← Chapters

အခန်း (၂၁၇)

Vol. 15 Ch. 217

အခန်း (၂၁၇)

Vol. 15 Ch. 217

“ငါတို့ လုံခြုံပြီပဲ” လောင်ရှား မြို့တွင် ရှိနေသည့် လူပေါင်းများစွာတို့သည် စိတ်သက်သာရာ ရသလို သက်ပြင်း ချလိုက်၏။ မွန်းစတားကလန်များ၏ နယ်စပ်ဒေသနှင့် အနီးစပ်ဆုံးနေရာတွင် တည်ရှိနေသည်ဖြစ်သောကြောင့် တော်ဝင်ချောင် နိုင်ငံ အရင်ဆုံး တုံ့ပြန်လာသည် ဆိုခြင်းမှာ အကျိုးအကြောင်း ဆီလျော်လွန်းလှ၏။ တော်ဝင်ချောင်နိုင်ငံ၏ ဘိုးဘေးကြီး အလျင်အမြန် ရောက်ရှိလာသည်ဖြစ်သောကြောင့် လောင်ရှားမြို့တော်ဝန် သည် ခက်ခဲသည့် အခြေအနေဆီသို့ ရောက်ရှိသွား၏။

“သူတော်စင်ဘုရင်”

လောင်ရှားမြို့တော်ဝန်၏ အမူအရာသည် စပ်ဖြီးဖြီး ဖြစ်သွား၏။ သူသည် ဤကဲ့သို့ ဖြစ်လာမည်ကို အစောကြီးကတည်းက ကြိုတင်ကာ ခန့်မှန်းထားခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူ စောစောစီးစီး ရောက်ရှိ လာလိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။

သူမလှုပ်ရှားရသေးခင်မှာပဲ တစ်ဖက်လူသည် ရောက်ရှိလာခဲ့၏။ သူသည် သူတော်စင်အဆင့်၏ ထိပ်ဆုံးတွင် ရှိနေသည်ဆိုသော်လည်း အစစ်အမှန် သူတော်စင်ဘုရင်တစ်ယောက်နှင့် ရင်ဆိုင်ဖို့ ဆိုသည်မှာတော့ အလှမ်းကွာဝေးလွန်းလှသည်။

“နတ်ဆိုးနည်းစနစ်ကို ကျင့်ကြံပြီးတော့ မျိုးနွယ်စုတွေကို သတ်ဖြတ်ခဲ့တယ်။ အပြစ်ပေးမှုကို ခံရဖို့ ကျိန်းသေပဲ” တော်ဝင်ချောင်နိုင်ငံ၏ သူတော်စင်ဘုရင်သည် ဆံပင်များ ပွစာကျဲလျက် ရှိနေသည်ဆိုလျှင်တောင်မှ မျက်လုံးများမှာ နေကဲ့သို့ပင် စူးရှတောက်ပလွန်းလှ၏။ တစ်ချက်အော်ဟစ်ပြီးသည့်နောက် သူသည် လက်ကို အသာမြှောက်ကာဖြင့် လက်ဝါးရိုက်ချက် တစ်ခုကို ထုတ်ဖော်လိုက်၏။

လက်ဝါးရိုက်ချက်သည် လေဟာနယ်ထဲတွင် တဖြည်းဖြည်းနှင့် ကြီးမားကျယ်ပြန့်လာခဲ့ပြီး မိုင်သောင်းနှင့်ချီသည့် အကွာအဝေးကို ဖုံးလွှမ်းလာခဲ့၏။ ကောင်းကင်ပေါ်တွင် ရှိနေသည့် နေတစ်ခုလုံးကိုပင် ကွယ်ကာသွားခဲ့၏။ ထိုအရာကြီး ကျဆင်းမလာခင်မှာဘဲ မြေပြင်တစ်ခုလုံးသည် ကြိုတင်ကာ ကွဲအက်လျက် ရှိနေပြီး အထဲတွင် ရှိနေသည့် အဆောက်အဦများသည်လည်း ပြိုလဲကျကုန်သည်။

ကံကောင်းစွာဖြင့် လောင်ရှားမြို့ထဲတွင် ရှိနေသည့် လူများသည် အချိန်ကိုက် ကာကွယ်ခြင်းကို ခံလိုက်ရသည်။ လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာသည်ဆိုလျှင်တောင်မှ ၎င်းတို့သည် မည်သည့်ဘေးအန္တရာယ်မှ မရှိကြချေ။

