ဆွေးနွေးခြင်း
Vol. 2 Ch. 102
ကျွန်မရင်ထဲမှာရှိနေတဲ့ အူတွေကလီစာတွေအားလုံး ပြောင်းပြန်လန်သွားပြီလို့ ခံစားမိတော့တာပဲ။
အလာတုန်းက ရထားအထူးတွဲမှာ လေးယောက်အတူတူ တစ်ခုံထဲမှာ ထိုင်ဖြစ်ခဲ့ကြပေမဲ့ အခုတော့ ထိုင်ခုံမှာ ကျွန်မ တစ်ယောက်တည်းရယ်။ ရင်ထဲက ခံစားချက်တွေကို ဘယ်လိုဖြေသိမ့်ရမှန်းမသိတာကြောင့် စားပွဲခုံပေါ်ကို ခေါင်းမှောက်တင်ပြီး အိပ်ဖို့ကြိုးစားဖြစ်ခဲ့မိတယ်။
ဒါပေမဲ့... အချည်းအနှီးပါပဲ။ အဲဒီအချိန်တုန်းက နက်ဆန် ပြောခဲ့တဲ့ အေးစိမ့်နေတဲ့ စကားလုံးတွေကို တစ်လုံးချင်းစီ ပြန်ပြီးစဥ်းစားကြည့်ရင်း ကျွန်မမျက်လုံးထဲ မျက်ရည်တွေနဲ့ ပြည့်လျှံလာတယ်။
‘ငါက အစကတည်းက သူအပျင်းပြေရုံသက်သက် ခေါ်လာခဲ့တဲ့ ကစားစရာအရုပ်လေးတစ်ရုပ်လား။' ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်မိတယ်။ အဖြေတွေက မရေရာ၊ မသေချာဘူးဆိုပေမဲ့။ တွေးကြည့်လိုက်တိုင်းမှာ ကျွန်မမလိုချင်တဲ့အဖြေအကြောင်းကိုပဲ ခေါင်းထဲက ထုတ်လို့မရအောင် ဖြစ်နေခဲ့ပါတယ်။
“တကယ်တော့ သူက ငါ့ကိုလိုအပ်ခဲ့တာ မဟုတ်ဘူးပဲ။ ငါကသာ သူ့ကိုလိုအပ်နေသလိုမျိုး ဖြစ်ခဲ့တာ။”
ကျွန်မ တွေးကြည့်မိတယ်။ သူ့အနားမှာ ကျွန်မရှိနေတဲ့ အချိန်တိုင်းလိုလိုမှာ ကျွန်မဟာ သူ့အတွက် အကူအညီ ကြီးကြီးမားမား မဖြစ်ခဲ့ဖူးပါဘူး။ ကျွန်မက သူ့ကို ကျိန်စာ သင့်စေခဲ့တယ်။ အကြိမ်တိုင်းလည်း စိတ်အနှောင့်အယှက် ဖြစ်လောက်အောင်လို့ သူလာကယ်တာကို လိုအပ်ခဲ့တဲ့ မိန်းကလေးပါ။
ဒါပေမဲ့...
ဒါပေမဲ့...
