သံသယဝင်ခြင်း
Vol. 149 Ch. 2235
အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်ပြီးလျှင်တောင် ဆူဇီမိုသည် သူ၏ သတိကို လျှော့မချလိုက်ပေ။ ထိုအစား သူက ဖြည်းဖြည်းချင်းလှည့်ပြီး သူ၏ နောက်ဘက်ကိုဖြတ်၍ ကြည့်လိုက်၏။
သဲမုန်တိုင်းထဲမှာ လူတစ်ယောက် မတ်တတ်ရပ်နေသည်ကို ခပ်ရေးရေးတွေ့မြင်နိုင်၏။ သူက တိုက်ပွဲကို အတန်ကြာကတည်းက စောင့်ကြည့်နေခဲ့ပြီး ထွက်ခွာခြင်းမရှိဘဲ စွမ်းအားကြီးမားသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။
အခြားသောပြန်ဝင်စားအင်မော်တယ် ဖုန်းယင်...။
ဆူဇီမိုသည် ဖုန်းယင်နှင့် သိကျွမ်းခြင်းမရှိသလို ဤပြန်ဝင်စားအင်မော်တယ်၏ စိတ်နေစရိုက်နှင့် နည်းလမ်းများနှင့် ပတ်သက်၍လည်း သူဘာမှမသိပေ။
ဤလူက အခြေအနေကိုအခွင့်ကောင်းယူ၍ သူ့ကိုတိုက်ခိုက်လာမည်ကိုစိုးရိမ်ရပြီး ဆူဇီမိုက သူ၏ သတိကို လျှော့ချရဲခြင်းမရှိပေ။
တကယ်တော့... ဖုန်းယင်သည် ထိုအခိုက်အတန့်မှာ ဆူဇီမိုကို အခွင့်ကောင်းယူကာ သတ်ဖြတ်ဖို့ တကယ်ပင် တွေးနေခဲ့၏။
ဆူဇီမိုပြသခဲ့သောနည်းလမ်းများက သူ့ကိုပင် ကြောက်ရွံ့ထိတ်လန့်စေခဲ့ပြီဖြစ်၏။
သူသာ အင်မော်တယ်ထိုက်ဟွာ၏ နေရာမှာဆိုလျှင် သူသည်လည်းပဲ ဤကဲ့သို့သောနည်းလမ်းများနှင့် ရင်ဆိုင်ရချိန်မှာ သေခြင်းတရားကနေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဤလူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် သူ၏ အကြီးမားဆုံး ပြိုင်ဘက် သေချာပေါက် ဖြစ်လာပေလိမ့်မည်။
သူက ဤကဲ့သို့သောကြီးမားသည့် ခြိမ်းခြောက်မှုကို ကြိုတင်ရှင်းထုတ်ထားနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။
သို့သော်လည်း တစ်ဖန်ပြန်တွေးကြည့်ရင်း ဆူဇီမိုသည် သူ၏ လမ်းဆုံးသို့ ရောက်ရှိနေပြီဖြစ်ကာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်တော့ဟု ဖုန်းယင်က နားလည်သဘောပေါက်လာ၏။
ပြန်ဝင်စားအင်မော်တယ်တစ်ယောက်အနေဖြင့် သူက လူတိုင်း၏ ရှေ့မှာ သူ၏ အားအနည်းဆုံးအချိန်ရောက်နေသည့် တစ်စုံတစ်ယောက်ကို တိုက်ခိုက်မည်ဆိုလျှင် သူက အနိုင်ရရှိခဲ့မည်ဆိုလျှင်တောင် သေချာပေါက် လှောင်ပြောင်သရော်ခံရပေလိမ့်မည်။
ရှုံးထွက်အဆင့်က ပြီးတော့မည်ဖြစ်ပြီး အဆင့်သတ်မှတ်ချက်တိုက်ပွဲကို မကြာခင်စတင်ပေလိမ့်မည်။
ဆူဇီမိုသည် ဤကဲ့သို့သောအချိန်တိုအတွင်းမှာ သူ၏ အမြုတေချီနှင့် သက်လုံအားများစွာကို ပြန်လည်ဖြည့်တင်းနိုင်မည်မဟုတ်သလို သူက သူ၏ ဝှက်ဖဲများအားလုံးကိုလည်း အသုံးပြုခဲ့ပြီလေပြီ။
ထိုအချိန်မှာ သူက ဆူဇီမိုကို အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ပေါ်ပေါ်ထင်ထင်အနိုင်ယူနိုင်ဦးမည်ဖြစ်၏။
သူ့အနေဖြင့် ဤနေရာမှာတိုက်ခိုက်ပြီး လူအများ၏ လှောင်ပြောင်သရော်စရာ အဖြစ်ခံဖို့ မလိုပေ။
ဒါ့အပြင် သူက ယခုအချိန်မှာ တိုက်ခိုက်မည်ဆိုလျှင် သူသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကို သေချာပေါက်ဆန့်ကျင်မိပေလိမ့်မည်။ ရရှိမှုထက် ဆုံးရှုံးမှုက ပို၍များသွားနိုင်၏။
အဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ သူသည် ဆူဇီမိုကို တရားဝင်အနိုင်ယူနိုင် သို့မဟုတ် သတ်ဖြတ်နိုင်မည်ဖြစ်၏။
ထိုအခါ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဘာမှပြောနိုင်တော့မည် မဟုတ်ပေ။
ဖုန်းယင်သည် အတန်ကြာအောင် ထိုနေရာမှာ မတ်တတ်ရပ်နေခဲ့၏။ ပြောရမည်ဆိုလျှင် ဆူဇီမိုက အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းမှာ သူကတုန်လှုပ်နေခဲ့ခြင်းလည်းဖြစ်၏။
အဆင့်မြင့်နတ်ဘုရားစွမ်းအား ၃၆ ခုကို ဆက်တိုက်ထုတ်ဖော်ခဲ့၏။
သူသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် သူ၏ ကိုယ်ကာယကိုပင် အသုံးချခဲ့လေသည်။
ထို့နောက် သူသည် လူတစ်ယောက်၏ ဘဝသက်တမ်းကို ကုန်ခန်းစေနိုင်သည့် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို ချက်ချင်းပင်ထုတ်ဖော်ပြီး သူတို့၏ ဘဝသက်တမ်းကို ပြန်အစားမရနိုင်သောပုံစံဖြင့် ပျောက်ကွယ်သွားစေ၏။
ဤကဲ့သို့သောနည်းလမ်းများကို ကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ထုတ်ဖော်လိုက်သည့်အခါ အရမ်းကိုကြောက်စရာကောင်းနေ၏။
ဤတိုက်ပွဲက ဖုန်းယင်ကို တကယ်ပင်တုန်လှုပ်သွားစေခဲ့၏။
အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဖုန်းယင်က သူကိုယ်သူ ဣန္ဒြေဆယ်ကာ အဲ့ဒါကိုတွေးတောကြည့်နေ၏။
နောက်ဆုံးမှာတော့ သူက ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံး၍ လှည့်ထွက်သွား၏။
မည်သို့ပင်ဆိုစေ ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ သူကအကြီးအားဆုံး အနိုင်ရရှိသူဖြစ်၏။
ဆူဇီမိုသည် သူ၏ နည်းလမ်းများအားလုံးကို အသုံးပြုထားခဲ့ပြီး သူ့မှာ နည်းလမ်းများစွာ မကျန်ရှိတော့ပေ။
သူက ထိခိုက်ဒဏ်ရာရရှိထားပြီး သူ့ကို ဆက်လက်တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။
ကျန်ရှိနေသောအရာများက ဘာမှကြောက်စရာ မရှိတော့ပေ။
မိုးကောင်းကင်ကိုးလွှာအပြင်ဘက် ရင်ပြင်ပေါ်မှာ ဆူညံပွက်လောရိုက်နေပြီဖြစ်၏။
အဆင့်သတ်မှတ်ချက်တိုက်ပွဲသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပြိုင်ပွဲတိုင်းအတွက် အဓိကပွဲစဥ်ဖြစ်လေသည်။
ရှုံးထွက်အဆင့်၏ စစ်ထုတ်မှုအပြီး၌ နောက်ဆုံးကျန်ရစ်ခဲ့သော ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားတစ်ရာသည် တစ်တွဲစီတိုက်ခိုက်ကြရပေလိမ့်မည်။ အဲ့ဒါက အကြီးမားဆုံးတိုက်ပွဲတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း ရှုံးထွက်အဆင့်မှာ ဤကဲ့သို့ ကြီးမားပြင်းထန်သော တိုက်ပွဲတစ်ခုက ပေါ်ထွက်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
“အစကတော့ ငါတွေးနေခဲ့တာ မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက အတူပူးပေါင်းထားပြီး ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ရယ်... ချင်ချန်ဇီနဲ့ ထျဲဟန်လို ပြန်ဝင်စားမွန်းစတားတွေနဲ့ဆို အဲ့တိုက်ပွဲရလဒ်က သံသယရှိစရာမလိုတော့ဘူးလို့ ထင်နေခဲ့တာ... ဘယ်သူက တွေးမိမှာလဲ....”
