ကြောက်မက်ဖွယ် ပမာဏရှိသည့် ထျန်းလင် သတ္ထုရိုင်းများ
Vol. 14 Ch. 189
" ဟင် .. "
သူတို့အားလုံး အံ့သြမှင်သက်သွားကြသည်။
လောထျန်းက အမှန်တကယ် မသွားဘူးတဲ့လား။
" အကိုလောထျန်း ၊ ဘာဖြစ်လို့လဲဗျ '
ပိုင်ထျန်းယွိက တအံ့တသြ မေးလိုက်သည်။
" ထျန်းလင် သတ္ထုရိုင်းကြောင့်မို့လို့ "
လောထျန်းက ပြန်ဖြေ၏။
ပိုင်ထျန်းယွိတစ်ယောက် ပိုနားမလည်နိုင် ဖြစ်သွားရကာ မျက်မှောင်ကြုံ့သွားသည်။
" အကိုလောထျန်း ၊ ထျန်းလင်သတ္ထုရိုင်းကြောင့် ပိုတောင် သွားသင့်သေးတာ မဟုတ်ဘူးလားဗျ ။ အဲ့နားလေးက သတ္ထုတွင်းတွေက ဒီနားကဟာထက် အများကြီး ပိုကောင်းတာလေ "
လောထျန်းက ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။
" အဲ့လို ဘယ်သူက ပြောတာလဲ ။ ဒီနားလေးက ထျန်းလင် သတ္ထုရိုင်း တွေက ဟိုနားမှာထက် အများကြီး ပိုပေါတာကို "
လင်ကျိုးရန်က မယုံနိုင်ယန်ဖြင့် ထပ်ပြောလာ၏။
" အကိုလောထျန်း ၊ ကျုပ်ကို နောက်မနေပါနဲ့ဗျာ ။ ဒီနားကိုလဲ ကြည့်ပါဦး ။ ရှိသမျှ အကုန်ပြောင်လုနီးပါးတောင် ဖြစ်နေတာကို ။ ဘယ်မှာလဲ ထျန်းလင်သတ္ထုရိုင်း "
လောထျန်းက သူ့ကို ကြည့်ကာ ပြန်ပြောလိုက်သည်။
" မင်းခြေထောက်အောက်က နေရာကို အနက်သုံးပေ ရောက်တဲ့အထိ တူးလိုက် "
လင်ကျိုးရန်မှာ ခဏတာမျှ အံ့သြမှင်သက်နေသေးသော်လည်း လောထျန်း ညွှန်ကြားသည့်အတိုင်း လိုက်နာပြီး ဓားထုတ်၍ အနက်သုံးပေအထိ ရောက်အောင် တူးလိုက်သည်။
ဒေါက် .
သုံးပေ ရောက်သည့်အချိန်တွင်မူ သူ့လက်ထဲမှ ဓားက မြေကြီးထဲမှ တစ်စုံတစ်ခုနှင့် ထိမိသွားသည့်အသံ ထွက်လာသည်။
ထို့နောက်တွင်မူ လက်သီးလုံး အရွယ်ရှိသည့် အဖြူရောင် ထျန်းလင်သတ္ထုရိုင်းတစ်ခု သူ့လက်ထဲတွင် ပေါ်လာတော့၏။
" ဟင် .. ဒါ .. "
လင်ကျိုးရန်တစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားတော့သည်။
အစောပိုင်းက သတ္ထုတွင်း၌ သူတို့ တူး၍ ရခဲ့သည့် အကြီးဆုံး ထျန်းလင်သတ္ထုရိုင်းသည်ပင် ချယ်ရီသီး တစ်လုံးအရွယ်မျှသာ ရှိပေသည်။
သို့သော် .. ယခု လောထျန်း ခိုင်းသည့်အတိုင်း လိုက်တူးလိုက်ရုံဖြင့် ဤမျှ အရွယ်ရှိသည့် သတ္ထုရိုင်းကို ရခဲ့သည်တဲ့လား ။
