အခန်း (၇၀)
Vol. 6 Ch. 70
ကျန်းရှောင် မျက်နှာက တောင့်တင်းသွားပြီး လက်ထောက် ဒါရိုက်တာကို နှုတ်ဆက်လိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မ သွားကြည့်လိုက်ဦးမယ်"
လက်ထောက်ရဲ့ ရှင်းပြချက်ကို နားထောင်ဖို့ သူမ စိတ်မရှိတော့ပေ။ သူမ တတ်နိုင်သမျှ မြန်မြန်သွားချင်သည်။ မိတ်ကပ်ခန်းထဲကို ပြေးဝင်လိုက်တော့ ပဲပင်ပေါက်လေး တစ်ယောက်တည်း ရပ်နေတာကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်မှာ သူမနှလုံးက ပြင်းထန်စွာ ညှစ်ခံလိုက်ရသလိုပဲ။
လျန့်ယွဲ့၊ ရှလန်နှင့် လက်ထောက်နှစ်ယောက်တို့က စကားတစ်ခွန်းမှ မပြောဘဲ ပဲပင်ပေါက်လေးကို ကြည့်နေကြသည်။
လေထုက လေးလံပြီး ဖိစီးမှုရှိသည်။
ကျန်းရှောင် လျင်မြန်စွာ လျှောက်လာကာ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး ပဲပင်ပေါက်လေး၏ လက်တွေကို ကိုင်ကာ တုန်တုန်ယင်ယင်အသံဖြင့် သူ့ကိုစစ်ဆေးလိုက်သည်။ "အပူလောင်သွားသေးလား"
သူ နှာရှုပ်လိုက်သည်။ " ရှောင်ရှောင်၊ သား အမှားလုပ်မိသွားပေမယ့် ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာမဟုတ်ပါဘူး"
ကျန်းရှောင်၏ နှလုံးသားက နာကျင်မှုကို ခံစားလိုက်ရပြီး သူမ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ကာ ပြောလိုက်သည်။ "သားက သားရဲ့အမှားကိုပြင်ပြီးပြီပဲ ပြီးတော့ သားက လိမ္မာတဲ့ ကောင်လေးဖြစ်နေတုန်းပဲနော် "
ပဲပင်ပေါက်လေးက သူ့မျက်ရည်တွေကို အကြာကြီး ဆက် မထိန်းနိုင်တော့ပေ။ "ဝူးဝူး..."
ကျန်းရှောင်က သူ့ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။ "အဆင်ပြေပါတယ်၊ အဆင်ပြေတယ်နော်"
ပဲပင်ပေါက်လေးက ကျန်းရှောင် ပခုံးတွင် သူ့မျက်နှာကို မြှုပ်ထားပြီး ခေါင်းကို ထပ်မမြှောက်လာတော့ပေ။
ကျန်းရှောင် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ လက်ထောက် လက်ထဲက ဘရန်းတံဆိပ်သားရေဖိနပ်တစ်ရံက စျေးပေါတာမျိုးမဟုတ်ပဲ ဒေါ်လာသောင်းနှင့်ချီတန်သော အကန့်အသတ်ဖြင့် ထုတ်ဝေထားသည်ကို သူမ သတိပြုမိလိုက်သည်။
လက်ထောက်လေးက အားနည်းစွာ စကားပြောခဲ့သည်။ "ဒါတွေကို မစ္စ ကျင်းက ဆရာမ လျန့်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ ဒါတွေကို သူမ ဝတ်ခဲတယ်"
