ယုံကြည်မှုအပြည့်နှင့် ယန်ဖုန်းထျန်
Vol. 14 Ch. 195
ယန်ဖုန်းထျန်က ထိုသို့ ပြောပြီးနောက် သူ့နောက်မှ လူဘက်လှည့်ကာ ပြောလိုက်သည်။
" နောက် ဆယ့်ငါးမိနစ်အတွင်းမှာ ငါ ဒီ အမျိုးသမီးရဲ့ သတင်းအချက်အလက်တွေ အစုံသိချင်တယ် "
" ဟုတ်ကဲ့ပါ "
သု့နောက်မှ လူက ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်။
အချိန် အတန်ငယ် ကြာသးပြီးနောက်တွင်မူ ထိုလူ ပြန်ရောက်လာပြီး ယန်ဖုန်းထျန်အား သတင်းအချက်အလက် အစုံပါသည့် စာရွက်တစ်ထပ်ကို ပေးလာ၏။
၎င်းကို ဖတ်ပြီးနောက် ယန်ဖုန်းထျန်တစ်ယောက် မျက်ခုံးပင့်သွားရသည်။
" ဟား ဟား .. ငါက မင်းကိ ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်ခုက လို့တောင်ထင်နေတာ။ လက်စသတ်တော့ မင်းက ထျန်းရှန့်နိုင်ငံက ဂိုဏ်းငယ််လေးတစ်ခုရဲ့ တပည့်တစ်ယောက် ဖြစ်နေတာပဲ။ ဒါနဲ့များ ဘာဖြစ်လို့ ငါ့ရှေ့မှာ အပြစ်ကင်းပြီး သန့်စင်တဲ့ပုံစံမျိုး လာဟန်ဆောင်နေရတာလဲ "
ယန်ဖုန်းထျန်က အထင်သေးဟန်ဖြင့် ဆို၏။
" သခင်လေး ၊ ကျုပ်တို့ သူ့ကို ဖမ်းခေါ်ခဲ့ရမလား "
သူ့နောက်မှ လူက လေသံတိုးတိုးဖြင့် မေးလာသည်။
ယန်ဖုန်းထျန်က သူ့ကို စိုက်ကြည့်ကာ အေးစက်စက် ပြန်မေး၏။
" မင်းက ငါ့ကို လူဆိုးတစ်ယောက်လို့ ထင်နေတာလား "
တဖက်လူ ခေါင်းငုံ့သွားကာ မြန်မြန်ပြန်ဖြေလိုက်သည်။
" မထင်ပါဘူးဗျာ "
ယန်ဖုန်းထျန်က ဆက်ပြော၏။
" အဲ့လို နိုင်ငံငယ်လေးတစ်ခုက မိန်းမတစ်ယောက်ကို ကိုင်တွယ်ဖို့ အဲ့လောက်ကြီး လုပ်ဖို့ လိုတယ်လို့ ဘာဖြစ်လို့ ထင်ရတာလဲ "
တဖက်လူမှာ ကြောက်လွန်း၍ တစ်ကိုယ်လုံး တုန်သွားကာ ပြန်ပြောသည်။
" ကျုပ် မှားသွားပါတယ် သခင်လေး "
ယန်ဖုန်းထျန်က ထိုအချိန်မှသာ ထိုလူဆီမှ အကြည့်လွှဲလိုက်ပြီး ခပ်လှမ်းလှမ်းမှ ရွှယ်လင်းလုံကို ကြည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။
" စောင့်ကြည့်နေလိုက်ပါ ၊ ခဏနေရင် ဒီ မိန်းမ ငါ့ရှေ့မှာ ဒူးထောက်ပြီးတော့ ငါ့ကို မော်ကြည့်နေရအောင် လုပ်ပြမယ်။ ဒီကမ္ဘာကြီးမှာ ပါရမီရှင်တစိယောက်ကို သဘောမကျတဲ့ မိန်းမမျိုး တစ်ယောက်မှ မရှိဘူး။ ပြီးတော့ ငါက ထိပ်တန်း ပါရမီရှင်တစ်ယောက်လေ "
ယန်ဖုန်းထျန်သည် ယခင်ပတည်းကပင် သူ့ရုပ်ရည်နှင့် ပါရမီအစွမ်းကို ယုံကြည်မှုအပြည့် ရှိထားသူဖြစ်၏။
သို့သော် .. အစောပိုင်းက ရွှယ်လင်းလုံ၏ အေးစက်စက်ဆက်ဆံပုံကို ပြန်တွေးမိသောအချိန်တွင်မူ သူ အသက်ပင် မရှုနိုင် ဖြစ်သွားရသည်။
" ဒီမိန်းမရဲ့ ပင်ကိုယ်စရိုက်ကိုက နဂိုတကည်းက အေးစက်စက် ရှိထားလို့ လူတိုင်းကို အဲ့လို ဆက်ဆံတာနဲ့ တူပါတယ် "
ယန်ဖုန်းထျန်က သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်သည်။
သို့သော် .. ထိုအချိန်တွင် ရွှယ်လင်းလုံက တစ်စုံတစ်ခုကို မြင်သွားပြီး သူမ၏ မျက်လုံးများ ရုတ်ချည်း အရောင်လက်လာ၏။
" လောထျန်း .. "
သူမ စိတ်လှုပ်ရှားစွာ အော်ပြီး အပြေးအလွှား သွားလိုက်သည်။
" ဟင်.. "
ယန်ဖုန်းထျန်တစ်ယောက် အံ့သြမှင်သက်သွား၏။
သူမအား အေးစက်စက် အမျိုးသမီးတစ်ယောက်ဟုသာ သူ ထင်ထားခဲ့သော်လည်း ..
