သူမကိုဘဏ်ဆီလိုက်ပို့ခြင်း
Vol. 17 Ch. 282
ရလဒ်ကတော့သိသာပေသည်။
အများစုကသဘောတူတဲ့အတွက် သဘောမတူတဲ့မဲတွေကို လျစ်လျူရှုလိုက်ကြသည်။
သူတို့ရလဒ်ကိုကြားလိုက်ရတဲ့အခါမှာ မိသားစုတစ်ချို့ ဒေါသထွက်သွားသည်။
ဒါပေမယ့်လည်း သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။
…
အိမ်ပြန်ရောက်တော့ ရှောင်လင်းယွီက သူမရဲ့ ဘဏ်ချေးငွေစာတမ်းတွေကိုစစ်ကြည့်လိုက်ပြီး ခရိုင်မြို့ကဘဏ်ကိုသွားဖို့ ဆုံးဖြတ်လိုက်သည်။ ချေးငွေကို ခွင့်မပြုဘူးဆိုရင် သူမ ရင်းနှီးမြုပ်နှံမယ့်သူတစ်ယောက် ရှာရတော့မည်။
ရှောင်လင်းယွီက ခရိုင်မြို့ကိုတစ်ယောက်တည်းသွားမယ်လို့ သူတို့ကြားတော့ ဖေဖေနဲ့ မေမေရှောင်က သဘောမတူပေ။ ဒါပေမယ့်လည်း သူတို့က ဘဏ်ချေးငွေအကြောင်း သိပ်နားမလည်ပေ။ ဒါ့ကြောင့် ကုန်းထျန်းဟောက်ကို သူတို့သမီးကို လိုက်ပို့ပေးခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
“…”
ရှောင်လင်းယွီက ခေါင်းခါပြီး ငြင်းလိုက်သည်။
“အဖေနဲ့ အမေ၊ မလိုပါဘူး။ သမီးကိုယ့်ဟာကိုလုပ်နိုင်တယ်”
ဒါပေမယ့်လည်း ဖေဖေရှောင်နဲ့ မေမေရှောင်က ထူးထူးခြားခြားဇွတ်တရွတ်လုပ်နေတုန်းပင်။
မေမေရှောင်က၊ “မရဘူး သမီးကကိုယ်ဝန်ကြီးနဲ့။ သမီးကိုဘယ်လိုလုပ်တစ်ယောက်တည်းလွှတ်နိုင်မှာလဲ? သမီးကိုလိုက်ပို့ဖို့ တစ်ယောက်ယောက်ရှိဖို့လိုတယ်”
ရှောင်လင်းယွီက ခနစဉ်းစားလိုက်ပြီး၊ “သမီးမနက်ကျရင် စတုတ္ထဦးလေးရဲ့ ကုန်ကားကိုယူသွားလိုက်မယ်။ ခရိုင်မြို့ကိုရောက်ရင် သမီးမောင်လေးကို လိုက်ပို့ခိုင်းလို့ရတယ်လေ”
“မရဘူး သမီးမောင်လေးက မောင်းတတ်ခါစပဲရှိသေးတာ။ သူသမီးကိုလိုက်ပို့ရင် အမေပိုစိုးရိမ်ရလိမ့်မယ်။ ထျန်းဟောက် သမီးကိုလိုက်ပို့တာ ပိုကောင်းမယ်။ ထျန်းဟောက်က တည်ငြိမ်တဲ့ကလေးပဲလေ”
ရှောင်လင်းယွီ “..”
'အဖေ အမေ၊ အမေတို့သမီးကို ကျားပါးစပ်ထဲ တွန်းပို့နေမှန်း သိကြရဲ့လား?'
