အခန်း (၇၆)
Vol. 6 Ch. 76
သူမရဲ့ကိုယ်ပိုင် ဇာတ်လမ်းကို မျှဝေပြီးတဲ့နောက်မှာတော့ကျန်းရှောင်ရဲ့ အကြောင်း ကို မေးမြန်းခဲ့သည်။ "နင့်ကောင်လေးက ဘယ်တော့မှ ဒီနိုင်ငံကို ပြန်လာမှာလဲ"
"သူက Ph.D နောက် လိုက်နေတာဆိုတော့ နောက်ထပ် နှစ်နှစ် သုံးနှစ်လောက်တော့ လိုဦးမယ်"
"နင် စိတ်မပူဘူးလား။ သူ့နားမှာ တခြားမိန်းကလေးတွေရှိနေပြီး အတူတူ အချိန်တွေ အများကြီး ဖြုန်းနေရင် ဘယ်လိုလုပ်မလဲ။ စိတ်ခံစားချက်တွေဆိုတာက တဖြည်းဖြည်း တိုးတက်လာမှာနော်။ နင်က တချိန်လုံး အလုပ်ရှုပ်နေတာ သတိတောင် ထားမိမှာမဟုတ်ဘူး။ နင်ကိုယ်တိုင်အတွက်လည်း စဉ်းစားသင့်တယ်"
ကျန်းရှောင်ရဲ့အမူအရာက တောင့်တင်းသွားပြီး သူမ ခဏတာတော့ စကားလုံးတွေ ဆုံးရှုံးသွားခဲ့သည်။
ကျောက်ရှင်းရန် သက်ပြင်းချလိုက်သည်။ "နင်တစ်ယောက်တည်းပဲ အချိန်ဒီလောက်ကြာအောင် ထိန်းထားနိုင်တာ။ စကားမစပ် နင် ကလေးတစ်ယောက်ကို ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို ခေါ်သွားတယ်ဆို ပြီးတော့ ဆရာမလျန့်ကို အပြစ်လုပ်မိသွားတယ်ဆို"
တကယ်တော့ ဒီနယ်ပယ်မှာ လျှို့ဝှက်ချက်တွေဆိုတာ မရှိဘူး။
ကျန်းရှောင် အားကိုးရာမဲ့စွာ ပြုံးလိုက်သည်။ "အဲ့တော့ နင်လည်း သိပြီးပြီပေါ့"
ကျောက်ရှင်းရန် ခေါင်းယမ်းလိုက်သည်။ "နင်လည်း အရမ်းကြီး ဂရုမစိုက်ဘူးပဲ။ ဆရာမ လျန့် တော်တော် စိတ်ဆိုးသွားတယ်လို့ကြားတယ်"
ကျန်းရှောင် ပခုံးတွန့်လိုက်လိုက်သည်။ "အခြေအနေက ဒီထိ ရောက်နေပြီလေ ပြီးတော့ ငါလုပ်နိုင်တာ သိပ်မရှိဘူး"
"လျန့်ယွဲ့ မှာ ကျင်း မိသားစုရဲ့ ကျောထောက်နောက်ခံရှိတယ်။ သူမရဲ့ အဆက်အသွယ်တွေက ကျယ်ပြန့်တယ်။ နင် ဒီလုပ်ငန်းကနေ မထွက်ချင်ဘူးဆိုရင် သူ့ကို အပြစ်မလုပ်မိစေနဲ့ "
"စိတ်မပူပါနဲ့။ ငါသိပါတယ်"
နောက်ဆုံးတော့ သူမ ဒီနယ်ပယ်ထဲမှာ အကြာကြီးနေဖို့ မရည်ရွယ်ထားချေ။
"နင် ကျင်းကျုံးပိုင်ကို ငါ့အတွက် ကြားလူအဖြစ် လုပ်ခိုင်းလိုက်လို့ရတာပဲ။ သူက နင့်ကို ကြိုက်နေတဲ့ပုံပဲနော် "
ကျန်းရှောင်ရဲ့ လည်ချောင်းက ရုတ်တရက် ဆို့နင်သွားပြီး သူမမျက်နှာပေါ်မှာ အံ့အားသင့်နေသည့်အကြည့်ရှိနေသည်။
ဒါက ဘယ်လိုဟာသမျိုးလဲ။ ကျင်းကျုံးပိုင်က သူမကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ။
အဲဒီလိုဆိုရင် ဇာတ်ညွှန်းကို အရင်ကတည်းက ပြန်ရေးထားတာဖြစ်မယ်။
သီတင်းပတ်ကုန်တွင် ကျန်းရှောင်နှင့် ကျိုးရှို့လင်းတို့က အစကတော့ တိရစ္ဆာန်ရုံကိုသွားဖို့ စီစဉ်ထားပေမယ့် ထိုနေ့၌ မိုးရွာခဲ့သည်။ ဒီတော့ တစ်မိသားစုလုံး အိမ်မှာပဲနေရတော့မည်....