လက်ရှိ သူမ၏ မျက်နှာပေါ်မှ အပြုံးက ပျားရည်ကဲ့သို့ ချိုမြိန်လွန်းနေပေသည်။
ထိုတခဏတွင်ယန်ဖုန်းထျန်၏ ရင်ထဲ၌ မနာလို ဝန်တိုမှုများ ၊ ဒေါသများဖြင့် တောက်လောင်လာ၏။
ရွှယ်လင်းလုံ ပြေးသွားသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ ..
မလှမ်းမကမ်းမှ သူရှိရာဘက်သို့ ဦးတည်လာနေသည့် လူတစ်စုကို မြင်လိုက်ရသည်။
လူအုပ်အလယ်မှ လူမှာ လောထျန်းပင် ။ သို့သော် ယန်ဖုန်းထျန်ကမူ သူ့ကို မသိပါချေ။
သို့သော် ..လောထျန်းဘေးမှ စွန်းရှို့ နှင့် ယင်ထျန်းလွေ့တို့ကိုမူ သူ ကောင်းကောင်းကြီး သိထား၏။
" ဒီ နှစ်ယောက်က ... "
ယန်ဖုန်းထျန်၏ စိတ်ထဲတွင် အစီစဥ်တစ်ခုကို တွေးမိသွားကာ လောထျန်းတို့ လူစုဆီသို့ လျှောက်သွားလိုက်သည်။
တဖက်မှ ရွှယ်လင်းလုံက လောထျန်းကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေဟန်ဖြင့် ပြော၏။
" လောထျန်း ၊ ရှင့်ကို ဒီမှာတွေ့ရမယ်လို့ ထင်တောင် မထင်ထားမိဘူး "
သူမမှာ တည်ငြိမ်အောင် မိမိကိုယ်ကို အတတ်နိုင်ဆုံး ကြိုးစားထိန်းနေပါသော်လည်း စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ဖြစ်နေသည်။
လောထျန်းက သူမကို ခေါင်းညိတ်နှုတ်ဆက်ကာ ပြန်ပြော၏။
" မင်းရဲ့ ဒေါ်လေးနဲ့ အမတို့ရော ဒဏ်ရာတွေ သက်သာကြရဲ့လား "
" အခုလက်ရှိတော့ အဆင်ပြေနေကြတယ် ။ ဒါပေမယ့် မမြင်ရတဲ့ အန္တရာယ်တွေ ရှိနေသေးတာမို့ သူတို့က တောင်ပေါ်ကို တက်မလာဘဲ ကျွန်မတစ်ယောက်တည်းကိုပဲ လွှတ်လိုက်တာ "
ရွှယ်လင်းလုံက အသံတုန်တုန်ဖြင့် ရှင်းပြလိုက်သည်။
သူတို့နှစ်ဦး စကားပြောနေစဥ်တွင် လောရှောင်ရှောင်းက လောရုံ၏ အင်္ကျီလက်ကို ဆွဲကာ လေသံတိုးတိုးဖြင့် မေး၏။
" အကိုလောရုံ ၊ အဲ့ဒါ ကျွန်မတို့ရဲ့ ယောက်မ လား "
လောရုံက ခေါင်းယမ်းပြကာ ပြန်ပြောသည်။
" ငါလဲ မသိဘူးဟ "
လောရှောင်ရှောင်းက ရွှယ်လင်းလုံကို ကြည့်ကာ တီးတိုးထပ်ပြောပြန်၏။
" သူသာ ကျွန်မတို့ရဲ့ ယောက်မ ဆိုရင်တော့ အကိုထျန်းတဲ့ တန်တယ် ။ သူ့မျက်နှာကို ကြည့်လိုက်ပါဦး .. သူ့ ခါးရော .. သူ့ ခြေတံလေးတွေရော .. အကုန် ခြောက်ပြစ်ကင်းနေတာ အမြင်ကတ်ချင်စရာကြီး "
ထို့နောက် သူမကိုယ်သူမ ပြန်ငုံ့ကြည့်ပြီး ဒေါသလည်း ထွက်သွားရသည်။
ထိုအချိန်မှာပင် ..
