နောက်ထပ်အခွင့်အရေး
Vol. 2 Ch. 101
“ကျုပ်က ခင်ဗျားထပ် အားနည်းတယ်ဆိုရင်တောင် ခင်ဗျားလုပ်ခဲ့တဲ့ အရာတွေအားလုံးအတွက် ပြန်ပေးဆပ်ရအောင်လုပ်မယ်။”
နက်ဆန်က ထရပ်လိုက်ပြီး အရိပ်တွေက သူ့ရဲ့ခန္ဓာကိုယ်ပေါ် ဝတ်ရုံတစ်ခုလိုမျိုးလွှမ်းခြုံလာတယ်။ အချိန်ကြာလာတာနဲ့ အမျှ သူ့ခန္ဓာကိုယ်ပေါ်က အက်ကြောင်းတွေဟာ ပိုပြီးတော့ ထင်ရှားလာလေပါပဲ။
သတိပြန်ဝင်လာပြီဖြစ်တဲ့ နာတာရှာက နက်ဆန်ကိုကြည့်ရင်း သတိပေးလိုက်တယ်။ “သခင်၊ ဒီလောက်ကြီးမားတဲ့ စွမ်းအားကိုထုတ်သုံးမယ်ဆိုရင် သခင့်ရဲ့လူသားခန္ဓာကိုယ် ပျက်စီးပြီးတော့ သေဆုံးသွားနိုင်တယ်။”
နက်ဆန်က နားလည်ကြောင်းခေါင်းညိတ်ပြလိုက်ပေမဲ့ သူ့မျက်လုံးတွေထဲမှာတော့ နာကျဥ်းမုန်းတီးမှုတွေကို တွေ့မြင်နိုင်ပြီး လုံးဝအလျှော့ပေးမယ့်ပုံမရပါဘူး။
“ဒီလိုဆိုရင်တောင်မှ ဒီလူပြန်ပေးဆပ်စေရမယ်။”
ဘုန်း...
နက်ဆန်က သူ့ခြေထောက်ကိုကွေးညွှတ်ပြီး စတင်ခုန်ထွက် တိုက်ခိုက်လိုက်တယ်။ သူ့လက်ထဲမှာ ဓားရှိမနေခဲ့ပေမဲ့ သူ့လက်တွေဟာ အရိပ်တွေရဲ့လွှမ်းမိုးခြင်းကိုခံထားရပြီး သူ့လက်သီးတွေကိုက ကြီးမားတဲ့စွမ်းအားတွေ ပါဝင်နေခဲ့ ပါပြီ။
“အခုမှပဲ၊ နည်းနည်းယောက်ျားနဲ့တူတော့တယ်။ အငိုသန်တဲ့ ကောင်ကလေး။” ရော့ဝဲလ်က ခနဲ့လိုက်ပြီး လက်ဖျောက် တီးလိုက်တယ်။ ဒူလာဟမ်က အလိုလိုလှုပ်ရှားလာပြီးတော့ သူ့ရဲ့ဓားပြားကြီးကို ဝေ့ယမ်းလိုက်ပါပြီ။
ထန်း...
