ပြန်လည်နိုးထလာခြင်း
Vol. 2 Ch. 100
ဆားဗီးရပ်က အမှောင်ထုထဲကို မျက်စိမှေးပြီးတော့ ကြည့်နေပါတယ်။ နက်ဆန်ကလည်းပဲ အလားတူပဲ အသစ်ရောက်လာတဲ့သူကို အကဲခတ်လိုက်ပါတယ်။ အဲဒီလူက သဲသောင်ပြင်ပေါ်မှာ အိန္ဒြေရရ လမ်းလျှောက် နေပြီးတော့ လူကြီးလူကောင်းတစ်ယောက်လိုမျိုး ဦးထုပ်ဝိုင်းကို ဝတ်ဆင်ထားကာ အနောက်တိုင်းဝတ်စုံကို စနစ်တကျဝတ်ထားတယ်။ လည်ပင်းမှာတော့ အနက်ရောင် ဖဲကြိုးက ရှိနေပါသေးတယ်။
လက်ထဲမှာတော့ လမ်းလျှောက်တုတ်ကိုကိုင်ထားပြီး သူ့နောက်မှာ ခေါင်းပြတ်ကြီးကို လက်ထဲပိုက်ထားတဲ့ ဒူလာဟမ်တစ္ဆေကြီးက လိုက်လို့။ အဲဒီလူက နက်ဆန်ကို အထင်သေးနေတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်။
“ထပ်တွေ့ကြပြန်ပြီနော်၊ မင်းသားလေး။ အရင်လိုပဲ အားနည်းနေတုန်းပါလား။”
“ရော့ဝဲလ်...”
အားနည်းနေဆဲပဲလို့ အပြောခံလိုက်ရတဲ့အတွက် နက်ဆန်က နှုတ်ခမ်းကို ဖိကိုက်ထားလိုက်တယ်။ သူဝန်မခံချင်ပေမဲ့ အဖြစ်မှန်ကိုတော့ လက်မခံလို့မရပါဘူး။ ငါဟာ အားနည်းလွန်းတယ်။ အားနည်းလွန်းတဲ့အတွက်ကြောင့် သူ့အနားကလူတွေကို မကာကွယ်နိုင်ခဲ့ပါဘူး။ အခုလိုဖြစ်တာ ဒါနဲ့ဆိုရင် ဒုတိယအကြိမ်ပါပဲ။
“ဟေး... အဖိုးကြီး၊ လူကြီးလူကောင်းတစ်ယောက်လို ဝတ်ထားပေမဲ့ အလစ်တိုက်တာမျိုးလုပ်တာက လူကြီးလူကောင်း မဆန်ဘူးနော်။”
ဆားဗီးရပ်က သူ့ဓားကိုဝေ့ယမ်းလိုက်တယ်။ ဓားအလင်းက ရော့ဝဲလ်ဆီတိုးဝင်သွားပေမဲ့ ဒူလာဟမ်က ရှေ့တက်လာပြီး သူ့ဓားနဲ့ ဓားအလင်းကို ချေဖျက်ပစ်လိုက်တယ်။
“သူတော်စင်ဆားဗီးရပ်၊ ကျုပ်နဲ့မင်းသားလေးကြားမှာ ရှင်းစရာနည်းနည်းရှိတယ်။ အမှောင်ကျောင်းတော်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမလို့ ထွက်သွားပေးလို့ရမလား။”
ရော့ဝဲလ်က ပြုံးထားတယ်။ ဒါပေမဲ့ အဲဒီပြုံးထားတဲ့ မျက်နှာကိုယ်က သိပ်ကိုကြောက်ဖို့ကောင်းနေပါတယ်။ ဆားဗီးရပ်ကတော့ မကျေနပ်တဲ့ပုံစံနဲ့ သဲသောင်ပြင်ပေါ် တံထွေးထွေးချရင်း နက်ဆန်ကိုဓားနဲ့ရွယ်လိုက်တယ်။
“ဒီကောင်က ကျုပ်တို့ဘုရားကျောင်းထဲကို ခိုးဝင်ပြီး ရဟန်းမင်းကြီးကို တိုက်ခိုက်ခဲ့တယ်။ ဒီတော့ ကျုပ်တို့ နှစ်ယောက်ကြားမှာလည်း ရှင်းစရာကိစ္စနည်းနည်း ရှိနေတယ်။ ရိုမြူလက်ဘုရားကျောင်းနဲ့ကျုပ်ကို မျက်နှာသာ ပေးတဲ့အနေနဲ့ ကျုပ်ကိစ္စပြီးမှ ခင်ဗျားကိစ္စကို ရှင်းလို့ရမလား။”
ဒီစကားကြောင့် ရော့ဝဲလ်က သွားပေါ်အောင်ပြုံးလိုက်တယ်။ ‘ခစ်..’ ခနဲတောင် ရယ်သံတစ်ချက်ထွက်သွားသေးတယ်။ အဲဒီနောက်တော့ ပါးစပ်ကိုအကျယ်ကြီးဟ ခေါင်းကိုမော့ပြီး အားရပါးရရယ်တော့တာပဲ။
“ဟားဟားဟား...”
