အခန်း (၈၉)
Vol. 7 Ch. 89
စားပွဲတစ်ဖက်တွင် ချန်းရင် တည်ငြိမ်တဲ့အမူအရာကို ဆင်မြန်းထားသည်။ "ဒီလုပ်ငန်းမှာ မန်နေဂျာတစ်ယောက်ဖြစ်ဖို့က မလွယ်ဘူးနော်"
ကျန်းရှောင် ပြုံးလိုက်သည်။ "အစ်မကတော့ဒါကိုနေသားကြနေလောက်ပြီပေါ့။ တောင်းပန်ပါတယ် ကျွန်မရဲ့ဖုန်းကို silentလုပ်ထားလိုက်ပါ့မယ်"
ထမင်းစားနေစဉ် ချန်းရင်ရုတ်တရက်မေးလိုက်သည် "ငါပြီးခဲ့တဲ့နှစ်ရက်လောက်က ကျင်းရှု့ရန် နဲ့တွေ့ခဲ့တယ် သူမက ဘီမြို့တော်မှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြခဲ့တယ်။ သူမ ဒီလောက်ထိ ခံနိုင်ရည်ရှိမယ်လို့ ငါ မမျှော်လင့်ထားဘူး"
ကျန်းရှောင် တိတ်တိတ်လေး နားထောင်နေခဲ့သည်။
"ကျိုးရှို့လင်းက သူ့ရဲ့လျှို့ဝှက်အိမ်ထောင်ရေးနဲ့ ကလေးမွေးဖွားမှုကို အတည်ပြုထားပြီးပြီ။ လုပ်ငန်းနယ်ပယ်က သူ့ကိစ္စတွေကို အရမ်းသိချင်နေကြတယ်။ လူတော်တော်များများက ကောလဟာလတွေဖြန့်ပြီး ရှာဖွေဖို့ ကြိုးစားနေကြတယ်။ ငါ့ကို ကလေးအမေလို့တောင် သံသယဖြစ်နေကြတယ်တဲ့" ချန်းရင် ရယ်မောရင်းပြောခဲ့သည်။
ကျန်းရှောင်ရဲ့ အမူအရာက အနည်းငယ်တင်းမာလာသည်။"လက်အောက်ငယ်သားတွေအနေနဲ့ ကျွန်မတို့ သူ့ရဲ့ကိစ္စတွေကိုအများကြီးမသိကြပါဘူး"
ချန်းရင်ရဲ့ အကြည့်က သူမမျက်နှာပေါ်တွင် တည်နေခဲ့သည်။ "ရှု့ရန်က တကယ့် မင်းသမီးလေးပဲ။ အဲဒီနေ့က ငါနဲ့ ဒီကိစ္စကို ပြောပြီးတော့ အကြာကြီး ငိုနေခဲ့တာ"
ကျန်းရှောင် အေးအေးဆေးဆေး ပြောလိုက်သည်။ "အချိန်ခဏလောက်ကြာသွားရင် သူမ အဆင်ပြေသွားပါလိမ့်မယ်"
ချန်းရင် ရေတစ်ငုံသောက်လိုက်သည်။ "ငါလည်း အဲ့လိုပဲထင်ပါတယ်။ မနေ့က သူမ အလုပ်ပြန်လုပ်တယ်လေ။ လူငယ်တွေက မြန်မြန်ဆန်ဆန်ပဲ ပြန်ပြီးစိတ်သက်သာလာတတ်ကြတယ် "
ကျန်းရှောင် ခေါင်းငုံ့ပြီး stake တွေအများကြီး စားလိုက်သည်။ ချန်းရင်က သူမရဲ့အစားအစာကို မထိတာကိုတွေ့တော့ သူမ မေးလိုက်သည်။ "မစားဘူးလား အစ်မရန် "
"ကယ်လိုရီတွေက အရမ်းများလို့။ ရေနဲ့ အသီးတွေပဲ စားတော့မယ်။"
ကျန်းရှောင် ရှက်သွားသည်။ ချင်ယီလု အကြောင်းတွေးရင်း သူမနှင့် အလွန်ညှာတာနေမိမှန်း သူမ သိလိုက်ရသည်။
ညစာစားပြီးနောက် ကျန်းရှောင်သည် ချင်ယီလု သို့ စာတိုတစ်စောင် ပေးပို့ခဲ့သည်။
[တစ်ပတ်အတွင်း ဆယ်ပေါင်ကျအောင်လုပ်။ ကျောက်မင်ကို ဝတုတ်ပြီး ထွားကြိုင်းတဲ့ ဗားရှင်းတော့ မပေးနဲ့ ]
ဝပြီး ထွားကြိုင်းတယ်....