မီးပွားတွေ ဖြာထွက်လာတယ်။ နက်ဆန်က ရော့ဝဲလ်ကို ထိလုနီးပါးအထိ ကပ်လာနိုင်ခဲ့ပေမဲ့ ဒူလာဟမ်က ကြားက နေပြီးဖြတ်တားနိုင်ခဲ့တယ်။ ဓားနဲ့လက်သီးယှဥ်မိတာ ဖြစ်ပေမဲ့ မီးပွားတွေဖြာထွက်လာတယ်။ ဒူလာဟမ်က ဒူးကိုမြှောက်ပြီး နက်ဆန်ကိုကန်ဖို့လုပ်တဲ့အချိန်မှာတော့ နက်ဆန်ကအရိပ်ကို အသုံးပြုပြီး လွတ်မြောက်သွားတယ်။ အဲဒီနောက် ရော့ဝဲလ် နောက်ကနေပြန်ပေါ်လာကာ အလစ် တိုက်ဖို့ကြိုးစားပေမဲ့ အာရပ်စစ်သည်က ဓားမော့ကိုမြှောက် တားဆီးလိုက်ပြန်တယ်။
“သေစမ်း....” ဒီတစ်ခါတော့ နက်ဆန်က သည်းမခံနိုင်တဲ့ ပုံစံမျိုးနဲ့ အာရပ်စစ်သည်ကို လက်သီးတွေအဆင့်ဆင့်ထိုး တိုက်ခိုက်ပါတယ်။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
လေထုထဲမှာအားလှိုင်းတွေနဲ့ပြည့်နေပြီး ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ပေမဲ့ အာရပ်စစ်သည်ကတော့ နောက်ကို ခြေတစ်လှမ်းတောင်မှ မဆုတ်ပါဘူး။ အဲဒီအစား ဓားကို ဝေ့ယမ်းပြီး တန်ပြန်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် နောက်ကို ပြန်ကာဆုတ်လိုက်ရတယ်။
“ဟားဟားဟား... မင်းသားလေး၊ မင်းကျုပ်ကို နိုင်ချင်တယ် ဆိုရင် နောက်ဆယ်နှစ်လောက် ကြိုးစားမှရလိမ့်မယ်။ ငါ့ရဲ့ အစေခံတွေအားလုံးနီးပါးက အသက်ရှင်နေစဥ်တုန်းက အယ်ဒါအဆင့်တွေပဲ။ အခုတော့ သူတို့နဂိုစွမ်းအားတွေ မရှိတော့ဘူးဆိုပေမဲ့ မင်းနိုင်နိုင်တဲ့ ပြိုင်ဘက်တွေမဟုတ်ဘူး။”
ထန်း... ထန်း... ထန်း...
ဒူလာဟမ်နဲ့အာရပ်ကြီးက ဓားနဲ့ဓားမော့ကိုကိုင်ဆောင်ပြီး နက်ဆန်ကိုပြိုင်တူတိုက်ခိုက်လိုက်ကြတဲ့အတွက်ကြောင့် နက်ဆန်ဟာ ဘယ်နည်းနဲ့မှမဟန်နိုင်ဘဲ နောက်ကိုပြန်ဆုတ် လိုက်ရပါတယ်။ အရိပ်ကိုသုံးပြီး ရော့ဝဲလ်ကိုထပ်အလစ် တိုက်ခိုက်ဖို့ချောင်းပေမဲ့ မြေကြီးအောက်ကနေ ကြိုးတပ် တံစဥ်ကိုင်ထားတဲ့ ဝတ်ရုံနက်အမျိုးသမီးက ဝိညာဥ်လို ထွက်လာပြီး တိုက်ခိုက်လိုက်တဲ့အတွက် ရှောင်ရှား လိုက်ရတယ်။
“ဒီလိုပုံစံမျိုးနဲ့များ... မင်းက ဆီးနိတ်တစ်ခုလုံးကို ဆင့်ခေါ်ပြီးတော့ အယ်ဒါအဖြစ်ကြေညာချင်သေးတယ်။ မင်းသာ အယ်ဒါဖြစ်လာရင် မီးလျှံနတ်ဘုရားကျောင်းရဲ့ ဟိုကလေးမလိုပဲ လူလေးစားသူလေးစားမရှိတဲ့ အယ်ဒါတစ်ယောက်သာသာ ဖြစ်လာမှာပဲ။”
ရိုစယ်လီယာက ကျောင်းခြောက်ကျောင်းထဲမှာ အင်အား အနည်းဆုံးအယ်ဒါပါ။ အရင်အယ်ဒါဖြစ်တဲ့ လေဒီဂါမာရီတာ လက်ထက်မှာ မီးလျှံကျောင်းတော်က အင်အားကောင်းတဲ့ ကျောင်းတော်တစ်ခုဆိုပေမဲ့ အခုတော့ရိုစယ်လီယာကြောင့် သူတို့ဟာ သူများတံထွေးခွက်ထဲ ပက်လက်မျောတဲ့အထိ အားနည်းနေခဲ့ပါပြီ။
“မင်းလိုအားနည်းတဲ့ လူတစ်ယောက်သာ အယ်ဒါဖြစ်လာရင် အမှောင်ကျောင်းတော်ရဲ့ပြိုကွဲနေတဲ့အခြေအနေကို ပြန်ပြင်ဖို့မပြောနဲ့... မြန်မြန်တောင်ပျက်စီးသွားလိမ့်ဦးမယ်။”
