အခန်း (၉၁)
Vol. 7 Ch. 91
ကျင်းကျုံးပိုင်၏ စကားကို ကြားသောအခါ လျန့်ယွဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမ ဆိုဖာပေါ်တွင် မောပန်းနွမ်းနယ်စွာ ထိုင်နေကာ သူမ မျက်လုံးတွေက ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေသည်။ သူမ တွေးနိုင်သမျှကတော့ သူမကို "အဖွား"လို့ အပြစ်မဲ့စွာ ခေါ်ခဲ့တဲ့ ပဲပင်ပေါက်လေးပင်။
ပြီးတော့ ထိုအချိန်က ကျန်းရှောင်ကို ထိုစကား သူမပြောခဲ့မိသည်ကို သူမ မယုံနိုင်ခဲ့ပေ။ ရန်ရန်က ကျိုးရှို့လင်းကို ကြိုက်နေကြောင်း ကျန်းရှောင်ကိုတောင် ပြောခဲ့ဖူးတယ်... အခုတော့ သူမ နှလုံးသားထဲမှာ နာကျင်မှုတွေ အမှန်တကယ် ခံစားလာရပြီ။
ဒါရိုက်တာ ကျင်း စကားပြောလိုက်သည်။ "ကျန်းယိ ဘယ်လိုနေလဲ"
လျန့်ယွဲ့ ချီတုံချတုံဖြစ်နေသည်။ "ကျွန်မ သိပ်အများကြီး မမေးခဲ့ဘူး၊ ကျွန်မ အဲ့ကို အခုသွားလိုက်ရင် သူတို့ ကျွန်မကို တွေ့ချင်ကြမှာမဟုတ်ဘူး"
ဒါရိုက်တာ ကျင်း သက်ပြင်းချလိုက်သည်။ "သူတို့အားလုံးက ဒီတစ်ထပ်တည်းမှာပဲ။ သူနာပြုတစ်ယောက်ကို မေးပြီး ဘယ်အခန်းမှာ ရှိနေလဲ မေးပြီးတော့ ပန်းတွေဝယ်ပြီး ပို့ပေးလိုက်"
လျန့်ယွဲ့ သူ့ကိုကြည့်လိုက်သည်။ "ရှင့် ကျန်းမာရေး ပြန်ကောင်းလာဖို့ အရင်အာရုံစိုက်သင့်တယ်။ ကျွန်မရဲ့ကိစ္စတွေကို ကျွန်မဘာသာ ဖြေရှင်းလိုက်မယ်။ အခုချိန်မှာတော့ ရန်ရန် နဲ့ ရှောင်ရှောင်က ကျိုးရှို့လင်း ကြောင့် တစ်ယောက်နဲ့တစ်ယောက် နာကျည်းနေမှာတော့မဟုတ်ဘူးလို့ မျှော်လင့်တယ်။ ရန်ရန်က ကျိုးရှို့လင်းကို အရမ်းကြိုက်ခဲ့တာ၊ အခု ကျိုးရှို့လင်းက ရှောင်ရှောင်နဲ့ အတူရှိနေတယ်..."
ဒါရိုက်တာ ကျင်း ရယ်လိုက်သည်။ "ဘာလို့ ကျိုးရှို့လင်း ဖြစ်ရမှာလဲ။ ဒါက ကျိုးရှို့လင်းက လူတိုင်းအတွက် အခက်အခဲတွေ ဖန်တီးနေတာပဲ မဟုတ်လား!"