နောက်တော့ သူ့မျက်နှာက ပြန်တည်သွားတယ်။ “ ခွေးကောင်၊ မင်းက ဘာမလို့ ငါက မင်းကို မျက်နှာသာ ပေးရမှာလဲ။”
ရွှမ်း...
ဒူလာဟမ်က ဓားကိုဝေ့ယမ်းပြီး ဆားဗီးရပ်ကို တိုက်ရိုက် ဝင်တိုက်တယ်။ ဆားဗီးရပ်က သူ့ဓားနဲ့ခံဆောင်လိုက်ပေမဲ့ ဒူလာဟမ်က ပိုအားသန်နေပြီးတော့ သူ့ဒူးညွှတ်ကျသွားကာ ခြေဖျားက သဲသောင်ပြင်ထဲကို လက်မအနည်းငယ်လောက် နစ်ဝင်သွားတယ်။
“သေစမ်း...” ဆားဗီးရပ် မျက်လုံးပြူးသွားတယ်။ ဒီလောက် ခွန်အားကြီးမားတဲ့ ရန်သူမျိုးကို သူမမြင်ဖူးသေးဘူး။ ဒါပေမဲ့ သူသိပ်ပြီးတော့ အံ့ဩချိန်မရလိုက်ပါဘူး။.ဝတ်ရုံနက် အမျိုးသမီးက သူ့နောက်မှာရောက်နေပြီဖြစ်ပြီးတော့ ဝတ်ရုံထဲကနေ သံကြိုးတပ်တံစဥ်နှစ်လက်ကိုကိုင်ကာ သူ့ကို တိုက်ခိုက်လိုက်တယ်။
“အား....” ဆားဗီးရပ်ရဲ့ပခုံးကနေ သွေးတွေပန်းထွက် လာခဲ့ပါပြီ။ ဒူလာဟမ်ကို ဆက်ပြီးခုခံနေဖို့ မဖြစ်နိုင်တဲ့ အတွက်ကြောင့် သူက နောက်ကိုဆုတ်ပေးလိုက်ရတယ်။ ဒူလာဟမ်ရဲ့ဓားကြီးကတော့ သဲသောင်ပြင်ပေါ်ကို လျောကျ သွားပြီးတော့ ‘ဘုန်း'ခနဲ့သံကြီးနဲ့အတူ သဲမှုန်တွေက လေပေါ် မြောက်တက်လာတယ်။ အားလှိုင်းတစ်ခုတည်းကတင် သဲသောင်ပြင်ပေါ်မှာ ငလျင်အသေးစားလေးတစ်ခု လှုပ်ခတ်သွားသလိုမျိုး ထင်ရပါတယ်။
“မင်းသုံးထားတဲ့ တမန်တော်အာဗျာဟန်ရဲ့စွမ်းအား ဘယ်ရောက်သွားပြီလဲ။ ကြည့်ရတာတော့ မင်းရဲ့စွမ်းအား တွေမှာ အချိန်အကန့်အသတ်ရှိတယ်နဲ့တူတယ်။ ပြီးတော့ သတ်မှတ်ကာလ ပြန်မပြည့်သေးခင် ထပ်သုံးလို့မရဘူး မဟုတ်လား။”
ရော့ဝဲလ်က သွေးအေးအေးနဲ့ပြောလိုက်တယ်။ သူ့အရိပ်က ကျယ်ပြန့်လာပြီး အရိပ်ထဲကနေ အာရပ်တွေဝတ်တတ်တဲ့ အနီရောင်ဝတ်ရုံရှည်ကြီးဝတ်ထားပြီး ခေါင်းပေါင်းဖြူ ပေါင်းထားတဲ့ အရပ်ရှည်ရှည်ဗလကောင်းကောင်းနဲ့ လူကြီးထွက်လာတယ်။ အဲဒီလူကြီးရဲ့လက်ထဲမှာတော့ အာရပ်ဓားမော့ကြီးကိုကိုင်လို့။
ထန်း....