တိရိစ္ဆာန်ရုံဆီ သွားလို့မရတော့ ကျန်းရှောင်က ပုံဆွဲစာအုပ်တစ်အုပ်ကို ထုတ်လာကာ ကျိုးစစ်မူက ပုံဆွဲဖို့ အချိန်အကြာကြီး ကြိုးစားခဲ့သည်။
ကျိုးစစ်မူက စားပွဲခုံပေါ်မှာ စိတ်အားထက်သန်စွာ ထိုင်ကာ ရောင်စုံခဲတံတွေကို ကိုင်ပြီး လျှောက်ခြစ်နေခဲ့သည်။ ကျိုးရှို့လင်းက ဘေးနားမှာထိုင်ပြီး ခဏခဏ တစ်ချက်ကြည့်ဖို့ လမ်းလျှောက်လာသည်။
ကျိုးစစ်မူကမော့ကြည့်ပြီး စိတ်အားထက်သန်စွာ မေးလိုက်သည်။ "ဖေဖေ၊ သားပုံဆွဲတာ ဘယ်လိုနေလဲ" သူ့အမူအရာက ချီးမွမ်းတာခံချင်နေတာ သိသာသည်။
ကျိုးရှို့လင်းက သူ့ ခေါင်းကိုပုတ်ခဲ့သည်။ "လူတိုင်းမှာ ကိုယ့်အစွမ်းအစတွေ ကိုယ်စီရှိကြတယ်"
ကျိူစစ်မူက နားမလည်တော့ အားသွန်ခွန်စိုက်နဲ့ ဆက်ဆွဲခဲ့သည်။ "ဖေဖေ၊ ဒါသားဆွဲထားတဲ့ကြောင်"
ကျိုးရှို့လင်း ၎င်းကို စစ်ဆေးခဲ့သော်လည်း သူမြင်နိုင်သမျှမှာ ကြောင်တစ်ကောင်နှင့် လုံးဝမတူတဲ့ ဆေးစက်သုံးစက်ဖြစ်သည်။ ရှင်းနေတာကတော့ သူ့သားမှာ သူ့အဖိုးရဲ့ အနုပညာစွမ်းရည်ကို အမွေမရထားဘူးဆိုတာ ထင်ရှားသည်။ သူ့သားက စိတ္တဇ ပန်းချီဆရာ ပိုဖြစ်နိုင်တယ်။
"ဖေဖေ၊ ဖေဖေ့ရဲ့ ကြောင်က ဘယ်လိုပုံစံလဲ"
ကျိုးရှို့လင်း ခဏလောက် စဉ်းစားကြည့်လိုက်သည်။ "သူမ အရမ်းလှတယ်"
ကျိုးစစ်မူ တခစ်ခစ်ရယ်လိုက်သည်။ "သား အခုနောက်ပိုင်း လိမ္မာလာပြီလား"
ကျိုးရှို့လင်း တုံ့ပြန်လိုက်သည်။ "....မဆိုးပါဘူး"
ကျိုးစစ်မူ မျက်ခုံးပင့်လိုက်သည်။ "ဖေဖေ၊ ဖေဖေ မွေးထားတဲ့ကြောင်ကို သား သွားကြည့်လို့ရမလား"
ထိုအချိန်တွင် ကျန်းရှောင်က သစ်သီးပန်းကန်ပြားကို ယူလာပြီး စားပွဲပေါ်တင်လိုက်သည်။ "ဘယ်က ကြောင်လဲ"
ကျိုးစစ်မူက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ " ကုမ္ပဏီမှာ ဖေဖေ့ရဲ့ ကြောင်ရှိတယ်"
ကျန်းရှောင်က ကျိုးရှို့လင်းကို ကြည့်လိုက်သည်။ "ဒါ ဘယ်တုန်းကလဲ။ ကျွန်မ ဘာလို့ မသိရတာလဲ"
ကျိုးရှို့လင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။ "မူမူ၊ လက်သွားဆေးတော့ "
ကျိုးစစ်မူ ကြွေးကြော်လိုက်ပြီး ကုလားထိုင်ပေါ်မှ လျှောဆင်းကာ သန့်စင်ခန်းထဲ အမြန်သွားလိုက်သည်။
