အခန်း (၅၃)
Vol. 5 Ch. 53
ကျိုး ယောက်မအငယ်က ဒါကိုသတိထားမိပြီး ယန်ယန် က ကျန်းရှောင်ကို သဘောမကျဘူးလားလို့ သူမ အမေကို တိတ်တဆိတ်မေးခဲ့သည်။
မေမေကျိုး ရှက်ရွံ့စွာ ရယ်လိုက်သည်။ "အဲ့ဒါက အမှန်မဟုတ်ပါဘူး။ ရှို့လင်းရဲ့ အိမ်ထောင်ရေးက အလျင်စလိုဖြစ်သွားလို့ ယန်ယန် နဲ့ ကျန်းရှောင်တို့မှာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးဖို့ အချိန်သိပ်မရှိလိုက်ဘူးလေ"
ယောက်မအငယ်က မယုံပေမယ့် ဆက်မမေးတော့ချေ။
ညစာစားပွဲက ကိုးနာရီခွဲမှာ ပြီးသွားခဲ့သည်။
ကျိုးရှို့ဇဲက ယစ်မူးနေတဲ့ ကျိုးရှို့လင်းကို ကူတွဲပေးပြီး အခန်းသို့ပြန်ပို့ပေးခဲ့သည်။ ကျန်းရှောင် အံ့အားသင့်ပြီး မေးလိုက်သည်။ "ရှင်တို့ ဘယ်လောက်တောင် သောက်လာကြတာလဲ"
ကျိုးရှို့ဇဲက အိန္ဒြေမပျက်ဘဲ ပြုံးခဲ့သည်။ "ဦးလေးနဲ့ အဖေတို့ နှစ်ယောက်လုံး မူးနေကြပြီ။ မရီး ကျေးဇူးပြုပြီး သူတို့ကို ဂရုစိုက်ပေးလိုက်ဦး။ မရီးလည်း စောစောအနားယူသင့်တယ်"
ကျန်းရှောင် မကူညီနိုင်ဘဲ ရယ်လိုက်ပြီး ကျိုးရှို့လင်း ရဲ့ မျက်နှာကို သုတ်ပေးဖို့ မျက်နှာသုတ်ပုဝါကို ရေစွတ်လိုက်သည်။
အခန်းက နွေးထွေးနေပြီး ကျိုးရှို့လင်းက သူ့အင်္ကျီကော်လာကို ဆွဲကိုင်ထားပေမယ့် ကြယ်သီးမဖြုတ်နိုင်တဲ့ပုံပဲ။ သူ သူမကို မော့ကြည့်ခဲ့သည်။
ကျန်းရှောင်ကပဲ ကူညီရမှာဖြစ်သဖြင့် သူမ သူ့ရှေ့ကို ငုံ့ကိုင်းလိုက်ချိန် ရှည်လျားတဲ့ သူမရဲ့ဆံပင်တွေက သူ့မျက်နှာပေါ် ကျလာကာ သူ့ကိုယားယံအောင်လုပ်နေသည်။ "ကျိုးရှို့လင်း ... ကျိုးရှို့လင်း ..."
ကျိုးရှို့လင်း ပြုံးပြီး သူမကို လှမ်းဆွဲလိုက်သည်။ "ဟွန်"
ကျန်းရှောင်က သူ့ရဲ့ အာဒမ်ပန်းသီးကို ကြည့်ကာ လက်နှစ်ချောင်းကို ထောင်လိုက်သည်။ "ဒါ ဘယ်နှစ်ချောင်းလဲ"
ကျိုးရှို့လင်း သူမကို တည့်တည့်စိုက်ကြည့်နေသည်။ "ကျန်းရှောင်၊ ကိုယ့်ရဲ့အရက်ကို ကိုယ်ထိန်းနိုင်တယ်"
ကျန်းရှောင် လှောင်လိုက်သည်။ "အရက်မူးတဲ့သူတိုင်း ဒီလိုပြောကြတာပဲ " သူမ သူ့မျက်နှာကို ညင်သာစွာ ထိတွေ့လိုက်သည်။
သူ့ ဖြူဖွေးတဲ့ အသားအရေနဲ့ ထူးခြားတဲ့ မျက်နှာအသွင်အပြင်က အမှန်တကယ်ကို ချောမောလှသည်။ "အင်း ရှင်က လိမ္မာတဲ့ကောင်လေးပဲ၊ ခဏလောက် အနားယူလိုက်ဦးနော် "
ကျိုးရှို့လင်းက သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ကာ သူတို့၏ အသက်ရှူသံများက ရောယှက်နေသည်။
သူ့မျက်လုံးတွေက ကြယ်တွေလို တောက်ပနေသည်။ " ရှောင်ရှောင် ..."သူ တီးတိုးပြောလိုက်ကာ သူ့အသံက ဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်နေသည်။
ကျန်းရှောင်က သူမဗိုက်ကို သတိချပ်ကာ ကြီးကြီးမားမား လှုပ်ရှားမှုကို မလုပ်ဘဲ သူ့ရင်ခွင်ထဲမှာ ခိုနားကာ သူ့ကို တိတ်တဆိတ် ကြည့်နေသည်။