ဝီ ...
ဗောဓိပင်အောက်မှ အလင်းတန်းတစ်ခု ထွက်လာသည့်အတွက် အားလုံး တအံ့တသြ ဝိုးခနဲ ၊ ဝါးခနဲ ဖြစ်ကုန်ကြသည်။
" တစ်ယောက်ယောက်က ဉာဏ်အလင်းပွင့်သွားတဲ့ပုံပဲ ။ ဒီလူ ကျင့်ကြံခြင်း အဆင့်တွေ အများကြီး တက်သွားတာလား "
" တစ်ယောက်ယောက်က ဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံခြင်းအဆင့် တက်သွားတာ ဒီနေ့အတွက် ဒါ ပထမဆုံး အကြိမ်ပဲ "
" အင်း ...ဗောဓိသစ်ရွက်လေး တစ်ရွက်တောင် မကြွေကျတာတော့ နှမျောစရာကြီး "
အားလုံး ပြောနေသည့် စကားများကို ကြားပြီးနောက် လောထျန်းက စိတ်ဝင်တစား မေးလာ၏။
" ဗောဓိသစ်ရွက်ဆိုတာ ဘာလဲ "
စွန်းရှို့က ရှင်းပြရန် ပြင်လိုက်စဥ်မှာပင် ..
သူတို့ထံသိူ့ တစ်လှမ်းချင်း လျှောက်လာသည့် ယန်ဖုန်းထျန်က ဝင်ပြောလိုက်သည်။
" ဗောဓိပင်ရဲ့ ဉာဏ်အလင်းပွင့်ခြင်းမှာ အဆင့်တွေ အများကြီး ရှိတယ်။ ခုနက ဖြစ်သွားသလို ဉာဏ်အလင်းပွင့်ပြီး ကျင့်ကြံခြင်းအဆင့် တက်သွားတာမျိုးက မဆိုးဘူးလို့ ပြောလို့ရပေမယ့် အဲ့ထက်မှာ တခြားအဆင့်တွေ အများကြီး ထပ်ရှိသေးတယ် "
" ဒီလို ကျင့်ကြံခြင်း အဆင့်တက်တာထက် ပိုအဆင့်မြင့်တဲ့အရာက သိုင်းပညာရဲ့ အနှစ်သာရကို ရုတ်တရက် နားလည်သွားတာပဲ။ ဥပမာ ..ဓားအနှစ်သာရ တို့ ၊ လှံအနှစ်သာရ တို့လို ဟာမျိုးတွေပေါ့ "
" အဲ့အထက်မှာ ဆိုရင်တော့ ဗောဓိပင်က သစ်ရွက်တွေ ကြွေကြတယ် ။ ဒီ ကြွေကျလာတဲ့ ဗောဓိရွက်တွေက ဉာဏ်အလင်းပွင့်ခြင်းကို အရင်အဆင့်ထက်တွေ အများကြီူ ပိုနားလည်အောင် ကူညီပေးနိုင်တယ် "
" အဲ့အထက်မှာ ကျပြန်တော့ ဗောဓိသစ်ကိုင်း ကြွေကျတာပေါ့။ ဒီသစ်ကိုင်းက ဉာဏ်အလင်းပွင့်ခြင်းကို အဆ လေး၊ငါး ဆယ်မက ပိုနားလည်အောင် လုပ်ပေးတယ် "
" အဲ့အထက်မှာဆိုရင်တော့ ဗောဓိပင်ပေါ်က ဗောဓိသစ်သီး ကြွေတာပေါ့ဗျာ ။ ဒီ သစ်သီးကို တာအိုသီး လို့လဲ ခေါ်ကြတယ်။ ဒါပေမယ့် ကျုပ် သိသလောက် ပြောရရင်တော့ ဆုမီတောင်ရဲ့ သမိုင်းတလျှောက်မှာ ဟိုးလွန်ခဲ့တဲ့ နှစ် တစ်ထောင်ကျော်လောက်က ကျုံ့ကျိုးဒေသကနေ လာခဲ့ကြတဲ့ ထိပ်တန်းအဆင့် အစွမ်းထက်တဲ့သူ နည်းနည်းလေးကပဲ ဒီ ဗောဓိသစ်သီးကို ရဖူးကြတာ။ အဲ့နောက်ပိုင်းက စလို့ ဒီ သစ်သီးကို ဘယ်သူမှ မရခဲ့ကြဘူး "