ကျန်းရှောင် ဆက်ပြောလိုက်သည်။ "ရှင် တကယ်ပဲ ပဲပင်ပေါက်လေးအတွက် ကြောင်မွေးထားတာလား။ ' စုံထောက် ကြောင်မဲ"ကို သူ စွဲနေတာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတောင် သူ ကြောင်တွေအကြောင်း ပြောနေတာ"
ကျိုးရှို့လင်း မျက်ခုံးပင့်လိုက်သည်။ "ကိုယ်တို့ အိမ်မှာ ကြောင်နှစ်ကောင်ရှိနေပြီသား။ ကိုယ်နောက်ထပ် ကြောင်တစ်ကောင် မွေးထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တစ်ကောင်က Sexy Persian ကြောင် နောက်တစ်ကောင်က ချစ်စရာကောင်းတဲ့ ကြောင်ကလေး "
ကျန်းရှောင် အနည်းငယ်သီးသွားကာ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူမ စတော်ဘယ်ရီသီးတစ်လုံးကို ကောက်ယူပြီး သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
ကျိုးစစ်မူက လက်တွေဆေးပြီး ထွက်လာခဲ့သည်။ "ဖေဖေ၊ ဖေဖေက အရွယ်ရောက်နေပြီ။ မေမေ့ကို ဘာလို့ခွံ့ကျွေးခိုင်းနေတာလဲ" သူစကားပြောရင်း ရွှတ်နောက်နောက်ဖြင့် သူ့နှာခေါင်းကို ထိလိုက်သည်။
ကျန်းရှောင် ပြုံးဖြဲဖြဲ လုပ်လိုက်သည်။ "တကယ်မှန်တယ်"
ကျိုးရှို့လင်းရဲ့ နှုတ်ခမ်းက တွန့်ကွေးသွားပြီး မကူညီနိုင်ဘဲ ရယ်လိုက်သည်။
မွန်းလွဲပိုင်းတွင် ကျိုးစစ်မူက တစ်ရေးတစ်မောအိပ်ခဲ့သည်။ ကျန်းရှောင်နဲ့ ကျိုးရှိလင်းတို့ နှစ်ယောက်လုံးက သူတို့ရဲ့အလုပ်တွေနဲ့ အလုပ်ရှုပ်နေကြသည်။ အရာအားလုံးက ငြိမ်းချမ်းနေခဲ့သည်။
ကျန်းရှောင်က Weibo ကို ကြည့်နေချိန် ကျိုးယန်ယန်ရဲ့ နောက်ဆုံးတင်ထားတဲ့ပို့စ်ကို ရုတ်တရက် တွေ့လိုက်ရသည်။
“ချစ်စရာကောင်းတဲ့ တူလေးတစ်ယောက်က ကျွန်မကို ဒီဟာပေးခဲ့တယ်။ တီတီ ရှော့်ပင်ထွက်ရင် သုံးဖို့တဲ့။ PS: ကောင်လေးက သူကြီးလာရင် ပိုက်ဆံရှာပြီး ကျွန်မကို ပိုကောင်းတဲ့ဟာ တစ်ခုခုတောင် ဝယ်ပေးမယ်လို့ ပြောတယ်” ပို့စ်တွင် ကျိုးစစ်မူဝယ်လာတဲ့ အိတ်နဲ့တွဲတင်ထားသည်။
ကျိုးယန်ယန် စပြီးချိန်းတွေ့ကတည်းက Weibo မှာ သူမရဲ့ပုံစံက ပြောင်းလဲသွားခဲ့သည်။ သူမသည် သူမ၏ စကားလုံးများတွင် ချိုသာတဲ့လေသံဖြင့် ပိုမိုရင်းနှီးလာပြီး ရွှင်လန်းလာသည်။
ပရိသတ်တွေကလည်း တစ်ယောက်ပြီး တစ်ယောက် မှတ်ချက်ပေးခဲ့ကြသည်။ "ယူလည်း ဝမ်ကောနဲ့ ကလေးလေး အမြန်ယူသင့်တယ်"
