ငါမင်းနဲ့စလိုက်မယ်
Vol. 149 Ch. 2222
ရင်ပြင်ပေါ်မှာ...။
ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမို၏ စကားကို ကြားရသောလူတိုင်းမှာ မတူညီသောအမူအရာများရှိနေကြ၏။
တချို့က သူတို့ခေါင်းများကိုခါယမ်းပြီး သက်ပြင်းချကာ အချို့မှာ အထင်အမြင်သေးသော အမူအရာများရှိနေပြီး အချို့က စိုးရိမ်ပူပနေကြ၏။
လျှိုဖျင်က ထွက်ပြေးလွတ်မြောက်လာပြီး ဆူဇီမိုကို ဤအကြောင်းသတင်းပေးလိုက်သည်ကို ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က တွေ့မြင်သောအခါ ဆူဇီမိုက ကြောက်ရွံ့ပြီး ရှေ့သို့မတက်လှမ်းတော့မည်ကို သူက စိုးရိမ်ပူပန်နေခဲ့၏။
ဆူဇီမိုက အဆင့်-၅သို့ တက်လှမ်းသွားသည်ကို တွေ့မြင်မှသာ သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်လေသည်။
“ဒီကောင်လေးကို ငါကောင်းကောင်းသိတယ်... သူကနောက်ဆုတ်မှာမဟုတ်ဘူး”
မင်းသားယွမ်ကျောသည် အဲ့ဒါကိုမျှော်လင့်ထားသည့်အလား သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေ၏။
“ဒီကောင်လေးက အရမ်းကိုရဲတင်းလွန်းတယ်... သူ့မှာဘာနောက်ဆံတင်းတာမှမရှိဘူး... သူမလုပ်ရဲတဲ့အရာဘာမှမရှိဘူး”
“လူငယ်တွေက ထက်ရှပြီးတော့ သွေးပူတတ်တာ ကောင်းပါတယ်”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က ပြုံးလိုက်၏။
“ကံဆိုးတာကတော့.. သူက ဒီတစ်ခေါက်သေရတော့မှာပဲ”
ထိုအခိုက်အတန့်တွင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့သို့ ထျဲဟန်အပါအဝင် မဟာကျင်းအင်မော်တယ်နိုင်ငံဘက်မှ ကမ္ဘာမြေအင်မော်တယ် ရှစ်ယောက် ရောက်ရှိလာခဲ့ပြီဖြစ်၏။
အင်မော်တယ်ထိုက်ဟွာအပါအဝင် အင်မော်တယ်ပျံဂိုဏ်းမှာ ကမ္ဘာမြေအင်မော်တယ်ဆယ်ယောက် ရောက်ရှိနေလေပြီ။
ထိုအဖွဲ့အစည်းနှစ်ခုမှ စုစုပေါင်း လူ၂၂ယောက်သည် မိုးကောင်းကင်ကိုးလွှာသို့ ဝင်ရောက်ခဲ့ကြ၏။
ယခုအချိန်မှာ ၁၈ယောက်က ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဆူဇီမိုကို စောင့်ဆိုင်းနေကြ၏။
သူတို့ကြားမှာ ထိုက်ဟွာ၊ ချင်ချန်ဇီနှင့် ထျဲဟန်ကဲ့သို့ ထိပ်သီးကမ္ဘာမြေအင်မော်တယ်များပါဝင်လေသည်။
ဤကဲ့သို့သော ကြီးမားသည့်အစုအဖွဲ့အရ အဆင့်-၁ သို့မဟုတ် အဆင့်-၂ ကောင်းကင်အင်မော်တယ်တစ်ယောက်ပင်လျှင် ဤနေရာမှာ သေဆုံးရဖို့များလေသည်။
“အရှင်မင်းသား... လူကြီးမင်းဆူက အဆင်ပြေပါ့မလား”
ရှုရှောင်းထျန်က စိုးရိမ်ပူပန်နေသောအမူအရာဖြင့် ညင်သာစွာမေးမြန်းလိုက်၏။
