← Chapters

အခန်း (၅၅)

Vol. 5 Ch. 55

အခန်း (၅၅)

Vol. 5 Ch. 55

ကျိုးရှို့လင်းက သူမလက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားခဲ့သည်။ သူ့ရဲ့ တင်းမာနေတဲ့မျက်နှာက နောက်ဆုံးတွင် ပြေလျော့သွားပြီး သူ့မျက်လုံးတွေထဲမှာ နူးညံ့မှုအရိပ်အယောင်များ ရှိနေသည်။

သူမရဲ့မျက်နှာပေါ်က ချွေးတွေကို သူ ညင်သာစွာ သုတ်ပေးခဲ့ပြီး သူ့အသံက တိုးတိုးလေးနှင့် ရွှင်မြူးနေတဲ့ အရိပ်အယောင်များ ရောထွေးနေသည်။ " ရှောင်ရှောင် ကျေးဇူးတင်ပါတယ်" သူပုံဖော်လေ့ရှိတဲ့ ဂရုမစိုက်ခြင်း သို့မဟုတ် တင်းမာတဲ့ ပုံစံမဟုတ်တော့ပေ။ သူသည် သာမန်ယောကျ်ား၊ သာမန်ဖခင်တစ်ဦးမျှသာဖြစ်သည်။

ဆရာဝန်က ကလေးလေးကို သူတို့ကိုပြပြီး သူ့ကို သန့်ရှင်းရေးလုပ်ပေးဖို့ ခေါ်သွားသည်။

ကျန်းရှောင်ရဲ့ အာရုံကြောတွေ ပြေလျော့သွားသည်။ သူမ တစ်ကိုယ်လုံး ချွေးတွေ အထပ်ထပ် ရွှဲနေပြီး သူမရဲ့ ခွန်အားတွေ ကုန်ဆုံးသွားပြီ။ မောပန်းနွမ်းနယ်နေသော်လည်း စိုးရိမ်တကြီးသတိပေးရင်း သူမ၏အသံက အောရှနေခဲ့သည်။ "ပဲပင်ပေါက်လေးကို ဂရုစိုက်၊ ဘယ်သူ့ကိုမှ သူ့ကိုမှားပြီးမချီသွားမိစေနဲ့"

ကျိုးရှို့လင်း ရုတ်တရက် ရယ်ချင်လာသည်။ သူမရဲ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ မျက်တောင်ပေါ်ရှိ ခုထိ စိုစွတ်နေဆဲဖြစ်သည့် မျက်ရည်စက်တွေကို ညင်သာစွာ နမ်းလိုက်ပြီး "ကောင်းပါပြီ" ဟု အခိုင်အမာ ပြောလိုက်သည်။

ပဲပင်ပေါက်လေးကို စောင့်ကြည့်ဖို့ သူ့ကို(ကျိုးရှို့လင်း) မလိုပါဘူး။ သူ့အဖိုးအဖွားတွေ သူ့ကို ဂရုစိုက်ကြမှာ။ အခုချိန်မှာတော့ သူ့ကောင်မလေးအနားမှာ သူနေချင်သည်။

သူမ ငိုက်မျဉ်းလာကာ တစ်ကိုယ်လုံး နာကျင်ပြီး အိပ်ပျော်သွားခဲ့သည်။ သူမ နိုးတစ်ဝက်အိပ်တစ်ဝက် အခြေအနေတွင် ရှိနေသည်။ သူမရဲ့အမေကို ထပ်ပြီး အိပ်မက်မက်နေပေမယ့် ဒီတစ်ခါတော့ သူမမျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ။ ထိုမျက်နှာက သူမကို မှင်သက်သွားစေခဲ့သည်။

သူမ “အမေ…” လို့ခေါ်လိုက်သည်။

ဒါပေမယ့် သူမရဲ့အမေက သူမကို အေးစက်စက်ကြည့်ပြီး ပြောခဲ့သည်။ "ငါ နင့်အမေ မဟုတ်ဘူး"