ဒီစကားလုံးလေးလုံးကိုမြင်လိုက်ရတော့ ချင်ယီလု ရဲ့ စိတ်တွေ ကျသွားသည်။ သူမ တကယ်ကို ဝနေတာလား။
ဒေါသတကြီးဖြင့် Weibo တွင် သူမရဲ့ပုံနဲ့caption တင်ခဲ့သည် "သက်လတ်ပိုင်း၊ ဝဝတုတ်တုတ်နဲ့ထွားကျိုင်းတဲ့ မိန်းကလေးလား@ @ကျန်းရှောင် ၊ မန်နေဂျာ"
ရေချိုးပြီးတာနဲ့ ကျန်းရှောင်က ဒီ Weibo ပို့စ်ကို မြင်ပြီး forward လုပ်ခဲ့သည်။
"အဲ့ဒါ ဖြစ်တတ်ပါတယ်"
သူမ ပိုစ့်တင်လိုက်သည်နှင့် တပြိုင်နက် WeChat တွင် မက်ဆေ့ချ်တစ်ခုရရှိခဲ့သည်။
မစ္စတာ ကျိုး - နိုးနေတာလား။
ကျန်းရှောင် - အိပ်တော့မယ်။
မစ္စတာ ကျိုး - ဒီနေ့ မူမူ အတွက် ကြောင်လေးဝယ်ထားတယ်။
ကျန်းရှာင် - ...
မစ္စတာကျိုး - အဖေ ဝယ်ပေးတာ။
ကျန်းရှောင် ဘာပြောရမှန်းကို မသိတော့ဘူး၊ မကြာသေးခင်က ပဲပင်ပေါက်လေးက အဲဒါကို ထပ်ခါထပ်ခါ ပြောနေခဲ့တာ။
"ကြောင်လိုချင်တယ်" ဒါမှမဟုတ် "သားတို့မှာ ကြောင်လေးတစ်ကောင်လောက် မွေးထားချင်တယ်"လို့။ လူကြီးတွေက သူတို့ရဲ့သားသမီးတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်ကြသည်။
သူမပြန်ပြောလိုက်သည် - အဖွဲ့ဝင်အသစ်ကို ကြိုဆိုပါတယ်။
......
ကျန်းရှောင် အိမ်မှာမရှိတဲ့ချိန် ကျန်းယိက သူ့မြေးအတွက် Garfield ကြောင်တစ်ကောင်ကို ချက်ချင်းဝယ်ခဲ့သည်။ ကြောင်လေးက နဖူးမှာ ညိုဝါရောင် အမှတ်အသားလေးနဲ့ တစ်ကိုယ်လုံး အဖြူရောင်လေး ဖြစ်သည်။
ကျိုးရှို့လင်း ပြောခဲ့တာတွေက အမှန်ပဲ၊ တကယ်ချစ်စရာ ကောင်းတယ်။
ကျိုး မိသားစုမှ လူကြီးတွေက ပဲပင်ပေါက်လေးကို တုန်နေအောင်ချစ်ကြသည်။ ခုလည်း ကျန်းယိ ပြန်ရောက်လာတော့ သူတို့မှာ နောက်ထပ်လူကြီးတစ်ယောက်တိုးသွားပြီ။
ပဲပင်ပေါက်လေးက အဲ့တာကို ခဏခဏ ပြောနေခဲ့တော့ ကျန်းယိက ကျိုးရှို့လင်းနဲ့ သူ့အတွက်ကြောင်တစ်ကောင်ဝယ်ပေးဖို့ တိုင်ပင်ဆွေးနွေးခဲ့သည်။
ကျိုးရှို့လင်းက အစထဲက ကြောင်တစ်ကောင်ဝယ်ဖို့ စီစဉ်ထားတာကြောင့် သုံးလသားအရွယ် Garfield ကြောင်ကို ရွေးချယ်ခဲ့သည်။
အစည်းအဝေးပြီးတဲ့နောက် ကျန်းရှောင် အိမ်ပြန်ရောက်လာတော့ ကျန်းယိက သူငယ်တန်းကနေ ပဲပင်ပေါက်လေးကို ကြိုလာပြီးနေပြီဖြစ်သည်။
ပဲပင်ပေါက်လေးက ခွေးခြေခုံပေါ်တွင် ထိုင်ကာ ယုံကြည်မှုရှိရှိဖြင့် ကြောင်ကို ကြည့်နေသည်။
"ကြောင်ပေါက်လေး၊ ရေသောက်"
"ကြောင်ပေါက်လေး၊ ငါးမုန့်လေးလည်းစား "
....