ရော့ဝဲလ်ရဲ့အစေခံသုံးယောက်က နက်ဆန်ကိုဆက်တိုက် တိုက်ခိုက်နေခဲ့တယ်။ နက်ဆန်ဟာ နောက်ကိုမကြာခဏ ဆုတ်နေရပြီးတော့ သူ့ရင်ဘတ်တွေကွဲထွက်တော့မလိုမျိုး ခံစားနေရတယ်။ ရော့ဝဲလ်ကိုနိုင်ဖို့ လုံးဝမျှော်လင့်ချက် မရှိတော့သလိုပဲ။
နက်ဆန်က အာရပ်စစ်သည်ရဲ့ဓားကို ရှောင်လိုက်ပြီးတော့ ဒူလာဟမ်ရဲ့ရင်ဘတ်ကိုဆောင့်ကန်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်တစ်ခါ တံစဥ်ကိုင်ထားတဲ့အမျိုးသမီးက သူ့ကို ဟန့်တားလိုက်ပြန်တယ်။ အဲဒီအမျိုးသမီးက တခြား နှစ်ယောက်လောက် စွမ်းအားမကောင်းပေမဲ့ ထိတွေ့ကိုင်တွယ်ဖို့ မဖြစ်နိုင်တာကြောင့် တကယ့်ကိုအနှောင့်အယှက် ပေးနိုင်စွမ်း ရှိနေပါတယ်။
“မြန်မြန်အရှုံးပေးပြီး ငါ့ကိုအယ်ဒါအဖြစ် အသိအမှတ် ပြုလိုက်တော့... ဒါဆိုရင် မင်းကိုအသက်ချမ်းသာပေး လိုက်မယ်။” ရော့ဝဲလ်က သဲသောင်ပြင်မှာမှာ သာယာစွာ ရပ်နေရင်း ပြောလိုက်တယ်။ သူက တိုက်ပွဲထဲကိုတောင် ဝင်မပါပါဘူး။ ဓားကိုတောင် ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီ။
“အား.....” နက်ဆန်ရဲ့မျက်လုံးတွေ နီရဲလာတယ်။ သူက ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ပေမဲ့ မကြာခင်မှာပဲ အောက်စည်းကို ပြန်ရောက်သွားတယ်။
“သခင်... ကျွန်မကူညီပေးမယ်။” နာတာရှာက လေဓားတွေကို ဖန်တီးလိုက်ပြီးတော့ နက်ဆန်ကို ကူညီထောက်ပံပေးဖို့ ကြိုးစားလိုက်ပေမဲ့ နက်ဆန်က အော်ဟစ်လိုက်တယ်။
“မင်းဝင်ပါဖို့ မစဥ်းစားနဲ့။ ဒါက ငါ့ရဲ့တိုက်ပွဲပဲ။”
အဲဒီအချိန်မှာပဲ ဒူလာဟမ်က နည်းနည်းသတိလွတ်သွားတဲ့ နက်ဆန်ရဲ့လက်ဖျံနဲ့ဓားနဲ့ပိုင်းလိုက်နိုင်တယ်။ သွေးတွေ ပန်းထွက်လာခဲ့ပေမဲ့ နက်ဆန်က ရပ်တန့်လိုက်ဖို့အတွက် လုံးဝမစဥ်းစားဘူး။ အဲဒီအစား သူ့ပတ်ဝန်းကျင်မှာ အရိပ်တွေ ပိုပိုစုစည်းလာပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ အက်ကွဲကြောင်းတွေပိုများလာတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးနီးပါးကို အရိပ်တွေက လွှမ်းခြုံနေပြီဖြစ်ပြီး သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်နဲ့လူသားခန္ဓာကိုယ်တို့က ပေါင်းစည်းသွားတော့မလိုမျိုးထင်ရပါတယ်။
“ဒီလူကို ငါဒီနေရာမှာ အနိုင်မယူနိုင်ရင် ငါ့ဘဝတစ်ခုလုံး နောင်တရနေလိမ့်မယ်။”
ဘုန်း... ဘုန်း... ဘုန်း...
နက်ဆန်က တဖြည်းဖြည်းပိုပြီး စွမ်းအားကြီးလာတယ်။ အကျိုးဆက်အနေနဲ့ သူ့အရေပြားတွေအက်ကွဲနေတဲ့ အတွက်ကြောင့် အရိုးခိုက်လောက်တဲ့နာကျင်မှုကို ခံစား နေရပေမဲ့ သူ့နှုတ်ခမ်းကိုဖိကိုက်ထားပြီး သတိလွတ် မသွားစေဖို့အတွက် ထိန်းချုပ်ထားလိုက်တယ်။ ရော့ဝဲလ်က အဲဒီအခြေအနေကိုမြင်တော့ ပြုံးလိုက်ပြီး...