လျန့်ယွဲ့ ကြိတ်မှိတ်ပြီး ခေါင်းယမ်းရုံသာ ရှိတော့သည်။
ငါးနာရီကြာပြီးနောက် ကျန်းယိ၏ ခွဲစိတ်မှုပြီးစီးခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက သူ့ကို ဆေးရုံကအခန်းသို့ ပြန်ခေါ်သွားခဲ့သည်။
ခွဲစိတ်မှုမှာ အလွန်အောင်မြင်ခဲ့ပြီး စမ်းသပ်မှုရလဒ်များအရ အကျိတ်နှင့်ပတ်သက်သည့် ပြဿနာမရှိကြောင်းပြသနေသည်။
အားလုံးက နောက်ဆုံးတော့ သက်ပြင်းတစ်ချက်ချလိုက်ကြသည်။
ကျန်းရှောင်က ကျိုးရှို့လင်းရဲ့ ရင်ဘတ်ကို မှီ၍ မျက်ရည်များကို ထိန်းထားရုံသာ တက်နိုင်ခဲ့သည်။
ကျိုးရှို့လင်းရဲ့ တင်းမာနေတဲ့ အာရုံကြောတွေက နောက်ဆုံးမှာ ပြေလျော့သွားပြီး သူမ ပုခုံးကို ပုတ်ကာ နားထဲကို တိုးတိုးလေး ပြောလိုက်သည်။ "အဆင်ပြေသွားပြီ။အရာ အားလုံးအဆင်ပြေသွားပြီ"
ကျန်းရှောင်ရဲ့ မျက်ရည်တွေ သူ့ပခုံးကို စိုရွှဲသွားခဲ့သည်။
မေမေ ကျိုးက ပဲပင်ပေါက်လေးကို သူမရဲ့လက်နှစ်ဖက်တွင် ကိုင်ထားပြီး နှစ်ယောက်သား ပွေ့ဖက်နေသည်ကို တွေ့လိုက်ရသည်။ သူမ မကူညီနိုင်ဘဲ လေးလေးနက်နက် ခံစားသွားရသည်။
ဘဝမှာ တွေ့ကြုံခံစားရမယ့်အရာ ရှစ်မျိုးရှိသည် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဝမ်းနည်းခြင်း၊ အလွန်အမင်း ဝမ်းနည်းစွာငိုကြွေးခြင်း၊ ဝေဒနာ၊ ဒုက္ခ၊ နှစ်သက်ဖွယ်ကောင်းတဲ့ အရာနဲ့ ကင်းကွာရခြင်းတဲ့။
ကျန်းယိ ရဲ့ဘဝက အတော်လေးကို တုန်လှုပ်ချောက်ချားစရာပင်။ ဘုရားသခင် ကောင်းချီးပေးပါစေ၊ ဤစမ်းသပ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေ။
နှစ်ရက်အကြာတွင် ကျန်းယိ တဖြည်းဖြည်း ခွန်အားပြန်ရလာသည်။
ပဲပင်ပေါက်လေးက ကျောင်းကပြန်လာတိုင်း သူ့အဖိုးကို ကြည့်ဖို့ ဆေးရုံကို နေ့တိုင်းလာသည်။ ဒီကလေးက ဒီလိုကြီးကြီးမားမား အဖြစ်အပျက်ကို ပထမဆုံးအကြိမ် ကြုံဖူးတာဖြစ်ပြီး အတော်လေးကို ကြောက်နေသေးသည်။
ကျန်းရှောင် ကျန်းယိကို ဆေးရုံမှာ ပြုစုစောင့်ရှောက်တဲ့ညမှာ ကလေးလေးက သူ့အမေကိုရှာဖို့ ညနက်သန်းခေါင်မှာ နိုးလာခဲ့သည်။
"ဖိုးဖိုး၊ ဒီနေ့သား လေ့လာခဲ့ရတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်နော် " သူ ဇာတ်လမ်းအများစုကို ပြန်ပြောပြပြီး စိတ်ကူးယဉ်ပုံပြင်တစ်ခုအဖြစ် စတင်လိုက်သည်။
ကျန်းယိ မကူညီနိုင်ဘဲ ရယ်မောလိုက်သည်။
