← Chapters

အခန်း (၂၂၂)

Vol. 15 Ch. 222

အခန်း (၂၂၂)

Vol. 15 Ch. 222

ခဏလောက်ကြာပြီးသည့်နောက် ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းမှ အကြီးအကဲသည် အကြောင်းအရာ အကုန်လုံးကို ပြောဆိုခဲ့ပြီးပြီ ဖြစ်၏။ သူသည် စိုးရိမ်ပူပန်စွာဖြင့် လင်းရှောင်ကို ကြည့်ရှုနေ၏။ သူ၏ အသက် သေမလား၊ ရှင်မလားဆိုသည်မှာ မသေချာသေးချေ။ သူတော်စင်တစ်ယောက်သည် အားကောင်းလှသည် ဆိုသော်လည်း ကွာစီအင်ပါယာတစ်ယောက်၏ မျက်လုံးထဲတွင်တော့ ပုရွက်ဆိတ်ထက် မပိုလှချေ။ လက်ချောင်းလေးများ ဖိညစ်လိုက်ရုံဖြင့် သူ့အား သတ်ဖြတ်နိုင်၏။

ထို့အပြင် သူသေဆုံးသွားသည် ဆိုလျှင်တောင်မှ ကောင်းကင်ဆန်းကြယ် ဓားဂိုဏ်းသည် တစ်ချက်ကလေးမှ အသံထွက်ရဲလိမ့်မည် မဟုတ်ချေ။ လက်ရှိအချိန်မှာတော့ လင်းရှောင်သည် တစ်ကိုယ်တော်ဝံပုလွေ တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ မည်သည့်အရာကိုမှ စိုးရိမ်ပူပန်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မည်သည့်ဂိုဏ်းမှ အပြစ်မပြုရဲကြချေ။

"ကောင်းကင် လျှို့ဝှက် နန်းဆောင်ဆိုတာဘာလဲ" လင်းရှောင်က မေးမြန်းလိုက်၏။ သူ၏ အသံသည် တည်ငြိမ်လျက်ရှိနေသည်။ ထိုတည်ငြိမ်နေခြင်းကသည် မုန်တိုင်းကြီးတစ်ခု တိုက်ခတ်တော့မည်ဟု အရိပ်အယောင်မျိုးပင်။

"ကောင်းကင်လျှို့ဝှက် နန်းဆောင်က အခုမှ အသစ်ပေါ်လာတဲ့ ဂိုဏ်းတစ်ခုပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် က ခန့်မှန်းလို့မရတဲ့ အားအင်ကို ပိုင်ဆိုင်ပြီး ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်နိုင်တယ်။ အရာအားလုံးကို မြင်နိုင်တယ်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ ကံကြမ္မာဖတ်ခြင်းကနေ ဘယ်အရာမှ မလွှတ်မြောက်နိုင်ဘူး"

သူသည် ရမ်ချင်းတု ရုတ်တရက် အဆင့်တက်သွားခြင်းနှင့် သွေးနတ်ဆိုးကလန်တစ်ခုလုံး ကျဆုံးသွားသည့် အကြောင်းကို ထပ်မံကာ ပြောဆိုခဲ့လေ၏။ သူပြော၍မပြီးသေးခင်မှာပဲ လင်းရှောင်သည် ရပ်တန့်ရန် အချက်ပြလိုက်၏။

“စီနီယာလင်းရှောင်”

ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းမှ သူတော်စင်သည် ခဏလောက်တွန့်ဆုတ်လျက်ရှိ၏။ ပြီးနောက် ထပ်ပြောလိုက်သည်။ "ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က ကောလဟာလ သတင်းအချက်အလက်တွေ အရဆိုရင် တော်ဝင်အင်ပါယာအဆင့် ဖြစ်လိမ့်မယ်ထင်တယ်"

ထိုအရာသည် အတည်ပြုပြီးသား အရာတစ်ခု မဟုတ်ချေ။ သို့ပေမဲ့ လူပေါင်းများစွာတို့သည် ထိုအရာကို နားလည်မှုရှိရှိနှင့် လက်ခံခဲ့ပြီးသား ဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်း​ဆောင်သခင်သည် တကယ် အစစ်အမှန် အင်ပါယာတစ်ယောက် ဖြစ်၊ မဖြစ်ကို မည်သူမှ သွားရောက်ကာ မစမ်းသပ်ရဲကြချေ။ အားနည်းသည် ဆိုပါက အဆင်ပြေသေး၏။ အန္တရာယ်ဆိုပါက အပြန်ခရီးဆိုသည်မှာ ရှိလာလိမ့်မည် မဟုတ်ချေ။

"တော်ဝင်အင်ပါယာ ဟုတ်လား"