“အဲ့ဒါက အရမ်းကိုကြောက်ဖို့ကောင်းတယ်... မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ကမ္ဘာမြေအင်မော်တယ် ၂၂ယောက်က ဒီတစ်ခေါက် ရှုံးထွက်အဆင့်မှာ ဝင်ပြိုင်ခဲ့ကြတယ်... သူတို့ထဲက ၁၈ ယောက်က ဒီတိုက်ပွဲမှာ သေခဲ့ကြပြီ”
“ပြန်ဝင်စားအင်မော်တယ်တစ်ယောက်တောင်မှ သေခဲ့ရတယ်.... မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ဒီတစ်ခေါက် အကြီးကြီး ထိခိုက်ဆုံးရှုံးခဲ့ရတာပဲ အဲ့ဒါက သူတို့အတွက် တကယ့်ကို ကပ်ဘေးစိုက်တာပဲ”
သူတို့၏ ဘေးပတ်လည်မှ ဆွေးနွေးပြောဆိုသံများကို ကြားရသောအခါ မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်တို့၏ မျက်နှာများက အလွန်တရာသုန်မှုန်နေပြီဖြစ်၏။
သူတို့၏ မျက်နှာပေါ် အရိပ်မည်းများက ဖုံးအုပ်လာပြီး တင်းတင်းဆုပ်ထားသော သူတို့၏ လက်သီးများက အနည်းငယ်တုန်ယင်နေကာ သူတို့သည် သူတို့၏ ရင်ထဲရှိ အမျက်ဒေါသများကို ဖိနှိမ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေရ၏။
“အာ... ဒီမတိုင်ခင်ကဆို သူက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို သင်ခန်းစာတချို့ပေးပြီး သူတို့ကိုကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကနေ ဖယ်ရှားပစ်ချင်တယ်လို့တောင် မင်းသားယွမ်ကျောက ထုတ်ဖော်ကြေညာခဲ့သေးတယ်... အခုတော့လဲ....”
“တော်တော့....အဲ့ဒါကိုမဆက်မပြောနဲ့တော့... ဒီဖြစ်ရပ်က မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းအတွက် ကြီးမားတဲ့အရှက်ရစရာဖြစ်နေပြီ”
“ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်က တပည့်တစ်ယောက်ပဲ သေခဲ့ရတယ်.... သူတို့ဘက်ကတော့ လူတိုင်းနီးပါးသေကုန်ကြပြီ”
မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်နှင့်ယှဥ်လျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများက စိတ်အားမာန်တက်ကြွ၍ မြင့်မားသောစိတ်ဝိညာဥ်မှာ ရှိနေကြ၏။
သို့သော်လည်း အကြီးအကဲများမှာ ဝမ်းနည်းမှုခံစားချက်တချို့ရှိနေဆဲဖြစ်၏။
သူတို့သည် ယဲ့ဖေး၏ သေဆုံးမှုကို မမေ့ဖျောက်နိုင်ကြပေ။
ဖန်းကလန်၏ ထိုင်ခုံများဘက်မှာ ဖန်းကလန်သားများသည် မိုးကောင်းကင်ကိုးလွှာမှ အင်မော်တယ်ထိုက်ဟွာ၏ ဆိုးဆိုးဝါးဝါးသေမှုကိုကြည့်ပြီး တည်တံ့သော အမူအရာများဖြင့် မျက်မှောင်ကြုတ်ထားကြ၏။
“ထိုက်ဟွာသေဆုံးခဲ့တဲ့ပုံက ဖန်းယွီနဲ့တစ်ပုံစံတည်းပဲ... ဖန်းယွီရဲ့သေဆုံးမှုက သိပ်ပြီးတော့ မရိုးရှင်းဘူးနဲ့တူတယ်”
“ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ယန်လောရှုက ဒီကောင်လေးကို အဲ့ဒီအန္တိမနတ်ဘုရားစွမ်းအား သင်ပေးထားတာများလား”
ဖန်းကလန်သားတချို့က သူတို့၏ စိတ်ဝိညာဥ်အသိစိတ်များဖြင့် အသံများကိုပို့လွှတ်ဆက်သွယ်နေကြ၏။
“အချိန်နဲ့ပတ်သက်တဲ့ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ဖို့က အဲ့လောက်ထိမလွယ်ဘူး”
“ငါသိရသလောက်ဆိုရင်... အဲ့ဒီနေ့တုန်းက ဖန်းယွီသေဆုံးမှုက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အခြားအပြင်ဂိုဏ်းတပည့်တစ်ယောက်ကြောင့်ပဲ”
“အဲ့ဒီအပြင်ဂိုဏ်းတပည့်က ဘယ်သူလဲဆိုတာ သွားပြီးစုံစမ်းလိုက်”
သည့်ယခင်က ဖန်းကလန်သားများသည် ထိုအကြောင်းကို သိရှိခဲ့ကြသော်လည်း ဤအပြင်ဂိုဏ်းတပည့်ကို မည်သူကမှ စိတ်ထဲမှာ ထည့်မှတ်မထားခဲ့ကြပေ။
အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ သေဆုံးမှုကို ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သော တက္ကသိုလ်မှ အပြင်ဂိုဏ်းတပည့်တစ်ယောက်နှင့် မည်သူကမှ ချိတ်ဆက်မိလိမ့်မည် မဟုတ်ပေ။
သို့သော်ယခု... အင်မော်တယ်ထိုက်ဟွာ၏ သေဆုံးမှုက ဖန်းကလန်ကို သံသယများစွာဝင်လာစေခဲ့၏။
မိုးကောင်းကင်ကိုးလွှာမှာ....။
သူက တဒင်္ဂအခိုက်အတန့်ကို ထုတ်ဖော်မည်ဆိုလျှင် သူ့ကို ဖန်းကလန်က သေချာပေါက်သတိထားမိလာလိမ့်မည်ဟု ဆူဇီမိုက သိထားလေသည်။
သို့သော်လည်း သူက အင်မော်တယ်ထိုက်ဟွာကို တတ်နိုင်သမျှမြန်မြန် သတ်ဖြတ်ချင်သည်ဆိုလျှင် သူ့မှာ တခြားရွေးချယ်စရာမရှိခဲ့ပေ။
ဒါ့အပြင် ဖန်းယွီကို သေဆုံးစေခဲ့သူက သူဖြစ်ပြီး စီနီယာအစ်ကိုယန်လောရှုသည် သူ့အပေါ်ကျရောက်လာမည့် ဖိအားများနှင့် ရန်လိုစိတ်များအားလုံးကို လက်ခံရယူထားခဲ့လေသည်။
ဤကိစ္စကို ယန်လောရှုတစ်ယောက်တည်းက ပခုံးထမ်းမထားသင့်ပေ။
သူသည် ဤတစ်ခေါက် မိုးကောင်းကင်ကိုးလွှာမှာ ရတနာများစွာကိုရရှိခဲ့ပြီး ငရဲဖိနှိမ်မီးဖိုကို အပြည့်အဝပြန်လည်ပြင်ဆင်နိုင်တော့မည်ဖြစ်၏။
ထိုအချိန်ကျလျှင် အထွတ်အမြတ်ဝိညာဥ်လေးခုက နိုးထလာသောအခါ သူတို့သည် အနည်းဆုံး ထိပ်သီးကောင်းကင်အင်မော်တယ် ၄ဦးနှင့် ယှဥ်နိုင်လာပေလိမ့်မည်။
ဖန်းကလန်အနေဖြင့် သူ့ကိုသတ်ဖြတ်ဖို့ကလည်း သိပ်ပြီးလွယ်ကူတော့မည်မဟုတ်ပေ။
ဒါ့အပြင် သူသည် တက္ကသိုလ်သို့ ပြန်ရောက်သည့်အခါ တံခါးပိတ်ကျင့်ကြံပြီး ကောင်းကင်အင်မော်တယ်နယ်ပါ်ကို ချိုးဖျက်တက်လှမ်းဖို့ ပြင်ထားလေသည်။
ဖန်းကလန်မှာ အခွင့်အရေးလုံးဝရှိတော့မည် မဟုတ်ပေ။
