← Chapters

ပူးကပ်သိမ်းပိုက်ခြင်း

Vol. 149 Ch. 2221

ပူးကပ်သိမ်းပိုက်ခြင်း

Vol. 149 Ch. 2221

“ပိုကောင်းတဲ့ ခန္ဓာကိုယ်လား”

ဆူဇီမိုက သူ့ကို နှစ်သိမ့်ပေးနေခြင်းဖြစ်မည်ဟု တွေးပြီး လျှိုဖျင်က ခါးသက်စွာ ပြုံးလိုက်၏။

“ဒါက မိုးကောင်းကင်ကိုးလွှာပဲ.. ငါ့အတွက် အစားထိုးပေးဖို့ ဘယ်က ခန္ဓာကိုယ် ရှိမှာလဲ”

ဆူဇီမိုက အသံတိတ်နေပြီး လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်ကို မိုးမခသစ်ပင် ရှိရာသို့ ဆွဲခေါ်သွား၏။

မိုးမခသစ်ပင်သည် တစ်စုံတစ်ရာကို နားလည်သွားပုံရပြီး အနည်းငယ် ကြောက်ရွံ့လာကာ သူ၏ ကိုင်းညွှတ်ထားသော သစ်ကိုင်းများကို အနည်းငယ် ယိမ်းနွဲ့လှုပ်ရှားလိုက်၏။

“ငါ မင်းကို အခု ရွေးချယ်စရာ နှစ်ခုပေးမယ်”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

“ပထမတစ်ခု.. ငါက မင်းရဲ့ အမြုတေစိတ်ဝိညာဉ်ကို သတ်ပစ်လိုက်မယ်.. မင်းရဲ့ ဝိညာဉ်က ပျက်ပြယ်သွားပြီး မင်းရဲ့ မှတ်ဉာဏ်တွေ အားလုံးက ဖျက်ဆီးခံရမယ်”

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဤလောကမှာ အပင်များကြားတွင် တစ်ဦးတည်းသော နတ်ဘုရားဖြစ်၏။

ဤနေရာမှာ ရှိသော အပင်များသည် ဖန်တီးခြင်း ကြာပဒုမ္မာကို အသိအမှတ်ပြုချင်မှ ပြုပေလိမ့်မည်။ သို့သော်လည်း သူတို့သည် ဆူဇီမို၏ အော်ရာကို အာရုံခံမိသောအခါ သူတို့၏ ဝိညာဉ်များ၏ အနက်ပိုင်းထဲမှ လာသော အကြောက်တရားတစ်ခုကို ခံစားမိကာ အညံ့ခံဖို့ ရွေးချယ်ကြ၏။

မိုးမခသစ်ပင်ကတော့ ၎င်းသည် ဆူဇီမိုထံမှ ဖြာထွက်နေသော စွမ်းအားကြီးမားသည့် အသက်ဓာတ်အားကို အာရုံခံမိသောအခါ သူ၏ လောဘရမ္မက်သည် ကြာသာပတေးဂြိုဟ်သစ်သားကို အသုံးချကာ ဆူဇီမိုကို ဝါးမျိုချင်စိတ် ဖြစ်ပေါ်လာခဲ့၏။

အစကတော့ ဆူဇီမိုသည် သူ့ကို လွှတ်ပေးဖို့ စိတ်ကူးမရှိပေ။

မိုးမခသစ်ပင်က တုန်ခါသွားပြီး ၎င်း၏ နုနယ်သော သစ်ကိုင်းများက ဆူဇီမို၏ အဝတ်စကို အဆက်မပြတ် ပွတ်သပ်ကာ ၎င်းက ညှာတာပေးဖို့အတွက် အသနားခံ တောင်းပန်နေသည့်အလားပင်။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“ဒုတိယ ရွေးချယ်စရာကတော့ မခုခံ မငြင်းဆန်နဲ့.. ငါ့ရဲ့ တစ်ဂိုဏ်းတည်းသား စီနီယာအစ်ကိုက မင်းကို ပူးကပ်သိမ်းပိုက်လိမ့်မယ်.. မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဉ်တွေက ပေါင်းစည်းသွားပြီး သူက မင်းရဲ့ မှတ်ဉာဏ်တွေကိုလည်း ဆက်ခံရရှိလိမ့်မယ်”

“ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင် မင်းက နောက်ထပ်ပုံစံတစ်မျိုးနဲ့ ပြန်ပြီးမွေးဖွားလာမှာပဲ.. နောက်ပြီး မင်းက ဒီနေရာကနေ ထွက်ခွာပြီး ပိုပြီးတော့ ကျယ်ပြောတဲ့ အပြင်လောကကို တွေ့မြင်ခွင့် ရမယ်”

တကယ်တော့ ဆူဇီမိုအနေဖြင့် မိုးမခသစ်ပင် အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်ပြီး မိုးမခသစ်ပင်၏ ခန္ဓာကိုယ်ထဲသို့ လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်ကို နေရာချပေးဖို့က ပြဿနာ မရှိပေ။

သို့သော်လည်း လျှိုဖျင်က လူသားတစ်ယောက်ဖြစ်ပြီး မိုးမခသစ်ပင်က အပင်မျိုးနွယ်မှ ဖြစ်၏။

လျှိုဖျင်သည် မိုးမခသစ်ပင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မည်ဆိုလျှင်တောင် သူသည် သက်သောင့်သက်သာ မရှိမှုနှင့် ခုခံငြင်းဆန်မှုကို ခံစားရပေလိမ့်မည်။ သူသည် ထိုခန္ဓာကိုယ်၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

မိုးမခသစ်ပင်၏ ခန္ဓာသည် အဆင့်-၄ မှာ နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ပြီး ကမ္ဘာမြေအင်မော်တယ် မြောက်များစွာကို ဝါးမျိုထားခဲ့၏။

၎င်း၏ အသက်ဓာတ်အားက သိပ်သည်းပြင်းထန်ပြီး စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။ လူသားမျိုးနွယ်မှ ကောင်းကင်အင်မော်တယ်များပင်လျှင် သူ့ကို မယှဉ်နိုင်ပေ။

ဤနှစ်များမှာ ၎င်းသည် ကျင့်ကြံဖို့အတွက် ကြာသာပတေးဂြိုဟ်သစ်သားကိုပင် သိမ်းပိုက်ခဲ့လေသည်။ ဤခန္ဓာကိုယ်ထဲမှာ ပါဝင်သော စွမ်းအားက အလွန်တရာ ကြောက်စရာကောင်းနေ၏။

မဟုတ်ပါက ၎င်းသည် ဆူဇီမိုကို စိန်ခေါ်ရဲလိမ့်မည် မဟုတ်ပေ။

မိုးမခသစ်ပင်ခန္ဓာ၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ မိုးမခသစ်ပင် အမြုတေစိတ်ဝိညာဉ်က ခုခံငြင်းဆန်ခြင်း မရှိဘဲ လျှိုဖျင်က ၎င်းကို ပူးကပ်သိမ်းပိုက်ဖို့ ဖြစ်၏။

မိုးမခသစ်ပင်က သေဆုံးသွားလိမ့်မည် ဖြစ်သော်လည်း လျှိုဖျင်သည် ၎င်း၏ အမွေအနှစ်များကို ဆက်ခံရရှိနိုင်၏။ အဲဒါသည် အမြုတေစိတ်ဝိညာဉ် နှစ်ခုကို ပေါင်းစည်းလိုက်ခြင်းနှင့် တူလေသည်။

ထိုသို့ဖြင့် ဤခန္ဓာကိုယ်သည် လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်ကို ငြင်းဆန်တော့မည် မဟုတ်ပေ။

အဲဒါသည် လျှိုဖျင်နှင့် မိုးမခသစ်ပင်အတွက် နှစ်ဦးနှစ်ဖက်ကောင်းဖို့ဖြစ်လေသည်။

ခဏမျှ ငြိမ်သက်ပြီးနောက် မိုးမခသစ်ပင်က စိတ်ဝိညာဉ်အသိစိတ်တစ်ခုကို ထုတ်ဖော်ကာ ထိုဆုံးဖြတ်ချက်ကို သဘောတူလက်ခံလိုက်၏။

သူက သဘောမတူဘူးဆိုလျှင် ဆူဇီမိုက သူ့ကို သတ်ဖြတ်ပေလိမ့်မည်။

သူသည် လျှိုဖျင်၏ ပူးကပ်သိမ်းပိုက်ခြင်းကို ခံယူပြီး ဤလောကကနေ ထွက်ခွာနိုင်ကောင်း ထွက်ခွာနိုင်ပေလိမ့်မည်။

“ဂျူနီယာညီဆူ”

လျှိုဖျင်က ဘေးကနေ နားထောင်ရင်း ဆူဇီမို ဆိုလိုသည့်အရာကို တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

