← Chapters

မိန်းကလေး ၊  မင်း လေးက ကျုပ်ရဲ့အာရုံကို ဖမ်းစားလိုက်နိုင်ပြီ

Vol. 14 Ch. 194

မိန်းကလေး ၊  မင်း လေးက ကျုပ်ရဲ့အာရုံကို ဖမ်းစားလိုက်နိုင်ပြီ

Vol. 14 Ch. 194

လောထျန်းက  လောရုံနှင့် လောရှောင်ရှောင်းတို့၏ ခေါင်းကို ငြင်ငြင်သာသာ ပုတ်ကာ ပြောသည်။

" နောက်ကျရင် ပိုပြီး ကြိုးကြိုးစားစား ကျင့်ကြံပေါ့ကွာ "

" ဟုတ်ကဲ့ပါ အကိုထျန်း "

နှစ်ယောက်လုံး သံပြိုင် ပြန်ဖြေလိုက်ကြ၏။

ထို့နောက်တွင်မူ လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကိ သုံး၍ တုကျဲ့အဆင့် လူကြီးသုံးယောက်၏ စိတ်ဝိဥာဥ် ပုလဲလုံးများကို ထုတ်ယူလိုက်သည်။

သူသည် ထိုလူများကို မတိုက်ခိုက်ခင်ကတည်းကပင် သူ့စိတ်ဝိဥာဥ်အစွမ်းဖြင့် ထိုလူများ၏ စိတ်ဝိဥာဥ်များ အဖျက်ဆီး မခံရစေရန် ယာယီ အကာကွယ် ပေးထားခဲ့၏။ ထို့ကြောင့်လည်း ထိုလူများ သေသွားသည့်တိုင် သူတို့၏ စိတ်ဝိဥာဥ် ပုလဲလုံးများကို အလွယ်တကူ ထုတ်ယူနိုင်ခြင်းပင်။

သူ့တွင် ထိုကိစ္စနဲ့ ပတ်သက်သည့် အတွေ့အကြုံ များစွာ ရှိထားသည် မဟုတ်ပါလား။

ထို့နောက်တွင်မူ သူက အဖြူရောင်ဝတ်စုံနှင့် လူကြီး လက်ထဲမှ ဟင်းလင်းပြင်လက်စွပ်များကို ယူလိုက်ပြီး လူအုပ်ထဲမှ လူငယ်တစ်ယောက်ဆီသို့ လက်စွပ်တစ်ကွင်း ပြန်ပစ်ပေးလိုက်သည်။

ထိုလူငယ်မှာ အစောက လက်စွပ်အလုခံလိုက်ရသည့် လူငယ်ပင်ဖြစ်သည်။

လူငယ်သည် လက်စွပ်ပြန်ရရချင်း အံ့သြမှင်သက်နေသေးသော်လည်း ချက်ချင်းဆိုသလို အသိပြန်ဝင်လာကာ လောထျန်းအား ဦးညွှတ်အရိုအသေပေး၏။

" ကျေးဇူးတင်ပါတယ် သခင်လေး "

သူ့လက်စွပ်ကို ပြန်ရတော့မည်မဟုတ်ဟုသာ ထင်ထားခဲ့ရာမှ ယခုကဲ့သို့ မမျှော်လင့်ဘဲ ပြန်ရလာသဖြင့် သူ အလွန်လည်း ဝမ်းသာနေသည်။

ထိုစဥ် လောထျန်းကမူ ရေနက်ဝိဥာဥ်သုံးယောက် တို့၏ ကိုယ်ပိုင် လက်စွပ်သုံးကွင်းကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။

" ချီး .. တော်တော်မွဲတဲ့ သုံးယောက်ပါလား "

ထို့နောက်တွင်မူ သူက လက်စွပ်များအား လောရုံဆီသို့ အရေးမကြီးဟန်ဖြင့် ပစ်ပေးလိုက်သည်။

" ကဲ .. သွားကြစို့ "