စကားဆုံးသည့် အချိန်တွင်မူ ယန်ဖုန်းထျန်သည် လူအုပ်ဘေးသို့ပင် ရောက်နေပြီး မာန်အပြည့်ဖြင့် ရပ်နေလေပြီ။
သူ့ကို မြင်သောအခါ စွန်းရှို့က ချက်ချင်း အံ့အားသင့်သွားဟန်ဖြင့် ပြော၏။
" ယန်ဖုန်းထျန် ပါလား "
ယင်ထျန်းလွေ့မှာလည်း မျက်မှောင်အနည်းငယ် ကြုံ့သွားသည်။
ယန်ဖုန်းထျန်က အပြုံးဖြင့် ပြောလိုက်သည်။
" မင်းတို့ နှစ်ယောက်နဲ့ မတွေ့ရတာတောင် ကြာပြီနော် ။ဒီလူက ဘယ်သူပါလိမ့် .. "
သူက ပြောရင်းဆိုရင်း လောထျန်းအား ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်မူ ရန်လိုစိတ်က အထင်းသား ပေါ်နေ၏။
ရွှယ်လင်းလုံ ၏ လောထျန်းအပေါ် ဆက်ဆံပုံက ပုံမှန်မဟုတ်မှန်း သူ မြင်ထားပြီး ဖြစ်သည့်အတွက် သူ မပျော်မရွှင် ဖြစ်နေသည်မှာ မဆန်းချေ။
၎င်းကို မြင်သောအခါ လောရုံက ချက်ချင်းဝင်ပြောလိုက်သည်။
" ဒါ ယဲ့ဖုန်းနိုင်ငံ ၊ ပျောင်ပိုင်မြို့က ကျုပ်ရဲ့ အကို၊ လောထျန်းပဲ "
ယန်ဖုန်းထျန်သည် ခေတ္တမျှ အံ့သြမှင်သက်နေပြီးနောက် ခွီခနဲ ရယ်ကာ ပြောလာ၏။
" ယဲ့ဖုန်း နိုင်ငံ .. ဟုတ်လား ။ ဒါဆို နိုင်ငံငယ်လေးက တောသားလေးတွေပေါ့။ အိုး .. စိတ်မရှိပါနဲ့ ညီလေး လောရယ် ၊ ကျုပ်က တဲ့တိုးပဲ ပြောတတ်တဲ့သူမို့ အမှတ်တမံ့ အမှန်တွေ ပြောမိသွားတယ် ။ စိတ်မရှိပါနဲ့ "
သူ့စကားလုံးများမှာ ယဥ်ကျေးသော်လည်း သူ့လေသံကမူ အထင်မြင် သေးသည့်ဟန် အတိုင်းသား ပေါ်နေသည်။
လောထျန်းကမူ ၎င်းကို နည်းနည်းလေးပင် ဂရုမစိုက်ပါချေ။ သို့သော် လောရုံတစ်ယောက်ကမူ မကျေမနပ် ဖြစ်သွား၏။
" ဒါနဲ့ နေစမ်းပါဦး ၊ ခင်ဗျားက ဘယ်သူလဲ "
ယန်ဖုန်းထျန်က ခပ်ပါးပါးပြုံးကာ စွန်းရှို့ကိုကြည့်၍ ပြောလိုက်သည်။
" ညီလေးစွန်း ၊ မင်းရဲ့ မိတ်ဆွေတွေကို ကျုပ်အကြောင်းလေး မိတ်ဆက်ပေးလိုက်ပါလား "
စွန်းရှို့က ချက်ချင်း မျက်နှာမှောင်သွားပြီး ပြော၏။
" သူက ထျန်းယွမ်အင်ပါက ၊ ယန် မိသားစုရဲ့ သခင်လေး ၊ ယန်ဖုန်းထျန်ပဲ ။ လျှို့ဝှက်နဂါးစာရင်းမှာ အဆင့် ၃ ရထားတဲ့သူ "
ယန်ဖုန်းထျန်က လက်ယမ်းပြကာ ဝင်ပြောလိုက်သည်။