" ဘုရားရေ .. ဒီ ထျန်းလင် သတ္ထုရိုင်းကိုသာ ရောင်းလိုက်ရင် ရလာတဲ့ ပိုက်ဆံနဲ့ အဆင့်ငါး မှော်လက်နက်တစ်ခုတောင် ဝယ်လို့ရတယ် "
ထိုမြင်ကွင်းကို စိုက်ကြည့်နေသည့် စွန်းရှို့ထံမှ အသံထွက်လာ၏။
အားလုံး၏ အကြည့်က ချက်ချင်းပင် လောထျန်းဆီသိူ့ ရောက်သွားကြသည်။
" အကိုလောထျန်း ၊ အဲ့နားမှာ ထျန်းလင်သတ္ထုရိုင်း ရှိတာ ဘယ်လိုကြိုသိနေတာလဲဗျ "
အားလုံးက မေးလိုက်ကြသည်။
လောထျန်းက ပြန်ပြော၏။
" အဲ့ဒါက ရိုးရိုးလေးပါ။ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး စစ်ဆေးကြည့်လိုက်ရုံပဲ "
" စိတ်ဝိဥာဥ်အစွမ်း ... "
ယင်ထျန်းလွေ့ အံ့အားသင့်သွားသည်။
" ဒါပေမယ့် .. ကျုပ် ကြားတာတော့ ထျန်းလင် သတ္ထုတွင်းထဲမှာ စိတ်ဝိဥာဥ်အစွမ်းကို ဖိနှိပ်ထားတဲ့ ကန့်သတ်ချက်တစ်ခု ရှိနေတာမို့ စိတ်ဝိဥာဥ်အစွမ်းကိူ လုံးဝ သုံးလို့ မရဘူးတဲ့ "
သူ စကားဆက်လိုက်သည်။
စွန်းရှို့ကလည်း ခေါင်းညိတ်ပြ၏။ ထျန်းယွမ်အင်ပါယာတွင် နေထိုင်သည့် လူတစ်ယောက်အနေဖြင့် သူသည်လည်း ထိုအကြောင်းကို ကြားဖူးထားပါသည်။
ယခင်က စိတ်ဝိဥာဥ် သခင်ကြီး အများစုသည် သူတို့၏ စိတ်ဝိဥာဥ်အစွမ်းကို အားကိုအားထားပြု၍ ထျန်းလင်သတ္ထုတွင်း၌ သတ္ထုရိုင်းများကို ရှာဖွေတူးဖော်ရန် ဆုမီတောင်သို့လာခဲ့ကြသည်ဟု ဆို၏။
သို့သော် အထဲသို့ ရောက်သောအချိန်မှသာ သူတို့၏ စိတ်ဝိဥာဥ်အစွမ်းအား လုံးဝ ထုတ်လွှတ်၍ မရသည်ကို သိခဲ့ရသည်ဟု ဆိုကြသည်။
ထိုအချိန်က ထျန်းယွန်အင်ပါယာမှ ထိပ်သီးအဆင့် စိတ်ဝိဥာဥ် သခင်ကြီး တစ်ယောက်သည်ပင် ထျန်းလင်သတ္ထုတွင်း အတွင်း၌ သူ့စိတ်ဝိဥာဥ်အစွမ်းအား ခန္ဓာကိုယ် အပြင်ဘက် သုံးလက်မခန့် အကွာအဝေးအထိသာ စစ်ဆေးကြည့်နိုင်သည်ဟု ကြားဖူးသေး၏။
ထိုအကွာအဝေးမှာ သတ္ထုတူးရာတွင် အကူအညီ ဖြစ်နိုင်မည့် အကွာအဝေး မဟုတ်ပါချေ။
ထိုအချိန်မှစ၍ ထိုသခင်ကြီးက ထျန်းလင်သတ္ထုတွင်း အတွင်း၌ စိတ်ဝိဥာဥ်အစွမ်းကို သုံး၍မရကြောင်း ကြေငြာမောင်း ခတ်ခဲ့သည်ဟုလည်း ဆိုပေသည်။
ထို့နောက်တွင်မူ ၎င်းမှာ အားလုံးက သိထားပြီး တကူးတက ပြောပြနေစရာ မလိုသည့် အချက်တစ်ခု ဖြစ်လာခဲ့တော့၏။