သူ ပြော၏။

သူ့နောက်မှ လူများအားလုံး ခေါင်းညိတ်လိုက်ကြပြီးနောက် သူတို့ လူစု ထွက်ခွာသွားကြသည်။

လောထျန်းနှင့် အပေါင်းအပါများ ထွက်သွားပြီးသည်နှင့် ကျန်နေခဲ့သော လူအုပ်ထံမှ တစ်ယောက်တပေါက် အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။

" လောထျန်းအကြောင်းကို စုံစမ်းဖို့ ဂိုဏ်းကို သတင်းပို့လိုက်စမ်း "

" အကြီးအကဲ ၊ ဒီကနေ ပြန်ထွက်ရင် လောထျန်းနဲ့ မိတ်ဆွေဖွဲ့ဖို့ အဖွဲ့ထဲက တစ်ယောက်ယောက် လွှတ်လိုက်ရမလား "

" လွှတ်ရမှာပေါ့ကွ ၊ ဒီလို လူနဲ့ မိတ်ဆွေမဖွဲ့ထားလို့ ဘယ်ဖြစ်မလဲ "

အားလုံးမှာ ကိုယ်ပိုင်အကြံအစီများနှင့်ပင် ...

ထိုစဥ် .. ဆုမီတောင်ခြေရင်းရှိ သစ်ပင်အိုကြီး တစ်ပင်၏ ဘေးတွင် အမည်းရောင် ဝတ်စုံနှင့် လူကြီးတစ်ယောက်က စစ်တုရင်ခုံကို ရှေ့ချလျက် ထိုင်နေ၏။  သို့သော် .. သူ မည်သို့သော ရွှေ့ကွက်ကိုမှ ရွှေ့မနေပါ။

သု့အနောက်တွင်မူ အဖြူရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက် ရပ်နေကာ စစ်တုရင် ခုံပေါ်မှ စစ်တုရင်အရုပ်များကို သေချာ စူးစိုက် ကြည့်နေသည်။

ထိုအချိန် .. လေထုကို ဖြိုခွင်းလာသည့် အသံတစ်သံ ထွက်ပေါ်လာပြီး အမည်းရောင် ဝတ်စုံနှင့် လူကြီးနောက်သို့ အမည်းရောင် ဝတ်စုံနှင့် လူရိပ်တစ်ခု ဆင်းသက်လာ၏။

" သခင်ကြီး "

ထိုလူရိပ်က မြေပြင်သို့ ဆင်းသက်လာသည်နှင့် ဒူးတစ်ဖက်ထောက်၍ ပြောလိုက်သည်။

အမည်းရောင်ဝတ်စုံနှင့် လူကြီးက ဖြည်းဖြည်းချင်း ခေါင်းမော့လာကာ မေး၏။

" ဘာဖြစ်လို့လဲ "

" လဲ့ကျိုးလင် သေသွားပြီဗျ "

တဖက်လူက ပြန်ပြောသည်။

" ဘာကွ .. "

အမည်းရောင်ဝတ်စုံနှင့် လူကြီး အံ့သြမှင်သက်သွားကာ နောက်လှည့်၍ အံ့သြတကြီး ဆက်မေးလိုက်သည်။

" ဘယ်သူ့ လက်ချက်လဲ "

" လောထျန်းကြောင့်ပါ "

ထိုနာမည်ကို ကြားသည်နှင့် အမည်းရောင်ဝတ်စုံနှင့် လူကြီး ချက်ချင်း မျက်မှောင်ကြုံ့သွား၏။

" ဒါတင် မကသေးဘူးဗျ ၊ ဝူယွီ မသေမျိုးနန်းတော်က ကုန်းတျန် နဲ့  ရေနက်ဝိဥာဥ် ညီအကိုသုံးယောက်လဲ သူ့လက်ချက်နဲ့ သေသွားကြပြီ "