“အမေ” လို့ သူမ အစွမ်းကုန်အော်လိုက်သည်။

"ငါ နင့်အမေမဟုတ်ဘူး။" ဒီလိုပြောပြီးတော့ သူမ အမေ ထွက်သွားတော့မယ်။

သူမရဲ့ နောက်ကို အသည်းအသန် လိုက်ချင်ပေမယ့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူမ လှုပ်ရှားလို့ မရဘူး။

သူမ နားထဲမှာ " ရှောင်ရှောင် ရှောင်ရှောင် " လို့ခေါ်နေတဲ့ နွေးထွေးပြီး ရင်းနှီးတဲ့ ယောက်ျားအသံကို ကြားနေရသည်။

ကျန်းရှောင် သူမမျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ ကျိုးရှို့လင်းက သူမရဲ့ကုတင်ဘေးတွင် ရပ်နေပြီး သူ့မျက်လုံးတွေက နီရဲနေသည်။ သူတို့အကြည့်ချင်းဆုံသွားတော့ သူ့မျက်လုံးတွေက နူးညံ့သွားခဲ့သည်။ "မင်း အိပ်မက်မက်နေတာလား"

အိပ်မက်တွေက အေးစက်နေပေမယ့် လက်တွေ့မှာတော့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေခဲ့သည်။

ညဘက်သူမ အိပ်ရာက နိုးလာတော့ ယောကျ်ားဖြစ်သူက သူမဘေးမှာ ရှိနေပြီး သားဖြစ်သူကလည်း သူမဘေးမှာ အိပ်ပျော်နေသည်။

ကျန်းရှောင် အရင်က သူမ တစ်ခါမှ မခံစားဖူးတဲ့ ကျေနပ်မှုကို ခံစားခဲ့ရသည်။

ပဲပင်ပေါက်လေးက အပြာရောင် ကလေးအဝတ်လေးဝတ်ထားကာ သေးငယ်ပျော့ပျောင်းပြီး လက်ဖဝါးအရွယ်အစားရှိ မျက်နှာငယ်လေးနဲ့ အသက်ရှုနေစဉ် နှုတ်ခမ်းလေးက စုထားသည်။

ချက်ခြင်း ကျန်းရှောင်က သူမ နှလုံးသားထဲ နူးညံ့သိမ်မွေ့မှုကို ခံစားလိုက်ရသည်။

ကျိုးရှို့လင်းက ရေနွေးနွေးလေးတစ်ခွက် လောင်းထည့်ပေးခဲ့သည်။ "ရေအရင်သောက်လိုက် ပြီးရင် တစ်ခုခုစားရအောင် "

ကျန်းရှောင်ရဲ့ မျက်လုံးတွေက ပဲပင်ပေါက်လေးရဲ့ ရှည်ရှည်သွယ်သွယ် မျက်လုံး၊ ပါးစပ်သေးသေးလေးနဲ့ ချစ်စရာကောင်းတဲ့ ခြေဖဝါးလေးတွေဆီမှာသာရှိနေသည်။ ကလေးရဲ့နဖူးကို နမ်းဖို့ သူမ မထိန်းနိုင်ခဲ့ပေ။ ဘဝက တကယ်ကို အံ့ဖွယ်ပဲ။

ပဲပင်ပေါက်လေးက သူမဗိုက်ထဲမှာ ကိုးလကျော်နေခဲ့တယ်ဆိုတာကို သူမ စိတ်ကူးမယဉ်နိုင်ခဲ့ဘူး။ ထိန်းမနိုင်သိမ်းမရတဲ့ မျက်ရည်တွေက သူမရဲ့ ပါးပြင်ပေါ် စီးကျလာခဲ့သည်။

ကျိုးရှို့လင်း သတိထားမိသွားသည်။ "ဘာလို့ငိုနေတာလဲ၊ နာနေသေးလို့လား"

