အဆုံးအဖြတ်တိုက်ပွဲ
Vol. 149 Ch. 2234
ကျင့်ကြံသူများစွာသည် ထိုတိုက်ခိုက်ဖလှယ်မှုကို ကြည့်ပြီး သူတို့၏ သွေးများ ဆူပွက်လာသည်ဟု ခံစားရ၏။
နတ်ဘုရားစွမ်းအားတစ်ခုကို ထုတ်ဖော်ပြီးနောက် သာမန်ကျင့်ကြံသူများသည် နောက်တစ်ခုကို မထုတ်ဖော်ခင်စပ်ကြား သူတို့၏ အမြုတေစိတ်ဝိညာဥ်ကို ခေတ္တခဏအနားပေးရလေသည်။
မဟုတ်ပါက အမြုတေစိတ်ဝိညာဥ်ပေါ် ဝန်ထုပ်ဝန်ပိုးက အရမ်းကြီးမားလာပြီး သူတို့ကို အင်အားကြီးမားစွာ ကုန်ခန်းစေပေလိမ့်မည်။
အမြုတေစိတ်ဝိညာဥ်များက ပိုပြီးသိပ်သည်းကျစ်လစ်လေလေ အနားပေးရသည့်အချိန်က ပို၍တိုတောင်းလေဖြစ်၏။
ယွင်ထင်၊ ထိုက်ဟွာနှင့် ဖုန်းယင်ကဲ့သို့လူများအတွက် သူတို့သည် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်များစွာကို ဆက်တိုက်ထုတ်ဖော်မည်ဆိုလျှင်တောင် သူတို့၏ အမြုတေစိတ်ဝိညာဥ်များက အဲ့ဒါကိုခံနိုင်ရည်ရှိ၏။
ယခု လူတိုင်းသည် တရစပ်ထွက်ပေါ်လာသော တိုက်ခိုက်မှုများနှင့် နတ်ဘုရားစွမ်းအားများကို မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရပြီး သူတို့အားလုံးက စိတ်လှုပ်ရှားတက်ကြွနေ၏။
“ဒါက အစစ်အမှန်အနှိုင်းမဲ့ပညာရှင်တစ်ဦးပဲ”
“ကမ္ဘာမြေအင်မော်တယ်ပညာရှင်တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းစွမ်းအားက ဒီလောက်အဆင့်ထိရောက်နိုင်တယ်ဆိုတော့..”
“အင်မော်တယ်ထိုက်ဟွာက ပြန်ဝင်စားလာလို့ သူ့မှာအရင်ဘဝရဲ့ အမှတ်သညာတွေရှိတယ်... သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က ဒီလိုမျိုးသိပ်သည်းကျစ်လစ်နေတယ်ဆိုတာ နားလည်လက်ခံလို့ရတယ်.... ဒါပေမဲ့ ဆူဇီမိုက အောက်ဘုံလောကကနေလာခဲ့တာပဲ... ဒါတောင် သူ့ရဲ့အမြုတေစိတ်ဝိညာဥ်က လဲပြိုကျမသွားဘဲ အင်မော်တယ်ထိုက်ဟွာနဲ့ ယှဥ်ပြိုင်တိုက်ခိုက်နိုင်နေသေးတယ်ဆိုတော့...”