တဖက်လူက ဆက်ပြောလိုက်သည်။

အမည်းရောင်ဝတ်စုံနှင့် လူကြီးက ခေတ္တမျှ တုန့်ဆိုင်းနေပြီးနောက် ပြန်မေး၏။

" အခု လောထျန်းက ဘယ်မှာလဲ "

" သူတို့လူအုပ်က ခုနလေးတင် ထျန်းလင်သတ္ထုတွင်းကနေ ထွက်လာကြတာဗျ။ သူတို့ သွားတဲ့လမ်းကြောင်းကို ကြည့်ပြီး ပြောရရင်တော့ .. ဗောဓိပင်ကို သွားကြတာထင်တယ် "

တဖက်လူက ပြောပြလိုက်သည်။

" ဗောဓိပင် ... "

အမည်းရောင်ဝတ်စုံနှင့် လူက ထိုစကားလုံးကို ထပ်ရေရွတ်လိုက်ပြီး အချိန်အတန်ငယ်ကြာ ငြိမ်ကာ စဥ်းစားနေ၏။ ထို့နောက်မှသာ သူ ပြောလိုက်သည်။

" ငါတို့လူတွေကို ခုချိန်ကစပြီး လောထျန်းနဲ့ ထိပ်တိုက် မတွေ့ကြဖို့ ပြောလိုက်။ သူနဲ့ တွေ့တာနဲ့ ဝေးဝေးသာနေကြ။ အနည်းဆုံးတော့ ငါတို့ အစီအစဥ် မစမချင်း တစ်ယောက်မှ ထပ်မသေသင့်ဘူး "

" ဟုတ်ကဲ့ပါ သခင်ကြီး "

တဖက်လူက အမိန့်နာခံကာ ပြန်ထွက်သွား၏။

ထိုလု ထွက်သွားပြီးနောက် အမည်းရောင်ဝတ်စုံနှင့် လူကြီး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ အဆင်အပြတ် လင်းလက်လာသည်။

" လောထျန်း ၊ မင်းက ကိုယ်တွယ်ဖို့ တော်တော်ခက်တဲ့ ကောင်ပါလား ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာက မင်းရဲ့ နောက်ဆုံး အပြုအမူပဲ ဖြစ်မှာပါ "

ထိုအချိန်တွင် သူ့နောက်မှ အဖြူရောင်ဝတ်စုံနှင့် လူငယ်က လက်သီးဆုပ်လိုက်သည်။

အမည်းရောင်ဝတ် လူကြီးက ၎င်းကို သတိထားမိသွားကာ အပြုံးဖြင့် ပြော၏။

" စိတ်မပူပါနဲ့ ၊ မင်းအဖေအတွက် လက်တုန့်ပြန်နိုင်အောင် ငါ အခွင့်အရေး ပေးပါ့မယ်။ အခု လောထျန်းကို သတ်မယ့် အစီအစဥ်ကို မင်းကိုယ်တိုင် ဦးဆောင် လိုက်မလား "

အဖြူရောင်ဝတ်စုံနှင့် လူငယ်က ဒူးထောက်၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ဆရာ "

..........

အခြား တဖက်၌ ..

ဝီ ..

လောထျန်းတို့လူစု လမ်းလျှောက်လာနေစဥ် သူတို့နှင့် မနီးမဝေးတစ်နေရာမှ တောက်ပသော အလင်းတန်းတစ်ခု လင်းလက်လာသည်ကို သတိထားမိသွားကြ၏။

" ဟင် .. အဲ့ဒါ ဘာကြီးလဲ "

လောရုံက ဘေးဘီသို့ လှည့်ပတ်၍ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

စွန်းရှို့က အလင်းတန်းအား တစ်ချက်ကြည့်ကာ မျက်လုံးများ အရောင်လက်သွားသည်။

" ဟာ .. မဖြစ်နိုင်တာ .. ကျုပ်တို့ တော်တော်ကံကောင်းတာပဲ "

" ဘာဖြစ်လို့လဲ "