ကျွန်မလိုအပ်တဲ့အခါတိုင်း သူအနားကိုရောက်လာတတ်တာ သတိရမိတော့... ကျွန်မဘယ်လိုတင်းခံတင်းခံ။ ဘယ်လိုပဲ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးဖို့ကြိုးစားကြိုးစား မတတ်နိုင်ဘဲ သူ့ကိုလွမ်းနေမိတော့တာပါပဲ။
ကျွန်မရဲ့ကျိန်စာဆိုးဝါးလာခဲ့တုန်းက စက္ကန့်မလပ် စောင့်ကြည့်ပေးခဲ့ပြီး အနစ်နာခံပေးခဲ့တဲ့ သူ့ကို လွမ်းမိတယ်။ နူးညံ့တဲ့စကားလုံးတွေနဲ့ နှစ်သိမ့်ပေးခဲ့တဲ့ သူ့ကိုလွမ်းတယ်။ ပါစီဗယ်ရဲ့တစ်ဖက်သက် မင်္ဂလာပွဲကို လာဖျက်ခဲ့တဲ့ သူ့ကိုသတိရတယ်။
စက္ကန့်တိုင်းစက္ကန့်တိုင်းမှာ ကျွန်မမျက်လုံးထဲ သူ့ရဲ့နောက်ကျောကိုပဲ မြင်နေခဲ့မိတယ်။
“ဆယ်ဗီ...” နူးညံ့တဲ့လေသံနဲ့ ခေါ်သံတစ်ချက်ကို ကြားရတယ်ထင်မိလို့ လှည့်ကြည့်ခဲ့ပေမဲ့ မှောက်အိပ်နေရာက ထပြီးတော့ ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်ခဲ့ပေမဲ့ မြင်ရတာ ရိုးနေပြီဖြစ်တဲ့ အပြာရောင် မျက်လုံးတွေနဲ့ လူငယ်လေးကို မတွေ့ရပါဘူး။
ကျွန်မ ပြတင်းပေါက်အပြင်ကို ကြည့်လိုက်မိတယ်။ ရင်းနှီးတယ်ထင်ရတဲ့ သဘာဝရှုမြင်ကွင်းတွေကို ကျွန်မ နောက်တစ်ခါထပ်မြင်နေရတယ်။ ဒါပေမဲ့ ဒါဟာကျွန်မရဲ့ တစ်ကိုယ်တော်အပြန်ခရီးဖြစ်ပြီး ရှုခင်းတွေတစ်မျိုး ပြောင်းသွားတိုင်း ပြောင်းသွားတိုင်းမှာ သူနဲ့ပိုပြီးတော့ ဝေးလာပြီဆိုတာကို သတိပေးနေသလိုပါပဲ။
ကျွန်မ ရထားမှန်ပြတင်းပေါက်ကို လက်နဲ့ထိကြည့် လိုက်မိတယ်။ အဲဒီနောက်တော့ မယုံနိုင်စွာနဲ့ အခုလို ရေရွတ်ခဲ့မိပါတယ်။
“ငါက အချိန်တိုအတွင်းမှာ သူမရှိဘဲ မနေနိုင်တော့တဲ့အထိ ဖြစ်သွားခဲ့တာလား...”
အဲဒီနောက်တော့ တစ်စုံတစ်ယောက်က ကျွန်မနောက်မှာ ရပ်နေတာကို သတိထားလိုက်မိတဲ့အတွက် လှည့်ကြည့် လိုက်မိတယ်။ အဲဒီမိန်းကလေးက ကျွန်မထက် နှစ်နည်းနည်း ငယ်ပုံရပြီးတော့ ရွှေရောင် ဆံပင်ကို ခပ်တိုတို ညှပ်ထားတယ်။ ဒါပေမဲ့ သူ့ဆံပင်အနားသပ်မှာ အနီရောင် အနားသတ်တွေရှိနေပြီး မီးလောင်ကျွမ်းနေသလိုမျိုးပါပဲ။ ဒီကောင်မလေးကို ကျွန်မသိပ်ပြီး မရင်းနှီးဘူးဆိုပေမဲ့ သိတဲ့အထဲမှာတော့ ပါပါတယ်။ မကြာခင်မှာပဲ ကျွန်မ ဘယ်သူလဲဆိုတာ သတိထားမိလိုက်ပြီး နာမည်တစ်ခွန်းကို အလိုလိုထုတ်ပြောလိုက်မိတယ်။
“ရိုဆယ်လီယာ...” ဒီမိန်းကလေးက မီးလျှံကျောင်းတော်ရဲ့ လက်ရှိအယ်ဒါပါ။ ပြီးတော့ နက်ဆန်နဲ့ကမ္ဘာမကျေရန်သူ ဖြစ်ထားတာ မကြာသေးဘူးရယ်။
“ကျွန်မကို ရို့စ်လို့ပဲ ခေါ်ပါ။” ရို့ဆယ်လီယာက ကျွန်မရှေ့မှာ ဝင်ထိုင်လိုက်တယ်။ နောက်တော့ သူက ရထားတွဲတစ်ခုလုံး ပတ်ရှာလိုက်ပြီး မေးလိုက်လေရဲ့။
“ဟိုကောင်နဲ့သူ့အစေခံတွေကိုလည်း မတွေ့ပါလား။ ရှင်တစ်ယောက်တည်းလား...”