ကျိုးယန်ယန်က ဒီပရိတ်သတ်ကို အတိအကျ replyပြန်ခဲ့သည်- "စောလွန်းပါသေးတယ်"
ပရိသတ်က တွေဝေသွားတာဖြစ်နိုင်သည်။ ကျိုးယန်ယန် ကိုယ်တိုင်ကိုယ်ကျ ပြန်ဖြေလာလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ကြဘူး။ အချိန်တိုလေးအတွင်းမှာပဲ ဒီမှတ်ချက်က Like ခြောက်ထောင် ရရှိခဲ့သည်။
ကျန်းရှောင် မှက်ချက်တွေရဲ့ စာမျက်နှာများစွာကို လှန်ကြည့်ခဲ့ပြီး အများစုမှာ ဖော်ရွေနတဲ့ မှတ်ချက်တွေဖြစ်သည်။ သူမ ဖုန်းချပြီးပြောလိုက်သည်။ "ယန်ယန် ဘာကြောင့် လူငယ်ဟာသဇာတ်လမ်းတွဲကို လက်ခံခဲ့တာလဲ"
ကျိုးရှို့လင်း မော့ကြည့်လိုက်သည်။ "ကျိုးယွင် ကြံပြုထားလို့။ 'Love Manor' အတွက် ပဏာမအစီအစဥ်က ဇာတ်လမ်းတွဲနှစ်ခု ရိုက်ကူးဖို့ ရှိတယ်။ ယန်ယန်က သူ သဘောကျတဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်သွားဖို့ ရှိတယ်။ ဧပြီလကုန်မှာ စပြီးရိုက်ကူးမှာဆိုတော့ နှစ်သစ်ကူးကာလမှာ အဓိကရုပ်မြင်သံကြားဌာနနှစ်ခုမှာ ပြသသွားမှာ။ အဆင့်သတ်မှတ်ချက်နဲ့ buzz ကောင်းရင် တတိယနဲ့ စတုတ္ထ season ဖြစ်နိုင်ချေရှိတယ်"
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။ “ကျွန်မ ဇာတ်ညွှန်းတော့ မဖတ်ဖူးပေမယ့် ပြည်တွင်းက ကွန်မန့်တော်တော်များများနဲ့ နိုင်ငံခြားရှိုးဖြစ်တဲ့ 'Friends' ကလည်း အောင်မြင်မှု ရထားတယ်။ 'Love Manor' က သိပ်မဆိုးဘူးလို့ ထင်ရတယ်။ ဒီလိုရှိုးတွေကို ပြည်သူလူထုက ကောင်းကောင်း လက်ခံနိုင်ပါတယ်။ လူတွေက ရိုးရှင်းပြီး ပေါ့ပါးတဲ့ တီဗီစီးရီးတွေကို အခုခေတ်မှာ ပိုကြိုက်ကြတယ်။ အပိုင်းတစ်ပိုင်းကို လွတ်သွားရင်တောင် ဇာတ်ကွက်တစ်ခုလုံးကို ထိခိုက်စေမှာ မဟုတ်ဘူး"
ခဏလောက် ငြိမ်သက်သွားပြီးနောက် ကျန်းရှောင် သက်ပြင်းချလိုက်သည်။ "ကျိုးယွင်မှာ တော်တော် စူးရှတဲ့မျက်လုံးရှိတာပဲ။ သူမသာ မရှိရင် အစ်မရင်က ဒီနေ့ထိ သူမရရှိထားတဲ့ဟာတွေကို အောင်မြင်အောင်လုပ်နိုင်မှာ မဟုတ်ဘူး။"
ချန်းရင် အကြောင်း ပြောပြီးနောက် ကျန်းရှောင် ကျင်းကျုံးပိုင်ကို ပြန်ပြီးသတိရသွားသည်။
"အိုး၊ စကားမစပ် ဒီတစ်ပတ် ကျွန်မ ကျင်းကျုံးပိုင်နဲ့ ထမင်းအတူစားဖို့ချိန်ထားတယ်"