အာမေဋိတ်သံများ၊ အော်ဟစ်သံများနှင့် အားပေးသံများက ရောထွေးသွားပြီး ရင်ပြင်ပေါ်မှာ ပဲ့တင်ထပ်နေ၏။
“ညီကိုဆူက တကယ့်ကိုစွမ်းတာပဲ”
ရှဲ့ချင်းချန်က ပြောလိုက်၏။
“ပြန်ဝင်စားအင်မော်တယ်တွေက သန်မာကြတယ်ဆိုတာ သူတို့က အရင်ဘဝက ကျင့်ကြံမှုတွေကို ပိုင်ဆိုင်ထားလို့ပဲ... သူတို့က သူတို့မှတ်ဉာဏ်တွေရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ရရှိထားတယ်ဆိုပေမဲ့ သူတို့အနေနဲ့ အတွေ့အကြုံ၊ လက်ရုန်းရည်နှလုံးရည်၊ အခြေအနေပေါ်ထိန်းချုပ်နိုင်စွမ်းနဲ့ အကဲဖြတ်နိုင်စွမ်းက သူတို့နဲ့အဆင့်တူခြင်းမှာ တခြားသူတွေအားလုံးထက် သာလွန်နေပြီ”
“အခု... ညီကိုဆူက အင်မော်တယ်ထိုက်ဟွာကို သူ့ရဲ့အတွေ့အကြုံနဲ့ နည်းစနစ်တွေကို သုံးစားမရတဲ့အခြေအနေထိရောက်အောင် ဒီလိုမျိုးဖိအားပေးလိုက်နိုင်တယ်ဆိုတော့... သူက ညီကိုဆူနဲ့ဆက်ပြီးတော့ ရွေးချယ်စရာမရှိ တိုက်ခိုက်လို့ပဲရတော့မယ်”
“အရှင်မင်းသား... ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ထင်လဲ”
ရှုရှောင်းထျန်က ဆူဇီမိုအနိုင်ရဖို့ မျှော်လင့်ထား၏။
သို့သော်လည်း သူကစိုးရိမ်ပူပန်နေဆဲဖြစ်၏။
ဘာပဲပြောပြော ဆူဇီမိုသည် လမ်းတစ်လျှောက် အဆက်မပြတ်တိုက်ပွဲများမှာ သူ၏ စွမ်းအင်များစွာကို သုံးစွဲခဲ့ရ၏။ ဒါ့အပြင် တစ်ဘက်လူက ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ဖြစ်ပြီး လုံးဝလျှော့တွက်လို့မရပေ။
“ငါမပြောတတ်တော့ဘူး”
ရှဲ့ချင်းချန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“နှစ်ယောက်စလုံးရဲ့ အမြုတေစိတ်ဝိညာဥ်တွေက အဆင့်-၁ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာ ရှိနေတယ်... သူတို့မှာ အခုချိန်ထိမထုတ်ဖော်ရသေးတဲ့ ဝှက်ဖဲတချို့လည်းရှိနေနိုင်သေးတယ်”
“သူတို့က အဲ့ဒီဝှက်ဖဲတွေကိုအသုံးပြုကြတာနဲ့... အဲ့ဒါက အနိုင်ရလဒ်ကို အဆုံးအဖြတ်ပေးမယ့်အချိန် ရောက်လာလိမ့်မယ်”
မိုးကောင်းကင်ကိုးလွှာမှာ နှစ်ဘက်စလုံးသည် ဤကဲ့သို့သောပုံစံဖြင့် တိုက်ခိုက်နေကြပြီး အချိန်တိုအတွင်းမှာ သူတို့၏ တိုက်ပွဲကို အထွတ်အထိပ်ထိမြင့်တက်လာစေခဲ့၏။
ခုတ်ချက် ၃၆ချက်အပြီး၌ ဆူဇီမို၏ မျက်လုံးများက တောက်ပနေပြီး သူ၏ အော်ရာက သိပ်သည်းကျစ်လစ်လာ၏။ သူက ရပ်တန့်မည့်မည်သည့်လက္ခဏာမှမရှိဘဲ ပိုမိုကြမ်းတမ်းသည်ထက်ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့၏။
ရွှစ်... ရွှစ်... ရွှစ်...