ကျန်းရှောင် ပဲပင်ပေါက်လေးရဲ့ ရေခွက်ကို ကောက်ယူလိုက်သည်။ "ရေနည်းနည်း သောက်လိုက်ပါဦး"
ကလေးက ရေတစ်ငုံသောက်ပြီး ဆက်ပြောခဲ့သည်။ "အဲဒီတော့ ဘီလူးနှစ်ကောင် ရန်ဖြစ်ကြပြီး နှစ်ယောက်လုံး ဒဏ်ရာရသွားကြတယ်။ သူတို့ရဲ့ဆရာက သူတို့ကို ဆေးရုံ အမြန်ခေါ်သွားခဲ့တယ်"
ကျန်းယိ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ "သြော်၊ သိပြီ။ ဒီဇာတ်လမ်းက 'အနောက်ဘက်သို့ ခရီးသွားခြင်း ' နဲ့ ခပ်ဆင်ဆင်ပဲ"
"မဟုတ်ဘူး ဖိုးဖိုး ၊ အဲဒါက 'အနောက်ဘက်သို့ ခရီးသွားခြင်း' မဟုတ်ဘူး၊ အဲ့ဒါ သားပြောနေတာ " ဟုပဲပင်ပေါက်လေးက လေးနက်စွာပြောလိုက်သည်။
ကျန်းယိက ဒီကလေးမှာ ပုံဆွဲရန် အရည်အချင်းမရှိဘူးဟု သူ့ကိုယ်သူ တွေးထားသော်လည်း သူ့တွင် စိတ်ကူးစိတ်သန်းနှင့် ပုံပြင်ပြောခြင်းစွမ်းရည် ကြွယ်ဝသည်မှာ သေချာသည်။
ကျန်းရှောင် မပြုံးနိုင်ဘဲ မနေနိုင်ခဲ့ပေ။ "ဖေဖေ ဒီနေ့ သူကျောင်းကို Soy Milk ကို ခေါ်သွားတယ် "
ကျန်းယိ ပဟေဠိဖြစ်သွားသည်။ "ကျောင်းက ကြောင်တွေခေါ်ခွင့်ပေးလို့လား"
နံနက်ခင်းက ပဲပင်ပေါက်လေးကို သူငယ်တန်းလိုက်ပို့ပေးတာက ဖေဖေကျိုးပင်။ အိမ်က မထွက်သွားခင်မှာ ဆရာမက တိရစ္ဆာန်သေးသေးလေးတွေကို စာသင်ခန်းထဲ ခေါ်လာခိုင်းတယ်ဆိုပြီး Soy milk ကို ခေါ်သွားချင်တယ်လို့ သူတို့ကို ပြောခဲ့သည်။
ဖေဖေကျိုးက "တိရစ္ဆာန်သေးသေးလေး" ကိုကြားပြီး Soy Milk ကို ခေါ်သွားတာက အဆင်ပြေတယ်လို့ တွေးခဲ့သည်။
ပဲပင်ပေါက်လေးက Soy Milk ကိုချီပြီး စာသင်ခန်းထဲသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်သွားလိုက်သည်။ အခြားကလေးတွေ အားလုံးက သူ့ရင်ခွင်ထဲက ဖြူဖြူဖွေးဖွေးအမွှေးလုံးလေးကို ချီထားတာကို မြင်တော့ စကားပြောခဲ့ကြသည်။ "ဝိုး၊ ကျိုးစစ်မူ အရမ်းမိုက်တာပဲ!"
သူတို့ဆရာမလည်း ဒါကိုမြင်တော့ အံ့သြသွားသည်။ "စစ်မူ၊ ဘာလို့ ကြောင်ကလေးကို ကျောင်းကို ခေါ်လာတာလဲ"
ကျိုးစစ်မူ ပြန်ပြောလိုက်သည်။ "ဒါပေမယ့် Soy Milk က အကောင်သေးသေးလေးပါပဲ ဆရာမ "
ဆရာမက ပြောလိုက်သည်။ ".....ဆရာမဆိုလိုတဲ့ဟာက ငါးသေးသေးလေးတွေ ဒါမှမဟုတ် လိပ်ကလေးတွေ ယူလာဖို့ပြောတာ "
ကျိုးစစ်မူ မလျှော့တမ်းပြောခဲ့သည်။ "ဆရာမ ၊ Soy Milk က အရမ်းလိမ္မာတယ်။ ဆရာမ မွေးလို့ရတယ်၊ သူက မကိုက်ဘူး"
