← Chapters

စကားများ၍ သေရခြင်း

Vol. 14 Ch. 193

စကားများ၍ သေရခြင်း

Vol. 14 Ch. 193

အားလုံးက အသံလာရာဆီသို့ ချက်ချင်း မော့ကြည့်လိုက်ကြသည်။

လေထဲမှ အဖြူရောင် ဝတ်စုံနှင့် လူကြီး၏ မျက်နှာတွင် စပ်ဖြဲဖြဲ အပြုံးတစ်ခု ရှိနေ၏။

အခြား နေရာနှစ်ခုမှလည်း သက်လတ်ပိုင်းအရွယ် လူကြီး နှစ်ယောက် လေထဲသို့ ပျံတက်လာကာ လွတ်လမ်းများကို ပိတ်ထားလိုက်ကြသည်။

ထိုလူကြီး သုံးယောက်လုံး၏ ကျင့်ကြံခြင်းအဆင့်များမှာ တုကျဲ့အဆင့် ကိုယ်စီ ရှိထားကြသည်။

" ခင် ..ခင်ဗျားတို့က ဘာလုပ်ကြမလို့လဲ "

လူအုပ်ထဲမှ လူငယ်လေးတစ်ယောက်က သူ့ဟင်းလင်းပြင် လက်စွပ်ကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ကြောက်လန့်တကြား ပြောလာ၏။

၎င်းကို မြင်သောအခါ အဖြူရောင်ဝတ်စုံနှင့် လူကြီးက လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်သည်။

ဝှစ် ..

လူငယ်၏ ဟင်းလင်းပြင်လက်စွပ်က သူ့လက်ထဲသို့ တိုက်ရိုက် ပျံသန်းရောက်ရှိလာ၏။

" ငါ့ လက်စွပ်လေး .. "

လူငယ်လေး၏ မျက်နှာ ချက်ချင်း ဖြူရော်သွားသည်။ သို့သော် သူ မည်သို့မှလည်း မတတ်နိုင်ပါချေ။

အဖြူရောင်ဝတ်စုံနှင့် လူကြီးက လက်စွပ်ကို စစ်ဆေးကြည့်လိုက်ပြီး ချက်ချင်း မျက်မှောင်ကြုံ့သွား၏။

" ဟမ့် .. မင်းက ထျန်းလင်သတ္ထုရိုင်း ပေါင်ဝက်လောက်ပဲ တူးထားတာပါလားကွ ။ ဒါနဲ့များတောင် အဖိုးတန် ရတနာကြီးတစ်ခုလို ဖြစ်ပျက်နေတာ။ ငါက မင်းဆီမှာ အဲ့ထက်ပိုများမယ်တောင် ထင်နေတာ "

သူက ထိုသို့ပြောလိုက်သော်လည်း လက်စွပ်ကိုမူ ပြန်မပေးဘဲ သူ့အင်္ကျီလက်အတွင်းတွင်သာ ထည့်ထားလိုက်သည်။

" အားလုံး နားထောင်ကြ ၊ ငါတို့ ညီအကို သုံးယောက်က ဘယ်သူ့ကိုမှ မသတ်ချင်ဘူး။ ထျန်းလင်သတ္ထုရိုင်းပဲ လိုချင်တာ ။ အဲ့တော့ မင်းတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်တွေ ထုတ်ပေးရင် မင်းတို့ကို ဘာအန္တရာယ်မှ မပြုဘူးလို့ အာမခံတယ် "

" ဒါပေမယ့် မပေးဖို့ ငြင်းရင်တော့ ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်ကို မင်းတို့ ခံနိုင်မှာ မဟုတ်ဘူး "

စကားဆုံးသည်နှင့် သူ့ကိုယ်မှ အရောင်အဝါက ချက်ချင်း ပေါက်ကွဲထွက်လာ၏။

ဝုန်း ..