“ခင်ဗျားက အရင်ဆုံး ဒီခန္ဓာကိုယ်ကို ဆက်ခံရယူထားလိုက်.. ခင်ဗျား အဲဒါကို မကြိုက်ဘူးဆိုရင် နောက်ပိုင်း ခင်ဗျားက ပိုကောင်းတဲ့တစ်ခုကို တွေ့တဲ့အခါ ပြန်အစားထိုးလို့ ရတာပဲ”

ဆူဇီမိုက ​ပြောလိုက်၏။

“ကောင်းပြီလေ”

လျှိုဖျင်က စိတ်လှုပ်ရှားတက်ကြွစွာဖြင့် သဘောတူလိုက်၏။

သူ့ခန္ဓာကိုယ်၏ ကာကွယ်မှု မရှိဘဲ သူ၏ အမြုတေစိတ်ဝိညာဉ်က အချိန်မရွေး အန္တရာယ်နှင့် ကြုံတွေ့ရနိုင်၏။

ဒါ့အပြင် သူ့ရှေ့မှာ ရှိသော မိုးမခသစ်ပင်၏ ခန္ဓာကိုယ်က သိပ်ပြီး မဆိုးသည့်ပုံပင်။

ထိုအခိုက်အတန့်မှာ မိုးမခသစ်ပင်၏ ခန္ဓာကိုယ်တွင် ပါဝင်သော စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းပြီး ကျယ်ပြောသည်ကို လျှိုဖျင်က ယခုအချိန်ထိ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။

အဲဒါသည် သူ့ကျင့်ကြံမှုတစ်လျှောက် ယခုအချိန်ထိ သူကြုံတွေ့ဖူးသမျှထဲ အကြီးမားဆုံး အခွင့်အလမ်း ဖြစ်လေသည်။

ဆူဇီမိုသည် လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်ကို မိုးမခသစ်ပင်၏ အသိစိတ်ထဲသို့ ပို့လွှတ်လိုက်၏။

အချိန်က အပူတပြင်းနိုင်နေသော်လည်း သူက ထွက်ခွာသွားဖို့အတွက် အလောတကြီး ရှိမနေပေ။ သူက နေရာမှာပင် မတ်တတ်ရပ်ပြီး တောက်လောင်ပြင်းပြသော အကြည့်ဖြင့် တိတ်တဆိတ် စောင့်ကြပ်ပေးနေ၏။

မိုးမခသစ်ပင်က အရမ်းကို ရဲတင်းလွန်း၏။ သူက ထွက်ခွာသွားမည်ဆိုလျှင် ၎င်း၏ စိတ်ကို ပြောင်းလဲပြီး လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်ကို ဝါးမျိုဖို့က မဖြစ်နိုင်သည် မဟုတ်ပေ။

ဆူဇီမို၏ အကြည့်ကို အာရုံခံမိသွားပြီး မိုးမခသစ်ပင်၏ စိတ်ထဲရှိ နောက်ဆုံး ဝဲဂယက်ကလည်း တည်ငြိမ်သွားလေသည်။ ၎င်းက လုံးဝကို လက်လျှော့လိုက်ပြီး လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်ကို ပူးကပ်သိမ်းပိုက်ခွင့် ပေးလိုက်၏။

အမြုတေစိတ်ဝိညာဉ်နှစ်ခုက စတင်ထိတွေ့ပြီး တဖြည်းဖြည်း ပေါင်းစည်းလာခဲ့၏။

မိုးမခသစ်ပင်၏ အမြုတေစိတ်ဝိညာဉ်က ကြီးမားသော အစိမ်းရောင် အလင်းတစ်ခု ဖြစ်၏။

အဲဒါက ကမ္ဘာမြေအင်မော်တယ်အဆင့်မှာ ရှိနေသေးသော်လည်း ၎င်းအမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်ထက် များစွာပိုမိုသန်မာလေသည်။

ဧရာမ အစိမ်းရောင်အလင်းနှင့် ရင်ဆိုင်ရချိန်မှာ လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်က လက်သည်းခွံအရွယ် အလင်းစက်တစ်စက်ကဲ့သို့ ဖြစ်နေ၏။

အဲဒါက ခုခံငြင်းဆန်ဖို့ကို လုံးလုံးလျားလျား လက်လျှော့ထားခြင်း မဟုတ်လျှင် လျှိုဖျင်သည် ဤပူးကပ်သိမ်းပိုက်ခြင်းမှာ အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။