ဆရာမက အိမ်မွေးတိရစ္ဆာန်လေး Soy Milk ကို သတိကြီးကြီးထားပြီး ထိကာပြောလိုက်သည်။ “ တကယ်ကို ချစ်စရာကောင်းတာပဲ ”
ဒါပေမယ့် ၎င်းကို ထိပြီးနောက်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ သိလိုက်ကာ အဲ့အတွက်ကြွေကျလုနီးပါး ဖြစ်ခဲ့သည်။ "စစ်မူ၊ မင်းရဲ့မိသားစုကိုလာခိုင်းပြီး ကြောင်ကို အိမ်ပြန်ခေါ်သွားခိုင်းလိုက် "
ကျိုးစစ်မူက သူမကို ကြည်လင်တဲ့ မျက်လုံးများဖြင့် ကြည့်နေသည်။ "ဆရာမ။ တခြားကလေးတွေကို သူတို့ကြည့်ရအောင်လို့ Soy Milk ကို ဒီနေ့ပဲခေါ်လာပေးမယ်လို့ ကတိပေးထားတာ။ ဆရာမက သားကို သမာဓိမရှိတဲ့ ကလေးဖြစ်စေချင်တာလား"
ဆရာမက သက်ပြင်းချလိုက်သည်။ “အဲ့လို မဖြစ်စေချင်ပါဘူး”
အဆုံးမှာတော့ ဆရာမက ကြောင်ကို တုံ့ဆိုင်းစွာ စောင့်ကြည့်နေခဲ့သည်။ ကံကောင်းစွာပဲ အဲ့တာလေးက လိမ္မာပြီး စာသင်ခန်းထဲမှာ ဘာပြဿနာမှ မဖြစ်ခဲ့ပေ။
Garfield ကြောင်ကို ချီထားတဲ့ ကျိုးစစ်မူ မှလွဲ၍ ကလေးတိုင်းက ၎င်းတို့၏ လိပ်လေးတွေ ဒါမှမဟုတ် ရွှေငါးလေးတွေကို သူတို့ ရှေ့ထားထားထားသည်။ ရံဖန်ရံခါ Garfield က အကြိမ်အနည်းငယ်မှ တညောင်ညောင်နဲ့အော်နေတတ်သည်။
ကျိုးစစ်မူက ၎င်း၏ခန္ဓာကိုယ်ကို ညင်သာစွာ ပွတ်သပ်ပေးပြီး ပြောလိုက်သည်။ "Soy Milk၊ စကားပြောဖို့မင်းရဲ့လက်ကိုမြှောက်ပြရမယ်။ ငါ့လိုမျိုးလုပ်"
ဆရာမက ပြောစရာစကားမရှိ ဖြစ်သွားသည်။
စားပွဲက ကလေးတွေက Soy Milk ကို အရမ်းသဘောကျ ကြသည်။
"စစ်မူ၊ ဒါ နင့်အဖေ မွေးထားတဲ့ကြောင်လား။ အရမ်းချစ်စရာကောင်းတာပဲ "
"ဟုတ်တယ် ဖေဖေက သူ့ကို ငါ့ဆီ ပို့ထားတာလေ Soy Milkက ငါ့ရဲ့ညီလေး"
"စစ်မူ၊ မင်းရဲ့ကြောင်က ငါးစားလား" သူ့ရှေ့က ကလေးတစ်ယောက်က ငါးကန်သေးသေးလေးကို တင်းတင်းကြပ်ကြပ် ကိုင်ထားသည်။
"ကြောင်တွေက ငါးစားတယ်၊ ဒါပေမယ့် အဖေက Soy Milk ကို ကြောင်စာ ကျွေးရမယ်လို့ ပြောထားတယ်"
ကလေးတွေက စိတ်ချလက်ချနဲ့ သူတို့ရဲ့ငါးကန်ကို ချထားလိုက်သည်။
ကျိုးစစ်မူ ဆက်ပြောလိုက်သည်။ "Soy Milk က ငါးစားရတာ ကြိုက်လားလို့ ငါသိချင်တယ်။ နင့်ရဲ့ငါးကို သူ့ကို ဘာလို့မကျွေးကြည့်တာလဲ။ ငါ့အဖွားက ပြောတယ် ငါးစားရင် ဉာဏ်ပိုကောင်းစေတယ်တဲ့ အဲ့တော့ Soy Milk လည်း ငါးစားရင် ဉာဏ်ပိုကောင်းလာလိမ့်မယ်"