ကျိုးရှို့လင်း သူ့ကိုယ်သူ ဆန့်ကာ သူမကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ပြီး သူ့ပေါင်ပေါ် တင်လိုက်သည်။ သူ့နှုတ်ခမ်းကို သူ့ပါးပြင်နဲ့ ပွတ်တိုက်ပြီး စကားပြောလိုက်သည်။
"မင်းအတွက် ကိုယ့်မှာ ခံစားချက်မရှိဘူးဆိုရင် မင်းကို ကိုယ် ဒီလိုမျိုးတင်ထားတာကို ခွင့်ပြုပေးမှာလား" သူ့စကားတွေက နူးညံ့တယ်၊ တစ်ခုချင်းစီက ကျန်းရှောင် ရဲ့ ဦးနှောက်ကို ရိုက်ခတ်သွားစေပြီး သူမရဲ့ အတွေးတွေကို ရှုပ်သွားစေသည်။
ပြတင်းပေါက် အပြင်ဘက်တွင် မီးရှူးမီးပန်းများပွင့်ကာ ချမ်းအေးလှတဲ့ ဆောင်းညတစ်ညကို နွေးထွေးပြီး အရောင်အသွေးစုံလင်တဲ့ မြင်ကွင်းအဖြစ် ပြောင်းလဲပေးနေသည်။
ကျိုးရှို့လင်းက သူမ၏ မှိန်းနေတဲ့ အမူအရာကို ကြည့်ကာ ပြုံးလိုက်သည်။ " မင်းသမီးတော်တော်များများက ကိုယ့်ကို သွေးဆောင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ဘူး။ မင်းတစ်ယောက်တည်းပဲ လုပ်နိုင်ခဲ့တာ"
ကျန်းရှောင်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူမ မျက်နှာက နီမြန်းလာခဲ့သည်။
ကျိုးရှို့လင်းက မျက်လုံးတွေကို မှေးပြီး သူ့နှုတ်ခမ်းနဲ့ရှာဖွေရင်း သူမရဲ့နှာသီးဖျားနဲ့ နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။ သူ့လက်က သူမ၏ ဆွယ်တာအင်္ကျီဆီ လျှောဝင်လာကာ သူတို့ နှုတ်ခမ်းတွေနဲ့သွားတွေက ရောယှက်နေသည်။
ကျန်းရှောင်က သူမကြားလိုက်သမျှကို သိသော်လည်း သူမ၏ ဦးနှောက်က ထိန်းချုပ်မှု ပျောက်ဆုံးသွားပုံရသည်။
သူ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ၊ တမင်တကာ အောင်မြင်သွားတာလား။
သူ...ငါ့ကို ကြိုက်နေလို့လား။
ကျန်းရှောင် အသက်ရှူသံပြင်းလာသည်။ "ကျိုးရှို့လင်း..." သူတို့က သူတို့မိဘတွေ အဖိုး အဖွားတွေနဲ့အတူ အိမ်မှာရှိနေကြတာ။
ကျိုးရှို့လင်း ရေရွတ်လိုက်သည်။ "ကိုယ်ဒီမှာ "
" ရှောင်ရှောင် ..." မေမေကျိုးက အရက်မူးတာပျောက်တဲ့ဆေးကို ကိုင်ဆောင်လာပြီး သားဖြစ်သူကချွေးမလေးကို ရင်းနှီးတဲ့ ကိုယ်ဟန်အနေအထားဖြင့် ကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် သူမနှင့် မသင့်လျော်ဘူးဟု ထင်ထင်ရှားရှား ခံစားလာရသည်။
သူမ ဤမြင်ကွင်းကို ကြုံတွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားဘဲ ကျိုးရှို့လင်းကို စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
ဒါပေမယ့် သူမ မျက်နှာပေါ်မှာတော့ တည်ငြိမ်တဲ့ မျက်နှာထားကို ထိန်းသိမ်းထားသည်။ " ရှောင်ရှောင်၊ ဒါကျိုးရှို့လင်း အတွက် အမူးပြေဆေး။ သူတော်တော်မူးနေတဲ့ပုံပဲ!"