ကျန်းရှောင် နှာရှုပ်လိုက်သည်။ သူမ တကယ်ကို နာကျင်ခဲ့ရပေမယ့် ဒါက ထိုက်တန်တယ်လို့ သူမ ခံစားရသည်။ သူမရဲ့ နှလုံးသားက ပြင်းထန်သော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကို သူမ နောက်ဆုံး နားလည်သွားပြီလား။

ကိုယ့်ကလေးအရင်းကို စွန့်လွှတ်ဖို့ ဘယ်သူက ဘယ်လို စိတ်နှလုံးရှိနိုင်မလဲ။

ကျိုးရှို့လင်းက ရေခွက်ကို သူမနှုတ်ခမ်းဆီတေ့ပေးပြီး အစာကို ညင်ညင်သာသာ ကျွေးခဲ့သည်။

ကျန်းရှောင် ရဲ့ နှလုံးသားက ပဲပင်ပေါက်လေးကို လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။ "ကျိုးရှို့လင်း၊ ပဲပင်ပေါက်လေးက ကျွန်မတို့နဲ့ လုံးဝမတူဘူး"

ကျိုးရှို့လင်း တစ်ညလုံး မအိပ်ရသေးပေ။ သူမကို မကြည့်ဘူးဆိုရင် ပဲပင်ပေါက်လေးကို ကြည့်နေခဲ့တာ။ "မင်းနဲ့တူတာ "

ကျန်းရှောင် အံ့သြသွားသည်။ " ဘယ်နေရာက ကျွန်မနဲ့တူတာလဲ "

ကျိုးရှို့လင်းက သူ့လက်ကို မြှောက်ပြီး သူမပါးစပ်ကို လေးနက်တဲ့အမူအရာဖြင့် ညွှန်ပြလိုက်သည်။ "သူ့ပါးစပ်က မင်းနဲ့တူတယ်"

ကျန်းရှောင် သတိမထားမိခဲ့ပေ။ "သူ့ပါးစပ်က သေးသေးလေးနော်။ သူ့လက်တွေကိုကြည့်ပါဦး......" သူမက ပဲပင်ပေါက်လေးကိုထိဖို့ လက်ကို ညင်သာစွာဆန့်လိုက်တော့ ရုတ်တရက် ပဲပင်ပေါက်လေးက တစ်ခုခုကို ခံစားမိပုံပေါ်ပြီး သူမရဲ့လက်ချောင်းကို ဆုပ်ကိုင်ခဲ့သည်။

"အိုး.. ကြည့်ပါဦး၊ သူကျွန်မကို ကိုင်းထားတယ်တဲ့၊ တော်တော်သန်တာပဲ " ကျန်းရှောင် ရယ်မောရင်း ရွှင်လန်းနေတဲ့ မျက်လုံးများဖြင့် ပြည့်နှက်နေသည်။

ကျိုးရှို့လင်း ကိုယ့်ဘာသာကိုယ် ထိန်းလိုက်သည်။ "ရပြီ။ မင်း ကောင်းကောင်းအနားယူသင့်ပြီ"

ကျန်းရှောင် ခေါင်းခါလိုက်သည်။ "ကျွန်မ လုံးဝမပင်ပန်းဘူး "

"ကိုယ်ပြောတာကို နားထောင်"

ကျန်းရှောင် နာခံစွာ လှဲလျောင်းလိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။ ကျိုးရှို့လင်းက အများအားဖြင့် သပ်သပ်ရပ်ရပ်နေတတ်ပြီး ဒီနေ့မှာတော့ ရှုံ့တွနေတဲ့ ရှပ်အင်္ကျီနှင့် ဆံပင်တွေကလည်း ရှုပ်ပွနေသည်။ "ရှင် ခုထိ မအိပ်ရသေးဘူးလား"

ကျိုးရှို့လင်းက သူမ နဖူးပေါ်ရှိ ဆံပင်တွေကို သပ်ရပ်သွားအောင် သပ်ပေးလိုက်သည်။ "ကိုယ် မအိပ်ချင်ဘူး"