ကုန်းထျန်းဟောက်က သူ့တရားဝင်ကြေညာချက် လုပ်ပြီးတည်းက ရှောင်လင်းယွီကို နေ့တိုင်း ကပ်နေသည်။ သူက သူမအချိန်ဇယားတွေကို ကောင်းကောင်းသိသည်။
ရှောင်လင်းယွီက စောစောထပြီး လေ့ကျင့်ခန်းလုပ်ဖို့ ရွာအနီးနားကို လမ်းလျှောက်သည်။
ပြီးတော့ သူက မနက်စာစားဖို့ပြန်လာသည်။
နာရီဝက်ကြာပြီးရင် သူခြေကုန်လက်ပန်းကျသွားပြီး ပြန်အိပ်ပျော်သွားသည်။
သူမက တစ်နာရီ တစ်နာရီခွဲလောက်အိပ်တတ်သည်။
နိုးလာပြီးတော့ နောက်မှီဆိုဖာပေါ်မှာ ပျင်းပျင်းတွဲ့တွဲ့လှဲလိုက်ပြီး ခနလောက်စာဖတ်သည်။
အချိန်ကျလာတော့ သူမပန်းကန်တွေဆေးပြီး ရိုးရိုးအိမ်အလုပ်ကိစ္စတစ်ချို့လုပ်သည်။
နေ့လည်စာပြီးတော့ sleeping beauty က ထပ်လှဲပြန်သည်။
ဒီအချိန်မှာတော့ သူမ နှစ်နာရီ သုံးနာရီလောက်အိပ်သည်။
သူမနိုးလာတော့ ခနလောက်စာဖတ်ပြီး လမ်းလျှောက်ဖို့သွားသည်။
သူမပြန်ရောက်လာရင် ညစာထပ်ပြင်သည်။
ဒါပေမယ့် ညစာပြီးသွားတော့ သူမ ကိုးနာရီမတိုင်ခင် သေချာပေါက်အိပ်ယာဝင်သည်။
အတိုချုံးရရင်တော့ ရှောင်လင်းယွီက သူ့အချိန်အများစုကို အိပ်စက်ရင်းသုံးသည်။
ရှောင်လင်းယွီက နေ့တိုင်း လမ်းခနလျှောက်တတ်ပြီး ကုန်းထျန်းဟောက်ကလည်း မနက်တိုင်း တံခါးအပြင်ဘက်မှာ သူမကိုစောင့်တတ်သည်။ သူက သူမနားမှာလိုက်နေသည်။
ရှောင်လင်းယွီက ဒါကိုမကြိုက်တာတောင် ကုန်းထျန်းဟောက်က ထွက်မသွားပေ။ သူက သူမနားကိုပဲ ကပ်နေလေသည်။
ဒါကြောင့် မနက်စောစောဆိုရင် ရွာသားတော်တော်များများက ရွာနားမှာ လူငယ်စုံတွဲဖြည်းဖြည်းဆေးဆေးလမ်းလျှောက်နေတာကို တွေ့ရသည်။
တစ်ယောက်က ရှောင်ကျန်းယန်နဲ့ သူ့မိန်းမကို နောက်လိုက်သည်။
“ကျန်းယန် ချိုးယင်၊ အကြီးအကဲကုန်းရဲ့မြေးကတော့ မင်းတို့သမက်ဖြစ်လာပြီပဲ။ သူကလင်းယွီနားကို နေ့တိုင်းကပ်နေတာ”
ရှောင်ကျန်းယန်နဲ့ သူ့မိန်းမက ကုန်းထျန်းဟောက်ကို သူတို့သမက်အနေနဲ့တော်ရမည်ကို စိတ်မခုပေ။ ဒါ့ပြင် ကုန်းထျန်းဟောက်က ရှောင်လင်းယွီရဲ့ ကလေးကိုလည်း တကယ်စိတ်မခုဘဲနဲ့ သူမကို ရိုးရိုးသားသားလိုက်နေသည်။ ဒါပေမယ့်လည်း သူတို့ တွန်းအားပေးမနေပေ။
မေမေရှောင်ကပြုံးပြီး ပြန်ဖြေသည်။
“ဒါတော့ သူတို့ကံအပေါ်ပဲမူတည်ပါတယ်။ ထျန်းဟောက်နဲ့ လင်းယွီ၊ ဒါသူတို့ကံပဲ”
“အမှန်ပဲ”
တစ်ယောက်က ပြောလိုက်သည်။
ဒီအကြောင်းပြောလာတော့ တစ်ယောက်က မကျေမနပ်လေသံဖြင့်၊ “ပြောရမယ်ဆိုရင် သခင်လေးကုန်းက မြို့ကြီးကမဟုတ်ဘူးလား? သူကဘယ်လိုလုပ် တောရွာကလေးက မိန်းကလေးတစ်ယောက်ကိုကြိုက်မှာလဲ?”