ရှဲ့ချင်းချန်က သူ၏ ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး တစ်ခုခုပြောချင်သော်လည်း ရပ်တန့်လိုက်၏။
နောက်ဆုံးမှာတော့ သူက မည်သည့်စကားမှမဆိုဘဲ သက်ပြင်းသာချလိုက်၏။
ဆူဇီမိုသည် ယခင်အဆင့်-၄ မှာ ဝှက်ဖဲများစွာကို ထုတ်ဖော်ခဲ့ခြင်းမရှိလျှင် သူ့မှာ ရှင်သန်ဖို့အတွက် အခွင့်အရေးတစ်ခုရှိနေနိုင်၏။
သို့သော်ယခု... သူသည် အဆင့်-၄ ကို ရှင်းလင်းဖို့အတွက် ဝှက်ဖဲများစွာကိုသုံးစွဲခဲ့၏။
သူသည် ဝှက်ဖဲများစွာကို ကြိုတင်ထုတ်ဖော်ခဲ့ပြီဖြစ်ပြီး အချိန်တိုအတွင်းမှာ သူတို့ကို နောက်တစ်ဖန်ပြန်လည်ထုတ်ဖော်နိုင်မည်မဟုတ်ပေ။
တစ်ဘက်မှာတော့ အင်မော်တယ်ထိုက်ဟွာ၊ ချင်ချန်ဇီ၊ ထျဲဟန်နှင့် အခြားသောကမ္ဘာမြေအင်မော်တယ်များက သူတို့၏ စွမ်းအင်များကို စုဆောင်းဖို့အတွက် အချိန်ကြာမြင့်စွာရရှိကာ စောင့်ဆိုင်းနေကြ၏။
နှစ်ဦးနှစ်ဘက်ကြား ခွန်အားကွာဟချက်ကို အသာထား သူတို့ကြား အခြေအနေကွာခြားချက်ကပင် ကြီးမားနေ၏။
သူက ဤတိုက်ပွဲကို ဘယ်လိုတိုက်ခိုက်နိုင်တော့မှာလဲ။
တက္ကသိုလ်မှအကြီးအကဲများက ဝမ်းနည်းပူဆွေးသောအမူအရာများနှင့် နေရာမှာ မတ်တတ်ရပ်နေကြ၏။
သူတို့သည် ဆူဇီမိုတက်လှမ်းလာခြင်းကို မတားဆီးနိုင်ဘဲ အခြေအနေက အရှိန်အဟုန်မြင့်တက်လာသည်ကို ဒီတိုင်းသာကြည့်နေရ၏။
လက်ရှိလူများကြားမှာ လူတစ်ယောက်တည်းကသာလျှင် စိတ်လက်အပေါ့ပါးဆုံးနှင့် အတည်ငြိမ်ဆုံးဖြစ်နေ၏။
ယွင်ထင်က မိုးကောင်းကင်ကိုးလွှာမှ ပုံရိပ်ကိုကြည့်ပြီး ဝိုင်ပြင်းတစ်ခွက်ကိုသောက်ကာ တီးတိုးရေရွတ်လိုက်၏။
“မင်းငါ့ကိုစိတ်မပျက်စေဘူးမလား”
ပွင့်ပွင့်လင်းလင်းပြောရပါက သူပင်လျှင် တူညီသောနေရာမှာရှိနေမည်ဆိုပါက သူသည် ဤတစ်ခေါက်မှာ အနိုင်ရလိမ့်မည်ဟု အာမ,မခံနိုင်ပေ။
ကြမ်းကြုတ်ခက်ထန်သောလေပြင်းများက အော်မြည်တိုက်ခတ်နေပြီး အဝါရောင်သဲများက တထောင်းထောင်းထနေ၏။ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့မှာ မလှုပ်မယှက်လဲကျနေသောအလောင်းတစ်လောင်းကို သဲမှုန်များက ဖုံးအုပ်လာခဲ့၏။
ဘေးတစ်ဘက်မှာ ပုံရိပ်များစွာက ဖြန့်ကြက်နေရာယူထားပြီး ထိုင်သူထိုင် မတ်တတ်ရပ်သူရပ် ရှိနေကြ၏။
လူတိုင်းမှာ မတူညီသောအမူအရာများရှိသော်လည်း သူတို့၏ မျက်လုံးများကို ရံဖန်ရံခါဖွင့်ပြီး မျှော်လင့်စောင့်ဆိုင်းမှုအရိပ်ယောင်တစ်ခုကို ထုတ်ဖော်ပြသနေကြ၏။
သိပ်မကြာခင် အဝေးကနေပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့၏။