ကျန်းရှောင် သူမ နှုတ်ခမ်းကိုကွေးလိုက်သည်။ "ကျိုးရှို့လင်း၊ ကျွန်မ တကယ်ပျော်တယ်၊ ပဲပင်ပေါက်လေးက ကျွန်မတို့ရဲ့ကလေးဖြစ်နေတဲ့အတွက် အရမ်းပျော်တယ်။ ကျွန်မဘဝရဲ့ ချို့ယွင်းချက်တွေ အားလုံးက ဘာမှအရေးမကြီးတော့သလိုပဲ"

ကျိုးရှို့လင်း သဘောတူတဲ့အသံပြုလိုက်သည်။ ပဲပင်ပေါက်လေးက သူ့အတွက် သူမ မွေးပေးခဲ့တဲ့ ကလေးဖြစ်တာကြောင့် သူလည်း အရမ်းပျော်ရွှင်နေသည်။

ကျန်းရှောင် ခဏလောက် ငြိမ်သက်သွားပြီး မကူညီနိုင်ဘဲမေးလိုက်သည်။ "သူ ဘယ်လောက်ကြာအောင် အိပ်နေတာလဲ"

ကျိုးရှို့လင်း ဟင်း ချလိုက်သည်။ "သူ ဗိုက်ဆာရင် နိုးလာလိမ့်မယ်။ အခု လောလောဆယ်တော့ မစားသောက်ဘဲ အိပ်နေမှာပဲ"

ကျန်းရှောင် တိုးတိုးလေး ရယ်လိုက်သည်။ "ကောင်းတာပေါ့။ ကျိုးရှို့လင်း၊ ရှင် နာမည် ဆုံးဖြတ်ပြီးပြီလား"

ကျိုးရှို့လင်း သူမကို ကြည့်လိုက်သည်။ "စစ်မူ၊ "တွေးတောခြင်း"ဆိုတဲ့ 'စစ်' နဲ့ " သဘောကျတယ်"ဆိုတဲ့ 'မူ' ။ ကျိုးစစ်မူ"

အပြင်ဘက်က နေရောင်ခြည်က မှန်ကန်နေပြီး နွေဦးလေညင်းက ညင်သာစွာ တိုက်ခတ်နေသည်။ သစ်ကိုင်းတွေပေါ်မှာ ငှက်ကလေးတွေ တေးဆိုနေကြသည်။

အရာအားလုံးပြီးပြည့်စုံခဲ့သည်။

နာမည်ကို ညင်သာစွာ ထပ်ခါတလဲလဲ ပြောရင်း ကျန်းရှောင်ရဲ့ မျက်လုံးတွေ နွေးထွေးလာခဲ့သည်။ "ကျိုးစစ်မူ၊ စစ်မူ၊ အရမ်းကောင်းတယ်။ ကျွန်မ အရမ်းကြိုက်တယ် " သူမ သူ့ကို မော့ကြည့်လိုက်ပြီး ခြောက်သွေ့နေတဲ့ သူမရဲ့ နှုတ်ခမ်းတွေကိုသပ်လိုက်သည်။

သူ့ကို သူမ သဘောကျနေတယ်ဆိုတာ သူ သဘောပေါက်သွားလို့များ ဖြစ်နိုင်မလား။

ကျိုးရှို့လင်း၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားလိုက်သည်။ "မင်းကြိုက်တယ်ဆိုတော့ ပျော်ပါတယ်"

မေမေကျိုးနဲ့ ဖေဖေကျိုးက ကျိုးစစ်မူ ဆိုတဲ့အမည်ကို ကြီးကြီးမားမား ကန့်ကွက်ခြင်းမရှိပေ။ နောက်ဆုံးတော့ အဲ့တာကို ကလေးရဲ့အဖေက ရွေးခဲ့တာ။ အဖိုးနဲ့အဖွားတွေ ဘယ်လိုလုပ် ကန့်ကွက်ကြမှာလဲ။