ဆားဗီးရပ်က သူ့ဆီပြေးဝင်လာတဲ့ အာရပ်ကြီးရဲ့ဓားကို သူ့ဓားနဲ့တားလိုက်တယ်။ ဒါပေမဲ့ လုပ်ကြံသတ်ဖြတ်သူနဲ့ ဒူလာဟမ်ကလည်း ပြိုင်တူတိုးဝင်လာတဲ့အတွက်ကြောင့် သူရင်ထိပ်သွားတယ်။
“မကောင်းတော့ဘူး....” ဘေးအန္တရာယ်ကနေ သူရှောင်ဖို့ ကြိုးစားခဲ့ပေမဲ့ နောက်ကျသွားခဲ့ပါပြီ။ ဒူလာဟမ်ရဲ့ဓားက သူ့ပခုံးတစ်ဖက်ကို ခုတ်ချလိုက်ပြီး လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီးရဲ့သံကြိုးတပ်တံစဥ်နှစ်လက်ကတော့ သူ့ရဲ့ နံကြားတစ်ဖက်တစ်ချက်စီကို စိုက်ဝင်သွားတယ်။
“ငါထင်နေတာ မှန်တာပဲ... မင်းကိုသတ်ဖို့ ဖြစ်နိုင်တယ်။”
ရော့ဝဲလ်က သူ့လမ်းလျှောက်တုတ်လက်ကိုင်ကို သေချာ ကိုင်လိုက်ပြီး ရှေ့ကိုတိုးလာတယ်။ လမ်းလျှောက်တုတ်ကို ဆွဲထုတ်လိုက်တော့ သေးသွယ်လှတဲ့ ရေပီရာအမျိုးအစား ဓားက ထွက်ပေါ်လာပြီး လရောင်အောက်မှာ အန္တရာယ် ရှိစွာနဲ့ တောက်ပနေပါတယ်။
သွေးအလိမ်းလိမ်းနဲ့ ဆားဗီးရပ်ကတော့ သူ့ဒဏ်ရာတွေကို လက်နဲ့ထိန်းထားရင်း နောက်ကိုဆုတ်သွားတယ်။ လက်ရှိ အခြေအနေက မကောင်းမှန်းသိတဲ့နောက်တော့ သူက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်တယ်။
မိုးကောင်းကင်မှာ လက်ဝါးကပ်တိုင်ကြီးတစ်ခုပေါ်လာပြီး နောက်မှာ သူ့ဒဏ်ရာတွေပြန်ကောင်းလာပေမဲ့ ရော့ဝဲလ်ကို ဆက်ပြီးရင်ဆိုင်ဖို့ မကြိုးစားတော့ပါဘူး။ အဲဒီအစား သူက ဓားကိုမြှောက်လိုက်ပြီး...