လူသတ်အရိပ်အငွေ့ တစ်ခုကလည်း လေထဲသို့ ချက်ချင်း လွင့်တက်လာသည်။

သူ့အပေါင်းအပါ နှစ်ယောက်ကလည်း အလားတူပင် လုပ်လိုက်ကြသည့်အတွက် လေထုတစ်ခုလုံး လူသတ်အရိပ်အငွေ့များဖြင့် ရုတ်ချည်း ပြည့်သွားတော့သည်။

ထိုနေရာတွင် ရှိနေကြသည့် လူများအားလုံး စိတ်ရှုပ်ထွေးနေဟန် ပေါက်သွားကြ၏။

ထိုစဥ် လူတစ်ယောက်က ထိုသုံးယောက်အား မှတ်မိသွားဟန်ဖြင့် တုန်လှုပ်စွာ ပြောလာသည်။

" ခင်ဗျားတို့တွေက .. ရေနက်ဝိဥာဥ် သုံးယောက် ပဲ ။ ခင်ဗျားတို့ကို ထျန်းယွမ်အင်ပါယာက အလိုရှိ ဝရမ်းပြေးစာရင်း ထုတ်ထားတာ မဟုတ်လား ။ အခု ..ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေကြတာလဲ "

သူ့စကားဆုံးသည်နှင့် လူမိားဆီမှ ဆူညံသံများ ဝေါခနဲ ထွက်လာသည်။

" ဘယ်လို .. ဒီလူတွေက ရေနက်ဝိဥာဥ် သုံးယောက်တဲ့လား "

" ရေနက်ဝိဥာဥ်သုံးယောက် ဆိုတာ ဘယ်သူလဲ "

" ဟိုး လွန်ခဲ့တဲ့ နှစ်အတော်ကြာက ထျန်းယွမ်အင်ပါယာမှာ တစ်ကိုယ်တော် ကျင့်ကြံသူ သုံးယောက် ပေါ်လာခဲ့တယ်။ ဒီသုံးယောက်က ညီအကိုဖွဲ့ပြီးတော့ ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်လာခဲ့ကြတာ အဲ့အချိန်ကတည်းကပဲ။ သူတို့တွေက ဂိုဏ်းငယ်တွေ အများကြီးကို ဖျက်ဆီးခဲ့ကြပြီးတော့ ဂိုဏ်းတွေရဲ့ အဖိုးတန်ပစ္စည်းတွေကိုလဲ ဓားပြတိုက်ခဲ့ကြတယ်။ အဲ့နောက်တော့ ထျန်းယွမ်အင်ပါယာက လူတွေလွှတ်ပြီး သူတို့ကို မိုင် တစ်သိန်းပတ်ချာလည်လောက်အထိကို လိုက်ရှာခဲ့ကြတာ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့က လွတ်အောင် ထွက်ပြေးနိုင်ခဲ့ကြတယ် "

" အဲ့ကတည်းက ဒီလူတွေ ထျန်းယွမ်အင်ပါယာကနေ ပျောက်သွားခဲ့ကြတာပဲ။ အခုဆို နှစ် ငါးဆယ်လောက်ကို ရှိရောပေါ့။ ငါက သူတို့တွေ တခြားဒေသတွေဆီ ရောက်သွားပြီတောင် ထင်နေခဲ့တာ။ ဒီနေ့မှာ ခုလို ပြန်ပေါ်လာမယ်လို့ တွေးတောင် မတွေးမိခဲ့ဘူး။ သူတို့တွေက ဆုမီတောင်ထဲကိုတောင် ခိုးဝင်လာနိုင်ခဲ့ကြတာပဲ "