ဆူဇီမို၏ အကြည့်အောက်မှာ အလင်းစက်က ကြီးမားသော အစိမ်းရောင်အလင်း၏ စွမ်းအားကို တစ်တစ်စ စုပ်ယူနေပြီး ပိုမိုသန်မာလာခဲ့၏။

သိပ်မကြာခင် လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်စွမ်းအင်က နောက်ဆုံးမှာ မိုးမခသစ်ပင်ကို ကျော်တက်သွားပြီး သူ၏ ဝါးမျိုခြင်း အရှိန်အဟုန်က သိသိသာသာ တိုးလာခဲ့၏။

ခဏနေပြီးနောက် အသိစိတ်ထဲမှာ အမြုတေစိတ်ဝိညာဉ်တစ်ခုသာလျှင် ကျန်ရစ်ခဲ့၏။

ပူးကပ်သိမ်းပိုက်ခြင်းက အောင်မြင်သွားလေပြီ။

တကယ်တော့ မိုးမခသစ်ပင်၏ မှတ်ဉာဏ်များက ရှုပ်ထွေးပြီး လျှိုဖျင်သည် သူတို့ကို လုံးလုံးလျားလျား ကြေညက်စေဖို့အတွက် အချိန်တစ်ခု ယူရပေလိမ့်မည်။

အမြုတေစိတ်ဝိညာဉ်နှစ်ခုက ပေါင်းစည်းသွားပြီးနောက် သူတို့က တည်ငြိမ်မှု မရှိသေးဘဲ ဆက်လက်၍ စောင့်ဆိုင်းရဦးမည်ဖြစ်၏။

မည်သို့ပင်ဆိုစေ.. လျှိုဖျင်က အသက်အန္တရာယ် မရှိတော့ပေ။

ဒါ့အပြင် သူသည် မိုးမခသစ်ပင်ကို အပြည့်အဝ ထိန်းချုပ်ပြီးနောက် အဆင့်-၄ မှာ သူ့ကို ခြိမ်းခြောက်နိုင်သည့်သူ တစ်ယောက်မှ မရှိလောက်တော့ပေ။

ဆူဇီမိုက တစ်ဖက်သို့ လှည့်ပြီး ပို့ဆောင်ရေး ဝင်္ကပါ ရှိရာသို့ အမူအရာကင်းမဲ့စွာ လျှောက်လှမ်းကာ အဆင့်-၅ သို့ တက်လှမ်းဖို့ ပြင်လိုက်၏။

“ဂျူနီယာညီဆူ.. မသွားနဲ့”

ထိုစဉ်မှာပင် လျှိုဖျင်၏ စိတ်ဝိညာဉ်အသိစိတ်ထံကနေ အသံထွက်ပေါ်လာ၏။

သူ၏ အမြုတေစိတ်ဝိညာဉ်က ယခုအချိန်ထိ တည်ငြိမ်မှု မရှိသေးဘဲ သူ၏ စိတ်ဝိညာဉ်အသိစိတ်က နူးညံ့သိမ်မွေ့နေပုံရ၏။

“ထိုက်ဟွာနဲ့ တခြားသူတွေက တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေကို ချိပ်ပိတ်ထားတယ်.. စီနီယာအစ်ကိုယဲ့က အဲဒီချိပ်စည်းကနေ ရုန်းထွက်ဖို့အတွက် သူ့အသက်ကို စွန့်လွှတ်စတေးပြီး ငါ့ကို သတိပေးခဲ့လို့ ငါက ထွက်ပြေးလာနိုင်ခဲ့တာ”

“သူ့အသက်ကို စတေးလိုက်တာလား”

ဆူဇီမိုက သူ၏ ခြေလှမ်းကို ရပ်တန့်ပြီး မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။

“စီနီယာအစ်ကိုယဲ့က သေသွားပြီ”

“သူက ဘဝသက်တမ်း စွန့်လွှတ်စတေး ပညာရပ်ကို ထုတ်ဖော်ပြီး သူ့ခန္ဓာကိုယ်ရဲ့ ချိပ်စည်းကနေ ရုန်းထွက်လာခဲ့တယ်.. ပြီးတော့ သူက ငါ့ကို သတိထားဖို့နဲ့ မင်းကို တက်လှမ်းမလာဖို့ သတိပေးလိုက်တယ်”