ကျန်းယိက ကျန်းရှောင်ကိုပြောပြခဲ့သည်။ "သမီး ငယ်ငယ်တုန်းက ခွေးတစ်ကောင်မွေးဖူးတယ် ဒါပေမယ့် ခွေးလေး ထွက်ပြေးသွားတော့ သမီးဝမ်းနည်းနေခဲ့တာ အချိန်အကြာကြီးပဲ။ သမီးကို အိမ်နီးနားချင်းအိမ်ကနေ နောက်ထပ်ခွေးလေး တစ်ကောင်မွေးပေးမယ်လို့ အကြံပေးခဲ့ပေမယ့် သမီးက ငြင်းခဲ့တယ်။ အဲ့တုန်းက သမီးက မူမူရဲ့အသက်အရွယ်လောက်ပဲ "
ကျန်းရှောင် မျက်တောင်ခတ်လိုက်သည်။ "သမီး မမှတ်မိဘူး"
ကျန်းယိက ပြုံးပြီး စိတ်ခံစားမှု အရိပ်အမြွက်ပြတဲ့လေသံဖြင့် သက်ပြင်းချလိုက်သည်။ "မူမူက သမီး ငယ်ငယ်တုန်းကနဲ့ တူတယ်"
"မေမေ၊ သားတို့ကြောင်လေးကို နာမည်မပေးရသေးဘူး"
"သားက သူ့ကို ပြုစုပျိုးထောင်ပေးမယ့်သူဆိုတော့ သား နာမည်ပေးလို့ရတယ်"
ပဲပင်ပေါက်ကလေးက စေသေချာချာစဥ်းစားလိုက်သည် "ဒါဆို Soy Milk လို့ခေါ်ရမလား"
ဒါသိပ်ကောင်းတဲ့ နာမည်ပဲ။ ကျန်းရှောင် လက်မထောင်ပြလိုက်သည်။
"Soy Milk...Soy Milk..."
ရက်အနည်းငယ်ကြာပြီးနောက် ကျန်းယိက ဆေးစစ်ဖို့ ဆေးရုံဆီ သွားခဲ့သည်။
ကျန်းရှောင်ကတော့ စိုးရိမ်မှုအပြည့်နှင့် အာရုံမစိုက်နိုင်တော့ပေ။ ပဲပင်ပေါက်လေးတောင်ဒါကို ခံစားနိုင်သည်။ သူ့အဖိုး ဆေးရုံသွားမယ်ဆိုတာကိုကြားတော့ သူကျောင်းမသွားဖို့ တင်းတင်းကြပ်ကြပ် ငြင်းဆန်ပြီး အဖိုးနဲ့ ဆေးရုံ လိုက်သွားဖို့ လုပ်ခဲ့သည်။
ကျိုးရှို့လင်းမှာ ရွေးချယ်စရာ မရှိတာကြောင့် မိသားစုတစ်စုလုံး ကျန်းယိကို ဆေးရုံဆီ လိုက်ပို့ခဲ့ကြသည်။
ဆက်တိုက်စစ်ဆေးပြီးနောက် ကျန်းယိ၏ ဗိုက်ထဲတွင် အရွယ်အစား ၃ စင်တီမီတာခန့်ရှိတဲ့ အကျိတ်တစ်ခုတွေ့ရှိခဲ့သည်။
ဒေါက်တာ ကျန်းက ဤနယ်ပယ်တွင် ကျွမ်းကျင်သူဖြစ်ပြီး ခွဲစိတ်မှုကို တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခွဲစိတ်ပြီးတဲ့နောက် အကျိတ်က ပြန့်ပွားနေလား ဒါမှမဟုတ် ဆိုးရွားခြင်းရှိ၊ မရှိ ဆုံးဖြတ်ရန် စစ်ဆေးမှုပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ ကျိုးရှို့လင်းနဲ့ ကျန်းယိတို့ ဆရာဝန်ရဲ့ရုံးခန်းကို အတူတူဝင်သွားခဲ့သည်။
