အခန်း (၂၁၈)
Vol. 15 Ch. 218
ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လျှောက်ဝင်သွားခဲ့ပြီးနောက် ကျောင်းဝူရှန်သည် ချက်ချင်းဆိုသလိုပဲ ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိသည့် အစိမ်းရောင်ဝတ်စုံနှင့်လူကို မြင်လိုက်ရ၏။ ထိုသူသည် ရေနွေးခွက်ကို အသာကိုင်ပြီး သူ့ကို ကြည့်ရှုနေ၏။
မျက်လုံးချင်း ဆုံလိုက်သည့်အချိန်မှာတော့ ကျောင်းဝူရှန်သည် မောက်မာ မနေရဲတော့ချေ။ လျင်လျင်မြန်မြန်ဖြင့် ဦးညွတ်လိုက်သည်။ “ဂျူနီယာ ကျောင်းဝူရှန်က စီနီယာ နန်းဆောင်သခင်ကို ဂါရဝပြုပါတယ်”
“အင်း”
လီယွင်သည် အမှတ်မထင် ခေါင်းညိတ်ကာဖြင့် ပြောလိုက်၏။ “ထိုင်လေ”
“ကျေးဇူးပါပဲ စီနီယာ”
ကျောင်းဝူရှန်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ဆန်းကြယ်ပြီး ခန့်မှန်း၍ မရနိုင်သည့် နန်းဆောင်သခင်သည် သူ့အား နှစ်သက်ပုံ မပေါ်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်မကောင်းမှု စာရင်းတွင် ပါဝင်သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သူသည် အနည်းငယ်တော့ စိတ်သက်တောင့်သက်သာ ဖြစ်လို့နေသည်။ အဘယ်ကြောင့်ဆိုသော် စီနီယာသည် သူ့အား နှင်ထုတ်ချင်သည် ဆိုပါက စစတွေ့သည် နှင့်တပြိုင်နက် တစ်ခါတည်း နှင်ထုတ်မှာပင်။
“စိတ်မပူနဲ့”
လီယွင်သည် ကျောင်းဝူရှန်ကို အသာလှမ်းကြည့်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲကို ဝင်လာတဲ့လူတွေကို လီက ညီတူညီမျှပဲ ဆက်ဆံတယ်။ အင်ပါယာပဲဖြစ်ဖြစ်၊ သာမန် လူပဲဖြစ်ဖြစ် ကိစ္စ မရှိဘူး”
ဤအခြေအနေသည် မမှားယွင်းလှချေ။ လူတစ်ယောက်၏ အားအင်အဆင့်နှင့်ပတ်သက်လျှင် ကောင်းကင် လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ထိုသူ၏ သေခြင်း၊ ရှင်ခြင်း အရာအားလုံးသည် သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။ ထို့ကြောင့် သူသည် အားလုံးသော သူတို့ကို တူညီစွာ ဆက်ဆံသည်။
သို့ပေမဲ့ ဤစကားကို ကြားရသည့်အချိန်မှာတော့ သွေးစွန်းနေသည့်လက်ကို ပိုင်ဆိုင်နေပြီဖြစ်သော ကျောင်းဝူရှန် သည် မည်သို့မှ မခံစားရချေ။ နန်းဆောင်သခင်သည် အင်ပါယာကဲ့သို့ လူတစ်ယောက်ကိုပင် မျက်လုံးထဲ မထည့်ဟု ဆိုလိုနေခြင်းဖြစ်သည် မဟုတ်ပါလား။ သူဆိုလျှင် မည်သို့ ဖြစ်မည်နည်း။
ကျောင်းဝူရှန်သည် သူ၏စိတ်ထဲတွင် ရှိနေသည့် အတွေးများကို ဖယ်ရှားပြီးသည့်နောက် လေးလေးစားစား ပြောလိုက်သည်။ “စီနီယာ.. ခင်ဗျားရဲ့ အားအင်အဆင့်က လောကရဲ့အထက်မှာ တည်ရှိနေတာ ဖြစ်နိုင်တယ်။ ကျုပ် တကယ့်ကို လေးလေးနက်နက် ချီးကျူးပါတယ်။ အရိုးသားဆုံး ပြောရမယ်ဆိုရင် ကျုပ် ဒီနေ့လာခဲ့တာ ကောင်းကင်မကောင်းမှုစာရင်းကြောင့်ပါပဲ”
“ကောင်းကင်မကောင်းမှုစာရင်းမှာ ခင်ဗျားရဲ့နာမည်ကို ဖယ်ရှားချင်လို့လား” လီယွင်သည် ပြုံးကာ ပြောလိုက်၏။