သုံးရက်အကြာတွင် ကျန်းရှောင် ဆေးရုံမှဆင်းကာ အိမ်ပြန်လာခဲ့သည်။ မေမေကျိုးက ကျန်းရှောင်နဲ့ ကလေးကို ပြုစုရန် ကျွမ်းကျင်တဲ့ ကလေးထိန်းဆရာမကို ငှားခဲ့သည်။

ချောချောမွေ့မွေ့နဲ့ မွေးဖွားခဲ့တာကြောင့် ကျန်းရှောင် အမြန်သက်သာလာခဲ့သည်။သူမရဲ့ကလေးနဲ့ နေ့တိုင်းအချိန်ဖြုန်းနေတော့ အချိန်တွေ မြန်မြန်ကုန်သွားပုံမပေါ်ဘူး။

ကလေးက နေ့စဉ်နှင့်အမျှ ပြောင်းလဲလာပြီး စစ်မူလေးက ပိုပိုပြီး ချစ်စရာကောင်းလာသည်။

သူမ စစ်မူလေးကို လုံလုံလောက်လောက် မရခဲ့ပေ။

လဝက်ကြာပြီးနောက် ကျိုးယန်ယန်က ကလေးဆီ အလည်လာခဲ့သည်။ တစ်နှစ်ရှိပြီ၊ ဤသည်မှာ သူမနေတဲ့နေရာကို ပထမဆုံးလာရောက်လည်ပတ်ခြင်းဖြစ်သည်။ သူမက နေကာမျက်မှန်နဲ့ မက်စ်ကို တပ်ထားပြီး လျှို့ဝှက်ချက်ကို အလွန်အလေးအနက်ထားကာ သူမ၏အမူအရာက အရင်လိုပဲ အေးစက်နေခဲ့သည်။

ကျန်းရှောင် သူမကိုတွေ့တော့ အနည်းငယ် အံ့သြသွားသည်။ ကျိုးယန်ယန် မလာလောက်ဘူးလို့ သူမထင်ထားတာ။

ကျိုးယန်ယန် စကားပြောခဲ့သည်။ "နင့်ကိုတွေ့ဖို့ လာတာမဟုတ်ဘူး"

ကျန်းရှောင် ပြန်တုံ့ပြန်လိုက်သည်။ "သိပါတယ်"

ကျိုးယန်ယန် ခါးကိုင်းပြီး စစ်မူလေးဆီ ချဉ်းကပ်ခဲ့သည်။ စစ်မူ လေးက ကောင်းကောင်းအိပ်ပျော်နေပြီး အလွန်နာခံမှုရှိပုံပေါ်သည်။ ကျိုးယန်ယန်က သူမလက်ကိုဆန့်ကာ စစ်မူလေးရဲ့ ပါးပြင်ကိုထိဖို့လုပ်လိုက်သော်လည်း ကျန်းရှောင်က သူမကိုတားခဲ့သည်။

"ဟေ့ နင့်ရဲ့လက်သည်းတွေက စစ်မူကို ထိခိုက်သွားနိုင်တယ် "

ကျန်းရှောင် သူမကို စိုက်ကြည့်နေစဉ် ကျိုးယန်ယန်ရဲ့လက်က လေထဲမှာ တန့်နေခဲ့သည်။ ဟမ့် ဒါဆို သူမသားလေးမွေးရင် ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် သူမ သူ့ကို မထိချင်ပါဘူး။ သူမလက်ကို အမြန်ရုတ်လိုက်ပြီး အိတ်ထဲမှ လက်ဆောင်ဘူးတစ်ခုကို ထုတ်ကာ ကုတင်ဘေးမှာ ပေါ့ပေါ့ပါးပါး ထားလိုက်သည်။ "စစ်မူ အတွက်လက်ဆောင်"

"ကျေးဇူးတင်ပါတယ်"

"ငါက သူ့အန်တီပဲ "

ကျန်းရှောင် မငြင်းဘဲ ခေါင်းညိတ်လိုက်သည်။

ကျိုးယန်ယန် သူမကို လေးလေးနက်နက် ကြည့်နေသည် ။ "နင် ဟွားရှ မှာ အလုပ်ပြန်ဝင်တော့မယ်လို့ ငါကြားတယ်၊ မန်နေဂျာလုပ်မို့လား"