ထို့ကြောင့်လည်း လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကို သုံးခဲ့သည်ဟု ပြောသည့်အချိန်၌ အားလုံး အံ့သြမှင်သက်သွားကြခြင်း ဖြစ်သည်။
အားလုံးထံမှ အကြောင်းအရင်းကို နားထောင်ပြီးသွားသည့် အချိန်တွင်မူ လောထျန်းသည်လည်း အံ့သြမှင်သက်သွား၏။
သူ ချက်ချင်းပင် မျက်လုံးမှိတ်ကာ သေချာ ဆန်းစစ်ကြည့်လိုက်သည်။
ဆယ်စက္ကန့်မျှ ကြာပြီးနောက်တွင်မူ သူ့မျက်လုံးများ ပြန်ပွင့်လာပြီး အံ့သြတကြီး ပြော၏။
" ဒီအစွမ်းက စိတ်ဝိဥာဥ်အစွမ်းကို မသုံးနိုင်အောင် တကယ်ကြီး ဖိနှိပ်ထားနိုင်တာလား .. ။ ဒါပေမယ့် .. အဲ့အစွမ်းက ဘာမှ မဆိုစလောက်လေးပဲလေ ။ မင်းတို့သာ မပြောရင် ကျုပ် သတိထားမိမှာတောင် မဟုတ်ဘူး "
အားလုံးမှာ မည်သို့မှ မပြောနိုင်ဘဲ ဆွံ့အသွားကြသည်။
ထျန်းယွမ်အင်ပါယာမှ နံပါတ် ၁ စိတ်ဝိဥာဥ် သခင်ကြီးပင် ဖိနှိပ်ခံခဲ့ရသည့် အစွမ်းကို ..
လောထျန်းက သတိမထားမိဘူးတဲ့လား .. ။
၎င်းက လူတစ်ယောက်က ပြောခဲ့သည့် လူစကားပင် ဟုတ်ပါသေးရဲ့လား ။
သို့သော် .. ယခု လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကို အသုံးပြုနိုင်သည်ဖြစ်ရာ ထိုအဓိပ္ပါယ်ကို သူတို့အားလုံး နားလည်ကြပေသည်။
" အကိုထျန်း ၊ သတ္ထုရိုင်းတွေက ဘယ်မှာလဲဗျ "
ထိုစဥ် .. လောရုံက စိတ်လှုပ်ရှားစွာဖြင့် ပထမဆုံး မေးလာ၏။
" ကဲ ၊ ငါ ခိုင်းတဲ့အတိုင်း လိုက်လုပ် ။ ဘယ်ဘက်ကို ဆယ်ပေတိတိ လျှောက်သွားပြီးတော့ အောက်ကို ခြောက်ပေအထိ ရောက်အောင် တူးလိုက် "
" ဟန်ဝမ်ကျိုးက ၂၅ ပေ နောက်ပြန်ဆုတ် ၊ ပြီးရင် အနက် ၇ ပေ ရောက်တဲ့အထိ တူး "
" လင်ကျိုးရန် ... "
" ယင်ထျန်းလွေ့ .. "
လောထျန်းက နေရာတွင်ပင် မတ်မတ်ရပ်၍ အားလုံးကို အမိန့်ပေး ညွှန်ကြားလိုက်သည်။
သူ့စိတ်ဝိဥာဥ်အစွမ်းမှာ သန့်စင်လွန်းလှသဖြင့် တစ်ချက် ကြည့်ရုံဖြင့်ပင် မြေအောက်မှ စိတ်စွမ်းအင် သတ္ထုရိုင်းများကို အတိုင်းးသား မြင်နေရ၏။ ဤ ထျန်းလင်သတ္ထုတွင်းမှာ အလွန်အံ့သြစရာ ကောင်းလှပေသည် ။
ဤသို့ဖြင့် နာရီဝက် မပြည့်ခင်မှာပင် သူ့ရှေ့၌ ထျန်းလင်သတ္ထုရိုင်းများ တောင်လို ပုံလာခဲ့တော့သည်။
