အခန်း (၆၈)
Vol. 6 Ch. 68
ကျိုးစစ်မူက သူမ ခြေထောက်ကို ဖက်ထားခဲ့သည်။ "မေမေ၊ သား မေမေ့ကို လိုက်ရှာနေတာ တော်တော်ကြာသွားပြီ။ သား မေမေ့ကို တကယ်လွမ်းနေတာ"
ကျန်းရှောင် - "အချစ်လေး၊ မေမေ နောက်ဆုံးတော့ မင်းကို ရှာတွေ့သွားပြီ။ အိမ်ပြန်ကြရအောင်"
ကျိုးစစ်မူ ခေါင်းညိတ်ပြလိုက်သည်။ "သော်သော် ငါအရင်ပြန်နှင့်ပြီနော်။ ငါ အဲ့တာတွေ လေ့လာပြီးသွားရင် နင့်ကို ပုံပြင်အသစ်တွေ ထပ်ပြောပြမယ်"
သူငယ်ချင်းလေး သော်သော်က "အင်း" ဆိုပြီး စကားနားထောင်ကာ သဘောတူခဲ့သည်။
ကျန်းရှောင် ပြုံးလိုက်သည်။ "ဒါဆို အန်တီတို့ပြန်တော့မယ်နော်။ သမီးမှာအချိန်ရရင် အန်တီတို့ အိမ်ကို ဧည့်သည်အဖြစ် လာလည်ရင်ကော ဘယ်လိုလဲ။"
သော်သော်က လိမ္မာရေးခြားရှိသည်။ "အန်တီ၊ အန်တီ့ကိုပြန်မဖြေခင် မေမေ့ကို အရင် မေးရဦးမယ်။"
"ဟုတ်တာပေါ့"ကျန်းရှောင်က သူမ ကျစ်ဆံမြီးလေးကို ပုတ်လိုက်သည်။ ကလေးမလေးက တကယ်ချစ်ဖို့ကောင်းတယ်။ ကျိုးရှို့လင်းက သမီးလေး လိုချင်ကြောင်း ပြောထားခဲ့ဖူးသည်။
ကျိုးစစ်မူက သူမလက်ကို ဆုပ်ကိုင်ထားပြီး လမ်းတစ်လျှောက် ခုန်ပေါက် သွားခဲ့သည်။ "မေမေ ဒီနေ့ဘာလို့ သားကို လာကြိုတာလဲ"
ကျန်းရှောင် ပြုံးလိုက်သည်။ "မေမေ ဒီနေ့ အလုပ် စောစောဆင်းလို့"
ကျိုးစစ်မူ ခေါင်းလေးကို မြှောက်လိုက်သည်။ "မေမေ လာကြိုပေးရင် သားအရမ်း ကြိုက်တယ်"
ကျန်းရှောင် နှုတ်ခမ်းတွေက အပြုံးအဖြစ် ကွေးသွားခဲ့သည်။ "မေမေ အလုပ်မရှုပ်နေလို့ သားကို လာကြိုနိုင်တာ"
သူမငယ်ငယ်တုန်းက တစ်ကြိမ်လေးပဲဖြစ်ဖြစ် သူမအမေ လာကြိုမည့်နေ့ကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမတစ်သက်လုံး ဒီလိုအခွင့်အရေးမျိုး ဘယ်တုန်းကမှ မရခဲ့ပေ။
ကားပေါ်တက်ပြီးနောက် ပဲပင်ပေါက်လေးက ကျိုးရှို့လင်းနှင့် ချိုသာသောစကားပြန်ပြောခဲ့သည်။ "ဖေဖေ၊ ဆရာမကပြောတယ် ကလေးတွေကို မျှဝေပေးသင့်တယ်တဲ့"
ကျိုးရှို့လင်း မေးလိုက်သည်။ "မင်းက ဘာတွေ မျှဝေချင်နေတာလဲ"
ပဲပင်ပေါက်လေး စပ်ဖြီးဖြီးလုပ်လိုက်သည်။ "သား ကလေးတစ်ယောက်ချင်းစီကို Thomas ရထား မျှဝေပေးချင်တယ်၊ ဒါဆို သားတို့ ရထားနဲ့အတူတူ ကစားလို့ရပြီ"