မီးခိုးရောင်မြူခိုးများက ဆူဇီမို၏ ရှေ့မှာ လွှမ်းခြုံလာပြီး ထိန်းမနိုင်သိမ်းမရပုံစံဖြင့် အဆက်မပြတ်ပြောင်းလဲနေ၏။
အချိန်ဆေဘာတချို့က နောက်တစ်ဖန်စုဖွဲ့လာပြီး တိုက်ခိုက်ဖို့အတွက် အဆင်သင့်ဖြစ်နေ၏။
“ဆူဇီမို”
ရုတ်တရက် အင်မော်တယ်ထိုက်ဟွာက သူ၏ ခြေလှမ်းကိုရပ်တန့်ပြီး တစ်ဘက်သို့လှည့်ကာ အော်ပြောလိုက်၏။
“မင်းက... တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့က မိုးကောင်းကင်ကိုးလွှာရဲ့ အပြင်ဘက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက်တိုက်ပွဲမှာ တိုက်ခိုက်ကြမယ်... ဘယ်လိုလဲ”
အင်မော်တယ်ထိုက်ဟွာ၏ အသံက ကျယ်လောင်သော်လည်း သူ၏ လေသံကနေ သူ၏ အရေးနိမ့်မှုကို ဖော်ပြပေးနေ၏။
“ငါကမင်းကို အခုချက်ချင်းပဲ သတ်မှာ”
ဆူဇီမိုက အင်မော်တယ်ထိုက်ဟွာကို အေးစက်စွာကြည့်ပြီး တည်ငြိမ်စွာပြောလိုက်၏။
အင်မော်တယ်ထိုက်ဟွာသည် ဆူဇီမိုကို ကြောက်စရာကောင်းသောအမူအရာဖြင့် စိုက်ကြည့်ပြီး အော်ပြောလိုက်၏။
“ဆူဇီမို... သိပ်ပြီးတော့လွန်ကဲမလာနဲ့”
“ငါကို တကယ်ပဲချောင်ပိတ်ရိုက်မယ်ဆိုရင် ငါကမင်းနဲ့အသေအကြေတိုက်ခိုက်မယ်... မင်းလည်း မရှင်သန်နိုင်စေရဘူး”
တကယ်တော့... အင်မော်တယ်ထိုက်ဟွာမှာ ဝှက်ဖဲတစ်ခုရှိနေဆဲဖြစ်၏။ သို့သော်လည်း သူသည်အဲ့ဒါကိုထုတ်ဖော်မည်ဆိုလျှင်တောင် ဆူဇီမိုကိုသတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှုမရှိပေ။
သူက ကျရှုံးသွားမည်ဆိုလျှင် သူက ဤနေရာမှာသေရပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် အင်မော်တယ်ထိုက်ဟွာက ဤဝှက်ဖဲကို အသုံးမပြုရဲခြင်းဖြစ်၏။
“ငါနဲ့ အသေအကြေတိုက်ခိုက်ချင်တာလား”
ဆူဇီမိုက ယိမ်းယိုင်ခြင်းမရှိဘဲ သူ၏ အမူအရာက အကြောက်အလန့်ကင်းမဲ့နေ၏။
တကယ်ဆို သူက အင်မော်တယ်ထိုက်ဟွာကို လျစ်လျူရှုပြီး သူ၏ ရှေ့မှာစုဖွဲ့ထားသော အချိန်ဆေဘာကို ထုတ်လွှတ်ကာ ထိုက်ဟွာထံသို့ ခုတ်ပိုင်းချလိုက်၏။
နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ် ၃၆ ခုကို ဆက်တိုက်ထုတ်ဖော်ပြီးနောက် အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်က ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ နာကျင်လာခဲ့၏။
ဤတိုင်းသာဆက်သွားလျှင် သူက ခြေကုန်လက်ပန်းကျကာ သေဆုံးရပေလိမ့်မည်။
“သေစမ်း”
အင်မော်တယ်ထိုက်ဟွာက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို ရူးသွပ်စွာလှည့်ပတ်လိုက်၏။