ကျန်လူများမှာ ဆုမီတောင်အကြောင်း သိပ်မသိကြသဖြင့် ချက်ချင်း စွန်းရှို့ဘက်လှည့်ကြည့်လိုက်ကြသည်။

စွန်းရှို့က အသက်ပြင်းပြင်း ၃၊၄ ချက်ရှိုက်ပြီးမှသာ စိတ်လှုပ်ရှားစွာ ပြန်ပြော၏။

" အားလုံး ဗောဓိပင်အကြောင်းကို ကြားဖူးကြလား "

ပိုင်ထျန်းယွိက ခေတ္တမျှ မှင်သက်နေပြီးနောက် ရုတ်တရက် သတိရသွားဟန်ဖြင့် မေးလာသည်။

" လူတွေကို ဉာဏ်အလင်းပွင့်အောင် ကူညီပေးနိုင်တဲ့ ဗောဓိပင် ဆိုတာလား "

စွန်းရှို့က ခေါင်းညိတ်ပြသည်။

" ဟုတ်တယ်ဗျ "

လောထျန်းနှင့် ကျန်လူများကမူ သူ့ကို နားမလည်နိုင်စွာ ကြည့်နေကြ၏။

၎င်းကို မြင်သောအခါ စွန်းရှို့က ချက်ချင်း ရှင်းပြသည်။

" ဗောဓိပင်ဆိုတာ လူတွေကို ဉာဏ်အလင်းပွင့်စေတဲ့ မြင့်မြတ်တဲ့ ရှေးဟောင်းသစ်ပင်အိုကြီး တစ်ပင်ပဲဗျ။ သူများတွေ ပြောကြတာတော့ ရှေးခေတ်က ကြီးမြတ်တဲ့ လူတစ်ယောက်က အဲ့ဒီသစ်ပင်အောက်မှာ ဉာဏ်အလင်းပွင့်သွားခဲ့ပြီးတော့ အမြင့်မြတ်ဆုံး လမ်းစဥ်ကို ရသွားခဲ့တယ် တဲ့။ အဲ့လူက တစ်ကမ္ဘာလုံးကိုတောင် အုပ်ချုပ်ခဲ့တယ်လို့ ပြောကြတယ် "

လောရုံက အံ့သြတကြီး ဆိုသည်။

" အဲ့လောက်တောင်လား ..။ ဒါဆို ကျုပ်တို့လဲ ဉာဏ်အလင်းပွင့်သွားနိုင်တာပေါ့ "

ယင်ထျန်းလွေ့က ဝင်ပြော၏။

"  ဒါပေမယ့် ညိလေးစွန်း ပြောသွားတဲ့ဟာက ဒဏ္ဍာရီတစ်ခုပဲဗျ ။ တကယ်လို့ ဒီ အဖြစ်အပျက်က အမှန် ဖြစ်နေခဲ့ရင်တောင် အဲ့ခေတ်က ဗုဒ္ဓကို ဉာဏ်အလင်းပွင့်စေခဲ့တဲ့ ဗောဓိပင်ကို ခုချိန် ဘယ်မှာမှ သွားရှာလို့ မရဘူး။ အခု ဆုမီတောင်က ဗောဓိပင်က အဲ့ဒီ မြင့်မြတ်တဲ့ သစ်ပင်နဲ့ အမျိုးအစားချင်း တူပေမယ့် ဒဏ္ဍာရီကလိုတော့ အစွမ်းမထက်ဘူးပေါ့ဗျာ "

