အခန်း (၃၂)
Vol. 3 Ch. 32
ကျောက်ရှင်းရန်က သူတို့နဲ့ အောက်ထပ်ကို လိုက်လာခဲ့သည်။ "လက်ထောက် ကျန်း ကျွန်မ ရှင်နဲ့လိုက်ခဲ့မယ်"
ကျန်းချင် ခဏမျှ စဉ်းစားလိုက်သည်။ "ရှင်းရန်၊ မင်းပြန်သင့်တယ်။ မင်းက နာမည်ကြီးတစ်ယောက်။ ပြီးတော့ ဆေးရုံမှာ မင်းကို ဖျော်ဖြေရေး သတင်းထောက်တွေ တွေ့သွားရင် မကောင်းဘူး"
"ဒါပေမယ့်..."
"ကျွန်တော် ကျန်းရှောင်ကို ဆေးရုံ ခေါ်သွားလိုက်မယ်။ စစ်ဆေးပြီးသွားရင် မင်းကို ဆက်သွယ်လိုက်မယ်"
ကျောက်ရှင်းရန်က အားနည်းနေတဲ့ ကျန်းရှောင်ကို ကြည့်ကာ သူမက လက်ထောက်ကျန်းနှင့် ဤမျှ ကောင်းမွန်သော ဆက်ဆံရေးရှိလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
"ဒါဆို လက်ထောက် ကျန်း၊ သူ့ကို ဂရုစိုက်ပေးပါနော်"
ဆေးရုံ၌ ကျန်းရှောင်ကို အရေးပေါ်ခန်းဆီ ခေါ်သွားခဲ့သည်။ သူနာပြုက စစ်ဆေးပြီး “ဘယ်နားက နာတာလဲ” လို့ မေးခဲ့သည်။
ကျန်းချင် လျင်မြန်စွာပြန်တုံ့ပြန်ခဲ့သည်။ "သူမ က ကိုယ်ဝန် ၁၁ ပတ်ရှိနေပြီ။ ခါးကို ထိခိုက်သွားတယ်"
သူနာပြုဆရာမက အနီးနားရှိလူကို ပြောလိုက်သည်။ "ဒေါက်တာချန်ကို အကြောင်းကြားပေး "
ထို့နောက် သူမက ကျန်းရှောင်ကို နှစ်သိမ့်ပေးလိုက်သည်။ "မကြောက်ပါနဲ့။ သွေးထွက်တာမရှိဘူး။ အေးအေးဆေးဆေးပဲ"
ထိုအချိန်တွင် လူလတ်ပိုင်းဆရာဝန်တစ်ဦး ခြေလှမ်းကျဲကျဲနဲ့ လျှောက်လာခဲ့သည်။ "ဘာဖြစ်တာလဲ"
သူနာပြုဆရာမက ပြောလိုက်သည်။ "ကိုယ်ဝန်ဆောင်အမျိုးသမီးပါ ခါး ထိခိုက်ထားတယ်"
ဒေါက်တာ ချန် ပြောလိုက်သည်။ "မြန်မြန်၊ သူမကိုစစ်ဆေးဖို့အထဲခေါ်သွား "
ကျန်းရှောင်၏ ဖြူဖျော့နေတဲ့မျက်နှာက တင်းမာမှုများနှင့် ပြည့်နှက်နေသည်။ သူမ ရုတ်တရက် ကြောက်လန့်တကြားဖြင့် ဆရာဝန်ရဲ့ အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။
"ဒေါက်တာ ကျွန်မ ဒီကလေးကို လိုချင်တယ်။ ကျွန်မ သူ့ကို မဆုံးရှုံးချင်ဘူး..."