သူက ကျွန်မကို ရန်ပြုမယ့်ပုံစံမျိုးမရှိပေမဲ့ သူ့ကိုမြင်ရတာနဲ့ အလိုလိုထိတ်လန့်နေမိတာတော့ အမှန်ပါပဲ။
“အင်း... ကျွန်မတစ်ယောက်တည်းလေ။” ကျွန်မ ပြန်ဖြေ လိုက်မိပါတယ်။ ရိုစယ်လီယာက ကျွန်မကို စိတ်ဝင်စားနေတဲ့ ပုံစံနဲ့ကြည့်လိုက်ပြီး ကျွန်မပါးပြင်ကို သူ့လက်ဖဝါးနဲ့ တယုတယကိုင်လိုက်တယ်။
“ရှင့်မှာ နာကျင်စရာကောင်းတဲ့ မှတ်ဉာဏ်တွေရှိနေတဲ့ပုံပဲ။ ကျွန်မ ကူညီပေးရမလား။”
“....” ကျွန်မ ပါးစပ်ကို ဟလိုက်မိတယ်။ ဒါပေမဲ့ ဘာအဖြေမှ မပေးခဲ့မိပါဘူး။ ဒါပေမဲ့ ရိုစယ်လီယာကတော့ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီးတော့ သူ့မျက်လုံးတွေထဲမှာ သက်တံရောင်မီးလျှံ တစ်ခုတောက်ပလာတာကို ကျွန်မမြင်လိုက်ရပါတော့တယ်။
“ဒီအယ်ဒါက ရှင့်ရဲ့ဝမ်းနည်းနာကျင်စရာကောင်းတဲ့ မှတ်ဉာဏ်အားလုံးကို လောင်မြိုက်ပေးမယ်။”
...
“မင်းက ဒီလောက်ပဲတတ်နိုင်တာလား။ နတ်ဘုရားဆိုတော့ တော်တော်လေးအစွမ်းထက်မယ် ထင်ထားတာ။”
ရဟန်းမင်းကြီးပီးယပ်က ကောင်းကင်အမြင့်တစ်နေရာမှာ ရပ်နေရင်းနဲ့ သူ့အောက်ကို ငုံကြည့်လိုက်ပါတယ်။ ကျောက်ဆောင်တွေနဲ့ပြည့်နှက်နေတဲ့ ရေတိမ်ပိုင်း ပင်လယ်ပြင်တစ်နေရာကို မြင်နိုင်ပြီးတော့ မူလပထမက အင်အားအပြည့်နဲ့ တိုက်ခိုက်နေခဲ့တဲ့ ကိုးမြီးမြေခွေးကြီးက ဒဏ်ရာအလိမ်းလိမ်းနဲ့ လဲကျနေပါပြီ။
ကိုးမြီးမြေခွေးကြီးက ပီးယပ်ကိုကြည့်ပြီး မာန်ဖီနေပေမဲ့ ကောင်းကင်ပေါ်မှာ မှော်စက်ကွင်း ဆယ့်နှစ်ကွင်းရှိနေပြီး အလွန်ပြင်းထန်လှတဲ့ ဖိအားတွေနဲ့ ဖိနှိပ်ထားခဲ့တာပါ။
“ငါ့ရဲ့မြင့်မြတ်အလင်းတံဆိပ်တော်နှစ်ဆင့်က အယ်ဒါအဆင့်ရောက်လုနီးနီး မာစတာတစ်ယောက်ကို ဖိနှိပ်နိုင်တယ်။ မင်းကို တံဆိပ်တော်ဆယ့်နှစ်ခုနဲ့ ဖိနှိပ်ရတယ်ဆိုတော့ မဆိုးဘူးလို့တော့ပြောရမှာပဲ။”
ပီးယပ်က ပြောလည်းပြော ရယ်လည်းရယ်လိုက်တယ်။ ကိုးမြီးမြေခွေးကတော့ ပီးယပ်ကို အေးစက်စွာနဲ့ကြည့်နေ ရင်းနဲ့
“မင်းသာ အဲဒီနတ်သားရဲ့သွေးကိုသုံးပြီး ကိုးကွယ်သူတွေ တိုးလာအောင် မလုပ်ဘူးဆိုရင် မင်းပါရမီ၊ မင်းအရည်အချင်းနဲ့ မှော်စက်ကွင်းဆယ့်နှစ်ခုမပြောနဲ့ တစ်ခုတောင်မှ ဖော်ထုတ်နိုင်မှာမဟုတ်ဘူး။”
ပီးယပ်က ကိုးမြီးမြေခွေးကို ခံစားချက်ကင်းမဲ့စွာနဲ့ ကြည့်နေပါတယ်။ နောက်တော့ သူ့က မုတ်ဆိတ်မွှေးကို သပ်လိုက်ရင်းနဲ့...