လောထျန်းရှေ့မှ သတ္ထုရိုင်းပုံကြီးကို ကြည့်ကာ အနီးနားတဝိုက်တွင် ရှိနေသူများအားလုံးမှာ သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်ဘဲ ဖြစ်နေကြ၏။
အထူးသဖြင့် ယင်ထျန်းလွေ့တစ်ယောက်ပင် .. ။ သူက သတ္ထုရိုင်းပုံကြီးကို အထက်အောက် စုံချည်ဆန်ချည် ကြည့်ကာ တီးတိုးရေရွတ်၏။
" ဒီ ထျန်းလင်သတ္ထုရိုင်းတွေက အနည်းဆုံး ပေါင် ၃ ထောင်လောက် ရှိနိုင်တယ် မဟုတ်လား ။ ငါ မှတ်မိတဲ့ တစ်ခါတုန်းကဆို .. စန်းလန်ဂိုဏ်းက တပည့် အယောက် ၁၀၀ လုံးကို တူးခိုင်းတာတောင် အားလုံးပေါင်း ပေါင် ၁၀၀ ကျော်ပဲ ရခဲ့တာ "
ထျန်းယွမ်အင်ပါယာမှ ထိပ်သီးအဆင့် အဖွဲ့တစ်ခုအနေဖြင့် ဆုမီတောင်သို့ ဝင်ခွင့်ရသည့် လူဦးရေမှာ ထျန်းရှန့်နိုင်ငံနှင့် ယှဥ်၍ မရပါချေ။
စွန်းရှို့ကလည်း အားရပါးရပြုံး၍ ပြော၏။
" ကျုပ်တို့တွေ အချီကြီးကို ထောသွားပြီဗျာ။ ဒီ ဘယ်သူမှ ဂရုမစိုက်ကြတဲ့ တွင်းဟောင်းတစ်ခုထဲမှာ ရတနာတွေ ဒီလောက်များနေလိမ့်မယ်လို့ ကျုပ် တစ်ခါမှတောင် မတွေးခဲ့ဖူးဘူး။ ဒါတွေအားလုံးကို ပေါင်းလိုက်ရင် ပေါင် ၃ ထောင် ကျော်တယ် ။ သခင်လေူ လောထျန်း ပြောခဲ့တဲ့ ဒီမှာက ဟိုဘက်မှာထက် ထျန်းလင်သတ္ထုရိုင်းတွေ ပိုများတယ် ဆိုတာကို ခုမှပဲ သဘောပေါက်တော့တယ် "
ထို့နောက်တွင်မူ အားလုံးက လောထျန်းအား အထင်ကြီးလေးစားစွာ ကြည့်လိုက်ကြသည်။
သို့သော် .. ထိုအချိန်တွင် လောထျန်းက ပုခုံးတွန့်၍ ပြောလာ၏။
" ကဲ .. အခု စပြီး တူးလိုက်ကြစို့ "
ကျန်လူများအားလုံး : " .... "
လောရုံက ပထမဆုံး မေးလိုက်သည်။
" အကိုထျန်း ၊ အဲ့ဒါ ဘာအဓိပ္ပါယ်လဲဗျ ။ အခုမှ စပြီး တူးမှာဆိုတော့ .. ခုနက လုပ်ခဲ့တာကရော "
အခြားသူများကလည်း သူ့စကားကို ခေါင်းညိတ်ထောက်ခံပြီး လောထျန်းအား နားမလည်နိုင်စွာ ကြည့်လိုက်ကြ၏။
လောထျန်းက အားလုံးကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
" ခုနကလား .. ၊ အကပ်အသပ်တွေကို ရှင်းတာလေ "
" အကပ်အသပ် ... "
အားလုံး ဆွံ့အသွားကြပြန်၏။
တောင်လိုပုံနေသည့် အရာများက အကပ်အသပ်တဲ့လား ...