“ဆောလမွန်...” လို့အော်လိုက်တယ်။ နောက်တော့ သူ့ခန္ဓာကိုယ်က လေထုထဲကိုမြောက်တက်သွားပြီး အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ပျောက်ကွယ် သွားပါတော့တယ်။
“ဒီကောင် စောစောစီးစီးထွက်ပြေးသွားတာပဲ။ ခေါင်းမာပြီး ဆက်တိုက်နေဦးမယ်ထင်နေတာ။ ငါ့ခရူးဆိတ်တာတပ်ကို သုံးတောင်မသုံးလိုက်ရဘူး။ ဒါလည်း တစ်မျိုး ကောင်းပါတယ်လေ။”
ရော့ဝဲလ်က စိတ်ကျေနပ်စွာနဲ့ရယ်မောနေလိုက်တယ်။ နောက်တော့ မြေပြင်မှာ လဲကျနေဆဲဖြစ်တဲ့ နက်ဆန်ဆီ သာသာယာယာလျှောက်လာတယ်။ သူ့ကိုကြည့်ရတာ အေးဆေးလွန်းလို့ သူဌေးကြီးတစ်ယောက် ကိုယ်ပိုင် ကမ်းခြေပေါ်မှာ လမ်းလျှောက်နေသလိုတောင် ထင်ရ ပါတယ်။
“ဘယ်လိုလဲ မင်းသားလေး... အရှုံးကိုကျေနပ်ရဲ့လား။”
“ရော့ဝဲလ်... ခင်ဗျားကို ကျုပ်သတ်မယ်....”
နက်ဆန်က သဲသောင်ပြင်ကိုလက်နဲ့ထောက်ပြီး ပြန်ထဖို့ ကြိုးစားပေမဲ့ နတ်ဘုရားခန္ဓာက ဆိုးဆိုးဝါးဝါးထိခိုက် ထားပြီး သူ့မှာခွန်အားနည်းနည်းလေးတောင် မကျန်တာ သတိထားမိပါတယ်။
“အခုထက်ထိ မင်းရဲ့အစေခံကို ငါသတ်လိုက်လို့ မင်းစိတ်ဆိုးနေတုန်းပဲလား။”
ရော့ဝဲလ်က နက်ဆန်ရဲ့ခေါင်းက ဆံပင်တွေကို ဆုပ်ကိုင် လိုက်ပြီးတော့ ခေါင်းကိုဆွဲမြှောက်လိုက်တယ်။ သူသာ အခုအချိန်မှာ နက်ဆန်ကိုတကယ်သတ်ချင်တယ်ဆိုရင် ခုခံဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။
ထွီ...
နက်ဆန်က ရော့ဝဲလ်ရဲ့မျက်နှာကို တံထွေးနဲ့ထွေးတယ်။ ရော့ဝဲလ်ကတော့ အပြုံးမျက်ပါဘူး။ နက်ဆန်က ဒေါသ တကြီးနဲ့အော်ဟစ် ပြောလိုက်တယ်။ အသံက ကျယ်လောင် လွန်းလို့ သူ့လည်ချောင်းကွဲလုမတတ်ပါပဲ။
“အဲဒါက ကျုပ်အစေခံသက်သက်မဟုတ်ဘူး။ ခင်ဗျားသမီးအရင်းဗျ။”
ရော့ဝဲလ်ကတော့ အဲဒီစကားကိုကြားတဲ့အချိန်မှာ သူ့ရဲ့ဝမ်းဗိုက်ကိုနှိပ်ပြီးတော့ ရယ်မောလိုက်တယ်။ အဲဒီနောက်တော့ ရယ်မောနေတာကို ရက်လိုက်ပြီး အေးစက်စွာနဲ့...
“ငါသတ်လိုက်တာက မင်းအသက်သွင်းထားတဲ့ မော်လီရဲ့ ဖုတ်ကောင်သက်သက်ပဲကွ။ တကယ့်မော်လီအစစ်က လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မင်းကိုကာကွယ်ရင်းနဲ့ သေဆုံး သွားခဲ့ပြီးပြီ။”
နက်ဆန်က သူ့လက်သီးကိုဆုပ်လိုက်ရင်း ရော့ဝဲလ်ရဲ့ မျက်နှာကိုထိုးတယ်။ ဒါပေမဲ့ အားကပျော့လွန်းလို့ ပန်းနဲ့ပေါက်နေသလိုပါပဲ။
“သူက ညနတ်ဘုရားမအစွမ်းနဲ့ပြန်ရှင်လာတာ။ ခင်ဗျား သမီးရဲ့ဝိညာဥ်၊ ခင်ဗျားသမီးရဲ့ခန္ဓာနဲ့ ပြန်ပြီးရှင်လာတာ။ အဲဒါခင်ဗျားသမီးအစစ်ပဲ။ ခင်ဗျားသုံးနေတဲ့ အဆင့်နိမ့် အစီအရင်တွေလိုမဟုတ်ဘူး။”
ရော့ဝဲလ်က နောက်တစ်ခါသွားပေါ်အောင် ပြုံးလိုက် ပြန်ပါတယ်။ “နက်ဆန်၊ ဒီလိုဆိုရင်တောင်မှ ငါတို့က ရောမတွေ မဟုတ်ဘူးလား။”
ဒီစကားကြောင့် နက်ဆန်ငြိမ်ကျသွားတယ်။ ကျောင်းခြောက်ကျောင်းအဖွဲ့ဝင်အားလုံးက ရောမဓလေ့ ထုံးစံတွေကို ယနေ့ခေတ်အချိန်အထိ အသုံးပြုနေကြဆဲပါ။ နက်ဆန်ငြိမ်ကျသွားပြီးတဲ့နောက်တော့ ရော့ဝဲလ်က...