ကျန်းရှောင် လည်ချောင်းက ဆို့နင့်လာကာ သူမ၏ခံစားချက်များကို မဖော်ပြနိုင်ခဲ့ပေ။ ဖိနပ်တစ်ရံ...... သူမသည် ထောင်စုနှစ်ရှိ ရေကန်ကြီး၏ ငြိမ်သက်အေးချမ်းမှုနှင့်အတူ လျန့်ယွဲ့ ၏ အကြည့်ကို ရင်ဆိုင်လိုက်သည်။
" ဆရာမ လျန့်၊ ကျွန်မ တကယ်တောင်းပန်ပါတယ်။ ဒါက ကျွန်မရဲ့ ပေါ့ဆမှုပါ။ ဆရာမရဲ့ဖိနပ်အတွက် ကျွန်မ ပိုက်ဆံအပြည့်ပေးပါ့မယ် "
သူမ အသက်ပြင်းပြင်းရှူရင်း သူမမျက်နှာက ထူးဆန်းစွာ ငြိမ်သက်နေပြီး သူမ ရင်ခွင်ထဲက ပဲပင်ပေါက်လေးနဲ့အတူ သူမရဲ့ခန္ဓာကိုယ်ကို လျန့်ယွဲ့ ဘက် အနည်းငယ် ကိုင်းလိုက်သည်။
"ကျွန်မ တကယ် တောင်းပန်ပါတယ်"
ပဲပင်ပေါက်လေးက ကျန်းရှောင်ရဲ့ ဆွေမျိုးလို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ပေ။ ကျန်းရှောင်က သူမအရင်ကလုပ်ခဲ့သလို လက်ထောက် မဟုတ်တော့ပေ။
အခု သူမက ဟွားရှ ဖျော်ဖြေရေးကုမ္ပဏီ၏ အရည်အချင်း ပြည့်မီသော မန်နေဂျာဖြစ်ခဲ့ပြီး သူမကို မည်သူမှ လျှော့တွက်လို့မရပေ။
ရှလန်က အဆင်မပြေတဲ့ လေထုကို ကြည့်ပြီး တင်းမာမှုတွေကို ဖြေလျှော့ဖို့ ကြိုးစားခဲ့သည်။
"ကျန်းရှောင်၊ လျန့်ကျဲက ဒီကောင်ချောလေးရဲ့ မိသားစုထဲက တစ်ယောက်ယောက်ကို ရှာဖို့ လုပ်နေတာ။ သူက ကျန်းရှောင်ရဲ့ မိသားစုထဲက ဖြစ်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး"
လျန့်ယွဲ့၏ အမူအရာက ယခင်ကကဲ့သို့ ငြိမ်သက်ခြင်း မရှိပေ။ သူမ နှုတ်ခမ်းတွေ အနည်းငယ် တွန့်သွားသည်။ "ကလေးတွေက ဆိုးလိမ့်မယ်၊ အဲဒါက ဘာမှ မပြင်းထန်ဘူး"
ကျန်းရှောင်က သူမနှုတ်ခမ်းတွေကို သပ်လိုက်ပြီး ပဲပင်ပေါက်လေးကို နူးနူးညံ့ညံ့လေး မေးလိုက်သည်။ " ကော်ဖီက ဘယ်လို ဖိတ်သွားတာလဲ"
ပဲပင်ပေါက်လေးက အကြိမ်အနည်းငယ် ရှိုက်နေခဲ့သည်။ "အစ်မလျန့်က သူ့ပစ္စည်းတွေကို ပြုတ်ကျသွားလို့ သား သူ့ကို ကူညီချင်ခဲ့တာပါ၊ ဒါပေမယ့် ကော်ဖီက မတော်တဆ ဖိတ်သွားတယ်။ သား မရည်ရွယ်ခဲ့ပါဘူး"
ကျန်းရှောင်၏ နှလုံးခုန်သံတိုင်း နာကျင်သွားရသည်။ သူမ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။ "ရပါတယ်၊ အဆင်ပြေတယ်နော်။ ဆရာမလျန့်က ပဲပင်ပေါက်လေးကို စိတ်မဆိုးပါဘူး"
ပဲပင်ပေါက်လေး မှားသွားသလို ခံစားနေရသည်။ "ဖေဖေ့ကို ဖုန်းခေါ်ချင်တယ်၊ ဖေဖေ့ကို ခေါ်ချင်တယ်......"