"ဟုတ်တယ်"

"ငါတကယ် နားမလည်ဘူး။ နင် ဘာဖြစ်နေတာလဲ၊ ငါ့အစ်ကိုနဲ့လက်ထပ်ထားတာပဲ နင့်မှာ အရာအားလုံးရှိနေတာကို"

"နင့်မှာလည်း အရာအားလုံးရှိတာပဲ။ နင်ဘာလို့ ရုပ်ရှင်တွေရိုက်နေသေးလဲ "

ကျိုးယန်ယန် မေးခွန်းကြောင့် လက်ပူးလက်ကြပ်မိသွားခဲ့သည်။ "ဒါ ငါ့အိမ်မက်ပဲ"

"ဒါလည်း ငါ့အိပ်မက်ပဲ" ကျန်းရှောင် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ကျိုးယန်ယန် မျက်ခုံးပင့်ကာ စကားအများကြီး မပြောတော့ဘဲ နှောင့်နှေးမနေဘဲ ထွက်သွားခဲ့သည်။

ကျန်းရှောင်က ကျိုးယန်ယန်၏ သဘောထားကို ဂရုမစိုက်ပေ။ ကလေးမီးဖွားပြီးတဲ့နောက်မှာတော့ တစ်ချို့အရာတွေကို နားလည်လာခဲ့သည်။ လူတွေကြားက စိတ်ခံစားချက်တွေက ထူးခြားပြီး ကိစ္စတော်တော်များများကို ပြောင်းလဲလို့မရဘူး။

ဒါကြောင့် တစ်ဖက်ရဲ့ကိုယ်ပိုင်ဘဝကို ဂရုမစိုက်ဘဲ ကိုယ့်ဘဂကို အာရုံစိုက်နေတာက ပိုကောင်းသည်။ အဲဒါ အရေးကြီးဆုံးပဲ။ ဒီကမ္ဘာကြီးမှာ မင်းကို မကြိုက်တဲ့ သူတွေလည်း အမြဲရှိပေမယ့် မင်းကို ချစ်တဲ့ သူတွေလည်း ရှိလိမ့်မယ်။

စစ်မူလေး အိပ်ပျော်နေစဉ်တွင် သူမရဲ့ အလုပ်တွေနဲ့ အလုပ်ရှုပ်စပြုလာသည်။

အန်တီ ချောင်က သူမအလုပ်လုပ်နေတာကိုမြင်တော့ အံ့သြသွားသည်။ "စစ်မူက အရမ်း ငယ်သေးတာကို၊ တကယ် အလုပ်သွားဖို့လိုလို့လား"

ကျန်းရှောင်ပြောလိုက်သည်။ "တရုတ်ပြည်က အမျိုးသမီး အများစုက ဒီလိုလုပ်ကြတယ်။ မီးဖွားခွင့်က သုံးလပဲ "

အန်တီ ချောင် ပြန်ပြောလိုက်သည်။ "ဒါပေမယ့် သမီးက မတူဘူး"

ကျန်းရှောင် ပြုံးလိုက်သည်။ "ကျွန်မက သူတို့နဲ့အတူတူပါပဲ။ ကျွန်မတို့အားလုံးက မိခင်တွေပဲ" အန်တီ ချောင် က သူမဘာကိုဆိုလိုသည်ကို နားလည်သည်။ ကျိုးရှို့လင်း ဘယ်လောက်ပဲချမ်းသာနေပါစေ အဲ့တာက သူ့ပိုက်ဆံတွေပဲ။

သူမက ချမ်းသာမှုရဲ့နောက်ကို အတင်းကြီး လိုက်နေတာမဟုတ်ဘူး။ သူမအတွက် ပိုအရေးကြီးတဲ့အရာက သူမ၏ ကိုယ်ပိုင်စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုဖြစ်သည်။

All Chapters