စွန်းရှို့ကလည်း ခေါင်းညိတ်သည်။

" အမှန်ပဲ  ။ ဒီ ဗောဓိပင်က ဒဏ္ဍာရီထဲကလို အစွမ်းမထက်ပေမယ့် လူတွေကို ဉာဏ်အလင်းပွင့်ဖို့ ကူညီပေးနိုင်တဲ့ အစွမ်းတော့ ရှိတုန်းပဲဗျ။ ကျုပ်ကြားဖူးတာတော့ ထျန်းယွမ်အင်ပါယာရဲ့ ဧကရာဇ်ကြီးက ဒီ ဗောဓိပင်အောက်မှာပဲ ဉာဏ်အလင်း ပွင့်သွားခဲ့တာတဲ့ ။ဗောဓိပင်ကတောင် သူ့ကို အသိအမှတ်ပြုတဲ့အနေနဲ့ သစ်ကိုင်းတစ်ကိုင်း ချပေးတယ်လို့ ​ပြောတယ် "

" အဲ့အချိန်ကစလို့ ထျန်းယွမ်အင်ပါယာ ဧကရာဇ်ကြီးရဲ့ ကျင့်ကြံခြင်းက အားလုံးကို ခုန်ပျံကျော်လွှားပြီး တိုးတက်လာခဲ့တာ။ အဲ့လိုနဲ့ နောက်ဆုံးတော့ ထျန်းယွမ်အင်ပါယာ တစ်ခုလုံးမှာ နံပါတ် ၁ ကျင့်ကြံသူတစ်ယောက် ဖြစ်လာတာပဲ "

" ဧကရာဇ်အပြင်ကို တခြား ဒီ ဗောဓိပင်အောက်မှာ ဉာဏ်အလင်းပွင့်သွားခဲ့ကြတဲ့ သူတွေလဲ အများကြီး ရှိကြသေးတယ်။ တချို့တွေက ကျင့်ကြံခြင်းအဆင့် တက်တဲ့သူတက် ၊ တချို့ကလဲ သိုင်းပညာရပ်တွေကို နားလည်တဲ့သူက နားလည်ပေါ့ဗျာ။ အတိုချုံ့ရရင်တော့ ဒီ ဗောဓိပင်က အများကြီး အကျိုးကျေးဇူးရှိတယ် "

ထိုစကားကို ကြားသောအခါ လောရုံက လောထျန်းအား ကြည့်ပြီး စိတ်မရှည်နိုင်တော့ဟန်ဖြင့် ပြောလာ၏။

" အကိုထျန်း ၊ ကျုပ်တို့လဲ အဲ့ကို သွားကြရအောင်လေ "

လောထျန်းက ခေတ္တမျှ စဥ်းစားနေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

" အင်း .. သွားကြည့်ကြတာပေါ့ကွာ "

အားလုံး ပျော်သွားကြကာ   အလင်းတန်းရှိရာသို့ ဦးတည်သွားလိုက်ကြသည်။

....

ထိုစဥ် ဗောဓိပင်အောက်၌ ..

အဖြူရောင်ဝတ်စုံနှင့် ရွှယ်လင်းလုံက ဒဏ္ဍာရီကျော် ဗောဓိပင်ကို စိတ်ဝင်တစား စူစမ်းကြည့်နေ၏။

သူမသည် အစပိုင်းတွင် ဆုမီတောင်ပေါ်သို့ တက်ရန် အစီအစဥ် မရှိသော်လည်း သူမ၏ ဒေါ်လေးဆရာက ရှားပါးသည့် အခွင့်ကောင်းဟု ပြောကာ တိုက်တွန်းသဖြင့် အဖိုးတန် အခွင့်ရေးကောင်းများ ရလိုရငြား တက်လာခဲ့ဖြင်း ဖြစ်ပါသည်။ ထို့ထက်ပို အရေးကြီးသည်မှာ လောထျန်းနှင့် တွေ့ရဖို့ပင် ..

ထိုအချိန်တွင် ..