ကျန်းရှောင် ရှက်သွားသည်။ "အမေ၊ ကျွန်မ နားလည်ပါပြီ"
မေမေကျိူး သည် တရားခံ ကျိုးရှို့လင်းကို တစ်ချက် နှစ်ချက်လောက်ရိုက်ပစ်ချင်နေတဲ့ ဆန္ဒဖြင့် အံကြိတ်လိုက်သည်။ "မင်း စောစော အနားယူသင့်တယ်။ ရှောင်ရှောင်မှာ ကိုယ်ဝန်ကြီးနဲ့ ကလေးကဖြင့် မွေးတော့မယ်"
ကျန်းရှောင် သူမ၏ နှုတ်ခမ်းတွေကိုဖိကာ ရှက်စိတ်ဖြင့် အပေါက်ထဲသာခေါင်းဝင်ပြီး ပျောက်သွားပစ်ချင်နေပြီ။
ရုတ်တရက် ကျိုးရှို့လင်း ခေါင်းအနည်းငယ် ကိုက်လာသည်။
မေမေ ကျိုး ထွက်သွားစဉ် ကျန်းရှောင်က သူမ လက်ကို မြှောက်လိုက်ပြီး ကျိုးရှို့လင်းကို အကြိမ်အနည်းငယ် အသာအယာရိုက်လိုက်သည်။ "ဒါတွေ အားလုံး ရှင့်အပြစ်ပဲ! ရှင့်အပြစ်ပဲ!"
ကျိုးရှို့လင်း သူ့မျက်နှာကို ပွတ်သပ်ကာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ "ဟုတ်ပါတယ်၊ ဟုတ်ပါတယ် "
ကျန်းရှောင် ပြောလိုက်သည်။ "မနက်ဖြန်ကျရင် ကျွန်မ အမေ့ကို ဘယ်လို ရင်ဆိုင်ရမှာလဲ"
ကျိုးရှို့လင်း ပြုံးလိုက်သည်။ "နောက်တစ်ခါကျရင် တံခါးလော့ခ်ချထားဖို့ မမေ့နဲ့"
ကျန်းရှောင် နှုတ်ဆိတ်နေသည်။
ကျိုးရှို့လင်း သက်ပြင်းချလိုက်သည်။ "ကိုယ်က မင်းကို နမ်းပဲနမ်းချင်တာ။ အမေက အဲ့တာကို အတွေးလွန်သွားတာ။ ဟင်း..."
သူမ သူ့ကို ဂရုမစိုက်ဘဲ ဖုန်းကိုင်ဖို့ ထလိုက်သည်။
ကျိုးရှို့လင်းမှာ ရေချိုးဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူး။
ကျန်းရှောင်က အထက်တန်းကျောင်းနှင့် ကောလိပ်အတန်းဖော်များက ဂရုအမျိုးမျိုးဖြင့် နှစ်သစ်ကူးကောင်းချီးများပေးပို့နေကြတဲ့ WeChat ကို စစ်ဆေးခဲ့သည်။ ကျန်းရှောင်က အဖွဲ့တစ်ဖွဲ့ချင်းစီတွင် စာတိုများ ပေးပို့ခဲ့ပြီး သူမ၏ Moments တွင်လည်း ရေးသားခဲ့သည်။
"နှစ်သစ်မှာ အစစအရာရာ အဆင်ပြေချောမွေ့ပြီး ပျော်ရွှင်ဖွယ်ရာ နှစ်တစ်နှစ်နဲ့ရှေ့ဆက်နိုင်ပါစေ အောင်မြင်မှုတွေနဲ့ ကြီးပွားချမ်းသာပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်"
မကြာခင် လူတွေက သူမကို အကြောင်းပြန်လာကြသည်။
ဟွမ်ယာ - ဟားဟားဟား။
လီလီ - အလုပ်ကောင်းကောင်း ဆက်လုပ်နိုင်ပါစေ။
ကျောက်ရှင်းရန် - အောင်မြင်ပြီးကြီးပွားတိုးတက်ပါစေ။ ပျော်ရွှင်ဖွယ်နှစ်သစ်ပါ!
ကျန်းချင် - ပျော်ရွှင်စရာ မိသားစုလေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
...