သူမလေသံက ကသိကအောက်ဖြစ်နေပြီး ဆိုလိုရင်းကရှင်းလှသည်။
“ရှင်ဘာကိုဆိုလိုတာလဲ?”
တစ်ယောက်က ချေပလိုက်သည်။
“တောရွာကမိန်းကလေးက ဘာဖြစ်နေလို့လဲ? ငါတိုကမြို့ကမိန်းကလေးတွေထက် အဆင့်အတန်းမနိမ့်ပါဘူး။ ပြီးတော့ လင်းယွီက မြို့ကြီးမှာ နှစ်အနည်းငယ်အလုပ်လုပ်လာတဲ့ နာမည်ကြီးတက္ကသိုလ်ကျောင်းသူတစ်ယောက်လေ။ သူမြို့ကြီးမှာတုန်းက သူတောဘက်ကမှန်း ဘယ်သူမှတောင်မသိဘူး”
“ဟုတ်တယ်၊ လင်းယွီက လှပပြီး ထူးချွန်တယ်။ သူက မြို့ကမိန်းကလေးတွေထက်တောင် သာသေးတယ်”
“ကျစ် နင်တို့ကအရင်က မြို့ကမိန်းကလေးတွေကိုမြင်ဖူးသလိုမျိုး ပြောနေတာပဲ”
“ငါတို့မြင်ဖူးတယ်လေ။ သူတို့စတော်ဘယ်ရီတွေရောင်းတုန်းက မြို့ကမိန်းကလေးတော်တော်များများလာကြတယ်။ ငါ့ကိုမေးရင်တော့ သူတို့ထဲကတစ်ယောက်မှ လင်းယွီကိုမယှဉ်နိုင်ဘူး”
…
မေမေရှောင်က ဒီအငြင်းပွားမှုရဲ့ရလဒ်ကိုမသိခဲ့ပေ။ သူမ ထွက်သွားတာကြာလှနေပြီ။
ဒါပေမယ့်လည်း သူမနှလုံးသားထဲမှာတော့ သူမသမီးက အကောင်းဆုံးပင်။
အမှန်အတိုင်းပြောရရင် မေမေရှောင်နဲ့ ဖေဖေရှောင်က ကုန်းထျန်းဟောက်ကို အရမ်းသဘောကျသည်။ သူကချမ်းသာလို့မဟုတ်ဘဲ ရိုးသားလို့ဖြစ်သည်။ သူက သူတို့သမီးနဲ့ပက်သက်ပြီးလည်း အလေးအနက်ထားသည်။
ဒါပေမယ့်... မေမေရှောင်က သက်ပြင်းချလိုက်သည်။ သူတို့သမီးက သူ့ကို အဝေးတွန်းထုတ်နေသည်။
ဒါကိုတွေးမိပြီး မေမေရှောင်က ဆက်ကာ၊ “ယွီအာ ထျန်းဟောက်သာ သမီးကို ဘဏ်ကိုလိုက်ပို့ရင် အမေတို့ သမီးကို ပိုစိတ်ချမှာ”
ရှောင်လင်းယွီ “...”
ဒါပေမယ့်လည်း သူမကတကယ်ပဲ သူ့ကိုလိုက်မပို့စေချင်ပေ။
ကုန်းထျန်းဟောက်ရဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုပေါ်လာပြီး သူက
“အဒေါ် မစိုးရိမ်ပါနဲ့၊ ကျွန်တော်လင်းယွီကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်။ ဘာမှမဖြစ်စေရပါဘူး”
မေမေရှောင်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့ ထျန်းဟောက်၊ အဒေါ်တို့ မင်းကိုယုံပါတယ်”
ရှောင်လင်းယွီ “...”
အမေ ဒါသမီးကို မယုံဘူးလို့ ပြောချင်တာလား?