ဆရာဝန်က ဤကဲ့သို့သော မြင်ကွင်းများကို ကြိမ်ဖန်များစွာ မြင်ဖူးပြီး သူမကိုစိတ်ချအောင်ပြောလိုက်သည်။ “အခု သိပ်အများကြီး မတွေးပါနဲ့”
ကျန်းရှောင်၏ မျက်နှာတွင် စိတ်ပျက်အားငယ်မှုအရိပ်အမြွက်ပြသွားသည်။ သူမ ကြောက်ရွံ့ထိတ်လန့်နေခဲ့သည်။ သူမရဲ့ ပဲပင်ပေါက်လေးကို ဆုံးရှုံးရန် သူမ မတတ်နိုင်တော့ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
စေ့စေ့စပ်စပ်စစ်ဆေးပြီးနောက် ဒေါက်တာ ချန် က သူမကို ပြောပြခဲ့သည်။ "စိတ်မပူနဲ့ ကလေးက နေကောင်းတယ်။ ခင်များ အရမ်းစိတ်ပူလွန်းနေတယ်"
ကျန်းရှောင်ရဲ့အသံက အောရှသွားသည်။ "တကယ်လား။ ကျွန်မကို လိမ်နေတာ မဟုတ်ဘူးမလား"
ဒေါက်တာ ချန်နဲ့ သူနာပြုဆရာမ နှစ်ယောက်စလုံး ပြုံးပြခဲ့ကြသည်။" ဒီကလေးက အရမ်းသန်မာတယ်။ ခင်များက ညာဘက်တင်ပါးရိုးကို ထိထားတယ် ပြီးတော့ ခများမှာ ကိုယ်ဝန်ရှိနေတာဆိုတော့ ကျွန်တော်တို့ ဓာတ်မှန်ရိုက်လို့မရဘူး။ ကျွန်တော့်ရဲ့ လေ့လာမှုအရတော့ ကြီးကြီးမားမား ပြသနာတွေ ရှိပုံမပေါ်ဘူး။ စောင့်ကြည့်ဖို့အတွက် ခင်များ ဆေးရုံမှာတော့ နေသင့်တယ်"
ကျန်းရှောင် သူမ၏ ဗိုက်ပေါ် လက်ကို ညင်သာစွာ တင်ပြီး ကိုင်လိုက်သည်။ နောက်ဆုံးတော့ သူမ စိတ်သက်သာရာရကာ သက်ပြင်းတစ်ချက်ချလိုက်သည်။ "ဒေါက်တာ ကျေးဇူးတင်ပါတယ် "
ကျန်းချင်က သူ့မျက်နှာပေါ်မှ ချွေးအေးတွေကို သုတ်လိုက်ပြီး ကျိုးရှို့လင်းဆီ အမြန် ဖုန်းခေါ်လိုက်သည်။ သူ ဒီအကြောင်းကို သူဌေးကို အကြောင်းမကြားခဲ့ရင် သူ ပစ္စည်းတွေ ထုပ်ပိုးပြီး အိမ်ပြန်သွားရနိုင်သည်။
ဤတစ်ကြိမ်တွင် ကျိုးရှို့လင်းက ဟွားရှ မှ လက်ထောက် အထွေထွေမန်နေဂျာနှင့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
တော်တော်များများ လက်မှတ်ထိုးဖို့ စီစဉ်ထားတယ်။ဘီ မြို့တော်ရှိ ကုမ္ပဏီအနည်းငယ်နဲ့ စာချုပ်ချုပ်ရန်လည်း စီစဥ်ထားသည်။
ကျိုးရှို့လင်း ကျန်းချင်ဆီက ဖုန်းလက်ခံရရှိတဲ့အခါ အစည်းအဝေးက တစ်နာရီကျော်ကြာနေပြီဖြစ်ပြီး သူစကားပြောတာ မဆုံးသေးပေ။
သူ့အချိန်ဇယားအစီအစဉ်ကို သိနေတဲ့ ကျန်းချင် တစ်ယောက် သူ့ဆီဖုန်းဆက်တာက အရေးကြီးတဲ့အရာတစ်ခုလို့ အဓိပ္ပါယ်ရသည်။ ကျိုးရှို့လင်း စိတ်မသက်မသာ ခံစားချက်ဖြင့် မျက်ခုံးပင့်ကာ အစည်းအဝေးခန်းမှ ခွင့်တောင်းပြီး ဖုန်းပြောရန် စင်္ကြံဆီသို့ သွားခဲ့သည်။
"ဘာကိစ္စရှိလို့လဲ"