ကျန်းရှောင် ညင်သာစွာ ပြုံးလိုက်သည်။ "ရတာပေါ့၊ ခဏနေရင် ဖေဖေ့ဆီ ဖုန်းခေါ်ကြမယ်နော်။ မူမူ၊ ဒါက မတော်တဆ ဖြစ်ခဲ့တာ သားက ကောင်းတဲ့ကိစ္စလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မှားသွားခဲ့တယ်။ ဒါကို နားလည်တယ်မလား"
ပဲပင်ပေါက်လေးက မျက်တောင်ခတ်ခဲ့သည်။ "သား နားလည်ပါတယ်"
"ဒါဆို သားဘာလုပ်ရမှာလဲ"
"တောင်းပန်ရမယ်!" သူ ပြတ်ပြတ်သားသား ပြန်ပြောလိုက်ပေမယ့် အသံပျော့သွားခဲ့သည်။ “ဒါပေမယ့် အခုလေးတင်ပဲ တောင်းပန်ပြီးသွားပြီ”
ကျန်းရှောင်က သူ့ခေါင်းကို ချစ်ခင်စွာ ပွတ်သပ်လိုက်သည်။ "မူမူ၊ သားက အရမ်းတော်တာပဲ!"
ဒီမှာရှိနေတဲ့လူတိုင်းက လက်ရှိအခြေအနေ အားလုံးကို နားလည် သဘောပေါက်သည်။ လက်ထောက်လေးလည်း ရှက်ရွံ့သွားသည်။ "ဒါ ကျွန်မ အမှားပါ၊ ဖိနပ်ကို ကောင်းကောင်း မထိန်းသိမ်းခဲ့မိဘူး"
ပဲပင်ပေါက်လေးက လျန့်ယွဲ့ ကို မဝံ့မရဲကြည့်ကာ သူ့မျက်လုံးများ စိုစွတ်နေပြီး ခေါင်းကို အမြန်ပြန်လှည့်လိုက်သည်။
လျန့်ယွဲ့ ၏ နှုတ်ခမ်းတွေ ညင်သာစွာ ကွေးညွတ်ပြီး ပဲပင်ပေါက်လေးကို ဂရုတစိုက် လေ့လာလိုက်သည်။ "ဒီကလေးက ဘာသာစကား ကျွမ်းကျင်သားပဲ။ ကောင်းပြီ၊ ဒါကို သပ်သပ်ရပ်ရပ် ရှင်းလိုက်ရအောင်။ ငါတို့လည်း ပြန်သွားရဦးမယ်။ ကျန်းရှောင်၊ ဖိနပ်အတွက် စိတ်ပူမနေနဲ့"
ကျန်းရှောင် အတင်းပြုံးလိုက်သည်။ "ဟုတ်ကဲ့ပါ ဆရာမ လျန့် "
စကားကစကားပဲ သူမ ဖိနပ်အတွက် လျော်ကြေးပေးရဦးမှာပဲ။ သူမက ပဲပင်ပေါက်လေးရဲ့ အဖေကို ထိုကုန်ကျစရိတ်ကို ဖြည့်ပေးရန် တောင်းဆိုရဦးမည်။
လျန့်ယွဲ့ ထွက်သွားပြီးနောက် ရှလန် က ကျန်းရှောင်နဲ့ စကားအနည်းငယ်ပြောခဲ့သည်။
"အဲဒါက နားလည်မှုလွဲသွားတာပါ၊ စိတ်မပူပါနဲ့" လို့ရှလန်က နှစ်သိမ့်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် လန်ကျဲ "
"ဘာအတွက် ကျေးဇူးတင်တာလဲ၊ အစ်မ ဘာမှ မလုပ်ခဲ့ရပါဘူး" ရှလန် သူမကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
"သူတို့က ပြောကြတယ် မင်းက အစ်မနဲ့ ရုပ်တူတယ်တဲ့ ပြီးတော့ အခုမင်းကို တွေ့လိုက်ရတော့ တကယ်ကို တစ်ချို့နေရာတွေက ဆင်တူနေတာတော့ အမှန်ပဲ"
ကျန်းရှောင် ရယ်လိုက်သည်။ "ဆင်တူပေမယ့် ကျွန်မရဲ့ရုပ်ရည်က လန်ကျဲလို ဘယ်တော့မှ ကောင်းမှာမဟုတ်ပါဘူး"