ရှောင်လင်းယွီက အလျှော့ပေးလိုက်သည်။
“ကောင်းပြီလေ”
ဒါပေမယ့်လည်း နောက်တစ်နေ့ ရှောင်လင်းယွီနဲ့ ကုန်းထျန်းဟောက်တို့ ခရိုင်မြို့ကို ထွက်တော့မယ့်အချိန်မှာ နောက်ကျသွားခဲ့ရသည်။ အကြောင်းမှာ သတင်းထောက်အသစ်များရောက်လာ၍ဖြစ်သည်။
ဒီသတင်းထောက်တွေက ထောင်ယွမ်ရွာဆီ စုပြုံဝင်လာကြသည်။
ရှောင်လင်းယွီက Zမြို့ရဲ့သိပ္ပံအတန်းမှာ ထိပ်တန်းအမှတ်ရသူဖြစ်သည်။ သတင်းထောက်တွေက သတင်းကြားပြီးသွားပြီ။ ဒါပေမယ့်လည်း ပိုအံ့ဩဖို့ကောင်းတဲ့သတင်းတွေရှိသေးသည်။
အမှတ်၁ အထက်တန်းကျောင်းရဲ့ရလဒ်တွေက အရင်ကထက်ပိုပြီးတော့တောင် အများကြီးကောင်းလာသည်!
အရင်နှစ်က ရှင်းယင်ခရိုင်ရဲ့ အမှတ်၁ အထက်တန်းကျောင်းက စုစုပေါင်းရဲ့ ၂၀%လို့ယူဆနိုင်တဲ့ ပထမအဆင့်တက္ကသိုလ်တွေကိုဝင်သွားတဲ့ ကျောင်းသား၁၁၂ယောက်သာရှိသည်။ လူ၂၆၀က ဒုတိယအဆင့်တက္ကသိုလ်တွေကို ဝင်ရောက်ခဲ့ပြီး စုစုပေါင်းရဲ့ ၄၆.၄%ဖြစ်သည်။ ကျောင်းက Zမြို့မှာ အနိမ့်ဆုံးစာရင်းဝင်ခဲ့သည်။
ဒါပေမယ့်လည်း ဒီနှစ်မှာတော့ အမှတ်၁ကျောင်းမှာ ပထမအဆင့်တက္ကသိုလ်ကိုဝင်ရောက်သွားနိုင်တဲ့ ကျောင်းသား၂၇၆ယောက်ရှိပြီး စုစုပေါင်းရဲ့ ၄၀%ဖြစ်သည်။ ၄၈၈ယောက်က ဒုတိယအဆင့်တက္ကသိုလ်တွေကို ဝင်ခွင့်ရခဲ့ပြီး စုစုပေါင်းရဲ့ ၇၀.၇%ဖြစ်သည်။
ဒါက အမှတ်၁ကျောင်းကို Zမြို့မှာ ၄နေရာကို တွန်းပို့ခဲ့သည်။
ကြည်နူးဖွယ်ရလဒ်က ဆရာတွေနဲ့ ကျောင်းသားတွေအားလုံးကို အရမ်းစိတ်လှုပ်ရှားစေခဲ့သည်။ အဲ့ဒါက အစိုးရခေါင်းဆောင်တွေရဲ့ အာရုံကိုတောင် ဆွဲဆောင်လိုက်သေးသည်။
စိတ်ဝင်စားဖို့အကောင်းဆုံးသတင်းက ရှင်းယင်ခရိုင်က သိပ္ပံမှာ ထိပ်တန်းကျောင်းသားတစ်ယောက် မွေးထုတ်လိုက်ခြင်းဖြစ်သည်။ သူက ဒုတိယနေရာနဲ့ ၀.၅မှတ်အကွာနဲ့ စီရင်စုတစ်ခုလုံးမှာ တတိယချိတ်ခဲ့သည်။ ဒီလိုရလဒ်ထွက်လာတဲ့အတွက် ဒါက ဂုဏ်ပြုရခြင်းအကြောင်းရင်းဖြစ်ခဲ့သည်။
ဒါ့ကြောင့် ဒီသတင်းထောက်တွေက ပြီးခဲ့တဲ့နှစ်ရက်ကထိ ကျောင်းမှာ အင်တာဗျူးတွေလုပ်နေခြင်းဖြစ်သည်။ သူတို့က ရှောင်လင်းယဲ့နဲ့အင်တာဗျူးကို ဒီနေ့ဆီ ဆွဲထားခဲ့သည်။
***