" ငါ ဉာဏ်အလင်းပွင့်ချင်တယ် ၊ ဉာဏ်အလင်းပွင့်ချင်တယ် "

လူငယ်တစ်ယောက်က ဗောဓိပင်ဆီသို့ သွေးရူးသွေးတန်း ​အပြေးရောက်လာ၏။

သို့သော် သူ သစ်ပင်ရှေ့သို့ ရောက်သွားသည်နှင့် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထို့နောက် အသံကျယ် တစ်သံနှင့်အတူ အလင်းတန်းက လူငယ်ပေါ်သို့ ကျလာ၏။ လူငယ်မှာ မြေကြီးပေါ် လဲကျသွားတော့သည်။ သူ .. အသက်သေလား ရှင်လားပင် မသိရချေ။

" ဟင် .. "

ရွှယ်လင်းလုံတစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားတော့သည်။

" ဗောဓိပင်ဆိုတာ စိတ်ဝိဥာဥ်နဲ့ သက်ဆိုင်တဲ့ အစွမ်းတစ်ခုပဲ။ အားလုံးက ဉာဏ်အလင်းပွင့်ဖို့ အခွင့်အရေး တစ်ခါပဲ ရကြတာ။ ဒီလူကတော့ လောဘကြီးလွန်းလို့ ခုလို ဖြစ်သွားရတာပဲ။ သူက အစောက ဉာဏ်အလင်းပွင့်ဖို့ အခွင့်အရေး တစ် ကြိမ် ရထားပြီးသားမို့  ဗောဓိပင်က သူ့ကို ပြန်လွှတ်လိုက်တာ။ ဒါကို သူက လောဘကြီးပြီး နောက်တစ်ခါ ထပ်လာတော့ ဗောဓိပင်က ဒေါသထွက်သွားပြီး သူ့ကို တိုက်ခိုက်လိုက်တာပဲ "

ရွှယ်လင်းလုံနောက်မှ အသံတစ်သံ ထွက်လာသည်။

ရွှယ်လင်းလုံ နောက်လှည့်ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က သူမအား အပြုံးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထိုလူငယ်က ဦးညွှတ်၍ ပြောလိုက်သည်။

" ကျုပ်နာမည်က ယန်ဖုန်းထျန် ပါ ။ နတ်သမီးလေးနဲ့ လေ့ကျင့်ဖို့ ကျုပ် အခွင့်အရေးလေးများ ရနိုင်မလားဗျာ "

သူ့စကားလုံးများက နူးညံ့ ယဥ်ကျေးသည့်တိုင် သူ့အသံတွင်မူ မိမိကိုယ်ကို ယုံကြည်မှုအပြည့် ပါနေပြီး အမိန့်သံပေါက်နေ၏။

သူ့အသွင်မှာ ရွှယ်လင်းလုံက လုံးဝ ငြင်းဆန်လိမ့်မည်မဟုတ်ဟုသာ ယူဆထားဟန်ပင် ။

ရွှယ်လင်းလုံသည် သူ့ကို ကြည့်နေရင်း စိတ်ထဲမှ ရွံရှာသောခံစားမှုကို ခံစားသွားရ၏။ ထို့ကြောင့် သူမ ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။

" စိတ်မရှိပါနဲ့ ၊ ကျွန်မ တခြားလုပ်စရာလေးတွေ ရှိနေသေးလို့ပါ "

သူမက ထိုသို့ပြောပြီးနောက် ချက်ချင်းလှည့်ထွက်သွား၏။

ယန်ဖုန်းထျန်တစ်ယောက် အလွန်အံ့သြမှင်သက်သွားသည်။

သူ့ကို ငြင်းဆိုမည့် အမျိုးသမီးတစ်ယောက် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ဖူးပါချေ။

သို့သော် သူက ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် အပြုံးဖြင့် ပြောလိုက်သည်။

" ဟား ဟား .. ၊ မိန်းကလေး .. မင်းက လွယ်လွယ်နဲ့ မရချင်ယောင် ဆောင်နေတာပေါ့ ..ဟုတ်လား ။ သိပ်ကောင်းတယ်ကွာ ၊ မင်းလေးက ကျုပ်အာရုံကို ဖမ်းစားလိုက်နိုင်ပြီ "

All Chapters