အဘိုးအိုတစ်ယောက်က တုန်လှုပ်စွာ ရှင်းပြလိုက်သည်။

၎င်းကို ကြားသောအခါ အဖြူရောင်ဝတ်စုံနှင့် လူကြီးက ပြုံး၍ ပြော၏။

" နှစ် ငါးဆယ်လောက် ကြာသွားတာတောင် ကျုပ်တို့ ညီအကိုသုံးယောက်ကို မှတ်မိနေတဲ့သူ ရှိမယ်လို့ ထင်တောင် မထင်ထားမိဘူး။ အဲ့လိုဆိုတော့လဲ လုပ်ရကိုင်ရတာ ပိုလွယ်သွားတာပေါ့လေ။ ကဲ . အခု ထပ်ပြောမယ် ။ မင်းတို့ရဲ့ ဟင်းလင်းပြင် လက်စွပ်တွေကို ထုတ်ပေးရင် အသက်ချမ်းသာရာရမယ် ။ မပေးတဲ့သူကိုတော့ ချက်ချင်း သတ်ပစ်ရလိမ့်မယ် "

ဝီ ...

သူ့စကားဆုံးသည်နှင့် လူသတ်အရိပ်အငွေ့ ထပ်မံလွင့်ပျံလာပြန်သည်။

အားလုံး ကြောက်လန့် တုန်ယင်သွားကြ၏။

သို့သော် .. ထိုအချိန်တွင် ...

ဝုန်း ...

စွမ်းအင်အလင်းတန်းတစ်ခု လေထဲသို့ လွင့်တက်လာကာ အဖြူရောင်ဝတ်စုံနှင့် လူဆီသို့ တိုးဝင်သွားသည်။

" ဟင် .. ခုခံရဲတဲ့ကောင် ရှိသေးတယ်ပေါ့လေ "

အဖြူရောင်ဝတ်စုံနှင့် လူမှာ ခေတ္တမျှ အံ့အားသင့်နေပြီးနောက် ၎င်းကို လက်ဖြင့်ကာ၍ တားဆီးလိုက်သည်။

သို့သော် ...

ဖောက် ..

ခပ်အုပ်အုပ် အသံတစ်သံနှင့်အတူ စွမ်းအင်အလင်းတန်းက အဖြူရောင်ဝတ်စုံနှင့် လူ၏ လက်မောင်းထဲသို့ ထိုးဖောက်ဝင်သွားပြီး သွေးများ ပန်းထွက်လာ၏။

" အား ... ဘယ်သူ .. ဘယ်သူ လုပ်လိုက်တာလဲ "

အဖြုရောင် ဝတ်စုံနှင့် လူကြီး အံ့သြတုန်လှုပ်သွားသည်။

တုကျဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ကို ထိုသို့ အလွယ်တကူ ဒဏ်ရာရအောင် လုပ်လိုက်နိုင်သူက မည်သူပါနည်း။

ထိုအချိန် .. လောထျန်းက ရှေ့သို့ ဖြည်းငြင်းစွာ လျှောက်လာကာ အေးစက်စက် ပြောလိုက်သည်။

" ခင်ဗျားရဲ့ လူသတ်အရိပ်အငွေ့က နံတယ် ။ ပထမတစ်ကြိမ် ထုတ်လွှတ်တာကတော့ ထားလိုက်ပါတော့ ။ ဒီလောက် အနံ့မကောင်းတာကို ဒုတိယအကြိမ် ထပ်ပြီး ထုတ်လွှတ်ရဲတာတော့ များသွားပြီ "

ကြားလိုက်ရသည့် စကာူကြောင့် အဖြူရောင်ဝတ်စုံနှင့် လူကြီး အံ့သြမှင်သက်သွားရသည်။ တဖက်လူ သူ့ကို တိုက်ခိုက်ခဲ့ရသည့် အကြောင်းအရင်းက အနံ့မကောင်းလို့တဲ့လား .. ။

ထို့နောက်တွင်မူ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု ရုတ်ချည်း လင်းလက်လာ၏။

" ညီအကိုတို့ .. ဒီကောင်လေးက အန္တရာယ်များတဲ့ကောင်ပဲ ။ သူ့ကို သတ်လိုက်ကြစို့ "

သူက အေးစက်စက် ပြောလိုက်သည်။

" သတ်ကြမယ် "