အဲ့ဒါသည် စောစောက လျှိုဖျင်နောက်သို့ ပြေးလိုက်သွားသောထျဲဟန်ဖြစ်ပြီး သူကနောက်ဆုံးမှာ ပြန်ရောက်လာခဲ့လေပြီ။
“သူဘယ်မှာလဲ”
ချင်ချန်ဇီက မျက်ခုံးပင့်ပြီးမေးလိုက်၏။
“သူ... လွတ်သွားတယ်”
ထျဲဟန်က စကားများစွာမပြောဆိုဘဲ အေးစက်စွာပြန်ဖြေလိုက်၏။
“သူလွတ်သွားတာလား”
ချင်ချန်ဇီက မျက်မှောင်ကြုတ်ပြီး မေးးခွန်ထုတ်လိုက်၏။
“မင်းက ကမ္ဘာမြေအာဏာပါးကွပ်သားအစောင်အတပ်သားတွေရဲ့ မဟာခေါင်းဆောင်တပ်မှူးပဲ... ဒီလိုဘာမဟုတ်တဲ့သူတစ်ယောက်ကို ဘာဖြစ်လို့မိအောင် မဖမ်းနိုင်ရတာလဲ”
“သူက... သူ့ရဲ့ထွက်ပြေးခြင်းနည်းစနစ်ကို ထုတ်ဖော်ဖို့အတွက် သူ့ရဲ့အမြုတေသွေးကို လောင်ကျွမ်းစေခဲ့တယ်... ငါသူ့ကိုလိုက်မမီနိုင်ဘူး”
ထျဲဟန်က ပြောလိုက်၏။
“ဒါပေမဲ့... ငါ့ရဲ့ရေခဲဓားသွားတွေ ထိခတ်ခံထားရတဲ့အတွက် သူကရှင်သန်နိုင်မှာမဟုတ်ဘူး”.
အင်မော်တယ်ထိုက်ဟွာက သူ၏ မျက်လုံးကိုဖွင့်ပြီး လှောင်ရယ်လိုက်၏။ သူကလည်း အနည်းငယ်ဒေါသထွက်နေပြီး မကျေမနပ်ပြောဆိုလိုက်၏။
“ဒါပေမဲ့ သူက ဆူဇီမိုကို ဒီအကြောင်းပြောလိုက်မယ်ဆိုရင် ငါတို့ရဲ့ အစီအစဥ်တွေက ပျက်စီးသွားမှာပေါ့”
“ဘာမှမဖြစ်ဘူး”
ထျဲဟန်၏ အသံက မည်သည့်အတက်အကျမှမရှိဘဲ ပြောလိုက်၏။
“အရင်တည်းက ဆူဇီမိုကို ငါလေ့လာထားတယ်... သူက တက္ကသိုလ်ကတပည့်တစ်ယောက် ငါတို့လက်ထဲမှာ သေသွားတယ်ဆိုတာ သူသိမယ်ဆိုရင် သူကသေချာပေါက် ဒီကိုရောက်လာလိမ့်မယ်”
“အို... ဟုတ်လား”
အင်မော်တယ်ထိုက်ဟွာက မေးလိုက်၏။
“သူက သေရတော့မယ်ဆိုတာ သိနေတာတောင် ရောက်လာဦးမှာလား”
“သူကသေရမှာကို မကြောက်ဘူး”
ထျဲဟန်က အေးစက်စွာပြောလိုက်၏။
အင်မော်တယ်ထိုက်ဟွာက စကားပြောမည့်ဆဲဆဲမှာပင် သူ၏ အမူအရာက ပြောင်းလဲသွား၏။
တစ်ချိန်တည်းမှာပင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့မှာရှိသော ကျင့်ကြံသူအားလုံးက တစ်စုံတစ်ရာကို အာရုံခံမိသွား၏။
သူတို့၏ မျက်လုံးများကိုမှိတ်၍ အနားယူနေကြသောလူတချို့ကလည်း သူတို့၏ မျက်လုံးများကို ဖွင့်လာကြ၏။
ဖုန်းယင်၏ အမူအရာပင်လျှင် ပြောင်းလဲသွားပြီး အဝေးတစ်နေရာကို လှမ်းကြည့်လိုက်၏။
အဆုံးမဲ့သဲဝါများကြားမှာ လူတစ်ယောက်က ဖြည်းဖြည်းချင်းလျှောက်လှမ်းလာနေ၏။ ထိုလူက အလွန်တရာနှေးကွေးသည်ဟု ထင်ရ၏။
သို့သော်လည်း သူ၏ ခြေလှမ်းတိုင်းက အန္တိမကြမ်းကြုတ်တောကောင်တစ်ကောင် မြေကြီးအနက်ပိုင်းထဲကနေ မွေးဖွားပေါ်ထွက်လာသည့်အလား လူတိုင်း၏ ခြေဖဝါးအောက်ရှိမြေပြင်ကို တသိမ့်သိမ့်လှုပ်ခါသွားစေ၏။