ကျန်းရှောင် အပြုံးကို ချုပ်တည်းထားပြီး ကျိုးရှို့လင်းကို ပြောလိုက်သည်။ "ပဲပင်ပေါက်လေး ရဲ့ ဘာသာစကားစွမ်းရည်က ထူးထူးခြားခြား ကောင်းနေသလိုပဲ။ သူကျောင်းတက်နေတာ ရက်အနည်းငယ်ရှိပြီ၊ သူက တခြားကလေးတွေနဲ့ မတူဘူး"
ပဲပင်ပေါက်လေးက ကျန်းရှောင် လက်ကို ရုတ်တရက် ဆွဲကိုင်လိုက်သည်။ "မေမေ-"
"ဟင်"
"နောင်မှာ သူငယ်တန်းကိုလာရင် သားကို 'ပဲပင်ပေါက်လေး ' လို့ မခေါ်နဲ့"
ကျန်းရှောင် အံ့ဩသွားသည်။
"သားတို့ စာသင်ခန်းရဲ့ ဗန်းထဲမှာ ပဲပင်ပေါက်အိုး ရှိတယ်၊ သား ပဲပင်ပေါက် မဖြစ်ချင်ဘူး။ တခြားကလေးတွေ သားကို စကြလိမ့်မယ်။" သူ မျက်လုံးလေးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အသံက နူးနူးညံ့ညံ့လေးနဲ့ပြောခဲ့သည်။
ကျန်းရှောင် မထိန်းနိုင်ဘဲ ရယ်လိုက်သည်။ "ကောင်းပါပြီ မေမေက သားကို အဲ့ဒါကို အိမ်မှာပဲ ခေါ်မယ်။ တခြားကလေးတွေ သိအောင်မလုပ်ဘူးလို့ ကတိပေးတယ်။"
ဒီကောင်လေးက ရှက်တာကိုတောင် နားလည်နေပြီ။ "ပဲပင်ပေါက်လေး" ဆိုတဲ့နာမည်က ဘာဖြစ်နေလို့လဲ။ ချစ်စရာကောင်းပါတယ်။
ပဲပင်ပေါက်လေး ပျော်ရွှင်စွာနဲ့ တေးသွားကို ညည်းလိုက်ပြီး ခဏအကြာတွင် သူစကားဆက်ပြောခဲ့သည်။ “မေမေ။ သော်သော်က သူ စနေနေ့မှာ သူ့အဖွားအိမ်မှာ သွားဆော့မယ်လို့ ပြောတယ်။ သူ့ အဖွားက သူ့ကို ကြက်ပေါက်လေးဝယ်ပေးမှာတဲ့။ သူပြန်လာရင် သားအတွက်ကြက်ပေါက်လေးတစ်ကောင် ယူလာပေးမယ်လို့ ပြောတယ်။ သူ့ အဖွားအိမ်က အရမ်းပျော်စရာကောင်းတဲ့ပုံပဲ။ မေမေ၊ သားလည်း အဖွားတို့အိမ် သွားချင်ပေမယ့် အဖွားကို တစ်ခါမှ မမြင်ဖူးသလို ခံစားရတာလဲ။ သားရဲ့အဖွားက ဘယ်သွားလိုက်လို့လဲ"
ကျန်းရှောင် မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း အေးခဲသွားပြီး ခဏကြာသည်အထိ သူမ ဘာပြောရမှန်း မသိခဲ့ပေ။
ရှေ့တွင် စက္ကန့်ခြောက်ဆယ်ကြာတဲ့ မီးနီတစ်ခုရှိသည်။ ကျိုးရှို့လင်း ခေါင်းကို လှည့်လိုက်ပြီး ကျန်းရှောင် အမူအရာက ထူးဆန်းပုံပေါက်သည်ကို သတိပြုမိခဲ့သည်။ သူ ဖြည်းဖြည်းချင်းခေါ်လိုက်သည်။ " ရှောင်ရှောင် "