သူ၏ လက်ထဲရှိ အမြုတေချီက ထက်ရှသော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည့် လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးပွေလီသော ရှေးဟောင်းစာလုံးများကို လေထဲမှာရေးဆွဲလိုက်၏။
ကြောက်စရာကောင်းသောနတ်ဘုရားစွမ်းအားများက ဖြန့်ကြက်သွားပြီး ဆူဇီမိုထံသို့ တလိပ်လိပ်တိုးဝင်လာ၏။
“အင်မော်တယ်သတ်ဖြတ်ခြင်းအဆောင်”
ပကတိအင်မော်တယ်ရှဲ့လင်က အံ့အားတသင့်ရေရွတ်လိုက်၏။
အဲ့ဒါသည် အင်မော်တယ်ပျံဂိုဏ်း၏ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။ အဲ့ဒါကို ထုတ်ဖော်လိုက်သည်နှင့် အဲ့ဒါသည် တစ်ဘက်လူ၏ အသက်ဓာတ်အားကို ဖြတ်တောက်နိုင်ပြီး အလွန်တရာကြောက်စရာကောင်းလေသည်။
“အနိုင်ရလဒ်ကို အဆုံးအဖြတ်ပေးတော့မယ်”
ရှဲ့ချင်းချန်က မျက်တောင်မခတ်ဘဲ တီးတိုးရေရွတ်လိုက်၏။
အရေမတွက်နိုင်သော ကျင့်ကြံသူများကလည်း အသက်အောင့်ကာ စောင့်ကြည့်နေကြ၏။
ထိုအန္တိမနတ်ဘုရားစွမ်းအား ထွက်ပေါ်လာသောအခါ အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်က အရမ်းကိုအားနည်းသွားပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။
ဖောက်... ဖောက်....ဖောက်...
အချိန်ဆေဘာတချို့က အင်မော်တယ်သတ်ဖြတ်ခြင်းအဆောင်နှင့် လေထဲမှာ ထိတွေ့ရိုက်ခတ်မိသောအခါ သူတို့သည် အဲ့ဒါကိုလုံးဝမခုခံနိုင်ဘဲ ပျက်ပြယ်သွားကြ၏။
“မင်းနောက်ဆုံးတော့ တိုက်ခိုက်ပြီပေါ့လေ”
ဆူဇီမိုက ဝင်ရောက်လာသော အင်မော်တယ်သတ်ဖြတ်ခြင်းအဆောင်ကို မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ ကြည့်နေ၏။
ထိုအစား သူသည် အဲ့ဒါကို အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေခဲ့သည့်အလား သူ၏ မျက်လုံးထဲမှာ မထီတရီအကြည့်တစ်ခုရှိနေ၏။
ဘန်း...
အင်မော်တယ်သတ်ဖြတ်ခြင်းအဆောင်က ဆူဇီမို၏ ရင်ဘတ်ပေါ်မှာ ခတ်နှိပ်သွားပြီး သိပ်သည်းပြင်းထန်သော အဆောင်စွမ်းအားက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲသို့ တလိပ်လိပ်တိုးဝင်လာကာ အသက်ဓာတ်အား၏ ကြီးမားသော ပမာဏတစ်ခုကို ဖျက်ဆီးပစ်နေ၏။
သူ၏ အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သူ၏ အသက်ဓာတ်အားက လျင်မြန်စွာယုတ်လျော့လာခဲ့၏။
သို့သော်လည်း အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အသက်ဓာတ်အားက အခြားသောသက်ရှိများထက် များစွာသာလွန်ပြီး စဥ်းစားကြည့်၍မရနိုင်အောင် ကျယ်ပြောလေသည်။