“ဒါဖြင့်ရင်လည်း... စိန်ခေါ်မှုလေးတစ်ခုလောက် လုပ်ကြရအောင်။”
ရော့ဝဲလ်က နက်ဆန်ကို လက်ညိုးထိုးပြလိုက်ပါတယ်။ “မင်းသာ ငါ့ကိုတစ်ချက်ထိအောင် တိုက်နိုင်မယ်ဆိုရင် ဒီတိုက်ပွဲကို မင်းနိုင်တယ်လို့ ငါသတ်မှတ်လိုက်မယ်။ မင်းအနေနဲ့ ဘယ်နည်းလမ်းကိုမဆို သုံးနိုင်တယ်။”
ရော့ဝဲလ်ရဲ့လေသံထဲမှာ အထင်သေးမှုတွေပြည့်နေတာ တွေ့ရတယ်။ သူက နက်ဆန်ဟာ သူ့အဝတ်စကိုတောင် ထိအောင်တိုက်နိုင်မယ်လို့ ထင်တဲ့ပုံမပေါ်ဘူး။ ဒါဟာ ပြိုင်ဘက်ကင်းလောက်အောင် မောက်မာတဲ့ပုံစံမျိုး။ ဒါပေမဲ့ ရော့ဝဲလ်မှာ အခုလိုမျိုးမောက်မာနိုင်တဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားတယ်။ သူဟာ မိမိကိုယ်ကိုယ် အယ်ဒါအဆင့်လို့ ကြေညာထားတဲ့ သူတော်စင်ဆားဗီးရပ်ကို ခွေးရိုက်နွားရိုက် ရိုက်နိုင်ခဲ့တဲ့သူမဟုတ်လား။
“အဲဒီအတွက် နောင်တမရစေနဲ့။” နက်ဆန်က ပြောလိုက် ပါတယ်။ သူက သူ့စွမ်းအားတွေအားလုံးကို ညာလက်ထဲ စုစည်းလိုက်တယ်။ သူ့ညာလက်က မိစ္ဆာလက်သည်း တစ်ခုလိုမျိုးပြောင်းသွားပြီး အက်ကွဲကြောင်းတွေက သူ့ရဲ့ညာဘက်ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံသွားတယ်။ အက်ကွဲကြောင်းတွေထဲကနေ သွေးတွေထွက်နေပြီး မီးတောင်ချော်ရည်ကြောင်းတွေလိုတောင် ထင်ရတယ်။
“ခင်ဗျားကို တစ်ချက်တည်းနဲ့သတ်ပစ်မယ်။”
ဘုန်း...
နက်ဆန်က အရိပ်လက်သည်းကြီးကိုသုံးပြီး သူ့ကိုဝိုင်းတိုက် နေခဲ့တဲ့ ရော့ဝဲလ်အစေခံသုံးယောက်ကို လွင့်ထွက်အောင် ပြုလုပ်နိုင်ခဲ့တယ်။ အဲဒီနောက်တော့ သူ့ရဲ့အရိပ်နဲ့လူသား ခန္ဓာနှစ်ခုပေါင်းစည်းနေတဲ့ကိုယ်နောက်ကနေ အနက်ရောင် တောင်ပံတစ်စုံပွင့်လာပြီး မျက်စိနဲ့မြင်နိုင်ဖို့တောင် ခက်ခဲ လှတဲ့အမြန်နှုန်းနဲ့ ရော့ဝဲလ်ရှေ့မှာ ပေါ်လာခဲ့ပါပြီ။
“သေလိုက်တော့...” နက်ဆန်က သူ့ရဲ့လက်သည်းကြီးနဲ့ ရော့ဝဲလ်ရဲ့လည်ပင်းကိုဦးတည်ကာ ကုတ်ချလိုက်တယ်။ ရော့ဝဲလ်ကတော့ ပြုံးနေဆဲပါပဲ။
ထန်း...