အလွန်တရာကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက လောကမှာ ပြည့်နှက်နေပြီး လူတစ်ယောက်ကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေနိုင်၏။
သူက ဤနေရာကို ရောက်ရှိလာခဲ့ပြီဖြစ်၏။
အင်မော်တယ်ထိုက်ဟွာနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ အခြားသောထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၇ ယောက်က တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်လာကြ၏။ သူတို့၏ အကြည့်များက သိပ်သည်းစုဖွဲ့လာပြီး သူတို့၏ ခန္ဓာကိုယ်များကနေ စွမ်းအားကြီးမားသောအော်ရာများက ပစ်လွင့်ထွက်ပေါ်လာကာ ဆူနာမီတစ်ခုကဲ့သို့ ထိုပုံရိပ်ထံ အော်မြည်တိုက်ခတ်သွားလေသည်။
ဤနေရာသို့ ရောက်ရှိလာပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ပေါ်မှာ သူတို့၏ နာမည်များကို ချန်ထားနိုင်သည့် ကမ္ဘာမြေအင်မော်တယ်များအားလုံးသည် နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့၏။
သူတို့အားလုံးက အနှိုင်းမဲ့ပြိုင်စံရှားများဖြစ်၏။
ထိုလူ ၄၈ ယောက်ထဲမှာ မည်သူမဆို ဆူဇီမိုကို ကြောက်ရွံ့နေမည်မဟုတ်ပေ။
ဘုန်း.... ဘုန်း....ဘုန်း...
ဆူဇီမို၏ အော်ရာက ဝင်ရောက်လာသောအော်ရာနှင့် ထိတွေ့ရိုက်ခတ်ပြီး မိုးကြိုးထစ်ချုန်းသံများက ဆက်တိုက်ထွက်ပေါ်လာသည့်အလား လေဟာနယ်က တုန်ခါသွား၏။
ဆူဇီမိုက ခြေတစ်လှမ်းမှနောက်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့တက်လှမ်းလာဆဲဖြစ်၏။
“သူက... တကယ်ရောက်လာရဲတာပဲ”
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းမှ ယွဲ့ဖုန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“သူက မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက အဲ့ဒီပြိုင်စံရှားတွေနဲ့ နှစ်ဦးနှစ်ဖက် အသေအကြေတိုက်ခိုက်မလို့ ဖြစ်ချင်ဖြစ်မှာပေါ့”
ရှဲ့ယွင်က ညင်သာစွာ သက်ပြင်းချလိုက်၏။
“နှစ်ဦးနှစ်ဖက်အသေအကြေတိုက်ခိုက်မလို့လား”
ယွင်လေက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။
“အင်မော်တယ်ထိုက်ဟွာရယ်... ချင်ချန်ဇီရယ်... ထျဲဟန်ရယ်ဆိုရင် သူ့မှာ ဘာအခွင့်အရေးမှရှိမှာ မဟုတ်တော့ဘူး”
“ဘယ်လောက်တောင်သန်မာလိုက်တဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒလဲ”