ရှလန်လည်း ရယ်လိုက်သည်။ “အစ်မတို့ရဲ့ အရည်အချင်းရှိတဲ့ မန်နေဂျာ ကျန်းက စကားကို ဘယ်လိုပြောရမလဲ သိနေတာပဲ။ အစ်မ အခု အနောက်မြောက်ကို လေယာဥ်နဲ့သွားဖို့ရှိသေးတယ်"
ကျန်းရှောင် သဘောပေါက်သွားသည်။ ရှလန်က ဟောင်ကောင်မှ နာမည်ကြီး ဒါရိုက်တာတစ်ဦး ရိုက်ကူးသည့် ရုပ်ရှင်တွင် လပေါင်းများစွာ ရိုက်ကူးရန် စီစဉ်ထားသည်။
"လန်ကျဲ၊ အစ်မ ချောချောမွေ့မွေ့ ရိုက်ကူးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်"
"ကျေးဇူးတင်ပါတယ်!" ရှလန်က လက်ကိုဆန့်ပြီး ပဲပင်ပေါက်လေး ရဲ့ ခေါင်းကို ကိုင်လိုက်သည်။ "ကောင်ချောလေး၊ နောင်မှာ ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ဖို့ အခွင့်အရေး ရလာလိမ့်မယ်"
ပဲပင်ပေါက်လေးက မျက်တောင်ခတ်လိုက်သည်။ "ဟုတ်ကဲ့ မမ သား ဖေဖေနဲ့ဒါကို ဆွေးနွေးလိုက်ပါ့မယ်"
ရှလန် တစ်ခဏမျှ မှင်သက်သွားရသည်။ ကြယ်ပွင့်တောင်မှ ချစ်စရာကောင်းတဲ့ ခရုတီလေးရဲ့ "မမ" လို့ ခေါ်တဲ့အသံကြောင့် သူမရဲ့ နှလုံးသားကို အရည်ပျော်စေခဲ့သည်။
ထို့နောက် သူမက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ "မင်းက လိမ္မာပါးနပ်တဲ့ လူရှုပ်လေးပဲ။ နောက်တစ်ခါ မင်းအတွက် မမက လက်ဆောင်တွေ ယူလာပေးမယ်နော်။ နှုတ်ဆက်ပါတယ်!"
ပဲပင်ပေါက်လေးက fly kiss ပေးလိုက်သည်။ "နှုတ်ဆက်ပါတယ် မမ။ အန္တရာယ်ကင်းတဲ့ ခရီးဖြစ်ပါစေ!"
ကျန်းရှောင် - "........"
ညနေပိုင်းတွင် ကျန်းရှောင်က အစောပိုင်းကတည်းက ဒဏ်ရာရနေတဲ့ သူ့ရဲ့ စိတ်လေးကို ပြုပြင်ရန်အတွက် အနီးနားတွင် လမ်းဘေး အဆာပြေစားရန် ပဲပင်ပေါက်လေးကို ခေါ်ခဲ့သည်။
ကျန်းရှောင်က သူကြိုက်တဲ့ အရာတွေအားလုံးကို သူမ အိမ်ပြန်သယ်လာပေးနိုင်ပါစေလို့ ဆန္ဒပြုခဲ့ပေမယ့် ကံမကောင်းစွာပဲ အဲဒါအတွက် သူမမှာ ခွန်အားမရှိခဲ့ပေ။
"မင်းအဖေကို ဒီမှာရှိစေချင်လိုက်တာ "
"ဟင့်အင်း ဟင့်အင်း မေမေနဲ့ တစ်ယောက်တည်းအချိန် ရှိချင်တယ်"
"တစ်ယောက်တည်း အချိန်ဆိုတာ ဘာကိုဆိုလိုလဲဆိုတာ သိလို့လား"
ပဲပင်ပေါက်လေးက ညည်းညူလိုက်သည်။ "ဖေဖေက သားမပါဘဲ မေမေနဲ့ပဲ တစ်ယောက်တည်း အချိန်ပေးချင်တယ်လို့ ပြောဖူးတယ်။ သူ မေမေ့ကို တိတ်တိတ်လေး နမ်းနေတာတောင် သားမြင်တယ်"
ကျန်းရှောင် တိတ်ဆိတ်သွားသည်။
လမ်းဘေး အဆာပြေက မျိုးစုံရှိသည် အာလူးကြော်၊ ပြည်ကြီးငါးကင်၊ ငါးအသားလုံးကင်.....သွားရည်ရွှဲစေတဲ့ရနံ့တွေနဲ့ လေကိုဖြည့်ပေးကာ မျက်စိကျိန်းလောက်စရာကောင်းအောင် ခင်းကျင်းထားသည်။