နက်ဆန်ရဲ့လက်သည်းက မာကျောတဲ့အရာတစ်ခုကို ထိမိပြီး ပြန်ကန်ထွက်လာတာကြောင့် နက်ဆန်အံ့ဩသွားတယ်။ ရော့ဝဲလ်ရဲ့ရှေ့မှာ အနက်ရောင်ကျောက်သားနဲ့ပြုလုပ် ထားတဲ့ ဗဟုဂံသဏ္ဍာန်ကျောက်စိုင်တစ်ခုရှိနေခဲ့ပြီး အဲဒီကျောက်စိုင်ခဲကြီးက သူ့ရဲ့လက်သည်းကိုတားဆီး ခဲ့တာပါ။ နက်ဆန်ရဲ့လက်သည်းကြီးက ပျောက်ကွယ် သွားတယ်။ ပြောရရင် သူ့ခန္ဓာကိုယ်ကအရိပ်စွမ်းအားတွေ အားနည်းလာပြီး တဖြည်းဖြည်းပျောက်ကွယ်နေတာပါ။
နဂိုကတည်းက သူ့ရဲ့အရိပ်ခန္ဓာကိုယ်ဟာ ဒဏ်ရာရထားပြီး ဖြစ်တဲ့အတွက်ကြောင့် အခုလိုမျိုးဖိအားပေးပြီး အားကုန် ထုတ်ဖော်အသုံးပြုချိန်မှာ အကန့်အသတ်များစွာ ရှိနေခဲ့ ပါတယ်။ အခုလည်း သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ရော နတ်ဘုရားခန္ဓာကိုယ်ပါ အကန့်အသတ်ကိုရောက်နေပြီ ဖြစ်ပြီးတော့ ဆက်လက်တိုက်ခိုက်ဖို့ငှာ မစွမ်းသာတော့ပါဘူး။
ဘုတ်...
နက်ဆန်ဟာ အရုပ်ကြိုးပြတ်သဲသောင်ပြင်ပေါ် ပြုတ်ကျ သွားခဲ့တယ်။
“သခင်...” နာတာရှာက နက်ဆန်ဘေးနားကိုရောက်လာပြီး ဖေးမထားခဲ့ပေမဲ့ နက်ဆန်ဟာ နာတာရှာရဲ့အသံကိုသေချာ မကြားနိုင်တော့သလို အမြင်တွေလည်း ဝေဝါးနေခဲ့ပါပြီ။ ရော့ဝဲလ်ကတော့ သူ့ကိုကျောခိုင်းထားတယ်။ နက်ဆန်က ရော့ဝဲလ်ကို မယုံနိုင်စွာနဲ့ ပြောလိုက်တယ်။
“ခင်ဗျားဘယ်တုန်းက မြေဓာတ်မှော်ပညာကို သုံးနိုင်သွားရ တာလဲ... မဟုတ်သေးဘူး။ ခင်ဗျားမှာ ဘယ်လိုလုပ်ပြီးတော့ မြေနတ်ဘုရားခန္ဓာရှိနေရတာလဲ။”
ရော့ဝဲလ်က အဲဒီအဖြေကို ပြန်မဖြေပါဘူး။ အဲဒီအစား ပင်လယ်ကြီးကို ကြည့်နေရင်းကနေ သက်ပြင်းချလိုက်တယ်။
“မင်းခုဏက အကန့်အသတ်ကုန်ထုတ်သုံးလိုက်တဲ့ စွမ်းအားပမာဏက သာမန်အယ်ဒါတစ်ယောက်နဲ့ ယှဥ်နိုင်တယ်။ ဒီတော့ မင်းက အယ်ဒါအဆင့်ကို ဖိအားပေးတက်နိုင်သွားပြီလို့ ဆိုရမှာပဲ။ ဒါပေမဲ့ ငါ့ကိုနိုင်ဖို့ အဝေးကြီးလိုသေးတယ်။”
နက်ဆန်ရဲ့အတွေးတွေက ဝေဝါးနေပေမဲ့ ရော့ဝဲလ်ပြောတဲ့ စကားတွေကိုတော့ တချို့တစ်ဝက်နားနေဆဲပါပဲ။ “ခင်ဗျားက ပုံမှန်အယ်ဒါတွေထက်တောင် အစွမ်းထက်နေပြီလို့ ပြောချင်တာလား။”