သူတို့က ဘယ်လောက်ပင် ရဲတင်းသည်ဖြစ်စေ... သူတို့သည် လက်စားချေဖို့အတွက် တက္ကသိုလ်ထဲသို့ ဝင်ရောက်လာရဲလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် သူ၏ ခြေရင်းမှာ လဲကျနေသည့် အင်မော်တယ်ထိုက်ဟွာကိုကြည့်ရင်း ထိုသူ၏ သိုလှောင်အိတ်ကို ဖြုတ်ယူကာ သိမ်းဆည်းလိုက်၏။
ထို့နောက် ဆူဇီမိုသည် သူ၏ လက်ဝါးကို ဆေဘာတစ်လက်ကဲ့သို့သုံးပြီး အင်မော်တယ်ထိုက်ဟွာ၏ လည်ပင်းကို ခုတ်ပိုင်းကာ သူ၏ ခေါင်းကို ဖြတ်လိုက်၏။
“ဒါက.... ငါ့ကိုသတ်ဖြတ်ဖို့ကြိုးစားရဲတဲ့ ဘယ်သူ့မဆိုရဲ့ ရလဒ်ပဲ”
ဆူဇီမိုက အင်မော်တယ်ထိုက်ဟွာ၏ ဆံပင်ကို ကိုင်ဆွဲပြီး ဦးခေါင်းကို မြှောက်ပြလိုက်၏။ မိုးကောင်းကင်ထက်ကို မော့ကြည့်ပြီး သူ၏ မျက်လုံးများက မကောင်းဆိုးဝါးဆန်ဆန် အလင်းတစ်ခုဖြင့် တောက်ပနေကာ အော်ပြောလိုက်၏။
ထိုအပြုအမူသည် မိုးကောင်းကင်ကိုးလွှာ၏ အပြင်ဘက်မှာ အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။
အဲ့ဒါသည် မင်းသားယွမ်ကျောနှင့် အင်မော်တယ်ထိုက်ဟွာကို ရန်စလိုက်ခြင်းဖြစ်၏။
အဲ့ဒါသည် သူတို့နှစ်ယောက်ကို စစ်ကြေညာလိုက်ခြင်းဖြစ်၏။
“မျိုးမစစ်… ခွေးကောင်”
မင်းသားယွမ်ကျောက သုန်မှုန်နေသောအမူအရာဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။
ဤတိုက်ပွဲ၏ ရလဒ်သည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့်တူလေသည်။
အရင်တုန်းက ဖုန့်စန်းထျန်ကြောင့် ဖြစ်ခဲ့သော ရုန်းရင်းဆန်ခတ်အခြေအနေကလွဲလျှင် မဟာကျင်းအင်မော်တယ်နိုင်ငံတည်ထောင်ပြီးကတည်းက သူတို့သည် ဤကဲ့သို့သောအရှက်ခွဲခံရမှုနှင့် တစ်ခါမှမတွေ့ကြုံခဲ့ရပေ။
အဲ့ဒါသည် အင်မော်တယ်ပျံဂိုဏ်းအတွက်လည်း အတူတူပင်ဖြစ်၏။
သို့သော်လည်း ဤတစ်ခေါက်မှာ အင်မော်တယ်ပျံဂိုဏ်းသည် မျက်နှာလုံးဝပျက်ရရုံသာမကဘဲ မုန့်ယောင်၏ နာမည်ဂုဏ်သတင်းကပင်လျှင် ထိခိုက်ခံခဲ့ရ၏။
ဂုဏ်ကျက်သရေမြင့်မားသော ဒုံမင်းအင်မော်တယ်က မည်သို့သောပုဂ္ဂိုလ်မျိုးပါလိမ့်။ သူမက မည်သို့သောသွင်ပြင်ဟန်ပန်မျိုးကို ပိုင်ဆိုင်ထားသလဲ။
အဆင့်-၈ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ကို ကိုင်တွယ်ဖို့အတွက် သူတို့သည် ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ကို ဖိတ်ခေါ်ဖို့ ဝန်လေးမနေခဲ့ပေ။
သူတို့သည် ဤကဲ့သို့ကြီးမားသည့်အင်အားတစ်ရပ်ကို စုဖွဲ့ခဲ့သော်လည်း သူတို့က လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခံခဲ့ရ၏။ အဲ့ဒါက တကယ့်ကို ဆိုးဆိုးဝါးဝါး စုတ်ပြတ်သတ်နေသောရလဒ်တစ်ခုဖြစ်လေသည်။
ထိုအကြောင်းကို ကြားသိလျှင် ဒုံမင်းအင်မော်တယ်က မည်သို့မည်ပုံ တုံ့ပြန်လာမလဲ မည်သူကမှမသိရပေ။