ပဲပင်ပေါက်လေးက သူ့ဗိုက်ဖောင်းလာသည်အထိ စားပြီး နောက်ဆုံးတွင် သူ လမ်းမလျှောက်နိုင်တော့သဖြင့် ကျန်းရှောင်ကို သူ့ကိုချီဖို့ တောင်းဆိုလိုက်သည်။
ကျန်းရှောင် သူ့ကို မချီပေးနိုင်ဘူး၊ အခြေအနေအချို့ကို သူမ သတ်မှတ်ရမည်။ "သား ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရင် အမေက သားကို တစ်မိနစ် ချီပေးမယ်"
ပဲပင်ပေါက်လေးက ခေါင်းယမ်းကာ ငြင်းဆိုခဲ့သည်။ "ဆယ်မိနစ်လောက် လမ်းလျှောက်ပြီး သားကို တစ်မိနစ်ချီပေး"
ကျန်းရှောင် သူ့ကို စိုက်ကြည့်ပြီးနောက် အပေးအယူ လုပ်ခဲ့သည်။ "ရှစ်မိနစ်လောက် လမ်းလျှောက်၊ တစ်မိနစ်လောက် ချီသွားပေးမယ်"
အမေနဲ့သားက တစ်ယောက်ကိုဘတစ်ယောက်ကြည့်ရင်း နောက်ဆုံးတော့ ပဲပင်ပေါက်လေးကလည်း သဘောတူလိုက်သည်။ သူက ပခုံးတွန့်လိုက်သည်။
"အိုခေ။ ဖေဖေ့ကို ဒီမှာ ရှိစေချင်လိုက်တာ။ ဖေဖေက သန်မာတယ်။ မေမေက သားထက် ပိုလေးပေမယ့် ဖေဖေက မေမေ့ကိုချီနိုင်တယ် "
ကျန်းရှောင် - ".......... မင်း လူယုတ်မာလေး၊ ကျိုးစစ်မူ"
ပဲပင်ပေါက်လေးက သူမကို ပွေ့ဖက်လိုက်သည်။ "မေမေ၊ မေမေက အကောင်းဆုံးပဲ"
ကံမကောင်းစွာနဲ့ပဲ ကျန်းရှောင်က သူ့စကားကြောင့် ကြွေကျသွားခဲ့သည်။ ဒါကြောင့် လမ်းတစ်ဝက်ကို လမ်းလျှောက်ပြီး လမ်းတစ်ဝက်ကို ချီခေါ်သွားကာ သားအမိနှစ်ယောက် ဟိုတယ်ကို ပြန်လာခဲ့ကြသည်..
ကျန်းရှောင်က အရင်ဆုံး သူမသားကို ရေချိုးပေးဖို့ ကူညီပေးခဲ့သည်။ သာမာန်အားဖြင့် သူ့ကို ရေချိုးပေးတဲ့သူက ကျိုးရှို့လင်းဖြစ်သည်။
ဒီတစ်ခါတော့ သူမ ရေချိုးပေးနေတာကို သူက သူ့လက်လေးတွေနဲ့ sensitive နေရာတွေကို အုပ်ထားခဲ့သည်။
ကျန်းရှောင် မထိန်းနိုင်ဘဲ အော်ရယ်ပြီး ပြောလိုက်သည်။ "မင်းကို ငါမွေးထားတာပါ ငါ ဘာလို့မမြင်ဖူးရမှာလဲ"
ကျိုးစစ်မူက မျက်စောင်းလေးထိုးလိုက်သည်။ "မေမေ၊ မေမေက မိန်းကလေးဖြစ်နေလို့ သားရဲ့ငှက်ကလေးကို ကြည့်လို့မရဘူး"
ကျန်းရှောင် :- "........." သူမက အခုလောလောဆယ် သူ့ကို ရေချိုးဂျယ် သုတ်လိမ်းပေးနေခဲ့သည်။
ကျိုးစစ်မူက သီချင်းတစ်ပုဒ် ညည်းခဲ့သည်။ "ငါက နဂါးစိမ်းတစ်ကောင်၊ နဂါးစိမ်းတစ်ကောင်၊ ငါ့မှာ လျှို့ဝှက်ချက်လေးတွေ အများကြီးရှိတယ်၊ လျှို့ဝှက်ချက်လေးတွေကို နင့်ကို မပြောပြဘူး၊နင့်ကို မပြောပြဘူး!"