“စီနီယာက အရာအားလုံးကို ကြိုပြီး သိနေတာပဲ” ကျောင်းဝူရှန်သည် မနည်းအားတင်းကာ ပြုံးလိုက်၏။ သူ့ကဲ့သို့သော သွေးများ စွန်းထင်းလျက်ရှိနေသည့် လူတစ်ယောက်အတွက် တခြားသော ကျင့်ကြံသူများကဲ့သို့ ပွင့်ပွင့်လင်းလင်း နေထိုင်၍ မရနိုင်ချေ။ ယခု သူ၏ အစစ်အမှန် အခြေအနေကို သိရှိသွားခဲ့ကြပြီဖြစ်သောကြောင့် သူသည် လမ်းမှန်ကျင့်ကြံသူများ၏ အဆုံးမဲ့ သတ်ဖြတ်ခြင်းကို ရင်ဆိုင်ရပေတော့မည်။
“ထိုင်လေ” လီယွင်သည် လက်အမူအရာဖြင့် ပြသလိုက်၏။
ကျောင်းဝူရှန်သည် ထိုင်ခုံတစ်ခုကိုယူကာ ထိုင်ချလိုက်သည်။ လက်ရှိအခြေအနေမှာတော့ သူ့၌ တစ်ခုတည်းသော လုပ်စရာသည် ကောင်းကင်မကောင်းမှု စာရင်း၌ သူ၏နာမည် ပျောက်ကွယ်သွားရန်ပင်။ စာရင်း၌ သူ၏နာမည် ပျောက်ကွယ်သွားပါက လူပေါင်းများစွာတို့သည် သူသေဆုံးသွားသည်ကို ထင်မှတ်ပေလိမ့်မည်။ အနာဂတ်တွင် သူ့အနေနှင့် ပိုမိုကာ ဂရုစိုက်ပြီး နေထိုင်ရန်သာ လို၏။ မည်သည့် ပြဿနာမှ မရှာရန်လည်း စီစဉ် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
“ခင်ဗျားမှာ ပြေးဖို့ အစီအစဉ် ရှိတယ်ဆိုရင် ပြေးလို့ရပြီ။ တကယ်လို့ နည်းနည်းကြာသွားရင် ခင်ဗျား ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး” လီယွင်သည် အမှတ်မထင်နှင့် မှတ်ချက်ပြုလိုက်၏။
“စီနီယာ ဘာကိုဆိုလိုတာလဲ”
ကျောင်းဝူရှန်၏ အမူအရာသည် ဇဝေဇဝါ အမူအရာများ ဖြစ်တည်လာခဲ့၏။ လက်ရှိ အချိန်မှာတော့ သူသည် တကယ်ပင် နားမလည်လှချေ။
“လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ခင်ဗျားက တိုင်ချူးနတ်နယ်မြေရဲ့ အကြီးအကဲတစ်ယောက်ကို သတ်ဖြတ် ပစ်ခဲ့တယ် မဟုတ်လား” လီယွင်သည် ရေနွေးခွက်ကို အသာမော့ကာဖြင့် တစ်ငုံ ငုံလိုက်၏။ ပြီးနောက် လေးနက် တည်ကြည်စွာဖြင့် ပြောလိုက်တော့သည်။
“ဟုတ်ပါတယ်”
ကျောင်းဝူရှန်သည် ခေါင်းညိတ်လိုက်၏။ ဤအရာသည် ယခင်တုန်းက လျှို့ဝှက်ချက်ဖြစ်နေသည် ဆိုသော်လည်း ယခုအချိန်မှာတော့ မဟုတ်တော့ချေ။ တိုင်ချူးနတ်နယ်မြေဆီမှ အကြီးအကဲတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့သည်ဆိုသည့် သတင်းအချက်အလက်သည် ကောင်းကင်မကောင်းမှုစာရင်းတွင် ပါဝင်နေပြီးသား ဖြစ်၏။
တိုင်ချူးနတ်နယ်မြေသည်လည်း ထိုသတင်းကို ရရှိခဲ့ပြီးသား ဖြစ်၏။ အခြေအနေသည် ထိုကဲ့သို့ ပေါ်ပေါက်သွား ခဲ့သည်ဖြစ်သောကြောင့် တိုင်ချူးနတ်နယ်မြေမှ လူများသည် သူ့ကို သတ်ဖြတ်ရန်အတွက် လမ်းတွင် ရောက်ရှိ နေလောက်ပြီဖြစ်၏။ ထို့ကြောင့် အဓိက ဦးတည်ရာအဖြစ် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လာရောက်ခြင်းပင် ဖြစ်သည်။
“ခင်ဗျား သတ်ခဲ့တဲ့ အကြီးအကဲက တိုင်ချူးနတ်နယ်မြေ သူတော်စင်ဘိုးဘေးကြီးရဲ့ သားတစ်ယောက် ဖြစ်တယ် ဆိုတာကော သိရဲ့လား”
လီယွင်သည် ရေနွေးခွက်ကို အသာချကာဖြင့် မေးလိုက်၏။ “နည်းနည်းလောက် ကြာရင် တော်ဝင်သဲကန္တာရမြို့ထဲကို တိုင်ချူးနတ်နယ်မြေကလူတွေ ရောက်လာတော့မယ်”
ကျောင်းဝူရှန် “...”