သူ့စကားဆုံးသည်နှင့် ချက်ချင်းပင် ညီအကိုသုံးယောက်လုံး လောထျန်းဆီသို့ အတူတကွ ပြေးဝင်သွားကြ၏။

လောထျန်းက သူ့လောက်ကို မြှောက်ရန် ပြင်လိုက်သည့်အချိန်တွင် .. လောရုံက ရုတ်တရက် ပြောလာသည်။

" အကိုထျန်း ၊ ကျုပ်ကို တစ်ယောက်လောက် ပေးလို့ ရမလား "

" အကိုထျန်း ၊ ကျွန်မလဲ တစ်ယောက် လိုချင်တယ် "

နံဘေးမှ လောရှောင်ရှောင်းကလည်း လောထျန်းလက်ကို ဆွဲလျက် ပြောလာ၏။

အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွားကြကုန်သည်။

သူတို့နှစ်ယောက်က တုကျဲ့အဆင့် ကျင့်ကြံသူ များနှင့် တိုက်ခိုက်ရမည်ကို အဘယ့်ကြောင့် အဖိုးတန်ပစ္စည်းတစ်ခုလို ​လုနေကြရပါသနည်း။

၎င်းကို မြင်သောအခါ လောထျန်းက ခေါင်းအသာညိတ်၍ ပြောလိုက်သည်။

" ကောင်းပြီလေ ၊ ဒီဟာက မင်းတို့ရဲ့ တိုးတက်မှု ဘယ်လောက်ရှိတယ်ဆိုတာ စမ်းသပ်ဖို့ အခွင့်ကောင်းတစ်ခုပဲ "

" ဟုတ်ကဲ့ "

လောရုံတို့နှစ်ယောက် အလွန်ပျော်သွားကာ ပြိုင်ဘက်တစ်ယောက်စီ ရွေးလိုက်ကြပြီး ထိုလူများဆီသို့ ပျံသန်းသွားကြသည်။

ဝုန်း .. ဝုန်း ..

တစ်ချိန်တည်းမှာပင် သူတို့ကိုယ်ပိုင် စိတ်စွမ်းအင်ပင်လယ်များကိုလည်း ထုတ်လွှတ်လိုက်ကြ၏။ တစ်ယောက်မှာ ဧရာမ တောင်တစ်လုံးဖြစ်ပြီး ကျန်တစ်ယောက်မှာ ခေါင်းကိုးလုံး သားရဲတစ်ကောင်ပင် ...

" ဟင် .. "

တဖက်မှ တုကျဲ့အဆင့် လူကြီးနှစ်ယောက်မှာ ထိုစိတ်စွမ်းအင်ပင်လယ်များကို ကြည့်ကာ အံ့သြခြင်းကြီးစွာ ဖြစ်သွားကြပြီး ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။

အစောက လောထျန်းကြောင့် လက်မောင်းတစ်ဖက် ပေါက်သွားခဲ့ရသူကမူ လောထျန်းရှေ့သို့ ရောက်လာကာ လှောင်ပြုံးဖြင့် ပြော၏။

" ကောင်လေး ၊ ခုနက ငါ သတိမထားမိလိုက်လို့ မင်း ငါ့ကို အလစ်တိုက်ခိုက်လို့ ရသွားတာ ။ ဒါပေမယ့် မင်းက ငါ့ကို အသေမသတ်နိုင်ခဲ့ဘူး။ မင်းက တော်တော်တော့ တုံးတာပဲ "

" ဘာဖြစ်လို့ အဲ့လို တုံးတာလဲ ဆိုတာရော သိလား။ဘာလို့လဲဆိုတော့ အဲ့ဒါက မင်း ငါ့ကို သတ်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေး မို့လို့ပဲကွ ။ ခုချိန်ကစပြီး မင်း ငါ့ကို သတ်ဖို့ မပြောနဲ့ ၊ နည်းနည်းလေးတောင် နာကျင်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး "

သို့သော် .. သူ ထိုသို့ ပြောနေစဥ်မှာပင် ရွှေရောင်လက်ကြီးတစ်ဖက်က သူ့နောက်တွင် ပေါ်လာသည်။

" ဟင် .. "

အဖြူရောင် ဝတ်စုံနှင့်လူမှာ အံ့အားသင့်သွားပြီး မည်သို့ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ခင်မှာပင် ....