ဤအခိုက်အတန့်တွင်၊ WeChat မှာ နောက်ထပ်မက်ဆေ့ချ်တစ်ခု ပေါ်လာပြီး ပေးပို့သူကို "ကျင်းကျုံးပိုင် " ဟုဖော်ပြထားသည်။
ကျင်းကျုံးပိုင်၏ ပရိုဖိုင်ပုံက ကြီးမားလှသော ရွှေရောင်အမဲလိုက်ခွေး ဖြစ်ပြီး ကျန်းရှောင်က ၎င်းကို သူတို့ မိသားစုရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်မည်ဟု ခန့်မှန်းခဲ့သည်။
ကျင်းကျုံးပိုင် - မင်း အမေရိကားကို ထပ်ပြီးပညာသင်ဖို့ သွားလိုက်တယ်လို့ ကြားတယ်။ မင်း ဒီနိုင်ငံကို ပြန်ရောက်လာပြီလား
ကျန်းရှောင် မက်ဆေ့ချ်ကို ကြည့်လိုက်ရာ သူမ၏ နှလုံးသားက ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ သူမ ပြန်မဖြေခင် ခဏလောက် တုံ့ဆိုင်းနေခဲ့သည် - လာမယ့်နွေရာသီမှာ ကျွန်မပြန်လာမယ်။
ကျင်းကျုံးပိုင် - ကောင်းပါတယ်! ပျော်ရွှင်ဖွယ်နှစ်သစ်ပါ!
ကျန်းရှောင် ပြုံးလိုက်သည် - ပျော်ရွှယ်ဖွယ် နှစ်သစ်ပါ။
သူမ၏ နှလုံးသားက နွေးထွေးမှု အပြည့်ပင်။ ကျင်းမိသားစုက လူတွေက အရမ်းကောင်းကြသည်။
ကျိုးရှို့လင်း ရေချိုးပြီး ထွက်လာတော့ ကျန်းရှောင် ကျန်းရှောင်က အနည်းငယ် ပြုံးနေကာ စိတ်မကပ်နေတဲ့ပုံစံပေါက်နေပြီး ဖုန်းကိုကြည့်နေတာကို သူ မြင်လိုက်ရသည်။
သူ လမ်းလျှောက်လာပြီး သူမပခုံးကို ပုတ်လိုက်သည်။
ကျန်းရှောင် ခေါင်းမော့လိုက်ပြီး မျက်ဝန်းတွေက မည်းနက်တောက်ပနေခဲ့သည်။ "ရှင် သိလား။ ကျင်းကျုံးပိုင် ကျွန်မဆီ WeChat မက်ဆေ့ခ်ျပို့လာတယ်တဲ့ "
ကျိုးရှို့လင်း သူ့ဆံပင်ကို အခြောက်ခံနေရင်း ရပ်လိုက်သည်။ "သူလား။ သူဘာပြောလဲ"
"သူက ကျွန်မကို ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးတယ်" ကျန်းရှောင် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ဖြစ်နိုင်တာက ဂရုမက်ဆေ့ချ်ပဲ" ကျိုးရှို့လင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး" ကျန်းရှောင်က သူမရဲ့ဖုန်းကို သက်သေအဖြစ် ပေးလိုက်သည်။ "ကြည့်လိုက်။ သူ သီးသန့်ပို့ပေးထားတာ။ ရုပ်ရှင်မင်းသားက အရမ်းဖော်ရွေလိုက်တာနော်"
ကျိုးရှို့လင်း၏ နှုတ်ခမ်းတွေ တွန့်သွားခဲ့သည်။ "သူ့မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိပုံရတယ်"
ကျန်းရှောင် စိတ်ထဲမထားပေ။ သူမ ကျင်းကျုံးပိုင်ကို ဖြောင့်မတ်ခြင်း၏ သင်္ကေတတစ်ခုအဖြစ် မြင်မိသည် ။ ပရိတ်သတ်သေးသေးလေးတစ်ယောက်ရဲ့ ခံစားချက်ကို အရိပ်အမြွက်တောင် ပြခဲ့သည်။
ကျင်းကျုံးပိုင်က သူမကို မက်ဆေ့ချ်ပို့လိုက်တာက သူမအရည်အချင်းတွေကို သူ အသိအမှတ်ပြုပေးတယ်လို့ သူမ ခံစားရသည်။