ကျန်းရှောင် ကိုယ့်ကိုယ်ကို ထိန်းပြီးနူးညံ့စွာ ပြောလိုက်သည်။ "သားရဲ့အဖွားက ဆုံးပါးသွားပြီးတော့ တခြားကမ္ဘာတစ်ခုကို သွားလိုက်ပြီ"
ပဲပင်ပေါက်လေး မျက်မှောင်ကြုတ်လိုက်သည်။ "အဖွားက ဘယ်တုန်းက ဆုံးသွားတာလဲ"
ကျန်းရှောင်ရဲ့ အသံက ဝမ်းနည်းခြင်းတွေနဲ့ ပြည့်နှက်နေခဲ့သည်။ "အမေမွေးလာတုန်းက"
ပဲပင်ပေါက်လေး ထပ်မေးလိုက်သည်။ “အဖွား နေမကောင်းဖြစ်လို့လား”
ကျန်းရှောင် သူ့ရဲ့ခေါင်းသေးသေးလေးကို ဖက်လိုက်သည်။ "ဟုတ်တယ် အဖွားက နေမကောင်းဖြစ်ပြီးဆုံးသွားတာ "
ပဲပင်ပေါက်လေးလည်း ဝမ်းနည်းသလို ခံစားသွားရသည်။ "အဖွားက တကယ် သနားစရာကောင်းလိုက်တာ" သူက ကျန်းရှောင်ရဲ့ ပခုံးကို သူ့လက်သေးသေးလေးနဲ့ ပွတ်ပေးခဲ့သည်။
"သား ဆရာဝန်မဖြစ်ချင်ပေမယ့် အခုတော့ အဲ့တာကို စဉ်းစားလို့ရပြီ" သူက ဆေးထိုးရမှာကို ကြောက်ပြီး ရှောင်ဖို့ အကြောင်းပြချက်မျိုးစုံကို အမြဲရှာခဲ့သည်။ ဒါပေမယ့် ဆရာဝန်တွေက လူတွေကို ကယ်တင်တယ်ဆိုတာကိုလည်း သူသိသည်။
ကျန်းရှောင်ရဲ့ ဝမ်းနည်းပူဆွေးတဲ့ ခံစားချက်တွေက တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ "သား ကြီးပြင်းလာတဲ့အခါ သားရဲ့ကိုယ်စိတ်ဝင်စားတဲ့ဟာ နောက်ကို လိုက်လို့ရတယ်။ ဘာပဲလုပ်လုပ် သားပျော်နေသရွေ့အဖေနဲ့အမေက သားကို နောက်ကနေ အမြဲပံ့ပိုးပေးနေမှာ"
ပဲပင်ပေါက်လေးက သူမရဲ့ရင်ဘတ်ဆီ မျက်နှာမူလိုက်သည်။ "မေမေ၊ မေမေက အရမ်းကောင်းတာပဲ"
ညနေအိမ်ပြန်ရောက်ပြီးနောက် ကျန်းရှောင်က ကျိုးရှို့လင်း ပဲပင်ပေါက်လေးကို ရေချိုးပေးနေချိန် သူမက စာကြည့်ခန်း၌ အလုပ်အချို့ကို ကိုင်တွယ်ရန် အခွင့်အရေးယူခဲ့သည်။ မန်နေဂျာတစ်ယောက်ဖြစ်ရခြင်းက စဉ်းစားရမည့် ကိစ္စများစွာဖြင့် ငြီးငွေ့ဖွယ်ကောင်းလောက်အောင် စိတ်ရှည်ရသည်။
ဟွားရှ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားတွင် လက်မှတ်ရေးထိုးထားသည့် အနုပညာရှင်တစ်ရာကျော်ရှိပြီး ကျန်းရှောင် က ၎င်းတို့ထဲက လေးဦးအတွက် တာဝန်ယူထားသည်။