ဘုန်း ...

တစ်ချက်တည်းဖြင့် ထိုလူ မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ ကျသွားကာ နေရာတွင်ပင် သေဆုံးသွားတော့၏။

" စကားများလိုက်တာ "

လောထျန်းကမူ သူကို လှည့်ပင်မကြည့်ဘဲ လောရုံတို့ နှစ်ယောက်၏ တိုက်ပွဲကိုသာ အာရုံရောက်နေသည်။

ထိုမြင်ကွင်းကြောင့် အနီးတဝိုက်မှ လူများအားလုံး အံ့သြတုန်လှုပ်သွားကြပြန်၏။

ထိုအဖြူရောင်ဝတ်စုံနှင့် လူမှာ ရေနက်ဝိဥာဥ် သုံးယောက်ထဲမှ ခေါင်းဆောင် ဖြစ်ပါသည်။

ထျန်းယွမ်အင်ပါယာက အင်အားများစွာသုံး၍ ကြိုးစားခဲ့သည့်တိုင် သူ့ကို မသတ်နိုင်ခဲ့ပါ။

သို့သော် .. ယခု သူက တစ်ချက်တည်း အရိုက်ခံရရုံဖြင့် အလွယ်တကူ သေသွားခဲ့သည်လား ။

" အဲ့လူငယ်က ဘယ်သူလဲ "

လူတစ်ယောက်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

" သူက ... လောထျန်း ထင်တယ် "

" လောထျန်း ..  ဟို ဝူယွီမသေမျိုးနန်းတော်ကို စစ်ကြေငြာခဲ့တဲ့ လောထျန်းလား "

" ဟုတ်တယ် ၊ သူပဲ "

ငါ ဒီကိစ္စကို အစောတုန်းက ကြားခဲ့သေးတယ်ကွ။ အစကတော့ သူက လူတွေအာရုံစိုက်တာ ခံချင်လို့ ဝူယွီ မသေမျိုးနန်းတော်ကို ဒီတိုင်း တမင်စိန်ခေါ်ပြီး နာမည်ကြီးအောင် လုပ်ခဲ့တာလို့ပဲ ထင်နေတာ ။ ဒါပေမယ့် အခု .. ကြည့်ရတာ သူက တကယ်ကြီး လုပ်မယ့်ပုံပဲ "

" ဟုတ်တယ် ။ ဒီ အစွမ်းနဲ့သာဆို ဝူယွိမသေမျိုးနန်းတော်တော့ ဒုက္ခရောက်ပြီ "

" ဒါတင် မကသေးဘူး ၊ ဟို လေထဲမှာ တိုက်ခိုက်နေတဲ့ ဟိုလူငယ်နှစ်ယောက်ကလဲ သူနဲ့အတူ ပါလာတဲ့ သူ့လူတွေပဲကွ "

" အဲ့နှစ်ယောက်လုံးကလဲ ဘီလူးတွေလိုကို အစွမ်းထက်ကြတာ။ ဒီ လောထျန်းဆိုတဲ့သူက ဘယ်ကလာတာလဲ "

" သူ ဘယ်ကလာတယ် ဆိုတာ အရေးမကြီးဘူး။ သူ့ကို ဘယ်တော့မှ သွားရန်မစမိဖို့ပဲ အ​ရေးကြီးတယ် "

အားလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။

ထိုအချိန်မှာပင် ..လေထဲမှ တိုက်ပွဲအခြေအနေက ပြောင်းလဲလာ၏။

လောရုံနှင့် လောရှောင်ရှောင်းတို့ နှစ်ယောက်မှာ အလွန်ပါရမီထူးကာ အစွမ်းထက်ကြသည့်တိုင် တုကျဲ့အဆင့် ကျင့်ကြံသူ နှစ်ယောက်ထက်မူ အနည်းငယ် အစွမ်းနိမ့်နေသေးပါသည်။