“သမိုင်းအစဥ်အဆက် ရိုမြူလက်ဘုရားကျောင်းရဲ့ ရဟန်းမင်းကြီးတွေက မှော်စက်ကွင်း ကိုးခုအထိပဲ အများဆုံးထုတ်ဖော်နိုင်ကြတာ။ ကျုပ်က ၁၂ခုအထိ ထုတ်ဖော်နိုင်တဲ့ တစ်ယောက်တည်းသောသူပဲ။ ဒီလို ထုတ်ဖော်နိုင်ဖို့ ဘယ်နည်းလမ်းကိုသုံးသုံး တရားမျှတတယ်လို့ပြောရမှာပဲ။”
“ကျုပ်က ရိုမြူလက်ဘုရားကျောင်းကို ဂန္တဝင်တွင်မယ့် အောင်မြင်မှုတွေဆီ ခေါ်ဆောင်သွားဖို့ လုပ်နေတာ မလို့လေ။”
ကိုးမြီးမြေခွေးကတော့ ရဟန်းမင်းကြီးကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ အဲဒီနောက်တော့...
“အရူး၊ အဲဒီနတ်သားက ကျရှုံးနတ်သားအဖြစ်ကို ပြောင်းနေပြီ။ အဲဒီအငွေ့အသက်တွေက နင့်ကိုရော ကိုးကွယ်ယုံကြည်သူတွေကိုပါ ထိခိုက်စေလိမ့်မယ်။ နင်က ပြောလည်း နားထောင်မယ့်သူမဟုတ်တော့ လွန်မှနောင်တရမယ့် ကောင်စားမျိုးပဲ။”
ရဟန်းမင်းကြီးက ခြောက်ကပ်ကပ် ရယ်မောလိုက်တယ်။ သူက လက်ထဲက ကျိုင်းတုတ်ကိုမြှောက်လိုက်ပြီး...
“ကဲ၊ လောလောဆယ်တော့ ခင်ဗျားကို ဘုရားကျောင်းမှာ ချိပ်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်ပြီ။ ရိုမြူလက် ဘုရားကျောင်းမှာ ချိပ်ပိတ်ခံရတဲ့ ၁၈ ယောက်မြောက် နတ်ဘုရားတစ်ပါးဖြစ်လာတဲ့အတွက် ဂုဏ်ယူလိုက်ပါဦး။”
မွန်မြတ်တံဆိပ်တော်ဆယ့်နှစ်ခုက ကိုးမြီးမြေခွေးကို ပိုပြီးဖိအားပေးလိုက်ပြီး အလင်းလုံးလေးတစ်လုံးအဖြစ် ပြောင်းသွားစေပါတယ်။ အဲဒီနောက်တော့ အဲဲဒီအလင်း လုံးကလေးက ရဟန်းမင်းကြီးလက်ထဲ ရောက်လာခဲ့ပါပြီ။ ရဟန်းမင်းကြီးက သဲနာရီနဲ့ဆင်တူတဲ့ရတနာတစ်ခုကို သူ့ခါးကနေဖြုတ်လိုက်ပြီး အလင်းလုံးကိုအဲဒီထဲ ပစ်ထည့်လိုက်တယ်။
သူ့ရဲ့သဲနာရီထဲမှာတော့ အလားတူအလင်းလုံးပေါင်း နောက်ထပ် ၁၇လုံးလောက် ရှိနေပါသေးတယ်။
ရဟန်းမင်းကြီးက သူ့ကိစ္စပြီးတာနဲ့ ဘုရားကျောင်းဆီကို ပျံသန်းပြီးလာခဲ့တယ်။ သူက ဘုရားကျောင်းဂိတ်ဝမှာ ဆင်းသက်လိုက်ပြီးတော့ လှေကားထစ်တွေကို ဒယိမ်းဒယိုင်နဲ့လှမ်းတက်နေတဲ့ သူတော်စင်ဆားဗီးရပ်ကို ကြည့်လိုက်တယ်။