“တကယ့်ကို ကြမ်းတမ်းလွန်းတဲ့ နည်းစနစ်ပဲ” လောင်ရှားမြို့တော်ဝန်သည် အံကိုကြိတ်လိုက်၏။ တစ်ဖက်လူ၏ ရည်ရွယ်ချက်သည် အစကနေ အဆုံးအထိ သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြစ်ကြောင်း ရှင်းလင်းလွန်းလှ၏။ မည်သည့် တခြားအကြောင်းအရာကိုမှ စဉ်းစားတွေးခေါ်ရန် မလိုအပ်ချေ။

ဝှစ်

လောင်ရှားမြို့တော်ဝန်သည် ကောင်းကင်ယံဆီသို့ ပျံတက်သွားခဲ့၏။ ၎င်းသည် များပြားလှသည့် သင်္ကေတများ ပါဝင်လျက် ရှိနေသည့် အမဲရောင် ရှေးဒိုင်းကာကြီးတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုအရာဆီမှာ တောက်ပလှသည့် အလင်းရောင်များ တွက်ပေါ်လာခဲ့ပြီး ၎င်းအား ကာကွယ်ထားလေသည်။

ဘုန်း

နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာပြီး လက်ဝါးရိုက်ချက်ကြီးသည် ကျဆင်းလာ၏။ တဝုန်းဝုန်းအသံကြီး မြည်လာပြီးသည့်နောက် လောင်ရှားမြို့တော်ဝန်၏ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အကြည့်များအောက်မှာပဲ အမဲရောင်ရှေးဒိုင်းကြီးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားလေ၏။

ဝေါ့

လောင်ရှားမြို့တော်ဝန်သည် သွေးများ အန်ထွက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း ကွဲအက်လျက် ရှိနေပြီး လောင်ရှားမြို့၏အဝေး မိုင်တစ်ကောင် အကွာအဝေးဆီသို့ ဆိုးဆိုးရွားရွား လွင့်ကျသွားလေသည်။

“တခြားသူတွေရဲ့ သွေးအဆီအနှစ်တွေကို အသုံးပြုခဲ့တာ။ ဒီမိစ္ဆာလမ်းစဉ်က ပြစ်ချက်တွေ အရမ်းပေါတယ်လေ။ မင်းအနေနဲ့ သူတော်စင်ဘုရင်အဆင့်ကို လှမ်းတက်နိုင်မယ်ဆိုရင်တောင် ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး။ လက်ရှိ အခြေအနေဆိုရင် ပိုဆိုးတာပေါ့”

တော်ဝင်ချောင်နိုင်ငံ၏ သူတော်စင်ဘုရင်သည် ပြုတ်ကျသွားခဲ့ပြီဖြစ်သော မြို့တော်ဝန်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ “မင်းရဲ့ အားအင်အဆင့်က ဆိုးရွားတယ်။ ပြီးတော့ မင်းစီစဉ်ထားခဲ့တဲ့ အရာတွေ အားလုံးကလည်း ကြမ်းတမ်း ပြီးတော့ ရက်စက်လွန်းတယ်”

တော်ဝင်ချောင်နိုင်ငံတော်၏ သူတော်စင်ဘုရင်သည် အပျက်အစီးပုံများကြားထဲတွင် လဲလျောင်းလျက် ရှိနေသည့် မြို့တော်ဝန်ကို လှမ်းကြည့်လိုက်၏။ တစ်ဖက်လူသည် သေသလား၊ ရှင်သလားပင် သေသေချာချာ မသိရှိခဲ့ချေ။ အများကြီး ပြောနေစရာပင် မလိုချေ။ သူသည် လက်ကို အသာမြှောက်ပြီးသည့်နောက် ထပ်မံကာ တိုက်ခိုက်လိုက်သည်။

ချလွမ်

ကြီးမားလွန်းသည့် ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ထိုအရာကြီးသည် အရှိန်အဟုန် ပြင်းထန်လှသည့် မြစ်ကြီးတစ်စင်းကဲ့သို့ပင် အောက်ဆီသို့ ဆင်းသက်သွားခဲ့၏။

ဝုန်း

ဓားအလင်းတန်းများသည် မြေနှင့်ထိမှန်သည့် အချိန်မှာတော့ မြေပြင်တစ်ခုလုံး ကြမ်းကြမ်းတမ်းတမ်း တုန်ခါသွား ခဲ့၏။ မိုင်ထောင်နှင့်ချီသည့် အကွာအဝေးတွင် အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