သိုင်းကွက်တစ်ရာခန့် တိုက်ခိုက်ပြီးနောက်တွင်မူ သူတို့ နှစ်ဦးလုံး စတင်အရေးနိမ့်လာခဲ့သည်။

သို့သော် သူတို့၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်များကြောင့် အချိန်အတန်ငယ်ကြာ ဆက်တောင့်ခံနေနိုင်ကြဆဲပင်။

၎င်းကို မြင်သောအခါ လောထျန်းက ခေါင်းအသာညိတ်၍ ပြော၏။

" အင်း.. ကြည့်ရတာတော့ ဒီလောက်ပဲနဲ့တူတယ် "

ထိုသို့ ပြောပြီးနောက် သူ့လက်ဖြင့် နောက်ပြန် ရိုက်လိုက်သည်။

ဘုန်း .. ဘုန်း ...

ရေနက်ဝိဥာဥ် သုံးယောက်ထဲမှ ကျန်နှစ်ယောက်လုံးမှာလည်း နေရာတွင်ပင် သေဆုံးသွားကြတော့၏။

ဝှစ် ...

လောရုံနှင့် လောရှောင်ရှောင်းတို့ နှစ်ယောက်လုံး လောထျန်းရှေ့သို့ ပြန်ရောက်လာကြသည်။ သူတို့၏ မျက်နှာများက စိတ်ဓာတ်ကျနေဟန်လည်း ရှိ၏။

" အကိုထျန်း ၊ ကျုပ် တောင်းပန်ပါတယ်ဗျာ။ ကျုပ်က တကယ် အသုံးမကျတဲ့ သူတစ်ယောက်ပဲ "

လောရုံက ခေါင်းငုံ့ကာ သူ့အမှားကို ဝန်ခံလိုက်သည်။

" ဟုတ်တယ် ၊ နောက်ဆုံးတော့ အကိုထျန်းပဲ ဝင်ပါလိုက်ရတယ် "

လောရှောင်ရှောင်းကလည်း တောင်းပန်လိုဟန် မျက်နှာငယ်လေးဖြင့် ပြော၏။

လူအုပ်ကြီးမှာ ထိုမြင်ကွင်းကိုကြည့်ကာ ဆွံ့အနေကြတော့သည်။

လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်က သူတို့နှစ်ဦးကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

" ဒီ ကလေးနှစ်ယောက်က ခုမှ ကောင်းကင်ထိန်းချုပ်အဆင့်ပဲ ရှိသေးတာတောင် တုကျဲ့အဆင့်က အစွမ်းထက် လူကြီးနှစ်ယောက်နဲ့ ယှဥ်ပြီး တိုက်ခိုက်နိုင်နေကြပြီ။ ဒါတောင် သူတို့က အပြစ်ရှိသလို ခံစားပြီး တောင်းပန်ချင်နေကြတုန်းပဲ။ တခြားသူတွေရဲ့ ကလေးတွေကို ကြည့်ပါဦးကွာ .. "

သူက ထိုသို့ပြောကာ သူ့နံဘေးမှ စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်သာရှိသေးသည့် သူ့မြေးအား ကြည့်လိုက်သည်။ ထိုအကြောင်းကို တွေးနေရင်း ဒေါသက ပိုထွက်လာသဖြင့် သူ့မြေး၏ ပါးကို လက်ပြန် ဖြတ်ရိုက်လိုက်၏။

" အား ..ဘာဖြစ်လို့ ကျွန်တော့်ကို ရိုက်ရတာလဲဗျ "

သူ့မြေးက မကျေမနပ် ပြန်ပြောလာသည်။

" ငါ မင်းကို မကျေနပ်လို့ဟေ့ "

အဘိုးအိုက ပြန်အော်၏။

All Chapters