"မစ္စတာ ကျိုး၊ မဒမ် ခါးကို မတော်တဆ စောင့်မိသွားတယ် ဒါပေမယ့် ကလေးက နေကောင်းပါတယ်"
ကျိုးရှို့လင်း၏ အသက်ရှူသံက လည်ချောင်းထဲတွင် နစ်မြုပ်နေပြီး ထိန်းချုပ်လို့မရတော့ပေ။ "အတိအကျဘာဖြစ်ခဲ့တာလဲ၊ အကြောင်းပြချက်မရှိဘဲ သူ့ခါးကို ဘယ်လို စောင့်မိမှာလဲ"
"အဲ့တာက မစ္စ ကျိုးပါ"
ကျိုးရှို့လင်း၏ စိတ်ခံစားမှုများက လျင်မြန်စွာ ပြောင်းလဲသွားသည်။ "ကျန်းရှောင် အခု ဘယ်လိုနေသေးလဲ"
“ကျွန်တော်တို့ ဆေးရုံ ရောက်နေပြီ။ သူမ တော်တော်လေး ထိတ်လန့်သွားတယ်။ ဆေးစစ်မှုအပြီးမှာ ဆရာဝန်က သူမ အဆင်ပြေပါတယ်လို့ ပြောတော့ သူမရဲ့ စိတ်လည်း သက်သာလာပါပြီ"
"သူမ ငိုခဲ့လား"
"ဟုတ် "
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျိုးရှို့လင်း ပြောလိုက်သည်။ "ငါဒီည ပြန်လာမယ်"
"မစ္စတာ ကျိုး..." ကျန်းချင် အသံက တဖြေးဖြေးတိမ်ဝင်သွားခဲ့သည်။
"ကောင်းပြီ ငါ အခုလေဆိပ်ကို သွားနေပြီ " ဖုန်းချလိုက်ပြီး သူ့လက်ဆစ်တွေ ဖြူလာသည်အထိ လက်ချောင်းတွေကို တင်းတင်းဆုပ်ထားခဲ့သည်။
ကျိုးရှို့လင်း အစည်းအဝေးခန်းမထဲ ပြန်သွားပြီး အထွေထွေမန်နေဂျာစုန့်နဲ့ နောက်တစ်ဆင့် ဆွေးနွေးခဲ့ ပြီးတော့ လေဆိပ်ကို အပြေးအလွှား သွားခဲ့သည်။
ကံကောင်းထောက်မစွာ၊ ထိုနေ့တွင် လေဆိပ်က ချောမွေ့နေပြီး လေယာဉ်ခရီးစဉ်များ နှောင့်နှေးမှုမရှိပေ။
ဆေးရုံကိုရောက်တော့ ည ၈ နာရီခွဲနေပြီ။
နေဝင်ရီတရောအချိန်က လေးလံနေပြီး ကောင်းကင်တွင် ကြယ်များမရှိ၊ အမှောင်ထုကို အလှဆင်ထားသည့် မီးရောင်များသာရှိသည်။
လူနာခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် သူ့လက်က တခဏမျှ တုံ့ဆိုင်းသွားကာ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်သွားသလို ခံစားလိုက်ရသည်။
သူဝင်လာတော့ လူနာခန်းထဲ မီးဖွင့်ထားခဲ့သည်။
ကျန်းရှောင် မျက်လုံးစုံမှိတ်ထားကာ အိပ်ပျော်နေသည်။ ကျန်းချင် က သူမရဲ့ ညာဘက်ခါးကို ထိခိုက်ထားတယ် လို့ ပြောခဲ့ပေမယ့် အခု သူမက ဘယ်ဘက်ခြမ်းမှာ အိပ်ပျော်နေသည်။
ကျိုးရှို့လင်း သည် သူ့ခံစားချက်များကို ထိန်းထားပြီး သူမကို အလွယ်တကူ နှိုးရန် မဝံ့ရဲပေ။ သူက ငြိမ်သက်စွာအိပ်စက်နေတဲ့ မျက်နှာလေးကို တစ်ချက်ကြည့်လိုက်သည်။
ကျန်းရှောင် ညသန်းခေါင်တွင် နိုးလာတော့ မူးနောက်နေကာ ကုလားထိုင်ပေါ်တွင် လူတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ "ကျိုးရှို့လင်း ......."