သူမသည် စုန့်ယိဝမ်နှင့် ရှုကျားရမ် တို့ကို အဓိက အာရုံစိုက်ခဲ့ပြီး ကျန်နှစ်ဦးက လေ့ကျင့်ရေးကာလတွင်သာ ရှိသေးသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ပရိုဂျူဆာတစ်ဦးက စုန့်ယိဝမ်ကို ခေါင်းဆောင်မင်းသားအဖြစ် သတ်မှတ်ပြီး သူမကို ဇာတ်ညွှန်းပေးပို့လိုကြောင်း ပြောကြားခဲ့သည်။
ကျန်းရှောင်က အရည်အသွေးမြင့် ဇာတ်ညွှန်းများကို ရရန် မျှော်လင့်နေသော စုန့်ယိဝမ်နှင့် အဲ့တာကို ဆွေးနွေးခဲ့သည်။ ယခု ကျန်းရှောင်က သူကမ်းလှမ်းထားသော ဇာတ်ညွှန်းများကို သေချာရွေးချယ်ခဲ့သည်။
အကြမ်းဖျင်း အကျဉ်းချုပ်ကို ဖတ်ပြီးနောက်တွင် ခေါင်းဆောင်မင်းသားမှာ တရုတ်ပြည့်သူ့သမ္မတနိုင်ငံခေတ်က စီးပွားရေးသမားတစ်ဦးဖြစ်ကြောင်း သူမ တွေ့ရှိခဲ့သည်။
ရှုပ်ထွေးသောအချိန်၌ သူက တစ်ဖက်မှာ မိသားစုစီးပွားရေးကို တီထွင်ခဲ့ပြီး အခြားတစ်ဖက်တွင် ပျောက်ဆုံးသွားသော ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ကယ်တင်ရန် ကြိုးစားခဲ့သည်။
ဒီဖြစ်စဉ်မှာ သူ ခေါင်းဆောင်မင်းသမီးနဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားခဲ့သည်။ ဇာတ်ညွှန်းကကောင်းသည်ဟု သူမ ထင်မိကာ စုန့်ယိဝမ်ဆီ WeChat မက်ဆေ့ခ်ျပို့ပြီး နောက်အပတ်တွင် ပရိုဂျူဆာနှင့် တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သည်။
သူမ အလုပ်တွေ ပြီးသွားပြီး အိပ်ခန်းထဲ ပြန်တော့ သားအဖနှစ်ယောက်ကို မတွေ့ခဲ့ပေ။ ထိုမှသာ ပဲပင်ပေါက်လေးက အမှီအခိုကင်းမှုကို စတင်လေ့လာနေပြီဖြစ်ကြောင်း သူမ သတိရသွားသည်။
သူမ ကလေးအခန်းထဲကို ဝင်သွားချိန်မှာတော့ ပဲပင်ပေါက်လေးက ကုတင်ပေါ်မှာ ထိုင်ပြီး သူ့ရဲ့ပုလင်းကို လက်တစ်ဖက်နဲ့ကိုင်ပြီး အခြားတစ်ဖက်နဲ့ သူ့အရုပ်ကားတွေနဲ့ ကစားနေသည်။
စာအုပ်တွေကို နှစ်သက်တဲ့အပြင် အရုပ်ကားတွေနဲ့ ကစားရတာကိုလည်း နှစ်သက်သည်။
ကျိုးရှို့လင်းက အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ကျန်းရှောင် ဝင်လာတာကိုမြင်တော့ မေးလိုက်သည်။ "အလုပ် လုပ်လို့ပြီးသွားပြီလား"
ကျန်းရှောင် ခေါင်းညိတ်ပြလိုက်သည်။ "ရှင် အစောကြီးထုပ်ပိုးနေတာလား။ ကျွန်မတို့တွေ ပိတ်ရက်မှသွားကြမှာမဟုတ်ဘူးလား"