ကျန်းရှောင်နဲ့ ပဲပင်ပေါက်လေးတို့က ကော်ရစ်ဒါမှာ စောင့်နေကြသည်။ ကျန်းရှောင်ရဲ့ မျက်နှာက ဖျော့တော့နေပြီး မျက်ရည်တွေက ပါးပြင်ပေါ် တိတ်တဆိတ် စီးကျလာခဲ့သည်။
ပဲပင်ပေါက်လေးက လက်မြှောက်ပြီး သူမ မျက်နှာပေါ်ရှိ မျက်ရည်တွေကို သုတ်ပေးခဲ့သည်။ "မေမေ မငိုပါနဲ့"
"မေမေ့ရဲ့ မျက်လုံးထဲ အမှုန်တွေ ဝင်သွားလို့ပါ"
"ဒါဆို သား မှုတ်ပေးမယ်လေ။ ဖူး ......"ပဲပင်ပေါက်လေးက သူ့အမေရဲ့မျက်နှာကို သူ့လက်သေးသေးလေးနှစ်ဖက်နဲ့အုပ်ကိုင်လိုက်သည်။ "မေမေ၊ ဖိုးဖိုးက သေတော့မှာလား"
ကျန်းရှောင် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။
ပဲပင်ပေါက်လေး ငိုမဲ့မဲ့ဖြစ်နေသည်။ "မေမေ၊ သား ဖိုးဖိုးကို မသေစေချင်ဘူး"
"မသေပါဘူး ဖိုးဖိုးက နေကောင်းလာမှာပါ"
"မေမေ လိမ်နေတာ။ မေမေ ငိုနေတယ်!"
တစ်ခါတစ်ရံမှာ ဘဝကြီးက မတရားလွန်းဘူးလို့ ကျန်းရှောင် ခံစားမိသည်။ သူမရဲ့အဖေက အများကြီး ဖြတ်သန်းခဲ့ရတာကို တခြားသူတွေကျ စိတ်ပူစရာမလိုဘဲ ဘဝကို ဘာလို့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ရတာလဲ။
ကျိုးရှို့လင်း ရောက်လာတော့ နှစ်ယောက်စလုံး ဝမ်းနည်းကြေကွဲစွာ ငိုနေကြသည်ကို မြင်လိုက်ရသည်။ ပဲပင်ပေါက်လေးက နှပ်ချေးတွေတောင်ကျနေပြီ။
"ဘာတွေဖြစ်နေတာလဲ" ကျိုးရှို့လင်း စိုးရိမ်တကြီး မေးလိုက်သည်။
ပဲပင်ပေါက်လေးက ဝမ်းနည်းစွာနဲ့ ပြောလိုက်သည်။ "ဖိုးဖိုး သေတော့မယ် "
"မင်းက ဦးနှောက်မရှိတဲ့ ကလေးပဲ။ ဖိုးဖိုးက ခွဲစိတ်မှု လုပ်မလို့ပါ။ ခွဲစိတ်ပြီးသွားရင် နေပြန် ကောင်းလာမှာ" ကျိုးရှို့လင်းက သူတို့ရဲ့ မျက်ရည်တွေကို အမြန်သုတ်ပေးလိုက်သည်။
ကျန်းရှောင်က မျက်ရည်ကျနေတဲ့ မျက်လုံးတွေနဲ့မေးလိုက်သည်။ "ဒေါက်တာ ကျန်းက ဘာပြောလဲ"
"သူပြောတာက သူ့ရဲ့ နှစ်ပေါင်းများစွာရှိတဲ့ ဆေးခန်းအတွေ့အကြုံပေါ် အခြေခံပြီး ဒါက ဆိုးရွားတယ်လို့ ပြောလို့မရဘူးတဲ့။ အဖေက အလုပ်တွေ ပိုလုပ်ထားတာကြောင့် ကိုယ်အလေးချိန် အများကြီး ကျသွားတာလည်းဖြစ်နိုင်တယ် ပြီးတော့ သူ့ရဲ့သည်းခြေအိတ်မှာလည်း အသေးစား ပြဿနာနှစ်ခုလည်း ရှိသေးတယ်"
သားအမိနှစ်ယောက်လုံး သူ့ကို မျက်လုံးပြူးပြူးကြီးဖြင့် စိုက်ကြည့်နေကြသည်။