နောက်ဆုံးတစ်ကြိမ် ရော့ဝဲလ်နဲ့သူတိုက်ခိုက်ခဲ့တုန်းက ရော့ဝဲလ်ဟာ ဒီလောက်မသန်မာခဲ့ပါဘူး။ ရော့ဝဲလ်မှာ အစေခံသစ်တွေရှိလာလို့ အမှောင်မှော်အသုံးပြုတွေရဲ့ သဘာဝအရ အစေခံရဲ့အားအင်ကိုမျှဝေပြီး ပိုစွမ်းလာနိုင်တယ်ဆိုပေမဲ့ အဲဒါထက်ကိုပိုတယ်လို့ နက်ဆန်ပြောနိုင်တယ်။ အထူးသဖြင့် ရော့ဝဲလ်သုံးခဲ့တဲ့ မြေသားမှော်ပေါ့။
အဲဒီမှော်ပညာက ဖျက်ဆီးရခက်တဲ့ မြေသားအရာဝတ္ထုတွေကို ဖန်တီးနိုင်တဲ့မှော်ဖြစ်ပြီး ဂိုင်ယာသလင်းကျောက်မှော်လို့ခေါ်ပါတယ်။ သာမန်အတိုင်းသင်လို့ရတဲ့ မှော်ပညာတစ်ခုမဟုတ်ဘဲ နတ်ဘုရားခန္ဓာကိုယ်နဲ့ဆက်စပ်နေတဲ့ အရာတစ်ခုပါ။ နက်ဆန်လူသေတွေကို ဝိညာဥ်နဲ့တကွ အသက်သွင်းနိုင်သလိုပဲ မြေမှော်ကျောင်းတော်ရဲ့တော်ဝင် မိသားစုဝင်တွေသာ လုပ်နိုင်တဲ့အရာပါ။ ရော့ဝဲလ်ဟာ မြေမှော်ကျောင်းတော်ရဲ့တော်ဝင်အဖွဲ့ဝင်မဟုတ်မှန်း နက်ဆန်သိတယ်။ အမှောင်ကျောင်းရဲ့တော်ဝင်မျိုးဆက် ဟုတ်တောင်မနေဘူး။ ဒီလိုအစွမ်းမျိုးကို သူဘယ်လိုလုပ် သုံးနိုင်တာလဲ ညနတ်ဘုရားမမှသိလိမ့်မယ်။
“ဒီနေ့တော့ ဒီလောက်နဲ့ပဲ တော်လိုက်တာပေါ့။ ဒါပေမဲ့ မင်းကိုကြည့်ရတာ ကျေနပ်တဲ့ပုံမပေါ်သေးတော့။ ငါမင်းကို သုံးလထပ်ပြီး အခွင့်အရေးပေးမယ်။”
ရော့ဝဲလ်က နက်ဆန်ကိုကျောခိုင်းထားရင်း လက်ချောင်း သုံးချောင်းထောင်ပြလိုက်တယ်။
“ငါဒီသဲသောင်ပြင်မှာ သုံးလတိတိဆက်နေမယ်။ မင်းက ငါ့ကို အဲဒီအချိန်အတွင်း စိတ်ကြိုက်စိန်ခေါ်နိုင်တယ်။ မင်းငါ့ကို အဝတ်စပဲထိအောင်တိုက်နိုင်မယ်ဆိုရင်တောင် ငါမင်းကို အယ်ဒါအဖြစ်အသိအမှတ်ပြုပြီး ဆီးနိတ်ခေါ်ဖို့ ထောက်ခံပေးလိုက်မယ်။”
နောက်တော့ နက်ဆန် ဘယ်လိုမှမဟန်နိုင်တော့ဘူး။ အလွန် ပင်ပန်းနေတယ်လို့ခံစားရပြီး သူ့မျက်လုံးတွေ မှိတ်ကျ သွားခဲ့ပါတော့တယ်။ ရော့ဝဲလ်ကတော့ သူရပ်နေတဲ့မြေပေါ် ငုံကြည့်လိုက်တယ်။ အဲဒီမှာ သစ်ရွက်နှစ်ရွက်သာပါတဲ့ အစိမ်းရောင်အညှောင့်လေးတစ်ခု သဲထဲကနေထွက်ပေါ် နေတာကို မြင်ရတယ်။
“ဒီကလေးမကလည်း အတော်လေးအသက်ပြင်းတာပဲ။ ကောင်းပြီလေ၊ လောလောဆယ် ငါတို့မင်းသားလေးကို နားခွင့်ပေးလိုက်တာပေါ့။”