“စီနီယာအစ်ကိုယဲ့က ထိုက်ဟွာကို​ အရှက်မဲ့တဲ့ကောင်လို့ ခေါ်ပြီး သူ့ရဲ့ မျက်နှာကို သွေးတွေနဲ့ ထွေးထုတ်လိုက်တဲ့အတွက် အဲဒီလူက စိတ်တိုပြီး သူ့ကို သတ်ဖြတ်လိုက်တယ်”

လျှိုဖျင်သည် သတင်းအချက်အလက်များကို သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့်​ တစ်ခုပြီးတစ်ခု ပို့လွှတ်နေစဉ် ဆူဇီမို၏ အမူအရာက ပို၍ အေးစက်လာခဲ့၏။

စီနီယာအစ်ကိုယဲ့က သေဆုံးသွားလေပြီ။

ဆူဇီမိုသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်သို့ ဝင်ရောက်ခဲ့သည်မှာ နှစ်တစ်ထောင်ကြာသွားခဲ့ပြီ ဖြစ်သော်လည်း သူတို့နှစ်ယောက်သည် ဤနှစ်တစ်သောင်း တွေ့ဆုံပွဲမှာသာ ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်၏။

သူတို့နှစ်ယောက်မှာ ပတ်သက်ဆက်နွယ်မှု များစွာ မရှိပေ။ အလွန်ဆုံး သူတို့က ဂိုဏ်းသားအဖော်များသာ ဖြစ်၏။

တကယ်ဆို ဆူဇီမိုသည် စီနီယာအစ်ကိုယဲ့ဖေးအပေါ် နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုပင် မရှိခဲ့ပေ။

သို့သော်လည်း ယဲ့ဖေးက အဆင့်-၅ မှာ ဆိုးဆိုးဝါးဝါး သေဆုံးရလိမ့်မည်ဟု သူက ထင်မှတ်မထားပေ။

မဟာကျင်းအင်မော်တယ်နိုင်ငံ၊ အင်မော်တယ်ပျံဂိုဏ်းနှင့် သူ၏ ရန်ငြိုးရန်စမှာ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်က ကြားဝင်ပါခြင်း မရှိသရွေ့ တက္ကသိုလ်မှ တပည့်ဂိုဏ်းသားများသည် သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းကနေ ချမ်းသာရာရလိမ့်မည်ဟု သူက တွေးထင်ထားခဲ့၏။

သို့သော်လည်း မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းသည် သူ့ကို သတ်ချင်ရုံသာမက ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ကိုပါ သင်ခန်းစာတစ်ခု ပေးချင်နေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

ဆူဇီမို၏ အမူအရာက သုန်မှုန်သွားပြီး သူ၏ သတ်ဖြတ်လိုစိတ်က တလိပ်လိပ် ထိုးတက်လာကာ ပို့ဆောင်ရေး ဝင်္ကပါ ရှိရာသို့ လျှောက်လှမ်းသွား၏။

“ဂျူနီယာညီဆူ.. မင်း ဘာလို့ အဲဒီကို သွားဦးမှာလဲ”

လျှိုဖျင်က ဝေးသထက် ဝေးကွာသွားသော ဆူဇီမိုကို ကြည့်ပြီး ပို၍ စိုးရိမ်ပူပန်လာခဲ့၏။

သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က ယခုတင် ပေါင်းစည်းထားခါစဖြစ်ပြီး တည်ငြိမ်မှု မရှိသေးပေ။ သူက မိုးမခသစ်ပင်၏ ခန္ဓာကိုယ်ကို​ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘဲ သူ၏ လူသားသွင်ပြင်သို့ မယူနိုင်ပေ။ ထိုသို့ဖြင့် သူသည် ဤနေရာကနေ မထွက်ခွာနိုင်ဘဲ စိုးရိမ်ပူပန်ရုံသာ တတ်နိုင်လေသည်။

“ဘာရယ် မဟုတ်ပါဘူး.. ကျုပ်က စီနီယာအစ်ကိုယဲ့ရဲ့ အလောင်းကို သွားပြန်ယူမလို့”

ပို့ဆောင်ရေး ဝင်္ကပါမှာ မတ်တတ်ရပ်ပြီး ဆူဇီမိုက သူ၏ မျက်လုံးထဲရှိ အေးစက်စက် အလင်းတစ်ချက်နှင့်အတူ ခဏမျှ ရပ်တန့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“နောက်ပြီး သူနဲ့အတူ လူတချို့ကပါ သေပေးရလိမ့်မယ်”

All Chapters