လောင်ရှား မြို့တော်ဝန် အလုံးစုံ ပျောက်ကွယ်သွားခဲ့သည်ကို အတည်ပြုပြီးသည့်နောက် သူသည် မြို့ထဲတွင် ရှိနေသည့် လူများကို လှမ်းကြည့်ကာဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“ဒီလိုနေ့မျိုးကို ရောက်ရှိနေပြီဆိုမှတော့ တော်ဝင်ချောင်နိုင်ငံတော်ရဲ့ တစ်စုံတစ်ယောက်က မြို့တော်ဝန်နေရာကို ယူလိမ့်မယ်။ ကြောက်မနေကြနဲ့”

ပြောပြီးသည့်နောက် တော်ဝင်ချောင်နိုင်ငံ၏ ဘိုးဘေးကြီးသည် အသာလှည့်ကာ ထွက်ခွာသွားသည်။

သူထွက်ခွာသွားခဲ့ပြီးသည့်နောက် လောင်ရှားမြို့၏ အတွင်းရှိ လူပေါင်းများစွာတို့သည် ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်မိကြ၏။ ၎င်းတို့သည် ကြီးမားလွန်းလှသည့် ကပ်ဘေးကြီးကြားတွင် အသက်ရှင်ရပ်တည်နိုင် ခဲ့ကြ၏။ ကြီးမားလွန်းလှသည့် ဘေးဒုက္ခကြီးကို ကျော်ဖြတ်ခဲ့ကြသည့် အတွေ့အကြုံကိုပင် ရရှိခံစားခဲ့ကြ၏။ သူတို့သည် သေဆုံးတော့မည်ဟု ထင်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ နောက်ဆုံးအချိန်၌ အသက်ရှင် ကျန်ရစ်ခဲ့လေ၏။

အောင်ပွဲခံ ပျော်ရွှင်မှုများ၏ ကြားထဲတွင် ထိုသတင်းသည် တည်နေရာတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့ပြန်၏။ တော်ဝင် သဲကန္တာရမြို့ဆီသို့ပင် ရောက်ရှိလာခဲ့သည်။

ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ရှေ့တွင်တော့ လူပေါင်းများစွာ တို့သည် စုဝေးလျက် ရှိနေပြီး စာရင်းကို ကြည့်ရှုနေ၏။ ၎င်းတို့၏ စိတ်လှုပ်ရှားမှုများသည် ပြင်းထန်လျက် ရှိနေ၏။

“ကြည့်အုံး။ လောင်ရှားမြို့တော်ဝန် စာရင်းက ပျောက်ကွယ်သွားခဲ့ပြီ။ တစ်ရက်အတွင်းမှာပဲ ကောင်းကင် မကောင်းမှုစာရင်းမှာရှိတဲ့ လူသုံးယောက်က ပျောက်ကွယ်သွားခဲ့တာပဲ။ ကျုပ်ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ဒီလူတွေ သေသွားတာပဲဖြစ်မယ်”

“ပြီးတော့ ရီချန်က ယုရှင်းချန်ရဲ့ တစ်ချက်တည်းသော တိုက်ကွက်နဲ့ ရှုံးနိမ့်ခဲ့တဲ့ အချိန်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားတယ်တဲ့။ ဒါပေမဲ့ သူ့ရဲ့ အဆင့်က မပြောင်းလဲသေးဘူးလေ။ ဒီသုံးယောက်ကတော့ စာရင်းကနေ ပျောက်ကွယ်သွားခဲ့ပြီ။ သေတာနဲ့စာရင် အခြားအကြောင်းအရာ ရှိလိမ့်မယ်လို့ ကျုပ်တော့ မထင်ဘူးလေ”

“အင်း... ဒီနောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို ကျုပ်သိချင်တယ်”

“အခုပဲ၊ လောင်ရှားမြို့တော်ဝန်ကို သတ်ခဲ့တဲ့လူက တော်ဝင်ချောင်နိုင်ငံရဲ့ သူတော်စင်ဘုရင် ဖြစ်တယ်ဆိုတဲ့ သတင်းကို ကျုပ်ရခဲ့တယ်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်က စာရင်းတွေ အများကြီးကို ထုတ်ဖော်လိုက်တယ်။ ဒါပေမဲ့ ဒီတစ်ခုက အန္တရာယ်အများဆုံး တစ်ခုလို့ ပြောလို့ရတယ်”