“ရောမဥပဒေတွေအရ အိမ်ထောင်ဦးစီးဖြစ်တဲ့ငါက ငါ့ရဲ့မိသားစုဝင်တွေရဲ့ကံကြမ္မာကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ သားသမီးက ငါ့ကိုအရှက်ရစေတယ်ဆိုရင် ငါ့မှာသတ်ပိုင်ခွင့် ရှိတယ်။”
ရော့ဝဲလ်က ကမ္ဘာပေါ်မှာသဘာဝအကျဆုံး ကိစ္စတစ်ခုကို ပြောနေသလိုမျိုး ပြောလိုက်တာ။ နက်ဆန်ကတော့ ခေါင်းကိုငုံထားလိုက်တယ်။ သူ့မှာပြန်ထောက်ပြောစရာ မရှိဘူး။ ရောမသမ္မတနိုင်ငံခေတ်ရဲ့ဥပဒေတွေအရ Patria potestas လို့ခေါ်တဲ့ မကောင်းဆိုးဝါးဆန်တဲ့ ဥပဒေရှိနေပြီး ဖခင်ဖြစ်သူက သူ့ရဲ့သားသမီးတွေကို ကျွန်အဖြစ်လည်း ရောင်းချနိုင်သလို၊ သတ်ဖြတ်ပိုင်ခွင့်လည်း ရှိနေပါတယ်။ အရွယ်ရောက်ပြီးသား သားတစ်ယောက်ရဲ့ပိုင်ဆိုင်မှုတွေ ကိုယ်တောင်မှ ဖခင်က ဝင်ရောက်စွက်ဖက်စီမံပိုင်ခွင့် ရှိနေတဲ့ ဥပဒေမျိုးပါ။
“မော်လီလို တာဝန်ကျေတဲ့ အမျိုးသမီးတစ်ယောက်က ခင်ဗျားကို ဘယ်နေရာမှာ အရှက်ရစေလို့လဲ။”
နက်ဆန်ရဲ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်နှက် လာခဲ့တယ်။ မော်လီက သူ့အပေါ်မှာ သိပ်ကိုဂရုစိုက် ပေးခဲ့တယ်။ သူ့အတွက်အမေတစ်ယောက်လိုပါပဲ။
ခွက်...
ရော့ဝဲလ်က နက်ဆန်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးလိုက် တယ်။ နက်ဆန့်နှာခေါင်းရိုးကျိုးသွားပြီး နှာခေါင်းထဲက သွေးတွေစီးကျလာတယ်။
“ သူများကိုဝေဖန်ချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ပြန်ကြည့် ကောင်လေး။ မင်းကရော သခင်ကောင်း တစ်ယောက်ပီသရဲ့လား။”
ရော့ဝဲလ်က အသိစိတ်ကင်းမဲ့နေတဲ့ နာတာရှာရဲ့ခန္ဓာကိုယ်ကို ဆွဲယူပြီး နက်ဆန့်ရှေ့မှာပြလိုက်တယ်။ “ဒီကောင်မလေးကို ကြည့်စမ်း။ သူက မင်းကိုကမ္ဘာ့အတော်ဆုံး အယ်ဒါဖြစ်လာ လိမ့်မယ်လို့ မျှော်လင့်ထားတာ။ အဆုံသတ်ကျတော့ မင်းက မင်းရဲ့ကျေးကျွန်တွေကိုတောင် မကာကွယ်နိုင်ဘူး။”
နက်ဆန်ရဲ့ရင်ထဲမှာ ဒေါသတွေက အလိပ်လိုက် ထိုးထွက် လာခဲ့တယ်။ သူ့ရဲ့ပျက်စီးနေတဲ့အရိပ်က ရုန်းကန် လှုပ်ရှားနေပြီး သူ့မျက်နှာတစ်ခုလုံးနီရဲလာနေပါတယ်။
“သူ့ကို မထိနဲ့....”