သူ့အကြည့်တွေမှာပါဝင်တဲ့ အဓိပ္ပါယ်ကို ဖော်ပြရခက်ပေမဲ့ ဆားဗီးရပ်ကတော့ ခံပြင်းနေတဲ့ပုံစံနဲ့ လက်သီးကို ကျစ်ကျစ် ပါအောင်ဆုပ်လိုက်ပါတယ်။
“သားတော်၊ မင်းကြည့်ရတာ တော်တော်ထိခိုက်လာတဲ့ပုံပဲ။”
ဆားဗီးရပ်က နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီးတော့ “ သူတို့ဘက်က ဆီနိတ်တာရော့ဝဲလ်သာ ရောက်မလာခဲ့ရင် အဲဒီညမင်းသားကို ဆယ်ခါပြန် ကျုပ်ခေါင်းဖြတ်နိုင်တယ်။”
ရဟန်းမင်းကြီးက သဲနာရီကို ထုတ်ပြလိုက်ပြီးတော့ “တကယ် သန်မာတဲ့သူတွေမှာ ဆင်ခြေဆိုတာမရှိဘူး၊ သားတော်။”
အဲဒီနောက်တော့ ရဟန်းမင်းကြီးက ဆားဗီးရပ်ကို ဂရုမစိုက် တော့ဘဲနဲ့ ဘုရားကျောင်းထဲကိုသာ သူ့ဘာသာဆက်ပြီး ဝင်သွားလိုက်ပါတယ်။ ဆားဗီးရပ်ကတော့ နေရာမှာ တောင့်တောင့်ကြီးရပ်နေရင်းနဲ့...
“ခင်ဗျားသာ မကောင်းတဲ့နည်းတွေကို အသုံးမပြုခဲ့ရင် ဆရာ့ကို သတ်နိုင်ပါ့မလား။ သူတော်စင် တိုက်ပွဲရဲ့အနိုင်ရသူ ဖြစ်မှာတောင်မဟုတ်ဘူး။”
ဆားဗီးရပ်ရဲ့အတွေးတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်စီ ပြန်ရောက်သွားခဲ့တယ်။ သူဟာ ငယ်သေးတဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့လက်ထဲကို အဖွားအိုတစ်ယောက်က သစ်သားဓားတစ်လက် ထည့်ပေး လိုက်တာကို မြင်ယောင်နေသေးတယ်။
“ ကလေး၊ မင်းက ဓားသိုင်းပါရမီကောင်းတယ်။ ဒီနေ့ကစပြီး အဖွားက မြေးကိုဓားသိုင်းသင်ပေးမယ်။”
...
နောက်တော့ မြင်ကွင်းက ပြောင်းသွားပြီး ဒဏ်ရာတွေနဲ့ သွေးအိုင်ထဲလဲကျနေတဲ့ အဖွားအိုကို သူမြင်ယောင်လာမိတယ်။
“သူတော်စင်လက်နက်ကို လက်လျှော့ပြီး ဇာတ်မြုပ်နေတာ ကြာပြီဖြစ်တာတောင် တမင်လာရှာပြီး သတ်ပစ်ခဲ့တယ်။”
ဆားဗီးရပ်က ရဟန်းမင်းကြီးရဲ့ကျောပြင်ကို မုန်းတီးမှု အပြည့်နဲ့စိုက်ကြည့်နေခဲ့ပါတယ်။
“စောင့်ကြည့်နေလိုက်၊ တစ်နေ့ကျရင် ကျုပ်က ရှင်ကျန်သူ ဖြစ်လာပြီး လွတ်မြောက်ဓားသူတော်စင်ရဲ့သွေးကြေးကို ပြန်ပေးဆပ်ခိုင်းမယ်။”
...