ကောင်းကင်မကောင်းမှုစာရင်း ပေါ်ပေါက်မလာသည်ဆိုပါက သူ့အနေနှင့် တိုင်ချူးနတ်နယ်မြေမှ အကြီးအကဲ တစ်ယောက်ကို သတ်ဖြတ်မည်ဆိုလျှင်တောင်မှ အချိန်အတိုင်းအတာ တစ်ခုအထိ ပုန်းအောင်းနိုင်၏။ သူ၏ ဘဝတစ်ခုလုံး ပုန်းအောင်းခြင်းကိုပင် ပြုလုပ်နိုင်၏။ သိုပေမဲ့ ကံဆိုးစွာဖြင့် ကောင်းကင်မကောင်းမှုစာရင်းသည် သူ၏ အတိတ်မှ အကြောင်းအရာများကို ဖော်ထုတ်လိုက်ပြီဖြစ်သည်။
“လောကကြီးထဲမှာ ဘယ်အရာကမှ ကျုပ်ရဲ့ မျက်လုံးအောက်ကနေ လွတ်မြောက်မသွားခဲ့ဘူး။ ခင်ဗျား တွေးနေတာတွေ အပါအဝင်ပေါ့” လီယွင်သည့် အဓိပ္ပာယ်ပါသည့် စကားလုံးများနှင့် ပြောဆိုလိုက်၏။
ဤစကားလုံးများကို ကြားရသည့်အချိန်မှာတော့ ကျောင်းဝူရှန်သည် ရုတ်တရက် ကြောင်အသွားခဲ့၏။ ကောင်းကင် မကောင်းမှုစာရင်းနှင့် ပတ်သက်၍ သူသည် အစောတုန်းက သဘောမကျ၊ မနှစ်သက်ဘဲ ဒေါသထွက်ခဲ့သည် ဆိုသည့် အကြောင်းအရာကို ပြန်လည်စဉ်းစားမိသည့် အချိန်မှာတော့ ချွေးစေးများပင် ပျံလာခဲ့မိ၏။ နန်းဆောင် သခင်နှင့် မည်သည့် ရန်ငြှိုးမှ မရှိဘူးဆိုလျှင်တောင်မှ ကောင်းကင်မကောင်းမှုစာရင်းကို သူမနှစ်သက်ခဲ့ချေ။ မနှစ်သက်ခြင်း ဆိုသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်ကို ပုန်ကန်ခြင်းဖြစ်သည်ကို သုံးသပ်၍ ရနေသည်။
“စိတ်မပူနဲ့။ ကျုပ် ခင်ဗျားကို မသတ်ပါဘူး" လီယွင်က ပြောလိုက်၏။
လက်ရှိအချိန်မှာတော့ ကျောင်းဝူရှန်၏ ကံတရားသည် အသုံးဝင်စရာ ရှိနေသေး၏။ တစ်ဖက်လူအား သတ်ဖြတ်ဖို့ ဆိုသည်မှာ သူ့အတွက် အလွန်လွယ်ကူ၏။ သို့ပေမဲ့ ကောင်းကင်မကောင်းမှုစာရင်းမှ နာမည်ပျောက်ကွယ်သွားဖို့ ဆိုသည်မှာတော့ လုံလောက်သည့် အကျိုးအမြတ်များ လိုအပ်လျက် ရှိနေသည်။
“ခင်ဗျားက အတိတ်တုန်းက အင်ပါယာဝူရှန် ချန်ခဲ့တဲ့ အင်ပါယာကျမ်းစာကို ကျင့်နေတာပဲ။ ဒါက သတ်ဖြတ်မှု လမ်းစဉ်ကို အခြေခံတယ်လေ။ ခင်ဗျားဆီမှာ သူတော်စင်တစ်ယောက်ရဲ့ အားအင်အဆင့်မျိုး ပိုင်ဆိုင်ပြီးတဲ့ နောက်မှာ ခင်ဗျားက သာမန်အရာတွေကို မုန်းလာခဲ့တယ်။ အထင်အမြင် သေးလာခဲ့တယ်။ ခင်ဗျားရဲ့ လက်ထဲမှာ သေခဲ့တဲ့လူတွေအတွက် ခင်ဗျား တစ်ချက်လေးတောင် ဆုတောင်းပေးခဲ့ဖူးလား။ တွေးတောပေးခဲ့ဖူးလား” လီယွင်သည် ထူးမခြားနားသလို မေးမြန်းလိုက်၏။