“မင်းမှာ ငါ့ကိုတားနိုင်စွမ်း ရှိလို့လား၊ အမှိုက်ကောင်ရဲ့။”
ခွက်.... ခွက်... ခွက်...
“မင်းက သူတို့ကို အကြိမ်ကြိမ်အသက်သွင်းနိုင်တယ် ဆိုတာနဲ့ပဲ သူတို့ရဲ့သေဆုံးမှုကို လစ်လျူရှုလို့ရမယ် ထင်နေတာလား။”
ခွက်...
နောက်ထပ် လက်သီးတစ်ချက်။
“ သူတို့တွေရဲ့ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်အစစ်ရှိနေလို့ သေဆုံးသွားတိုင်းမှာ နာကျင်ခံစားရတယ်ဆိုတာ မင်းနားမလည်ဘူးလား။”
ခွက်...
နောက်တစ်ခါ ထိုးချက်တစ်ခု။
“ဒီလိုဆိုရင် မင်းက မင်းအနိုင်ယူဖို့လုပ်နေတဲ့ မိစ္ဆာကောင်တွေနဲ့ ဘာကွာခြားတော့မှာလဲ။”
ခွက်... ခွက်... ခွက်...
ရော့ဝဲလ်က နက်ဆန့်မျက်နှာကို သူအားရတဲ့အထိ ဆက်ပြီး လက်သီးနဲ့ထိုးနေတယ်။ နက်ဆန့်ရဲ့သွားစွယ်တစ်ခု သဲသောင်ပေါ် ကျွတ်ကျသွားမှ ရပ်လိုက်တယ်။
“မင်းသိလား... မော်လီက မင်းလိုအားနည်းတဲ့ သခင်ကို ရွေးချယ်လိုက်တဲ့အတွက် ငါ့ကိုအရှက်ရစေတာပဲ။ ဒါကြောင့် သူ့ကို ငါသတ်လိုက်တာ။ အနည်းဆုံး တခြားတစ်ယောက် လက်ထဲမှာ အသတ်ခံလိုက်ရတာထပ်စာရင် ဖြေသာသေးတာပေါ့။”
ဒီတစ်ခါတော့ ရော့ဝဲလ်ရဲ့လေသံထဲမှာ ကြေကွဲဝမ်းနည်း နေတဲ့အရိပ်အယောင်တချို့ ပါဝင်နေပါတယ်။ “မင်းက မင်းရဲ့ကျေးကျွန်တွေကို အကြိမ်အကန့်အသတ်မရှိ ပြန်ပြီး အသက်သွင်းနိုင်တယ်။ ဆိုလိုတာက ငါ့သမီးမင်းနောက် လိုက်နေသမျှ အကြိမ်ကြိမ်အသတ်ခံနေရဦးမယ် ဆိုတာပဲ။”
“.....” နက်ဆန်မှာ ပြောစရာစကားမရှိခဲ့ဘူး။ ရော့ဝဲလ် ပြောနေတာတွေက အမှန်ဆိုတာ သူသိနေခဲ့တယ်။ သူက အမှောင်မင်းသားဖြစ်ပေမဲ့ ပြိုင်ဘက်ကင်းတည်ရှိမှုတော့ မဟုတ်ခဲ့ပါဘူး။ သူ့ကို အနိုင်ရနိုင်တဲ့သူတွေအများကြီး ရှိနေပြီးတော့ သူချစ်တဲ့သူတွေကိုကာကွယ်ဖို့ အမြဲလိုလို ကျရှုံးခဲ့တယ်။
ရော့ဝဲလ်က နက်ဆန်ကို နောက်တစ်ခါလက်သီးနဲ့ထိုးနှက်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ နက်ဆန်က အဲဒီလက်သီးကို သူ့လက်ဝါးနဲ့ဖမ်းတားလိုက်တယ်။ သူ့ရဲ့အားနည်းမှုတွေ ပျောက်ကွယ်သွားပြီး ရော့ဝဲလ်ရဲ့လက်သီးချက်ကို သေချာတားနိုင်ခဲ့တဲ့အတွက် ရော့ဝဲလ်ကိုယ်တိုင်လည်း အံ့အားသင့်သွားတယ်။
“ခင်ဗျားပြောတာမှန်တယ် ရော့ဝဲလ်... သခင်တစ်ယောက်က အခုလိုစိတ်ပျက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ အားနည်းနေလို့ မရဘူး။”
ဝုန်း....