ရဟန်းမင်းကြီးက ပလ္လင်ပေါ်မှာပြန်ထိုင်လိုက်ပါတယ်။ နှစ်ခြင်းခံခန်းမဆောင်ကြီးရဲ့ခေါင်မိုးက ပျက်စီးသွားပေမဲ့ လျှို့ဝှက်ခန်းကို အချိန်မီပြန်ဖုံးနိုင်ခဲ့တာကြောင့် ဘုရားကျောင်းရဲ့တခြားသူတွေက ဖမ်းဆီးခံ နတ်သားကိစ္စကို မသိကြပါဘူး။
သီယာကတော့ ခန်းမကြီးထဲကို အပြေးဝင်လာပါတယ်။ သူ့နောက်မှာလည်း သူတော်စင်နီကိုလပ် လိုက်လာခဲ့တယ်။ “မြင့်မြတ်တဲ့အရှင်၊ တစ်ခုခု ထိခိုက်လာခဲ့သေးလား။ သီယာ တတ်နိုင်တာသာရှိရင် ကူညီပေးပါ့မယ်။”
သီယာက စိုးရိမ်နေတဲ့လေသံနဲ့ပြောလိုက်တော့ ပီးယပ်က သူ့လက်ကို ကာပြလိုက်ပြီး... “ကြီးမြတ်တဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ငါကိုယ်တော်ဘာမှမဖြစ်ခဲ့ပါဘူး။ အဲဒီအစား ဒိဋ္ဌိနတ်ဘုရားတစ်ပါးကိုတောင် ဖမ်းမိလာသေးတယ်။”
“ဒါဆိုရင်တော့... တော်သေးတာပေါ့။” သီယာက ရင်ထဲက အလုံးကြီးကျသွားဟန်နဲ့ ပြောလိုက်ပါတယ်။
ရဟန်းမင်းကြီးကတော့ သီယာကို အဓိပ္ပါယ်ပါပါနဲ့ ကြည့်လိုက်ပြီးတော့ “ဘယ်လိုလဲ... ကိစ္စတွေက ငါကိုယ်တော် ပြောတဲ့အတိုင်းဖြစ်လာခဲ့ပြီ မဟုတ်လား။ အဲဒီကောင်လေးနက်ဆန်က သမီးတော်ရဲ့ဖြူစင်မှုကို အသုံးချပြီး လှည့်စားခဲ့တာပဲ။”
“သူက ကိုယ်တော်တို့တန်ဖိုးထားရတဲ့ ဘုရားကျောင်းက ရေစင်ကိုလိုချင်နေပြီး မြင့်မြတ်တဲ့မြေကို ကျူးကျော် ဝင်ရောက်ခဲ့တယ်။ ကိုယ်တော်နဲ့ရင်ဆိုင်ရတော့ မနိုင်တာနဲ့ ဒိဋ္ဌိနတ်တစ်ပါးရဲ့အကူအညီကိုယူပြီး ကိုယ်တော့်ကို လုပ်ကြံဖို့ ကြံစည်တာပဲ။”
သီယာက ရဟန်းမင်းကြီးကို အကဲခတ်လိုက်တယ်။ ရဟန်းမင်းကြီးက မသိမသာနဲ့သူ့လက်က လက်စွပ်ကို ထိလိုက်တယ်။ သီယာက ဝေဝါးထွေပြားနေတဲ့ပုံပေါ်ပေမဲ့ စက္ကန့်အနည်းငယ်လောက်ကြာတော့ တွေဝေငေးမောပြီး ဝမ်းနည်းနေတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
“ကျွန်မက တစ်ခဏလောက် တုံးအမိသွားခဲ့တာပဲ။ ကျောင်းတော်ရဲ့ရန်သူဖြစ်လာတဲ့ နက်ဆန်ကို ကျွန်မ၊ ရေဆုံးမြေဆုံး လိုက်ပြီးနှိမ်နင်းမယ်လို့ ကျိန်ဆိုပါတယ်။”
သီယာက ကျိန်လိုက်ပေမဲ့ ရဟန်းမင်းကြီးက ခေါင်းခါ ပြလိုက်ပါတယ်။ “သမီးတော်၊ အဲဒီလောက်အထိ ဒုက္ခခံဖို့ မလိုတော့ပါဘူး။”