လက်ရှိအခြေအနေမှာတော့ သူသည် ကျင့်ကြံခြင်းလောကထဲသို့ ရောက်ရှိနေသည် ဖြစ်သောကြောင့် ရေတွက်လို့ မရအောင် များပြားလှသည့် သေဆုံးခြင်းများကို မျက်မြင်ကြုံတွေ့ခဲ့ပြီးဖြစ်၏။ သွေးနတ်ဆိုးကလန်သည် သန်းနှင့် ချီကာ သေဆုံးခဲ့၏။ ထိုအရာသည် သူ့ဆီမှ ရရှိသည့် သတင်းကြောင့်ပင်ဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူသည် ထိုအရာများနှင့် ပတ်သက်၍ အသားကျလို့ နေခဲ့ပြီ ဖြစ်သည်။
ကောင်းကင်မကောင်းမှုစာရင်း ပေါ်ပေါက်လာခဲ့၏။ အနည်းငယ် ကြမ်းတမ်းလှသည် ဆိုလျှင်တောင်မှ သူသည် ထိုအရာကို ထင်ထင်ပေါ်ပေါ် ထုတ်ဖော်ပြောကြားခဲ့ခြင်းသာလျှင်ဖြစ်၏။
လက်ရှိအခြေအနေမှာတော့ အဆင့်မြင့် အင်အားစုများ အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာလျှင် ရှိ၏။ သူတို့သည် လောကကြီး၏ မကောင်းဆိုးရွားများကို သတ်ဖြတ်ပစ်မည်ဆိုသည့် အကြောင်းအရာပင် ဖြစ်သည်။
အဘယ့်ကြောင့် ဆိုသော် ကောင်းကင်မူလ လောကကြီး တစ်ခုလုံးသည် သူ၏ ဂုဏ်သိက္ခာကို ယုံကြည်နေကြပြီ ဖြစ်ပြီး သူ၏ စာရင်းများသည် အလုံးစုံ အမှန်တရားများ ဖြစ်ကြောင်း သိရှိသောကြောင့်ပင်။
ရီချန်ကို ကြည့်ဖို့လို၏။ ရီချန်သည် ကောင်းကင်ပါရမီရှင်စာရင်းတွင် ဒုတိယနေရာတွင် တည်ရှိ၏။ စာရင်းထဲတွင် မပါရှိသော ကျောက်စိမ်းသီလ နတ်သားတော်ကို တစ်ချက်တည်းနှင့် အနိုင်ယူနိုင်ခဲ့၏။ ထို့ကြောင့် စာရင်းထဲတွင် ရှိသော သူများသည် မည်မျှ အားကောင်းပြီး စာရင်းသည် မည်မျှ မှန်သနည်းဆိုသည်ကို အားလုံး သိရှိပြီးဖြစ်သည်။
လက်ရှိအခြေအနေ၌ အဓိကဂိုဏ်းအသီးသီးတို့သည် ရှုပ်ထွေးလျက် ရှိနေကြ၏။ ထိုကဲ့သို့သော အခြေအနေများ ကြားထဲတွင် ကောင်းကင်လျှို့ဝှက်အမှတ်များကို မစုစည်းနိုင်မည်ကို သူက စိုးရိမ်ပူပန်နေမိ၏။
“အင်ပါရီယာကျမ်းစာအကြောင်းကို စီနီယာ သိနေတာလား” ကျောင်းဝူရှန်သည် ရုတ်တရက် ခေါင်းကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှု အရိပ်အယောင်များ ပြည့်နှက်လျက် ရှိနေလေသည်။