ကျန်းရှောင်က သူ့ရဲ့ ထွားကျိုင်းတဲ့ ခြေထောက်လေးတွေကို ပွတ်သပ်ပေးလိုက်သည်။ " သီချင်းဆိုတဲ့သူလေး၊ ပူဖောင်းတွေ ထွက်အောင် ကိုယ့်ဘာသာ ပွတ်လိုက်ပါဦး "
နောက်ဆုံး ရေချိုးပေးပြီးတာနဲ့ ကျန်းရှောင် က သူ့ကို အိပ်ယာထဲ သယ်သွားကာ သူ့ရဲ့ညအိပ်ဝတ်စုံကို ဝတ်ပေးခဲ့သည်။ သူမက သူ့ရဲ့ဖုန်းကို ထုတ်ပေးခဲ့ပြီး သူက သူ့အဖေကို အနှောင့်အယှက် ပေးဖို့အတွက် WeChat ကို ချက်ချင်း နှိပ်ခဲ့သည်။
ကျိုးရှို့လင်းက ဒီည ဒင်နာ အတူတူစားပြီး အရက်အနည်းငယ် သောက်ထားတော့ သူ့ မျက်နှာအနည်းငယ်နီနေသည်။
စားပွဲရှိလူတိုင်းက ချောမောလှပသော အမျိုးသမီးများနှင့်အတူ လာခဲ့ကြတာဖြစ်ပြီး သူက တစ်ယောက်တည်းသာလာခဲ့သည်။
တုန်းတုမှ ဝေယန်က ပြောခဲ့သည်။ "ယွီထုန်၊ မင်းခုထိ ဥက္ကဌ ကျိုးကို အရက်ခွက်မြှောက်ပြီး ဆုမတောင်းပေးရသေးဘူး။ ' ကိုယ်လုပ်တော် လီရဲ့ဒဏ္ဍာရီ ' က ဥက္ကဌ ကျိုး ဆီက ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ"
ကျိုးယွီထုန်က တုန်းတု ရုပ်ရှင်လက်အောက်က အနုပညာရှင် တစ်ဦးဖြစ်သည်။ ယမန်နှစ်က သူမသည် ဒုတိယမြောက် အမျိုးသမီးဇာတ်ဆောင်အဖြစ် ရှေးခေတ်ဒရာမာ ဇာတ်ကားဖြင့် ကျော်ကြားခဲ့သည်။
သူမသည် သိမ်မွေ့သော အသွင်အပြင်ဖြင့် နုပျိုနေပုံရပြီး ကျောင်းသူနှင့်တူတဲ့ ကျက်သရေကို ပေါ်လွင်စေသည်။ "ဥက္ကဌ ကျိုး၊ ကျွန်မ ကိုယ်လုပ်တော် လီရဲ့ ဒဏ္ဍာရီကို အရမ်းကြိုက်တာ။ ကျွန်မ ဒီခွက်နဲ့ ရှင့်ကိုဆုတောင်းပေးပါတယ်။"
ကျိုးရှို့လင်းက ထူးမခြားနားအမူအရာဖြင့် ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။ "မစ္စ ကျိုး၊ သိပ်ယဉ်ကျေးနေစရာမလိုပါဘူး" သူတစ်ကျိုက်တည်းနဲ့ သောက်ပြီးသွားသည်။
သူဌေး တော်တော်များများက သူတို့ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတဲ့ နောက်ထပ် ဇာတ်ကားကို ဆွေးနွေးနေကြသည်။ သူတို့က ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွက် သည်းထိတ်ရင်ဖိုစရာ ဇာတ်ကားတစ်ကားကို စဉ်းစားနေသည်။
ကျိုးရှို့လင်းက ဒါက မကောင်းတဲ့အကြံ မဟုတ်ဘူးလို့ ထင်ပြီး ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်ဖို့သူလည်း စဉ်းစားနေသည်။