"ခွဲစိတ်မှုလုပ်မှာက မနက်ဖြန်မနက်။ မင်းတို့နှစ်ယောက် စိတ်မပူကြနဲ့တော့ " ကျိုးရှို့လင်းက ကျန်းရှောင်ရဲ့လက်ကို ဆုပ်ကိုင်ထားရင်း သူ့လေသံကို ဖြေလျှော့လျက် ပြောလိုက်သည်။
ကျန်းရှောင်ရဲ့ နှလုံးက တဖြည်းဖြည်း တည်ငြိမ်လာသည်။
နောက်တစ်နေ့ မနက်ခင်းမှာ ကျန်းယိက ပထမဆုံး ခွဲစိတ်မှုပြုလုပ်ခဲ့သည်။
ကျန်းရှောင်နဲ့ ကျိုးရှို့လင်းတို့က သူနဲ့ မေ့ဆေးပေးတဲ့အခန်းထိ လိုက်ပါခဲ့သည်။ ကျန်းယိက သူတို့နှစ်ယောက်ကို လက်ပြလိုက်သည်။ "အဆင်ပြေတယ်။ မင်းတို့ပြန်သွားပြီး မူမူ နဲ့နေနေကြ"
"ဖေဖေ၊ သမီးတို့ အပြင်မှာစောင့်နေမယ်နော် " ကျန်းရှောင် တုန်ယင်နေတဲ့ အသံဖြင့်ပြောလိုက်သည်။
ကျိုးရှို့လင်းက သူမရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ကျန်းယိကို အထဲသို့ ဘီးဖြင့် တွန်းသွားသည်ကို စောင့်ကြည့်နေခဲ့သည်။
သူနာပြုဆရာမက “မိသားစုဝင်တွေ ကျေးဇူးပြုပြီး တတိယထပ်မှာ ခဏစောင့်ပေးကြပါ ” လို့ ပြောခဲ့သည်။
ခွဲစိတ်မှုမှာ ငါးနာရီခန့်ကြာမြင့်သည်။
ဒီနေ့ မေမေကျိုးလည်း ရောက်လာခဲ့သည်။ ပြီးတော့ ပဲပင်ပေါက်လေးက အရာအားလုံးကို သိပုံရသည်။ တနေကုန် စကားမပြောဘဲ ခါတိုင်းလို ရွှင်မြူးပုံမပေါ်ပေ။
ကျန်းရှောင်က တလျှောက်လုံး မငြိမ်မသက် ဖြစ်နေခဲ့သည်။
မေမေကျိုးက သူမကို နှစ်သိမ့်ပေးနေခဲ့သည်။ "ဘာမှဖြစ်လာမှာမဟုတ်ပါဘူး ရှောင်ရှောင်၊ ထိုင်ပြီးစောင့်နေလိုက်ပါ"
"အမေ၊ ကျွန်မ အောက်ကိုတစ်ချက်သွားကြည့်လိုက်ဦးမယ် "ကျန်းရှောင် အခုမှ ငြိမ်သွားတာ။
မေမေကျိုးက သူမ စိတ်ပူနေမှန်းသိသည်။ "သွားသွား၊ အမေ မူမူကို ကြည့်ထားလိုက်မယ်"
ရလဒ်အနေဖြင့် မေမေကျိုး သန့်စင်ခန်းဝင်နေတဲ့အချိန်ခဏလေးမှာ ပဲပင်ပေါက်လေးက သူ့ဘာသာသူ လွှတ်ခနဲထွက်သွားခဲ့သည်။
ပဲပင်ပေါက်လေးက သူ့ဖိုးဖိုးကိုတွေ့ဖို့ အောက်ထပ်ကို ဆင်းချင်ခဲ့တာ။ ဒီအထပ်က အတွင်းလူနာခန်း၊ ဘေးနှစ်ဖက်မှာ အခန်းတွေရှိသည်။ သူထွက်သွားတာနဲ့ စိတ်ရှုပ်သွားသည်။
လျန့်ယွဲ့က သူ့ကိုမြင်တော့ သူမ ခြေလှမ်းတွေက အနည်းငယ် ရပ်တန့်သွားသည်။
သူမဘေးမှာ ရှိတဲ့ ဒါရိုက်တာ ကျင်းက မေးခဲ့သည်။ "ဘာဖြစ်လို့လဲ၊ ဒီကလေးကို သိလို့လား"