ကျိုးရှို့လင်း ကုတင်ပေါ်က ရုပ်ပုံသေးသေးလေးကို ကြည့်လိုက်သည်။ "တစ်ယောက်ယောက်က မစောင့်နိုင်တော့ဘဲ ရေချိုးဖို့ တိုက်တွန်းနေတယ်လေ။ ကိုယ် သူ့ကို နှစ်ခါတောင်ပြောရတယ်"
ကျန်းရှောင် ပြုံးလိုက်သည်။ "ကျွန်မ ငယ်ငယ်က အရမ်း တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တာ။ အဖေပြောတယ် ရှင်လည်း စကားပြောရတာကို မကြိုက်ခဲ့ဘူးတဲ့။ သူက ဘယ်သူ့နောက်လိုက်နေတာလဲ"
ပဲပင်ပေါက်လေးက သူ့နွားနို့ကိုသောက်လို့ပြီးသွားတော့ အရုပ်ကိုချကာ ကုတင်ပေါ် လှိမ့်လိုက်ပြီးကျန်းရှောင် ရဲ့ နံဘေးကို ရွှေ့ကာ သူမကို ပွေ့ဖက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ "သားက အမေ့နောက်လိုက်မှာ"
ကျန်းရှောင် ကျိုးရှို့လင်း ကို ကြည့်လိုက်သည်။ "ကျွန်မ ငယ်ငယ်က ဒီလို နှုတ်မချိုခဲ့ဘူး"
ကျိုးရှို့လင်းက ပဲပင်ပေါက်လေးရဲ့ ခရီးဆောင်အိတ်ကို စီစဉ်ပေးကာ သူမကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည်။
"မင်းကအခု ချိုနေပြီ" ဟု တိုးတိုးလေး တီးတိုးပြောရင်း သူ့အကြည့်က သူမ နှုတ်ခမ်းထောင့်ဆီ ရောက်သွားသည်။ နွေးထွေးသော အသက်ရှုသံက သူမပါးပြင်ကို စိမ့်ဝင်သွားသည်။
ကျန်းရှောင် ရှက်ရွံ့စွာနဲ့ သူ့ကို တွန်းထုတ်လိုက်သည်။ "ရှင်လုပ်စရာရှိတာလုပ်။ ကျွန်မ သူ့ကို အရင်သိပ်လိုက်မယ်"
အပြင်းအထန် ကြိုးစားပြီးနောက် ကျန်းရှောင်က နောက်ဆုံးတွင် ပဲပင်ပေါက်လေးကို သိပ်နိုင်ခဲ့သည်။သူမ အိပ်ခန်းထဲ ပြန်ရောက်တော့ ပြောခဲ့သည်။ "ပဲပင်ပေါက်လေးက မေးခွန်းတွေ အများကြီးမေးတာပဲ တစ်ခါတလေကျရင် ဖြေရ ခက်တယ်"
ကျိုးရှို့လင်း စာအုပ်ကိုပိတ်လိုက်ပြီး သူမဆီ တိတ်တဆိတ် လျှောက်သွားခဲ့သည်။ "ကိုယ် မနေ့ညက ကိုယ့်အဖေဆီက မက်ဆေ့ခ်ျတစ်ခု ရခဲ့တယ်"
ကျန်းရှောင်အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ "သူလည်း အွန်လိုင်းက ဗီဒီယိုကို မြင်သွားတာလား၊ သူတို့ တစ်ခုခုပြောခဲ့သေးလား"
ကျိုးရှို့လင်း သက်ပြင်းချလိုက်သည့်။ "အဲ့ဒါက ကိုယ့်ယောက္ခမဆီက မက်ဆေ့ချ်"
ကျန်းရှောင် အမူအရာက အနည်းငယ် ဖြေလျှော့သွားသည်။ "သူဘာပြောလဲ၊ သူ ပြန်မလာတာကြာပြီ"
"မေဒေးနေ့ ပြန်လာဖို့ စီစဉ်နေတယ်တဲ့ ဓာတ်ပုံတချို့လည်း ပို့ပေးထားတယ်။" ကျိုးရှို့လင်းက WeChat ကိုဖွင့်လိုက်သည်။