ထိုအန္တိမနတ်ဘုရားစွမ်းအားက နဂါးတစ်ကောင်ကို ထိခတ်မိမည်ဆိုလျှင် အဲ့ဒါကို သူတို့ကိုပင် သတ်ဖြတ်နိုင်၏။
သို့သော်လည်း ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ စွမ်းအားကြီးမားသော ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ ရှင်သန်နိုင်ခဲ့၏။ သူ၏ အသက်ဓာတ်အားက အားနည်းသွားသော်လည်း အဲ့ဒါကို ဖြည်းဖြည်းချင်း ပြန်လည်ဖြည့်တင်းနေ၏။
အဆင့်-၁၀ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကသာလျှင် အန္တိမနတ်ဘုရားစွမ်းအားတစ်ခုကို သေဆုံးခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်နိုင်ပေလိမ့်မည်။
တကယ်တော့... ပို၍အရေးကြီးသည်မှာ အင်မော်တယ်ထိုက်ဟွာ၏ အမြုတေစိတ်ဝိညာဥ်က အဆင့်-၁ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာရှိနေ၏။ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ဦးက ထိုအန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်မည်ဆိုလျှင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ကြေမွပျက်စီးသွားရပေလိမ့်မည်။
ဒါ့အပြင် အင်မော်တယ်ထိုက်ဟွာသည် ဆူဇီမိုနှင့် အရင်ဆုံး နတ်ဘုရားစွမ်းအား ၃၆ ခုကို တိုက်ခိုက်ဖလှယ်ခဲ့ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က အားနည်းနေ၏။ ထိုအန္တိမနတ်ဘုရားစွမ်းအား၏ စွမ်းအားက နောက်ထပ်အဆင့်တစ်ခုထိ လျော့ကျသွားခဲ့၏။
အချိန်ဆေဘာများဖြင့် ထိတွေ့ရိုက်ခတ်မှုက ၎င်း၏ ခွန်အားကို နောက်တစ်ဖန်လျော့ကျသွားစေပြန်၏။
အဲ့ဒါက ဆူဇီမိုပေါ်သို့ တကယ်တမ်းဆင်းသက်လာသောအခါ အဲ့ဒါက သူ့ကိုကြီးမားစွာ မခြိမ်းခြောက်နိုင်တော့ပေ။
အရာရာတိုင်းက ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာရှိနေ၏။
“သူက မသေဘူးလား”
အင်မော်တယ်ထိုက်ဟွာက အာရုံစိုက်၍ကြည့်လိုက်၏။
သူသည် ဆူဇီမို၏ ပုံရိပ်ကို တွေ့မြင်လိုက်ရ၏။ ထိုသူက အနည်းငယ်ယိမ်းထိုး၍ သွေးများစွာကို အားအင်ချိနဲ့စွာ ထွေးထုတ်လိုက်သော်လည်း သူ၏ အသက်ဓာတ်အားက ပြတ်တောက်မသွားပေ။ ဒါ့အပြင် သူ၏ အသက်ဓာတ်အားက အလျင်အမြန်ပြည့်ဝလာနေ၏။
“မင်းမှာပြန်ဝင်စားဖို့အတွက် နောက်ထပ်အခွင့်အရေးမရှိတော့ဘူး”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မှင်သေသေဖြင့် ပြောလိုက်၏။ သူ၏ အမြုတေစိတ်ဝိညာဥ်ကို စေညွှန်ကာ သူ၏ နတ်ဘုရားစွမ်းအားကို လှည့်ပတ်ပြီး သူက လေဟာနယ်ကနေတစ်ဆင့် အင်မော်တယ်ထိုက်ဟွာကို လက်ညှိုးထိုးကာ ထိုစကားကိုပြောလိုက်၏။