“ကောင်းကင်မကောင်းမှုစာရင်း - ဒီစာရင်း ထွက်ပေါ်လာပြီးတဲ့နောက် တစ်ရက်အတွင်းမှာပဲ လူသုံးယောက်က သေဆုံးသွားခဲ့ပြီ။ ဒါနည်းနည်း ကြောက်ဖို့ကောင်းတယ်”

“ဒါ အစပဲ ရှိသေးတယ်လေ။ အစစ်အမှန် နဂါးကလန်က လူတစ်ယောက်က ကောင်းကင်မကောင်းမှုစာရင်းက လူတစ်ယောက်ကို လိုက်နေတယ်လို့ ငါကြားတယ်။ မထင်မှတ်ထားပဲ အဲလူက ကြီးမားတဲ့ တည်နေရာ ရွေ့ပြောင်းခြင်းအဆောင်ကို အသုံးပြုပြီး ထွက်ပြေးသွားခဲ့တယ်။ ရလဒ်အားဖြင့် အစစ်အမှန် နဂါးကလန်က တကယ့်ကို ဒေါသထွက်နေတယ်။ သူတို့က ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို လူပေါင်းများစွာ စေလွှတ်ပြီးတဲ့နောက် ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး။ အဲလူကို သတ်နိုင်ဖို့ ကြိုးစားကြမယ်တဲ့”

“ခင်ဗျားပြောနေတာ ယန်ရှိုလား”

လူအုပ်ကြားထဲတွင်တော့ အမဲရောင်ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မြူများ ဖုံးလွှမ်းလျက် ရှိနေသည့် ခန္ဓာကိုယ်နှင့်အတူ ဆွေးနွေးပွဲများကို နားထောင်လျက် ရှိနေ၏။

“သုံးယောက် သေသွားခဲ့ပြီ။ လောင်ရှားမြို့တော်ဝန်က ငါ့အထက်မှာရှိတယ်။ သူလည်း သေသွားပြီ။ အင်း... ငါ ဘာကို စောင့်နေရမှာလဲ”

ဤလူ၏ နာမည်သည် ကျောင်းဝူရှန်ပင် ဖြစ်၏။ သူသည် ကောင်းကင်မကောင်းမှု စာရင်း၏ ရှစ်ဆယ့်တစ်ယောက်မြောက် စာရင်း၌ရှိ၏။ ရေတွက်လို့ မရအောင် များပြားလှသည့် သွေးကြွေးများ သည် သူ၏ ပခုံးထက်တွင် တည်ရှိနေ၏။ သူ့အနေနှင့် အားအင်အဆင့်သည် ကောင်းမွန်လှသည် ဆိုလျှင်တောင်မှ အကန့်အသတ်ဖြင့် တည်ရှိနေ၏။

တခြားသောသူများသည် သေဆုံးသွားခဲ့သည်ဖြစ်သောကြောင့် သူသည်လည်း ကြာကြာခံလိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ့၌ မည်သည့်နောက်ခံမှ မရှိချေ။ အတိတ်တုန်းက လုံလုံခြုံခြုံနှင့် နေထိုင်နိုင်ခြင်းမှာ သတိအပြည့်နှင့် တည်ရှိနေခြင်းကြောင့်ပင်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်ရှိလာခဲ့ သည်ဖြစ်သောကြောင့် လောက၏ အဆုံးသတ်ဆီသို့ ထွက်ပြေးမည်ဆိုလျှင်တောင်မှာ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ဤလောကကြီးတွင် စကားတစ်ခုက ပေါ်ပေါက်လာခဲ့တော့၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ရင်ဆိုင် တိုက်ခိုက်နိုင်သည့် တစ်ဦးတည်းသောလူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သာလျှင် ဖြစ်ပေလိမ့်မည်။ ထိုအခြင်းအရာကို နားလည်ပြီးသည့်နောက် ကျောင်းဝူရှန်သည် မနီးမဝေးတွင် ရှိနေသည့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို လှမ်းကြည့်ကာဖြင့် ဆုံးဖြတ်ချက် ချလိုက်တော့သည်။ အထဲသို့ အသာလျှောက်ဝင်သွားခဲ့ခြင်းပင်။

All Chapters