နက်ဆန်ရဲ့အပြာရောင်မျက်လုံးတွေက ကောင်းကင်ပေါ်က ကြယ်တွေလိုမျိုးတောက်ပလာခဲ့တယ်။ ပျက်စီးနေခဲ့တဲ့ အရိပ်ကလည်း ဘေးပတ်ဝန်းကျင်က အမှောင်ထုတွေကို ပြန်စုပ်ယူရင်းနဲ့ ပြန်လည်ကောင်းမွန်လာခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ နက်ဆန်ရဲ့အသားအရေတွေပေါ်မှာ အနက်ရောင်အက်ကွဲကြောင်းတွေ ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့လူသားခန္ဓာကိုယ်က အချိန်မရွေးပေါက်ကွဲသွားတော့ မလိုမျိုးခံစားနေရပါတယ်။
“မင်းက မင်းရဲ့လူသားခန္ဓာကိုယ် ပျက်စီးသွားမှာတောင် မကြောက်ဘဲ ငါ့ကိုပြန်ရင်ဆိုင်တော့မယ်ပေါ့။ မင်းရဲ့စိတ်ဓာတ်ကို ငါသဘောကျသွားပြီ။”
နက်ဆန်ကတော့ ရော့ဝဲလ်ရေရွတ်နေတာတွေကို စိတ်ထဲ ထည့်မထားတော့ဘဲ ထရပ်လိုက်တယ်။ သူ့ရဲ့ဆံပင်တွေက ထွက်ပေါ်နေတဲ့ စွမ်းအင်လှိုင်းတွေကြောင့် တဖြတ်ဖြတ် လှုပ်ခါလို့။
သူ့အရိပ်ကြီးက သဲသောင်ပြင်ရဲ့ မီတာလေးဆယ်ပတ်လည် နီးပါးကို ဖုံးလွှမ်းထားပြီး အဲဒီသက်ရောက်မှုအတွင်းမှာ ရှိနေတဲ့ အရာအားလုံးက ပိန်းပိန်းပိတ်မှောင်မိုက်သွားတယ်။ ကြယ်ရောင်၊ လရောင်တွေတောင်မှ မထိုးဖောက် နိုင်တော့ပါဘူး။
နောက်တော့ နက်ဆန်က မြေပြင်ပေါ်မှာလဲကျနေဆဲဖြစ်တဲ့ နာတာရှာကို ကြည့်လိုက်တယ်။ “ပြန်ထလာဖို့ အချိန်တန်ပြီ...”
နာတာရှာရဲ့တကွဲတပြားစီဖြစ်နေတဲ့ ခန္ဓာကိုယ်နှစ်ပိုင်းက လေထုထဲမြောက်တက်လာပြီး ပြန်ဆက်သွားတယ်။ အရိပ် စွမ်းအင်တွေက နာတာရှာရဲ့ကိုယ်ထဲကိုတိုးဝင်နေပြီးတော့ ဒဏ်ရာတွေနဲ့အမာရွတ်တွေဟာ မြင်နိုင်တဲ့နှုန်းနဲ့ပြန်ပြီး ကောင်းလာတယ်။ မကြာခင်မှာပဲ အကောင်းပကတိ ဖြစ်သွားပြီးတော့ နာတာရှာက သူ့ရဲ့သမင်လိုမျက်လုံးတွေကို ဖြည်းဖြည်းချင်းစီ ဖွင့်ကြည့်လိုက်ပါတော့တယ်။