လင်းရှောင်သည် ခန္ဓာကိုယ်ကို အသာ လှ့ည်ပြီးနောက် ​ကောင်းကင်လျှို့ဝှက်နန်းဆောင် တည်နေရာကို ကြည့်ရှုလိုက်၏။ သူသည် သူ၏အကြည့်များကို ပြန်လည်ရုတ်သိမ်းပြီးနောက် ကောင်းကင်နတ်ဆိုးနန်းတော် ရှိရာ ဘက်ကို ကြည့်ရှုပြန်၏။

"အင်း … နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ရောင်စဉ်အလင်းနတ်နတ်နယ်မြေက အသုံးချခံဖြစ်ပြီး ပျောက်ကွယ်သွားလိမ့်မယ်လို့ မထင်မှတ်ခဲ့မိဘူး။ ဒါပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတွေ ဖြစ်ခဲ့တာပဲ”

ဖြစ်ပေါ်ခဲ့နိုင်သည့် အကျိုးသင့်၊ အကြောင်းသင့်များကို သူသည် အကြမ်းဖျင်း နားလည်ခဲ့ပြီးပြီ ဖြစ်၏။ ရောင်စဉ်အလင်းနတ်အရှင်သည် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူတစ်ယောက်ဖြစ်ပြီး ရလာဒ်အားဖြင့် ကောင်းကင်လျှို့ဝှက် နန်းဆောင်ကို ရန်ပြုခဲ့၏။ ထို့ကြောင့် ဤကဲ့သို့သော ကိစ္စရပ်များ ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်သည်။

ရောင်စဉ်အလင်းနတ်အရှင်နှင့် ကြက်သွေးရောင် မီးတောက် နတ်အရှင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ရန်ဆောင်လျက် ရှိနေတုန်းမှာပဲ ​ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် အခွင့်အရေးကိုအရယူကာဖြင့် အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။ ဤဖြစ်စဉ်ကြီး၌ ဂိုဏ်းပေါင်းများစွာတို့ ရှုပ်ထွေးစွာ ပါဝင်လျက်ရှိနေသည်။ ထိုသို့ဆိုလျှင်တောင်မှ သေချာသည့် အရာ တစ်ခုတော့ရှိသေး၏။ ရောင်စဉ်အလင်းနတ်နယ်မြေသည် မမျှမတနှင့် ဖျက်ဆီးခံလိုက်ရခြင်းပင်။

"စီနီယာ"

ကောင်းကင်ဆန်းကြယ်ဓားဂိုဏ်းဆီမှ သူတော်စင်သည် ထူးဆန်းစွာဖြင့် ကြည့်ရှုလိုက်၏။ ဘာကိုဆိုလိုသနည်း။ လင်းရှောင်းသည် လက်စားချေရန် မကြိုးစားပေဘူးလား။

"အင်း ခင်ဗျား လူတွေရဲ့ သဘောကို နားမလည်သေးဘူးလား။ ရောင်စဉ်အလင်းနတ်နယ်မြေက ဒီအတိုင်း ဆက်သွားရင်တောင်မှ ကြာကြာခံမှာ မဟုတ်ဘူး။ "

လင်းရှောင်သည် တစ်ယောက်တည်း ပြောဆိုသလို တီးတိုးရေရွတ်လိုက်၏။ သူ၏အသံထဲတွင် တိကျသေချာသည့် သဘောများ ပါဝင်လျက် ရှိနေ၏။ ကျယ်ပြောလှသည့် နတ်နယ်မြေတစ်ခု ဖြစ်လျှင်တောင်မှ သူလျိုတစ်ယောက်၏ ဦးဆောင်ခြင်းကိုခံရလျှင် ဖျက်ဆီးခြင်း မခံရလျှင်တောင်မှ လုံးပါးပါးပြီး နလံပြန်ထူနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် တော်ဝင်အင်ပါယာဟု ယူဆရသည့် လူတစ်ယောက်ကိုလည်း ရန်ပြုခဲ့သေးလေသည်။ သုံးသပ်ကြည့်ပါက တော်ဝင်အင်ပါယာ တစ်ယောက်ကို ရန်ပြုရန် ဆိုသည်မှာ လွယ်ကူလေသည်လား။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် လူကိုယ်တိုင်ရောက်လာကာဖြင့် မဖျက်ဆီးခဲ့ချေ။ ထိုအစား တစ်ဖက်လှည့်ဖြင့် ဖျက်ဆီးခဲ့လေ၏။ ဤလူသည် တကယ့်ကို စီမံခန့်ခွဲ့မှု ကောင်းသူဖြစ်ကြောင်း လင်းရှောင်က သတ်မှတ်မိသည်။

"ဒါပေမဲ့"

လင်းရှောင်က ပြောဆိုလိုက်၏။ သူ၏ရိုးရှင်းလှသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် ရိပ်အယောင်များ ဖြစ်တည်လာခဲ့၏။ သူသည် အနောက်ဖက်တွင် ရှိနေသည့် အပျက်အစီးပုံကြီးကို ကြည့်ရှုကာဖြင့် တီးတိုးပြောဆိုလိုက်၏။