"ကျွန်မ သူ့ကို အရင်က မြင်ဖူးတယ်။ ပြီးခဲ့တုန်းက ရှောင်ရှောင်က သူ့ကို ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားမြို့ကို ခေါ်လာတာ" လျန့်ယွဲ့က ဒါရိုက်တာ ကျင်း ကို တွဲပေးထားသည်။
"ရှင့်ကိုအရင်ဆုံး အထဲလိုက်ပို့ပေးမယ်"
ဒါရိုက်တာ ကျင်းက မနေ့ညကမှ ခွဲစိတ်မှုခံယူထားတော့ လမ်းကို ဖြည်းဖြည်းပဲ လျှောက်ခဲ့သည်။
ပဲပင်ပေါက်လေးက သူနာပြုမမတစ်ယောက်ကို သွားရှာတော့မယ့်အချိန်မှာပဲ သူတို့ကိုမြင်သွားသည်။ သူ ယဉ်ယဥ်ကျေးကျေး မေးလိုက်သည်။
"အဖိုးနဲ့အဖွား မင်္ဂလာပါ။ ဓာတ်လှေကားက ဘယ်မှာရှိလဲဆိုတာ ပြောပြပေးလို့ ရမလား"
ဒါရိုက်တာ ကျင်းက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်ပေမယ့် စကား အများကြီးပြောဖို့ ခွန်အားမရှိနေပေ။
လျန့်ယွဲ့က မေးမြန်းလိုက်သည်။ "သူငယ်ချင်းလေး၊ မင်းရဲ့အဖေနဲ့အမေကော ဘယ်မှာလဲ"
ပဲပင်ပေါက်လေးက နှုတ်ခမ်းကို ဖိပြီးပြောလိုက်သည်။ "ဖေဖေနဲ့မေမေက ဖိုးဖိုးကို သွားကြည့်တယ်။ ဖိုးဖိုးက ခွဲစိတ်နေတာ။ သားလည်း ဖိုးဖိုးကိုသွားကြည့်ချင်လို့"
လျန့်ယွဲ့ ခဏလောက်စဉ်းစားလိုက်သည်။ "သူနာပြုမမကို မင်းကို အောက်ထပ်ကို ခေါ်သွားပေးဖို့ပြောသင့်တာပေါ့။ မင်းမိသားစုက မင်းကိုယ့်ဘာသာကို ထွက်လာတာကို မသိလောက်ဖူး"
ဒါရိုက်တာ ကျင်းက ထပ်ပေါင်းပြောလိုက်သည်။ "မင်း သူနဲ့လိုက်သွားပေးလိုက်လေ"
လျန့်ယွဲ့ က ပဲပင်ပေါက်လေးကို ကြည့်ပြီးပြောလိုက်သည်။ "မင်းဒီမှာ ခဏလေးပဲစောင့်။ အဖွားက အဖိုးကို သူ့အခန်းထဲ အရင်ခေါ်သွားပေးလိုက်ဦးမယ်နော်
ပဲပင်ပေါက်လေးက ခေါင်းညိတ်ပြီးပြောလိုက်သည်။ "အဖိုး၊ မြန်မြန်ပြန်ကောင်းလာပါစေ"
လျန့်ယွဲ့ က တခစ်ခစ်ရယ်လိုက်သည်။ ဒီကလေးက စကားကို ဘယ်လိုပြောရမလဲဆိုတာသိနေတာပဲ။ "အဖွားတို့အရင်က တွေ့ဖူးတယ်"
ပဲပင်ပေါက်လေးက ခေါင်းကိုစောင်းကာ လေးလေးနက်နက် တွေးလိုက်သည်။ "သား မေ့သွားပြီ"
လျန့်ယွဲ့ က ကျင်းထောင်ကို အိပ်ယာပေါ် ကူတင်ပေးပြီးပြောလိုက်သည်။ "ခဏနေ ပြန်လာခဲ့မယ်"
ထို့နောက် သူမက ပဲပင်ပေါက်လေးကို ဓာတ်လှေကားဝင်ပေါက်ဆီ ခေါ်သွားခဲ့သည်။