ကျင့်ကြံခြင်းအဆင့်ကို တိုးလာအောင် လုပ်၍ ရမည့်ဟန် ရှိပေသည်။

" အားလုံးရဲ့ ကျင့်ကြံခြင်းအဆင့်တွေ မြန်မြန် တိုးသွားကြတာ ကောင်းပါတယ်။ ဒါပေမယ့် ခုလို မြန်မြန်ကြီး တိုးတက်သွားခဲ့အခါ ကျင့်ကြံခြင်းအဆင့်မှာ မတည်မငြိမ် ဖြစ်တာတွေ မလွဲမသွေ ကြုံကြရလိမ့်မယ်။ ဆိုတော့ စိတ်ကို ငြိမ်ငြိမ်ထားပြီး ဒါတွေကို မဖြေရှင်းရင် နောင်အနာဂါတ်မှာ ကျင့်ကြံခြင်းအဆင့်တိုးဖို့ အတွက် အတားအဆီးတွေ ဖြစ်သွားပြီးတော့ ပြဿနာပေါင်းစုံနဲ့ ကြုံလာရနိုင်တယ်။ ဒီတော့ နောက်လာမယ့် သုံးလအတွင်းမှာ ဘယ်သူမှ ထျန်းလင်သတ္ထုရိုင်းကို ဆက်မသန့်စင်ဘဲ ကိုယ့်ရဲ့ လက်ရှိရောက်ထားတဲ့ အဆင့်ကို အရင်ဆုံး တည်ငြိမ်အောင် လုပ်သင့်တယ်လို့ ကျုပ် ထင်တယ် "

ယင်ထျန်းလွေ့က အားလုံးကို သတိပေးလိုက်သည်။

သူ့စကားကို ကြားသောအခါ အားလုံးကလည်း ခေါင်းညိတ်လိုက်ကြ၏။

ကျင့်ကြံသူများ ဖြစ်ကြသည့် သူတို့အားလုံးမှာလည်း ကျင့်ကြံခြင်း၏ ထိုအခြေခံ သဘောတရားများကို နားလည်ထားကြပြီး ဖြစ်ပါသည်။

ထို့အပြင် သူတို့အားလုံးက လောထျန်း မဟုတ်ပေရာ လောထျန်းကဲ့သို့ ပုံမှန်မဟုတ်သော ခန္ဓာကိုယ်မျိုးလည်း မရှိကြပါချေ။

ထိုအချိန်မှာပင် ..

ဝီ ...

ပတ်ဝန်းကျင် လေထုတစ်ခုလုံး တုန်ခါလာ၏။

အားလုံး သတိထားမိသည့် အချိန်တွင်မူ ဆုမီတောင်သို့ပင် ပြန်ရောက်နေကြလေပြီ။

လောထျန်းနှင့် သူ့လူများ၏ ဘေးပတ်လည်တွင် အခြားသူများ ရာနဲ့ချီ ရှိနေကြပြီး အားလုံးမှာ အံ့သြမှင်သက်နေသည့် မျက်နှာများ ဖြစ်နေကြ၏။ သူတို့သည်လည်း လောထျန်းတို့ လူစုကဲ့သို့ပင် တည်နေရာရွှေ့ပြောင်းခံရပြီး  အပြင်သို့ ရောက်လာသည်မှာ သံသယဝင်စရာမရှိပါ ။

" ဘာတွေ ဖြစ်နေတာလဲ "

လောရုံက အံ့သြတကြီး မေးလိုက်သည်။

စွန်းရှို့က ချက်ချင်း ပြန်ဖြေ၏။

" ကြည့်ရတာ ထျန်းလင်သတ္ထုတွင်းက ပိတ်သွားလို့ ကျုပ်တို့တွေအားလုံး တည်နေရာရွှေ့ပြောင်းခံရပြီး အပြင်ကို ရောက်လာတာထင်တယ် "

သူ့စကားဆုံးမှသာ အားလုံး သဘောပေါက်သွားကြသည်။

ထိုအချိန်မှာပင် ...

ဘုန်း ....

လူအုပ်ထဲမှ အစွမ်းထက်သော အရောင်အဝါတစ်ခု ပေါက်ကွဲထွက်လာ၏။

၎င်းနှင့် မရှောင်းမနှောင်းမှာပင် လူကြီးတစ်ယောက်က လေထံသို့ ပျံတက်ကာ အသံကျယ်ကြီးဖြင့် အော်ရယ်ရင်း ပြောလိုက်သည်။

" အားလုံးပဲ .. မင်းတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်တွေကို ထုတ်လိုက်ကြပါ " 

All Chapters