အဝေးကနေ ဖုန်းယင်က ရုတ်တရက်တီးတိုးရေရွတ်လိုက်၏။
ဖျတ်ခနဲဆို ထိုက်ဟွာနှင့် အခြားသူများက ရှေ့သို့တဟုန်ထိုးပြေးထွက်သွားပြီး တစ်ခဏချင်းမှာပင် ဆူဇီမိုကို ဝိုင်းပတ်ပိတ်ဆို့လိုက်ကြ၏။
မင်းသမီးသက်တံနီကို မည်သူကမှစောင့်ကြပ်မနေတော့သည့်အခါ ရှဲ့ယွင်က ဘေးဘက်သို့ ရောက်ရှိလာပြီး ဓမ္မပညာရပ်တစ်ခုကို လှည့်ပတ်ကာ သူမ၏ ခန္ဓာကိုယ်ပေါ်မှ ချိပ်စည်းများကို ဖယ်ရှားပေးချင်၏။
သို့သော်လည်း အင်မော်တယ်ထိုက်ဟွာ၏ ချိပ်စည်းက အရမ်းကိုလွှမ်းမိုးနိုင်စွမ်းရှိ၏။
သူက ဓမ္မပညာရပ်များကို ဆက်တိုက်ထုတ်ဖော်လိုက်သော်လည်း သူသည် မင်းသမီးသက်တံနီ၏ လျှာပေါ်မှချိပ်စည်းကိုသာ ချေဖျက်ပေးနိုင်၏။
သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အချုပ်အနှောင်အများစုက လှုပ်ခါမသွားပေ။
“ဂျူနီယာမောင် ဆူ”
မင်းသမီးသက်တံနီက နာကျင်နေသောအမူအရာဖြင့် သူမစကားပြောနိုင်စဥ်မှာပင် အော်ပြောလိုက်လေသည်။
“စီနီယာအစ်ကိုယဲ့ကို ထိုက်ဟွာက သတ်လိုက်တာ... နင်သူ့အတွက်လက်စားချေပြီး ထိုက်ဟွာကို သတ်ပေးရမယ်”
“မပူပါနဲ့”
ဘေးပတ်ဝန်းကျင်ကို အကဲဖြတ်ပြီး ဆူဇီမိုက ထိုက်ဟွာနှင့် အခြားသူများကို ကြည့်ကာဖြည်းဖြည်းချင်းပြောလိုက်၏။
“မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ကမ္ဘာမြေအင်မော်တယ်တွေအားလုံးက မိုးကောင်းကင်ကိုးလွှာမှာ ဒီနေ့စီနီယာအစ်ကိုယဲ့နဲ့အတူ သေရလိမ့်မယ်”
“ဟီးဟီး”
ချင်ချန်ဇီက သူ၏ ခေါင်းကိုခါပြီး သရော်တော်တော်အမူအရာဖြင့် ရယ်မောလိုက်၏။
“ဆူဇီမို... မင်းက အခုချိန်ထိ ကိုယ့်အခြေအနေကို မသိသေးဘူးပဲ”
“ငါ့ကိုယ်ငါ မိတ်ဆက်ပေး…..”
ချင်ချန်ဇီက သူ၏ ခေါင်းကိုအနည်းငယ်မော့ပြီး ပြောလိုက်စဥ်မှာပင် ဆူဇီမိုက သူ့ကိုဖြတ်ပြောလိုက်၏။
“မင်းကိုယ်မင်း မိတ်ဆက်ပေးစရာမလိုတော့ဘူး”
ဆူဇီမိုက မလှမ်းမကမ်းမှာရှိသော ချင်ချန်ဇီကိုစိုက်ကြည့်ကာ အေးစက်စွာပြောလိုက်၏။
“ငါမင်းနဲ့ အရင်စလိုက်မယ်”
သူ့စကားမဆုံးသေးခင်မှာပင် ဆူဇီမိုက မြေပြင်ကို ပြင်းထန်စွာဆောင့်နင်းလိုက်၏။
မြေပြင်တစ်ခုလုံးက ပြင်းထန်စွာလှုပ်ခါသွားလေသည်။
ဖြောက်...
ထို့နောက်ချက်ချင်းပင် လူတိုင်း၏ ရှေ့မှောက်မှာ ကြီးမား၍ မှောင်မည်းနေသော အက်ကွဲကြောင်းတစ်ခုက အဆင့်-၅ မြေပြင်ပေါ်မှာ ပေါ်ထွက်လာ၏။
တစီစီအော်မြည်နေသောဓားသံက ဆူပွက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ထိုထဲကနေ ထွက်ပေါ်လာခဲ့၏။