" ဆုမီတောင် မဖွင့်ခင်က အထိတော့ ဒီ အချက်က မှန်တယ်။ ဒါပေမယ့် ကျုပ်က မကြာသေးခင်ကမှ လျှို့ဝှက်နဂါးစာရင်းရဲ့ အဆင့် ၂ ကို အတိုးခံလိုက်ရတာ။ တနည်းပြောရရင်တော့ ထျန်းယွမ်အင်ပါယာမှာ ရှိကြတဲ့ လူငယ်တွေထဲမှာ ချူစမ်းယန် တစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ကျုပ်ရဲ့ အောက်မှာပဲ။ ဘယ်သူမှ ခြွင်းချက် မရှိဘူး "
သူက ထိုသို့ပြောပြီးနောက် လောထျန်းအား မောက်မာဝင့်ကြွားစွာ ကြည့်လိုက်သည်။ ထို့နောက် ရွှယ်လင်းလုံဘက်လည်း လှည့်ကြည့်လိုက်၏။
သူ မည်သူမှန်း သိသွားပါက ရွှယ်လင်းလုံ၏ သူ့အပေါ် ဆက်ဆံပုံမှာ ရုတ်ချည်း ပြောင်းလဲသွားလိမ့်မည်ဟုသာ သူ တွေးထားခဲ့သည်။
သို့သော် .. သူ လှည့်ကြည့်လိုက်ချိန်တွင်မူ .. ရွှယ်လင်းလုံက လောထျန်းကိုသာ မျက်လုံးရွဲကြီးဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။
ယန်ဖုန်းလင်တစ်ယောက် ဒေါသထွက်လွန်း၍ တံတွေးသီးမလိုပင် ဖြစ်သွားသည်။
" ဒီ မိန်းမက ငါပြောတာကို မကြားဘူးလား မသိဘူး။ နေဦး .. ငါနဲ့ ဟိုတောသားကောင်ကြားက ကွာဟချက်က ဘယ်လိုရှိတယ်ဆိုတာကို သူ့မျက်စိနဲ့ မြင်ရအောင်ကို ပြဦးမယ် "
ယန်ဖုန်းထျန် ရင်ထဲမှ ထိုသို့ တွေးလိုက်သည်။ ထို့နောက် လောထျန်းကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်၏။
" ညီလေးလောကရော ဗောဓိပင်အတွက် လာခဲ့တာလား "
လောထျန်းက သူ့ကို တစ်ချက်လှည့်ကြည့်ကာ ခေါင်းအသာ ညိတ်ပြသည်။
ယန်ဖုန်းထျန်က အပြုံးဖြင့် ဆက်ပြော၏။
" ကောင်းတာပေါ့ဗျာ ။ ယဲ့ဖုန်းနိုင်ငံမှာဆို တစ်သက်လုံး နေလို့တောင် ဒီလို အခွင့်ကောင်းမျိုးနဲ့ တစ်ခါကြုံရမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျုပ် ညီလေးလောကို သတိပေးချင်တာ တစ်ခုတော့ ရှိတယ်။ ဒီ ဗောဓိပင်အောက်မှာ ဘယ်လောက် ဉာဏ်အလင်းပွင့်နိုင်မလဲ ဆိုတာက ကိုယ့်ရဲ့ ပါရမီအပေါ်မှာ မူတည်တယ်ကွ။ တကယ်လို့ ညီလေးလော ကသာ အမှိုက် ဖြစ်နေခဲ့ရင် ဘယ်လောက်ပဲကြိုးစား ကြိုးစား ၊ အလကားပဲ "
ထိုစဥ် လောရှောင်းရှောင်းမှာ ဆက်နားမထောင်နိုင်တော့သဖြင့် ထေ့ငေါ့၍ မေးလိုက်သည်။
" ဒါဆို ရှင်က ပါရမီရှင်တစ်ယောက်ပေါ့ "
ယန်ဖုန်းထျန်က ချက်ချင်း ထရယ်ကာ ပြော၏။
" ဒါပေါ့ ၊ ကျုပ် ပြောတာ မယုံရင် စောင့်ကြည့်လိုက်ပါ "
သူက ထိုသို့ ပြောပြီးသည်နှင့် ဗောဓိပင်ဆီသို့ ပျံသန်းသွားလိုက်သည်။