"အဖေ ကိုယ်အလေးချိန် အများကြီး ကျသွားသလိုပဲ " ကျန်းရှောင် မျက်မှောင်ကြုတ်လိုက်သည်။ "ပြီးတော့ ပိုမည်းသွားသလိုပဲ"
ကျိုးရှို့လင်း သူမ စကားကိုသဘောတူခဲ့သည်။ "အဲဒီမှာ နေရေးထိုင်ရေးက ခက်ခဲတာကြောင့် ဖြစ်နိုင်တယ်၊ သူ့ကိုယ်သူ ဂရုစိုက်ရတာ အဆင်မပြေလောက်ဘူးလို့ ထင်တယ်"
ကျန်းရှောင် မသိမသာ နှုတ်ခမ်းကို တွန့်လိုက်သည်။ "ကျွန်မအဖေက ကိုယ့်ဘာသာကို အကျပ်ကိုင်ပြီး ပြည်နှင်ဒဏ်ပေးနေတာ။ သူ . . . . . . . " သူမ စကားက မဆုံးသေးပေ။
" အဖေ သူ့တစ်ဘဝလုံး ကိစ္စတွေ အများကြီး ဖြတ်သန်းခဲ့ရဖူးတယ်လို့ ကျွန်မ အမြဲခံစားရတယ်။ ဒါတင်မကဘူး ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေကောပဲ"
ကျိုးရှို့လင်း သဘောပေါက်သွားသည်။ အနုပညာလောကရှိ အချို့သောသူများသည် ကွဲလွဲနေသောခံစားချက်များ၊ စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်များရောနှောကာ လူ၏စိတ်ဝိညာဉ်၌ ကမောက်ကမ ဖြစ်မှုများကို ပုံဖော်ထားသည့် ကျန်းယိ၏ လက်ရာများဖြင့် ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်သည်။
ချစ်ရသူကို ဆုံးရှုံးလိုက်ရခြင်းသည် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာများ ဖြစ်စေသည်ဟု လူအများက ယုံကြည်ကြသည်။
ကျန်းရှောင်၏ မျက်လုံးက အနည်းငယ် မှိန်ကျသွားသည်။
ကျိုးရှို့လင်းက သူမ သူမရဲ့အဖေကို စိတ်ပူနေမှန်း သိပေမယ့် ကျန်းယိရဲ့ ပင်ကိုယ်စရိုက်ကို ဘယ်သူကမှ အကြံပေးလို့ မရဘူး။ ကျိုးရှို့လင်းက ကျန်းယိနှင့် ကျန်းရှောင်တို့ရဲ့ သားအဖ အပြန်အလှန် ဆက်ဆံပုံက သာမန်မိဘနှင့် သားသမီး ဆက်ဆံရေး မဟုတ်ကြောင်း ကျိုးရှို့လင်း ခံစားခဲ့ရသည်။
ကျန်းယိက ကျန်းရှောင်ကို မချစ်လို့ မဟုတ်ဘူး၊ သူမကို ပွင့်ပွင့်လင်းလင်း မရင်ဆိုင်နိုင်တဲ့ပုံရသည်။ သူ့ပိုက်ဆံတွေအားလုံးကို ကျန်းရှောင်ဆီမှာ ထားခဲ့ပေမဲ့ သူမတကယ် လိုချင်တာက ပိုက်ဆံမဟုတ်ပေ။
အခု ပဲပင်ပေါက်လေးကို မွေးပြီးတဲ့နောက်မှာ ကျန်းယိက သူ့မြေးကို ပြန်တွေ့ဖို့ အချိန်နည်းနည်း ပိုပေးလာသည်။