"ရောင်စဉ်အလင်းနတ်နယ်မြေက ငါ့ဂိုဏ်း ဖြစ်နေသေးတယ်လေ။ သူလျှိုတစ်ယောက်က သတ်ဖြတ်ခံသင့်တယ် ဆိုရင်တောင် အပြင်လူတွေ မပါဝင်သင့်ဘူး။ ဖြစ်သမျှအရာအားလုံးကို ပထမဆုံး ကြက်သွေးရောင် မီးတောက်နတ်နယ်မြေ နဲ့ ရှင်းရမှာပဲ"

သူ၏အသံသည် တည်ငြိမ်လျက် ရှိနေ၏။ မည်သည့် စိတ်ခံစားချက်မှ မရှိချေ။ အဆုံးစွန်ထိ အေးစက်လျက် ရှိနေ၏။ ထိုအရာကို ကြားရသည့် လူပေါင်းများစွာတို့သည် ကြက်သီးမွေးညင်းများပင် ထသွားမှာ သေချာ၏။ လင်းရှောင်သည် သိုသိုသိပ်သိပ် နေထိုင်တတ်၏။ သို့ပေမဲ့ ထို့အတွက်နှင့် သူ၏ အားအင်အဆင့်သည် မေးခွန်းထုတ်၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။

ဘုတ်

လင်းရှောင်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းတက်လိုက်၏။ ​မြေပြင်တစ်ခုလုံးသည် ကွဲအက်သွားခဲ့၏။ သူ၏ရှေ့ရှိ လေဟာနယ်ကြီးသည် မှန်ကဲ့သို့ပင် ကွဲအက်သွား၏။ ပြီးသည့်နောက် အမဲရောင်တွင်းကြီးတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ပြီးသည့်နောက် လင်းရှောင်သည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ထိုအရာထဲသို့ လှမ်းဝင်လိုက်၏။

လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့သော အမဲရောင်တွင်းကြီးသည် ပြန်လည် မကောင်းမွန်တော့ဘဲ ထိုအတိုင်း တည်ရှိလို့နေခဲ့၏။ ကောင်းကင်ဆန်းကြယ် ဓားဂိုဏ်းဆီမှ သူတော်စင်သည် တံတွေးကို မနည်း မျိုချလိုက်၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေသည်။

သူကြားရသည့် အကြောင်းအရာကို မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ လင်းရှောင်သည် တစ်ယောက်တည်း ကြက်သွေးရောင် မီးတောက်နတ်နယ်မြေကို ဦးတည်သွားလေသည်လား။

အဘယ့်ကြောင့် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းဆီသို့ မသွားရသနည်း။

အဘယ့်ကြောင့် ကောင်းကင်နတ်ဆိုးနန်းတော်ဆီသို့ မသွားရသနည်း။

ထိုဂိုဏ်းနှစ်ခုသည် အစစ်အမှန် လက်သည်များပင် ဖြစ်၏။ သို့ပေမဲ့ အဘယ့်ကြောင့် ကြက်သွေးရောင် မီးတောက် နတ်နယ်မြေနှင့် သွားရောက်ကာ စာရင်းရှင်းနေရသနည်း။

ပြဿနာအားလုံး၏ အစသည် ကြက်သွးရောင် မီးတောက် နတ်နယ်မြေ၏ ဘိုးဘေး အင်ပါရီယာလက်နက် ကိုင်ဆောင်ကာ ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းသည် အခွင့်အရေး ရယူနိုင်ခဲ့ခြင်း ဖြစ်လေ၏။ သေသေချာချာ သုံးသပ်ရလျှင် ထိုကဲ့သို့ ဖြစ်အောင် စဦးပြုလုပ်သူသည် ကြက်သွေးရောင် မီးတောက်နတ်နယ်မြေဟုပင်။ ထို့ကြောင့် မိမိပြုလုပ်ခဲ့သည်များကို မိမိကိုယ်တိုင် တာဝန်ခံရပေလိမ့်မည်။

"အင်း … တကယ့်ကို တစ်ခုပြီးတစ်ခု ဖြစ်နေတာပါလား"

ကောင်းကင်ဆန်းကြယ် ဓားဂိုဏ်းဆီမှ သူတော်စင်သည် ခေါင်းကို အသာခါယမ်းလိုက်မိ၏ သု့အနေဖြင့် သေသေချာချာ အဖြေမထုတ်နိုင်သောကြောင့် တွေးတောမှုကို ရပ်တန့်လိုက်မိ၏။

လင်းရှောင်သည် သူ့သဘောနှင့် သူ လုပ်ချင်ရာကို လုပ်ပေတော့မည်။ တားဆီး၍ တတ်နိုင်သည့် အရာမျိုးလည်း မဟုတ်ချေ။ ထို့ကြောင့် ပွဲကြည့်ရန်သာ ရှိတော့သည်။

All Chapters