သူမ တုံ့ဆိုင်းသွားပြီး အိပ်မက်မက်နေသလို ခံစားရကာ သူ့နာမည်ကို ခေါ်လိုက်သည်။
ကျိုးရှို့လင်း စိတ်တွေ ကြည်လင်လာပြီး ရှေ့ကို ခြေတစ်လှမ်းတိုးလာခဲ့သည်။ "နိုးပြီလား"
ကျန်းရှောင်ရဲ့ စိတ်က ရှုပ်ယှက်ခတ်နေသော်လည်း သူ့မျက်လုံးထဲမှာ လျင်မြန်စွာ ရှုပ်ထွေးနေတဲ့ အရိပ်အယောင်ကို သူမမြင်လိုက်ရသည်။
"ရှင်ဘာလို့ ဆေးရုံ ရောက်နေတာလဲ" ပိုးသတ်ဆေးနံ့က လူနာခန်းထဲ စိမ့်ဝင်လာကာ သူမကို စိတ်မသက်မသာဖြစ်စေပြီး နှာရှုံ့သွားစေသည်။
ကျိုးရှို့လင်း သူမရဲ့လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ "မင်း ဘာလုပ်ချင်လဲ။ ဆရာဝန်က မင်းရဲ့ ညာဘက်ခါးက ထိခိုက်မိထားတယ်လို့ ပြောတယ်။ မင်း မသက်မသာ ခံစားနေရလား"
ကျန်းရှောင် သူမရဲ့ပါးစပ်ထောင့်ကို ဆွဲလိုက်သည်။ "ဟင့်အင်း၊ ကျွန်မ အခု အများကြီး ပိုကောင်းလာပြီ"
သူမရဲ့ မျက်လုံးတွေကိုပွတ်လိုက်ပြီး သူမရဲ့ အမြင်အာရုံက တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။ သူသည် ဂုဏ်သိက္ခာ ရှိပုံရသော်လည်း ငြီးငွေ့ဖွယ်ဝတ်စုံပြည့်ကို ဝတ်ထားဆဲဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။
“ကျွန်မ ထိုင်ချင်တယ်၊ ကျွန်မ တစ်နေ့လုံးလှဲနေရတော့ တစ်ကိုယ်လုံး ထုံကျင်နေပြီ"
ကျိုးရှို့လင်း မျက်မှောင်ကြုတ်လိုက်ပြီး သူမကို ထိုင်ဖို့တွက် ကူညီပေးလိုက်သည်။ သူမ ဒီကိစ္စကို ဆွေးနွေးဖို့ ကြံရွယ်ထားတာ မရှိဘူးဆိုတာကို မြင်လိုက်ရတော့ သူ မမေးဖို့ ဆုံးဖြတ်လိုက်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။
ကျန်းရှောင် မေးလိုက်သည်။ "လက်ထောက် ကျန်း ရှင့်ကို ပြောလိုက်တာလား။ ကျွန်မ အဆင်ပြေပါတယ်"
ကျိုးရှို့လင်းက သူမ၏ ပေါ့ပါးပြီး တဖျပ်ဖျပ်ခတ်နေသော လေသံကိုကြားတော့ သူ့စိတ်ဝိညာဉ်ထဲ သူမကို ဖက်ထားနိုင်စေရန် ဆန္ဒရှိခဲ့သည်။ "မင်း အဆင်ပြေတယ်လို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ။ မင်းက ကံကောင်းတာ!"