ကျန်းရှောင် WeChat ကို ခဏတာ ဆက်ကြည့်ရှုခဲ့ပြီး ကျင်းကျုံးပိုင် သည် သူ့ Moments တွင် မီးရှူးမီးပန်းပုံတစ်ပုံကို တင်ခဲ့သည်။
သူမ Like ကိုနှိပ်ပြီးနောက် လင်းဝူနှင့် သီးသန့်ချက်တစ်ခုကို စတင်ခဲ့သည်။
ကျိုးရှို့လင်းမှာလည်း WeChat တွင် ကျင်းကျုံးပိုင် ရှိသောကြောင့် ကျန်းရှောင်၏ like ကို သဘာဝအတိုင်းမြင်ခဲ့သည်။
ညနေ 10:30 ဝန်းကျင်တွင် ကျိုးရှို့လင်းရ နေ့ခင်းဘက်တွင် သူ့အဖွားရေးခဲ့တဲ့ "福"mfn - ကောင်းမွန်တဲ့ကံကြမ္မာ သို့မဟုတ် ကောင်းချီးမင်္ဂလာ [/mfn] ဟူသော စာလုံးအား သူ့ကို ဓာတ်ပုံရိုက်ခိုင်းထားသည့်ဟာကို ပိုစ့်တင်ခဲ့သည်။
ကံမကောင်းစွာဖြင့် ဤပုံသည် မိုရီဟန်၊ ကျန်းချင်၊ ကျင်းရှု့ရန်ဆီမှ likeများ ရရှိခဲ့သော်လည်း ကျန်းရှောင်ဆီမှမရခဲ့ပေ။
နောက်တစ်နေ့မနက် ကျန်းရှောင် အောက်ထပ် ဆင်းလာသောအခါ သူမ အောက်ထပ်တွင် ကျိုးယန်ယန်နဲ့ မထင်မှတ်ဘဲ တွေ့ဆုံခဲ့သည်။
အသက်ကြီးသူတွေက မထကြသေးဘဲ ဧည့်ခန်းထဲမှာ သူတို့ နှစ်ယောက်ပဲ ရှိတော့ နည်းနည်း အဆင်မပြေတဲ့ လေထုကို ဖန်တီးပေးနေသည်။
ကျိုးယန်ယန် ရေတစ်ငုံသောက်လိုက်ပြီး သူမရဲ့အကြည့်က ကျန်းရှောင်၏ ဗိုက်ပေါ် ရောက်လာသည်။ သူမကို အချိန်အကြာကြီး စိုက်ကြည့်နေတော့ ကျန်းရှောင် စိတ်မသက်မသာဖြစ်သွားသည်။
"နင့်ကို ကျင်းကျုံးပိုင်နဲ့ သူငယ်ချင်း ဖြစ်လာပြီး WeChat အဆက်အသွယ်တွေတောင် ဖလှယ်ကြလိမ့်မယ်လို့ မမျှော်လင့်ထားဘူး" ကျိုးယန်ယန် ပြုံးပြီး ပြောလိုက်သည်။ နောက်တော့ သူမရဲ့အိတ်ကိုလွယ်ပြီး ထခဲ့သည်။
ကျန်းရှောင်က ကျိုးယန်ယန်၏ ပြောင်းလဲမှုကို သတိထားမိသည်။သူမက သူမကို မကြိုက်သေးသော်လည်း သူမရဲ့အမူအရာက ပြောင်းလဲသွားသည်။ သူမ အရင်ကလို မငြိမ်မသက်ဖြစ်နေသည်။ အနုပညာနယ်ပယ်က လူတစ်ယောက်ကို တကယ်ပြောင်းလဲသွားစေနိုင်တာပဲ။
ကျန်းရှောင် သက်ပြင်းချလိုက်သည်။
နွေဦးပွဲတော်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း နွေဦးကိုရောက်လာသည်။ ရာသီဥတုက ပိုပူလာပြီး ကျန်းရှောင်ရဲ့ ချိန်းဆိုထားသည့်ရက်ကလည်း ပိုနီးကပ်လာပြီပင်။
ကျန်းရှောင် အနည်းငယ်ကြောက်မိသော်လည်း သူမ ဘာကိုမှမပြောခဲ့ပေ။ ထိုအချိန်တွင် မေမေကျိုးက သူမကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
ကျိုးရှို့လင်းသည်လည်း ကျင်းချန်တွင်နေရန် မတ်လအတွက် သူ့အလုပ်အချိန်ဇယားကိုညှိခဲ့သည်။
မနက်ခင်း မထွက်သွားခင်မှာ ကျန်းရှောင်ကို သေချာဂရုစိုက်ပေးဖို့ သူ အိမ်ဖော်ကို ညွှန်ကြားခဲ့သည်။ မနက်ခင်းမှာ "လူငယ်တွေရဲ့နှစ်များ " ရုပ်ရှင် ရုံတင်ပြသပွဲကို သူ တက်ရောက်ရမှာဖြစ်သည်။