သူ့ရှေ့က ကလေးက စပြီး ငိုတော့သည်။ "ဆရာမ၊ စစ်မူရဲ့ ဘေးမှာ မထိုင်ချင်တော့ဘူး၊ သူ့ကြောင်က သားရဲ့ငါးလေးကို စားသွားလိမ့်မယ်"
ဆရာမက သက်ပြင်းချလိုက်သည်။
နောက်ပိုင်းမှာ ဆရာမက ကျိုးရှို့လင်းနဲ့ ကျန်းရှောင်တို့ နှစ်ယောက်စလုံးဆီကို သူငယ်တန်းရဲ့ သင်ကြားမှုအစီအစဉ်နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ကြောင်တွေကို သူငယ်တန်းကျောင်းဆီ ခေါ်မလာစေဖို့ တောင်းဆိုခဲ့သည်။
ညနေပိုင်းတွင် ကျိုးရှို့လင်းက ကျန်းရှောင်နဲ့ တခြားသူတွေကို ခေါ်ရန် ဆေးရုံသို့ သွားခဲ့သည်။ ဖေဖေ ကျန်းက ဆေးရုံတင်ထားရပြီး ကျိုးရှို့လင်းက သူ့ရဲ့ ဖခင်ဖြစ်သူကို မည်မျှဂရုစိုက်ကြောင်းပြသကာ ကိစ္စများစွာကို ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ခဲ့သည်။
သူတို့ အဆောက်အဦးထဲက ထွက်လာချိန်မှာတော့ သတင်းသမားဖြစ်ပုံရတဲ့ အမျိုးသားတစ်ယောက် ကင်မရာကို ဆွဲထားပြီး အပေါက်ဝမှာရပ်နေတာကို သတိထားမိခဲ့သည်။
ကျိုးရှို့လင်းက သူ့သားကို ခေါ်လာခဲ့ပြီး စကားပြောခဲ့သည်။ "ဒါရိုက်တာ ကျင်းလည်း ဒီအဆောက်အဦးထဲမှာ ရှိပုံရတယ်။ သူက သူ့အတွက် ဓာတ်ပုံရိုက်ဖို့ ဒီမှာရှိနေတာဖြစ်မယ် "
ကျန်းရှောင် ပဟေဠိဖြစ်သွားသည်။ "ဒါရိုက်တာ ကျင်းလား "
"ကားထဲမှာ စကားပြောရအောင်၊ ကိုယ် မူမူကို ခေါ်ပြီး အရင်သွားလိုက်မယ်"
ကျန်းရှောင် ခေါင်းညိတ်လိုက်သည်။
သူတို့က သတင်းထောက်ကို လှည့်ပတ်ပြီး ကားဆီ ဘေးကင်းစွာ သွားခဲ့သည်။
ကျိုးရှို့လင်းက အိမ်ပြန်တဲ့အခါကျမှ ပဲပင်ပေါက်လေးကိုခေါ်လာပေးတဲ့ လျန့်ယွဲ့ရဲ့ အကြောင်း ရှင်းပြခဲ့သည်။
ကျန်းရှောင် စကားပြောနေစဥ် သူမရဲ့ အမူအရာက တည်ငြိမ်နေသည်။ "ကမ္ဘာကြီးက ဒီလောက်သေးငယ်လိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး"
သူမက ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ "ကျင်းကျုံးပိုင် ကျွန်မရဲ့နောက်ခံအကြောင်းကို သိထားတာ ကြာပြီလို့ ထင်လား"
ကျိုးရှို့လင်း ပြန်ဖြေလိုက်သည်။ "သူသိတာ မကြာသေးလောက်ဘူး"
"ဒါဆို သူ ကျွန်မအပေါ် ဘာလို့အရမ်းကောင်းပေးခဲ့တာလဲ။ ကျွန်မ စိတ်ပူမိတယ် " လို့ ကျန်းရှောင်က မှတ်ချက်ချခဲ့သည်။
"ဘာတွေ စိတ်ပူနေတာလဲ" ကျိုးရှို့လင်း မျက်ခုံးပင့်ကာ စေ့စေ့ကြည့်လိုက်သည်။ "မစ္စစ် ကျိုး၊ ကျင်းကျုံးပိုင်က မင်းအပေါ် ခံစားချက် ရှိနေတယ်လို့ မထင်ဘူး မဟုတ်လား"