" သခင်လေး လောထျန်းက ဒါတွေကို အကပ်အသပ်လို့ ပြောတာဆိုတော့ .. ကျုပ်တို့ လုပ်ခဲ့တာတွေက ... "
စွန်းရှို့က ပြောလိုက်သည်။
လောထျန်းက ပြန်ပြော၏။
" ခြင်တစ်ကောင်ရဲ့ ခြေထောက်ဆိုရင်တောင် အသားက အသားပဲလေ ။ ဆိုတော့ ဒီဟာတွေကို အရင်မထုတ်လိုက်မိမှာ ကျုပ်က နှမျောလို့ပါ ။ ကဲ .. အားလုံးရဲ့ တာဝန် ပြီးသွားပြီဆိုတော့ ကျန်တဲ့ ကိစ္စကို ကျုပ်ပဲ လုပ်လိုက်မယ် "
လောထျန်းက ထိုသို့ပြောပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုး၍ လက်တစ်ဖက် ဆန့်ထုတ်လိုက်သည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်း ပေါ်လာ၏။
၎င်းကို မြင်သောအခါ အားလုံး နောက်သို့ အလိုလို ဆုတ်လိုက်ကြသည်။
တဖက်ရှိ လောထျန်းလက်ထဲမှ ဓားမှာ ရုတ်တရက် အရောင်တလက်လက် တောက်လာပြီးနောက် မြေကြီးထဲသို့ ထိုးဝင်သွား၏။
ထို့နောက်တွင်မူ ၎င်းက လိုချင်သည့် အနက်သို့ ရောက်သွားဟန်ဖြင့် တစ်စုံတစ်ခုကို ကလော်ထုတ်လိုက်သည်။
ဝုန်း ..
မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး လောထျန်းရှေ့တွင် နက်ရှိုင်းသော ချောက်ကြီးတစ်ခု ပေါ်လာ၏။
အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
မြေကြီးကို ဓားတစ်လက်ဖြင့် ချောက်ကြီးတစ်ခုဖြစ်အောင် ထိုးခွဲလိုက်သည်တဲ့လား ..
ထိုနည်းလမ်းမှာ ဆိုးရွားလွန်းလှပေသည်။
ထိုအချိန်တွင် လောထျန်းက လောရုံနှင့် ယင်ထျန်းလွေ့တို့ကို ကြည့်ကာ ပြောလာ၏။
" မင်းတို့ နှစ်ယောက်က ပျံနိုင်တယ်ဆိုတော့ အောက်ကိုဆင်းပြီး သွားကြည့်ကြပါလား "
ထိုနှစ်ယောက်က ကြောင်အအ ခေါင်းညိတ်ပြကာ ချောက်ထဲသို့ ဆင်းသွားလိုက်ကြသည်။ ကျန်လူများကမူ ချောက်ကမ်းပါးအပေါ်မှ စိတ်မလှုပ်ရှားစွာ စောင့်ဆိုင်းလျက် ကျန်နေခဲ့ကြ၏။
အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ သူတို့နှစ်ဦး ဖြည်းဖြည်းချင်း ပျံသန်းကာ အပေါ်တက်လာကြသည်။
" အကိုယင် ၊ အောက်မှာ အခြေအနေ ဘယ်လိုရှိလဲဗျ ။ ပေါင် တစ်သောင်းလောက် ရှိမလား "
စွန်းရှို့က မေးလိုက်သည်။
ယင်ထျန်းလွေ့က ခေါင်းယမ်းပြ၏။
" ဟင် .. အဲ့လောက် မရှိဘူးလား ။ ဒါဆို အနည်းဆုံး ပေါင် ၈ ထောင်လောက်တော့ ရှိမှာပေါ့ "
စွန်းရှို့က အနည်းငယ် စိတ်ပျက်သွားယန်ဖြင့် ဆက်မေးသည်။
သို့သော် ယင်ထျန်းလွေ့က ခေါင်းသာ ဆက်ယမ်းပြ၏။
စွန်းရှို့ မျက်မှောင်ကြုံ့သွားပြီး ပြောလိုက်သည်။
" ဒါဆို ... ထျန်းလင်သတ္ထုရိုင်းတွေ ပေါင် ၅ ထောင်ပဲ ရှိတယ်ဆိုတဲ့ သဘောလား "
ထိုအချိန်မှသာ ယင်ထျန်းလွေ့က တံတွေးမျိုချပီး ပြန်ဖြေသည်။
" အနည်းဆုံး ပေါင် တစ်သိန်းလောက် ရှိတယ် "
" ဘယ်လို .. "
အနီးတွင် ရှိနေကြသည့် လူများအားလုံးထံမှ အထိတ်တလန့် ရေရွတ်သံများ ထွက်ပေါ်လာကြ၏။
ထျန်းလင်သတ္ထုရိုင်း အနည်းဆုံး ပေါင် တစ်သိန်းတဲ့လား ...