ကျန်းရှောင် သူမပါးစပ်ထောင့်ကို ဆွဲလိုက်သည်။ "မဟုတ်ပါဘူး! ပဲပင်ပေါက်လေးရဲ့ အစွမ်းသတ္တိကြောင့်ပါ"
ကျိုးရှို့လင်းက သူမရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး သူမရဲ့ ဆံပင်ကို အခြားလက်ဖြင့် စည်းပေးခဲ့သည်။
"ကိုယ် တောင်းပန်ပါတယ်" သူက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းများဖြင့် ပြည့်နှက်နေပြီး သူမ မျက်လုံးတွေထဲ စိုက်ကြည့်လိုက်သည်။
ကျန်းရှောင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ "တကယ်တော့ အဲဒီအချိန်က ငါကြောက်သွားတယ်။ ထူးဆန်းတယ်။ အစတုန်းကတော့ ပဲပင်ပေါက်လေးကို မလိုချင်ခဲ့ပေမယ့် အခုတော့ သူ့ကို ဆုံးရှုံးမခံနိုင်တော့ဘူး"
ကျိုးရှို့လင်း သူမရဲ့ မျက်နှာကို လက်ဖြင့်အုပ်ကိုင်လိုက်ပြီး သူ့အမူအရာ ပျော့ပြောင်းသွားသည်။ "ပဲပင်ပေါက်လေးကို ကိုယ်တို့ မဆုံးရှုံးစေရဘူး"
ကျန်းရှောင် ရုတ်တရက်ပြုံးလိုက်ပြီး သူမရဲ့စကားတွေက ဖြည်းညှင်းစွာထွက်လာသည်။ "ကျိုးရှို့လင်း၊ ကျွန်မ ရှင့်ကို တကယ်ကျေးဇူးတင်တယ်။ ကျွန်မတို့မှာ ပဲပင်ပေါက်လေးရှိလာတာက ရှင့်ကြောင့်မလို့ပဲ။ ကိုယ်ဝန်ရလာတော့ ကျွန်မရဲ့အမေအကြောင်း ခဏခဏစဉ်းစားမိတယ်။ ကျွန်မ အမေ့ကို မတွေ့ဖူးပေမယ့် အမြဲစိတ်ကူးယဥ်ကြည့်မိတယ် " သူမ ခေတ္တရပ်တန့်သွားပြီး အတွေးထဲတွင် နစ်မျောသွားပုံရသည်။
ကျိုးရှို့လင်း မေးလိုက်သည်။ "မင်းအမေက ဘာဖြစ်တာလဲ"
“ကျွန်မ ငယ်ငယ်တုန်းကတော့ အဖေ အရက်မူးပြီး ပြောဖူးတယ် ကျွန်မအမေမှာ ကိုယ်ဝန်ရှိလာတော့ သူမရဲ့ခန္ဓာကိုယ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်တဲ့။ ကျွန်မအဖေက လက်လျှော့ပြီး ကလေးကို မလိုချင်ဘူးဆိုပြီး ပြောပေမယ့် နောက်ဆုံးမှာ အမေက ကလေးကိုမွေးဖို့ အခိုင်အမာပြောတုန်းပဲတဲ့။ ကျွန်မ အဲ့တာကို မယုံကြည်ခဲ့ဘူး။ အရက်မူးနေချိန်မှာ အဖေပြောခဲ့တဲ့စကားတွေက သိပ်ပြီး ယုံကြည်နိုင်စရာမရှိဘူးလို့ ထင်မိခဲ့ပေမယ့် အခုတော့ အဲ့တာက မှန်တယ်လို့ထင်မိတယ်"
ကျိုးရှို့လင်း မျက်လုံးထဲ ခံစားချက်တွေက တိုးလာခြသည်။ "ကျန်းရှောင်၊ မင်းရဲ့အဖေကို လွမ်းနေလား"
ကျန်းရှောင် သမ်းလိုက်သည်။ " အွန်း။ လွမ်းသလိုပဲ " လူတွေက အကြောက်ဆုံးအချိန်မှာ သူတို့ချစ်ရတဲ့သူတွေကို တွေးတတ်ကြသည်။