“တဒင်္ဂအခိုက်အတန့်”
အင်မော်တယ်ထိုက်ဟွာ၏ သူငယ်အိမ်နှစ်ဖက်က ပြင်းထန်စွာ တဆတ်ဆတ်လှုပ်သွားပြီး သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုက သူ့ကိုလွှမ်းခြုံလာကာ သူသည်နောက်ခဏ၌ သေရတော့မည့်အလားပင်။
သူသည် ထိုကြောက်စရာကောင်းသောခံစားချက်ကနေ ရုန်းထွက်ချင်သော်လည်း သူကထိုသို့မလုပ်နိုင်တော့ပေ။
သူသည် နောက်ထပ်အန္တိမနတ်ဘုရားစွမ်းအားကို ထုတ်ဖော်ချင်၏။ သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ပြင်းထန်စွာ နာကျင်ကိုက်ခဲနေပြီး သူ၏ စိတ်က ဝေဝါးကာ သတိလစ်လုမတတ်ဖြစ်သွား၏။
ထိုအခိုက်အတန့်မှာ သူသည် နောက်ဆုံးတစ်စုံတစ်ရာကို နားလည်သဘောပေါက်သွား၏။
ဆူဇီမို၏ ယခင်နည်းလမ်းများအားလုံးသည် ထိုအန္တိမနတ်ဘုရားစွမ်းအားကို သူထုတ်ဖော်လာရန် ဖိအားပေးနေခဲ့ခြင်းဖြစ်၏။
သူ၏ အင်မော်တယ်သတ်ဖြတ်ခြင်းအဆောင်ကို ထုတ်ဖော်ပြီးမှသာ ဆူဇီမိုက ဤသတ်ဖြတ်ကွက်ကို ထုတ်လွှတ်လိုက်လေသည်။ ယခုအချိန်မှာ အဲ့ဒါကိုခုခံဖို့အတွက် သူ့မှာ မည်သည့်ခွန်အားမှ မကျန်ရှိတော့ပေ။
ဆေဘာတစ်လက်ကဲ့သို့ အချိန်... တဒင်္ဂအခိုက်အတန့်...။
လူတိုင်း၏ ရှေ့မှောက်မှာပင် အင်မော်တယ်ထိုက်ဟွာသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားပုံရလေသည်။ သူ၏ ဆံပင်များက ဖြူဖွေးသွားပြီး သူ၏ ခန္ဓာကိုယ်က ကျုံ့ဝင်ကာ အိုစာလာခဲ့၏။ သူ၏ မျက်နှာက ပါးရေနားရေအတွန့်များဖြင့် ပြည့်နှက်သွားလေသည်။
စိတ်အားမာန်၊ ဂုဏ်ကျက်သရေ၊ မာန်မာနနှင့် သူ၏ မောင်းနှင်အား... အရာအားလုံးက ချက်ချင်းပင် ပျောက်ကွယ်သွား၏။
“မင်း... မင်း...”
အင်မော်တယ်ထိုက်ဟွာ၏ သွေးချီက အားနည်းလာပြီး သူ၏ ခန္ဓာကိုယ်က ကုတ်ကိုင်းသွား၏။ သူ၏ မျက်လုံးများက မှုန်မှိုင်းသွားပြီး အကြောက်တရားဖြင့်ပြည့်နှက်လာကာ တစ်စုံတစ်ရာကိုပြောချင်နေသည့်အလား ဆူဇီမိုကို သူ၏ ပိန်လှီနေသော လက်ဖြင့် လက်ညှိုးထိုးလိုက်၏။
သို့သော်လည်း နောက်ဆုံးမှာတော့ ပြန်ဝင်စားအင်မော်တယ်သည် နောက်ပြန်လှန်ကျကာ သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားပြီး သူ၏ အသက်ဓာတ်အားက ငြိမ်းသေသွားလေသည်။
ယခု... သူ၏ ဝိညာဥ်က ပျက်ပြယ်သွားပြီး သူ့မှာ ပြန်ဝင်စားနိုင်မည့်အခွင့်အရေး ဆက်လက်၍မရှိတော့ပေ။
သူသည် မိုးကောင်းကင်ကိုးလွှာမှာ သူ၏ အသက်ကိုဆုံးရှုံးခဲ့ရပြီဖြစ်၏။