ကျိုးရှို့လင်း သူ့အလုပ်ကို ခဏရပ်လိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ "မကြာသေးခင်က သူအားနေလို့လား"
ကျန်းရှောင် သူ့ကို တုံ့ဆိုင်းစွာ စိုက်ကြည့်လိုက်သည်။ "မစ္စတာ ကျိုး၊ ကျွန်မ သဝန်တိုနေတဲ့ အနံ့တွေရနေတာများလား"
ကျိုးရှို့လင်းက သူမကို "ဒီကိုလာ" ဟု လက်ယက်ခေါ်လိုက်သည်။
ကျန်းရှောင်က နောက်ပြောင်ရင်း ထလိုက်သည်။ "ကျွန်မ စပျစ်သီးတွေ ရေဆေးလိုက်ဦးမယ်။ ပဲပင်ပေါက်လေး နိုးလာရင် သူ့အတွက် စပျစ်သီးဖျော်ရည် လုပ်ပေးမို့။ စကားမစပ် ရှင်ကော ဘာစားချင်လဲ"
ကျိုးရှို့လင်းက မျက်လုံးတွေကို မှေးကျဥ်းပြီး သူမကို တည့်တည့် ကြည့်လိုက်သည်။ "အချစ်လေး၊ ကိုယ် မင်းကို အရသာခံကြည့်ချင်တယ်"
သောကြာနေ့ညနေခင်းတွင် ကျန်းရှောင် အလုပ်ပြီးသွားသောအခါ သူမ ဟော့ပေါ့ စားသောက်ဆိုင်ဆီ တိုက်ရိုက်သွားခဲ့သည်။
ကျင်းကျုံးပိုင်ကို သူမ နောက်ဆုံးတွေ့ခဲ့တာ တော်တော်ကြာခဲ့ပြီပင်။ သူကတော့ အရင်အတိုင်းပဲ၊ ဆံပင်ပုံစံတောင် မပြောင်းဘူး။ ကျင်းချန်တွင် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အပူချိန်မြင့်တက်ခဲ့တော့ သူက အဖြူရောင် ရှပ်အင်္ကျီကို ကြယ်သီး အနည်းငယ်ဖြုတ်ကာ ဝတ်ဆင်ထားသည်။
သူက အခု အသက်သုံးဆယ့် တစ်နှစ်ရှိပြီဖြစ်ပြီး သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားခဲ့ရပါဘူး။ သတင်းထောက် အများအပြားက စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် အားလုံးက လက်ဗလာနဲ့ ပြန်လာခဲ့ကြရသည်။
"မစ္စတာ ကျင်း..." သူမက သူမ၏ ထုံးစံအတိုင်း အမည်ကို အသုံးပြုခဲ့သည်။
ကျင်းကျုံးပိုင်၏ နှုတ်ခမ်းတွေက ပြုံးကာ ကွေးညွတ်သွားခဲ့သည်။ "ကုမ္ပဏီက လာတာလား"
"ဟုတ်တယ်၊ စုန့်ယိဝမ် အတွက် ဒရာမာထုတ်လုပ်ရေးက ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်အထိ မစနိုင်သေတဲ့အတွက် မကြာသေးခင်က သူ့အတွက် အင်တာဗျူးတစ်ခု ကျွန်မ စီစဉ်ပေးနေတာ "
"သူနဲ့ ယန်ယန် ကြားက အခြေအနေက တော်တော်လေးကို မမျှော်လင့်ထားခဲ့ဘူး"
ကျန်းရှောင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ "ကျွန်မလည်း သတိမထားမိခဲ့ဘူး "