ကျန်းရှောင် ရှက်ရွံ့သွားသော်လည်း "အင်း၊ ကျွန်မက အရည်အချင်းရှိတဲ့ အေးဂျင့်တစ်ယောက်ပဲလေ " လို့ ပြန်ဖြေဖို့ တွန့်ဆုတ်မနေခဲ့ပေ။
ကျိုးရှို့လင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "မင်းရဲ့သားနဲ့တစ်ပုံစံတည်းပဲ။ မင်း သူ့လက်ထောက်အဖြစ် လျှောက်ထားခဲ့ဖူးလို့ ဖြစ်နိုင်တာပဲ "
"ကျင်းကျုံးပိုင်က တစ်ခါတလေမှာ စိတ်ကူးယဉ်ဆန်လွန်းတယ်။ သူဘယ်လိုမိန်းမမျိုးကို ကြိုက်လဲ ကျွန်မ မသိဘူး" ကျန်းရှောင် သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည်။
"ကျွန်မ ပြီးခဲ့တုန်းက အစ်မရင်နဲ့ တွေ့ခဲ့တယ်၊ သူမက အခုထိ သူ့ကိုစောင့်နေတုန်းပဲ။ အစ်မရင်က ယီလု နဲ့ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကိုလည်း ပြောခဲ့တယ်။"
ကျင်းကျုံးပိုင်ရဲ့အရည်အချင်းတွေကြောင့် သဘာဝအားဖြင့် သူ့ကို အထင်ကြီးလေးစားစရာ ရှားပါးမှုမရှိပေမယ့် ဘာကြောင့် ဒီလောက်နှစ်တွေကြာအောင် ရည်းစားမထားခဲ့တာလဲ။ ကျန်းရှောင် ထူးထူးခြားခြား စူးစမ်းလိုစိတ်ဖြင့် မစ္စတာကျိုးကို မေးလိုက်သည်။
ကျိုးရှို့လင်း ကားကို စနှိုးလိုက်ပြီး သူတို့ တဖြည်းဖြည်း ကားလမ်းပေါ်ရောက်လာခဲ့သည်။
"သူက လူပျိုကြီး လုပ်မို့နေမှာပေါ့"ကျိုးရှို့လင်းက လေးနက်တဲ့ အသံဖြင့် ပြောလိုက်သည်။
ကျန်းရှောင် သက်ပြင်းချလိုက်သည်။ " အမှိုက်ပဲ"
...
ငြိမ်သက်နေတဲ့ လေထုက ဆေးရုံက လူနာဆောင်မှာ ပြည့်နေသည်။
ကျန်းယိက ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ထိုအချိန်တွင် တံခါးကို ညင်သာစွာ ခေါက်လာခဲ့သည်။
"ဝင်ခဲ့ပါ"
တံခါးက ကျယ်လောင်စွာ ပွင့်လာပြီး ဧည့်သည်ရဲ့ မွှေးရနံ့က သင်းပျံ့လာခဲ့သည်။
ကျန်းယိ တံခါးပေါက်ဆီ လှမ်းကြည့်လိုက်ရာ တစ်စုံတစ်ယောက် ဖြည်းညှင်းစွာ ဝင်လာသည်ကို မြင်လိုက်ရသည်။သူအံ့ဩသွားပြီး စကားပြောလိုက်တော့ သူ့နှုတ်ခမ်းတွေ တုန်ယင်သွားသည်။ "ဝမ်ဝမ်-"
လျန့်ယွဲ့ ကုတင်ဘေးသို့ လျှောက်သွားလိုက်သည်။ "ရှင် ခွဲစိတ်ထားတယ်လို့ ကြားတယ်"
ကျန်းယိရဲ့မျက်လုံးတွေ တဖြည်းဖြည်း အာရုံထဲပြန်မပေါ်မီ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။ "ကျေးဇူးပြုပြီး ထိုင်ပါ"