“တောင်အမေရိကဒေသကနေပြီး ပြန်လာဖို့အတွက် ဒိုင်းသူတော်စင်ရူဘီကို ပြန်ဆင့်ခေါ်ထားပြီးပြီ။ သားတော် ဆားဗီးရပ်က ငမိုက်သားကိုဖမ်းဖို့လိုက်သွားပေမဲ့ ငမိုက်သားရဲ့ဘက်တော်သားတွေက အင်အားအတော် တောင့်တယ်ကြားတယ်။ ဒီတော့ သမီးတော်တို့လေးယောက် ပေါင်းပြီးတော့ ကိစ္စကြီးတစ်ခုလုပ်ရတော့မှာပဲ။”
ဒီတစ်ခါတော့ နောက်မှာရှိနေတဲ့ နီကိုလပ်က အလန့်တကြား ဖြစ်သွားဟန်နဲ့ ပြောလိုက်ပါတယ်။ “မြင့်မြတ်တဲ့အရှင်၊ သူတော်စင်လေးယောက်လုံးကိုခေါ်ပြီး အမှောင်ကျောင်းကို တိုက်ခိုက်ဖို့အတွက် စီစဥ်နေတာဆိုတော့ ဒါက အတိအလင်း စစ်ကြေညာတဲ့သဘောပဲမဟုတ်လား။ တခြားကျောင်းတွေ ဝင်ပါလာရင် ဘယ်လိုလုပ်မလဲ။”
နီကိုလပ်က အားလုံးထဲမှာ အငယ်ဆုံးဖြစ်ပေမဲ့ အကြံဉာဏ်နဲ့ပတ်သက်လာရင်တော့ ပါရမီပါတဲ့ လူတစ်ယောက်ပါ။ ကျောင်းခြောက်ကျောင်းထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့အပြင် တခြားကျောင်းတွေကိုပါ လွှမ်းမိုးနိုင်တဲ့အင်အားမျိုးရှိနေတာမလို့ ရိုမြူလက် ဘုရားကျောင်းအပေါ် တခြားမှော်ကျောင်းတွေက သတိထားဆက်ဆံနေကြပါတယ်။ သူတို့က ဘုရားကျောင်း ပိုအင်အားကြီးလာမှာမျိုး မမြင်ချင်ကြဘူး။ ဒါကြောင့် အချင်းချင်းထောက်ပံပေးဖို့ဆိုတာ ဖြစ်နိုင်တဲ့အရာတစ်ခုပါ။
ရဟန်းမင်းကြီးကလည်း...
“စိုးရိမ်ဖို့လိုတာတော့ အမှန်ပဲ၊ ဒါပေမဲ့ တခြားကျောင်းတော်တွေက ဝင်ပါမယ်လို့ ကိုယ်တော်မထင်ဘူး။ အမှောင်ကျောင်းတော်က ပျက်စီးလု နီးပါးဖြစ်နေပြီးသား။ မကြာသေးခင်က ဆီနိတ်တာရော့ဝဲလ်က မြေနတ်ကျောင်းတော်ကို သွားတိုက်ခဲ့လို့ ပြဿနာတက်ခဲ့ ပြီးပြီ။ ညမင်းသားက မီးလျှံကျောင်းတော်ရဲ့အယ်ဒါကို သတ်ထားလို့ ပြဿနာတက်နေတယ်။”
“တစ်နည်းအားဖြင့် ရန်သူက ကိုယ့်သေတွင်းကိုယ်တူးတဲ့ ကိစ္စတွေအများကြီးလုပ်ထားလို့ သံတမန်ဆက်ဆံရေးပိုင်း အားနည်းနေတယ်ပေါ့။” နီကိုလပ်က ချက်ချင်းပဲ အခြေအနေကို သဘောပေါက်သွားတယ်။
ရဟန်းမင်းကြီးကတော့ လက်ယမ်းပြလိုက်ပြီးတော့ သူတော်စင်နှစ်ယောက်ကို ထွက်သွားဖို့အတွက် အချက်ပြလိုက်ပါပြီ။
“အချိန်လည်း လင့်လှပြီ။ သားတော်နဲ့သမီးတော် နှစ်ယောက်လုံးလည်း ပင်ပန်းနေပြီမလို့ ပြန်နားကြတော့။ ကျန်တဲ့ကိစ္စတွေကို ရူဘီရောက်လာမှ ဆက်လုပ်ကြတာပေါ့။”
“ဟုတ်ကဲ့ပါ၊ မြင့်မြတ်တဲ့အရှင်။” နီကိုလပ်နဲ့ သီယာတို့က ရဟန်းမင်းကြီးကို ဦးညွှတ်နှုတ်ဆက်ပြီး ခန်းမကြီးထဲကနေ ထွက်ခွာသွားပါတော့တယ်။