ကျင်းကျုံးပိုင်က သူမ ဒါကို ကောင်းကောင်း ကိုင်တွယ်ခဲ့မှန်း သိသည်။ စုန့်ယိဝမ်၏ အချစ်ရေး ပေါ်ထွက်လာမှုက ဤအဆင့်တွင် သူ့ကျော်ကြားမှုကို အမှန်တကယ်ထိခိုက်စေခဲ့သော်လည်း၊ နောက်ဆုံးတွင် သူသည် အသွင်ကူးပြောင်းရန် လိုအပ်မည်ဖြစ်သည်။ အဲ့အပေါ်မှာ တဝဲလည်လည် ပြောနေစရာ မလိုပေ။
ဆာဗာက ဟင်းချိုအခြေခံကို ပြင်ဆင်ပြီး ဟင်းရည်တည်ပြီးသောအခါ ကျန်းရှောင်က ဟင်းသီးဟင်းရွက်တွေနဲ့ အသားတွေကို အိုးထဲ စထည့်လိုက်သည်။
"မစ္စတာ ကျင်း၊ စပ်တဲ့အစားအစာကို ကြိုက်လား" လို့ သူမ မေးလိုက်သည်။
"အခုခေတ်တွေမှာ သိပ်အများကြီးတော့ မစားဘူး။ ငါ့ ဗိုက်က အကောင်းကြီး မဟုတ်ဘူး"
ကျန်းရှောင် သတိရသွားပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် ကျွန်မ မေ့သွားတယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်မ စပ်တာတစ်ဝက်နဲ့ မစပ်တဲ့ ဟော့ပေါ့တစ်ဝက်ကို မှာထားလို့ "
ဟော့ပေါ့က ပွက်ပွက်ဆူနေပြီး သူတို့မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ ကျန်းရှောင်က အသီးအရွက်တွေထည့်လိုက် ယူလိုက်နဲ့ အပန်းဖြေရင်း အလုပ်များနေသည်။
ကျင်းကျုံးပိုင်က မသိမသာနဲ့ သူမကို အကဲခတ်ခဲ့သည်။ ဒီနှစ်တွေကြာလာတာနဲ့အမျှ သူမက အများကြီးပြောင်းလဲသွားပုံရပြီး ပိုပြီးတက်ကြွရွှင်လန်းလာခဲ့သည်။ သူက သူ့လက်ဖက်ရည်အေးတစ်ငုံ သောက်ပြီး ပြောလိုက်သည်။
"ကျန်းရှောင်၊ ငါ့ဆီမှာ မမျှော်လင့်ထားတဲ့ တောင်းဆိုချက် တစ်ခုရှိတယ်။ ငါနဲ့အတူ ဇာတ်ဝင်တေး သီချင်းဆိုဖို့ မင်းကိုဖိတ်ခေါ်ချင်တယ်"
ကျန်းရှောင် အံ့သြသွားသည်။ "မစ္စတာ ကျင်း၊ ရှင် ကျွန်မကို ပြောနေတာလား"
ကျင်းကျုံးပိုင် ခေါင်းညိတ်လိုက်သည်။ "အရင်က ငါတို့ ပူးပေါင်းဖို့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခဲ့တယ်။ ဒီတစ်ခါတော့ ငါတို့ အတူတူ အလုပ်တွဲလုပ်သင့်တယ် ဟုတ်တယ်မလား"
ကျန်းရှောင် သူမ တူတွေကို ချလိုက်ပြီး လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းလိုက်သည်။ "ကျွန်မ မလုပ်နိုင်ဘူး၊ ကျွန်မက ပရော်ဖက်ရှင်နယ် အဆိုတော် မဟုတ်ဘူး"