ကျန်းရှောင်၏ နှစ်ဆယ့်တစ်နှစ်တာဘဝတွင် သူမ တွေ့ကြုံခဲ့ရသော တင်းမာသည့်အခိုက်အတန့်အားလုံးကို ယနေ့နှင့် နှိုင်းယှဉ်၍မရပေ။ ခဏထိုင်ပြီးနောက် သူမရဲ့ဒဏ်ရာက တရိပ်ရိပ် နာလာသည်။ နောက်ပြန်လှဲချဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာမရှိတော့ပေ။
ကျိုးရှို့လင်း ခဏမျှ တိတ်ဆိတ်သွားသည်။ "ဒါဏ်ရာကိုကြည့်ရအောင်"
ကျန်းရှောင် ငြင်းချင်ပေမယ့် သူ့ရဲ့ စူးရှတဲ့ အကြည့်တွေကို သူမ မြင်လိုက်ရတော့ စကားတောင် မပြောနိုင်ခဲ့ဘူး။
ကျိုးရှို့လင်းက သူမ၏ အင်္ကျီကို မလိုက်ပြီး လက်သီးအရွယ် အတွင်းကြေဒဏ်ရာတစ်ခုက မျက်လုံးကို ဖမ်းစားသွားကာ သူ့ကိုအံ့အားသင့်သွားစေသည်။
ဒီလောက်ဆိုးလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။ သူ့လက်ချောင်းထိပ်တွေက ဒဏ်ရာအပေါ်ကို ဖြည်းညှင်းစွာ ပွတ်သပ်ပေးရင်း သူ့အမူအရာက မသိသာခဲ့ပေ။
ကျန်းရှောင် အသက်ပြင်းပြင်းရှူလိုက်သည်။ "ဆေးလိပ်သောက်ထားတာလား"
ကျိုးရှို့လင်းက သူမရဲ့အဝတ်အစားတွေကို ဖြောင့်စင်းအောင်လုပ်ပေးခဲ့သည်။ "ဟုတ်တယ်"
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "ရှင် ဒီည မပြန်ဘူးလား"
"မင်းက ကိုယ့်ကို ပြန်သွားဖို့ မျှော်လင့်နေတာလား"
ကျန်းရှောင် မျက်တောင်ခတ်ပြီး ပြန်ပြောလိုက်သည်။ "မဟုတ်ရပါဘူး။ ဆေးရုံမှာ ကျွန်မ တစ်ယောက်တည်း နေရတာ နည်းနည်း ကြောက်လို့"
နောက်ဆုံးတော့ ကျိုးရှို့လင်းက ပြုံးပြီး ပြောခဲ့သည်။ "ကိုယ် မပြန်ပါဘူး။ မင်း ဘေးမှာပဲရှိနေမယ်။ အိပ်တော့"
............
စာရေးသူမှတ်စု- [အိမ်မက်ပြဇာတ်ရုံ ]
သုံးနှစ်သားအရွယ် ပဲပင်ပေါက်ကလေးက ကျန်းရှောင် ကို လက်ထောက် ကျန်း၊ မမ ကျန်း သို့မဟုတ် ရှောင်ရှောင်လို့ ချိုချိုသာသာနဲ့ အမြဲခေါ်လေ့ရှိသည်။
သူတို့ အိမ်ပြန်ရောက်တာနဲ့ သူ ချက်ချင်းပဲ ကျန်းရှောင် ရဲ့ ရင်ခွင်ထဲကို ပြေးသွားပြီး သူမကို "မေမေ" လို့ အဆက်မပြတ် ခေါ်သည်။
တစ်နေ့မှာတော့ အနုပညာနယ်ပယ်က နာမည်ကြီး စုံတွဲတစ်တွဲက လူသိရှင်ကြား သွားခဲ့သည်။ ထမင်းစားနေစဉ် ကျန်းရှောင်က ကျိုးရှို့လင်းနဲ့ ဆွေးနွေးနေခဲ့သည်။
ပဲပင်ပေါက်ကလေးက “မေမေ၊ ဖေဖေနဲ့ ဘယ်တော့မှ လူသိရှင်ကြားသွားမှာလဲ” လို့ ပြတ်ပြတ်သားသား မေးခဲ့သည်။
ကျိုးရှို့လင်းက ပဲပင်ပေါက်လေးရဲ့ ခေါင်းကို လက်ဖြင့် ညင်သာစွာ ထိလိုက်ကာ သူ့မျက်လုံးတွေထဲ ကျေနပ်မှုအပြည့် ရှိနေခဲ့သည်။
ကျန်းရှောင် - "........."