နောက်နေသည်များလား ။
" အကိုယင် .. နောက်နေတာတော့ မဟုတ်ဘူးမလား "
စွန်းရှို့က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
ဤမျှ များပြားသော ထျန်းလင်သတ္ထုရိုင်းများကိုသာ ရောင်းချလိုက်ပါက ရလာမည့် ပိုက်ဆံမှာ မိုးသို့ပင် ထိုးနေပေလိမ့်မည်။
" ဘာဖြစ်လို့ ဒီမှာ ဆက်ရပ်နေကြသေးတာလဲ ။ အောက်ဆင်းပြီး သွားတူးကြလေ "
ထိုစဥ် နံဘေးမှ လောထျန်းက ဆော်သြလိုက်၏။
" ကဲ .. ကျုပ် သွားပြီဗျာ "
လောရုံက ထိုသို့ ပြောကာ ချောက်နက်ကြီးထဲသို့ ဒိုင်ဗင်ထိုး ဆင်းသွားလိုက်သည်။
ဤသို့ဖြင့် မကြာမီ အချိန်မှာပင် မြေကြီးပေါ်မှ ထျန်းလင် သတ္ထုရိုင်းများ များသည်ထက် များလာပြီး တောင်ငယ်လေးများ များစွာအဖြစ် ပုံလာ၏။
တစ်ချိန်တည်းမှာပင် သူတို့နှင့် ခပ်ဝေးဝေး လူအုပ်အတွင်းမှ လူငယ်တစ်ယောက်က လောထျန်းတို့ လူစုဆီသို့ မျက်နှာမသာမယာဖြင့် လျှောက်လာသည်။
" ဟမ့် .. ငါ့အကိုတွေက တကယ်ကို မကောင်းကြတာပဲ။ ဒီ ထျန်းရှန့်နိုင်ငံက ဘာမှ သုံးစားမရတဲ့ ကောင်တွေကို လာကြည့်ဖို့ ငါ့ကို အတင်းလွှတ်လိုက်ကြတယ်။ ဒီကောင်တွေက အဲ့ဒီ အိုဟောင်းနေတဲ့ စွန့်ပစ် သတ္ထုတွင်းထဲမှာ စိတ်စွမ်းအင် သတ္ထုရိုင်း ဘယ်လောက်များ တူးနိုင်ကြမှာ မို့လို့လဲ။ သူတို့ကို လာစစ်ဆေးမယ့် အချိန်ကိုသာ ထျန်းလင်သတ္ထုရိုင်းတွေ တူးနေလိုက်ရင် နောက် ၂ ၊ ၃ ရက်လောက်ဆို အများကြီး ပိုရသွားမှာ "
လူငယ်က ထိုသို့ ပြောနေရင်း တောင်တဖက်ခြမ်းမှနေ၍ လောထျန်းတို့ ရှိရာဆီ လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင်မူ .. သူ အံ့သြမှင်သက်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။