← Chapters

အခန်း (၉၀)

Vol. 7 Ch. 90

အခန်း (၉၀)

Vol. 7 Ch. 90

ပဲပင်ပေါက်လေးက သူမကို အကဲခတ်ပြီးမေးလိုက်သည်။ "အဖွား၊ အဖွားက နာမည်ကြီးလား"

"ဘာလို့လဲ။ မင်းက တို့ကို သိလို့လား"

"သားက အဖွားကို မှတ်မိတဲ့ အမျိုးအစားထဲကပါ"

လျန့်ယွဲ့ ပြုံးပြီးမေးလိုက်သည်။ "မင်းနာမည် ဘယ်လိုခေါ်လဲ"

အမှန်တော့ သူက ကလေးလေးသာဖြစ်ပြီး အချိန်အတော်ကြာ အတူတူရှိနေပြီးနောက်တွင် သူ့မိဘတွေရဲ့ ညွှန်ကြားချက်တွေကို မေ့လျော့သွားခဲ့သည်။ "သားရဲ့နာမည်အရင်းက ကျိုးစစ်မူပါ၊ ဒါပေမယ့် မေမေက သားကို ပဲပင်ပေါက်လေးလို့ခေါ်တယ်"

"ကျိုး..." လျန့်ယွဲ့ သံယောက်လိုက်ပြောလိုက်ပြီး သူ့ကို စစ်ဆေးဖို့ ဖြည်းညှင်းစွာနဲ့ ဆောင့်ကြောင့်လေးထိုင်လိုက်သည်။ "မင်းရဲ့အဖေက ကျိုးရှို့လင်းလား"

ကျိုးစစ်မူက သူ့ပါးစပ်ကို အုပ်လိုက်သည်။

"ဒါဆို မင်းရဲ့အမေက..." လျန့်ယွဲ့ လည်ချောင်းကအပေါ်အောက် ရွေ့လျားသွားပြီး သူမ မျက်နှာက တဖြည်းဖြည်း ဖျော့တော့လာသည်။ "မင်းအမေက ကျန်းရှောင် လား"

"ဟုတ်တယ်၊ အဖွားက ငါ့ရဲ့ဖေဖေ နဲ့မေမေရဲ့ သူငယ်ချင်းလား။ ဒါပေမယ့် အဖွားက အရင်က သားတို့အိမ်ကို မရောက်လာဖူးသေးတာလဲ"

လျန့်ယွဲ့က သူမတစ်ကိုယ်လုံးက ခွန်အားတွေ ယိုစီးကျလာသည်ကို ခံစားလိုက်ရပြီး သူမ အကြည့်တွေက လွတ်ထွက်သွားသည်။ အဲ့ဒါကို သူမ ဘာလို့ မတွေးခဲ့မိတာလဲ။ ဘာ့ကြောင့်များ အဲ့တာက သူမ စိတ်ထဲ လုံးဝမဖြတ်သွားခဲ့ရတာလဲ။

"အဖွား၊ ဓာတ်လှေကား ရောက်နေပြီ။ ပိတ်သွားတော့မယ်"

လျန့်ယွဲ့ရဲ့ ခြေထောက်တွေ အားနည်းသွားပြီး သူမ ပဲပင်ပေါက်လေးရဲ့ မျက်နှာကို တုန်တုန်ယင်ယင်ဖြင့် ထိလိုက်သည်။ "အသက်ဘယ်လောက်ရှိပြီလဲ"

ဓာတ်လှေကားတံခါးတွေ ပိတ်တော့မှာကို မြင်လိုက်ရတော့ ပဲပင်ပေါက်လေးက အထဲကို ပြေးဝင်သွားလိုက်သည်။ ကံကောင်းစွာနဲ့ပဲ လျန့်ယွဲ့က သူ့ကို အချိန်မီ ပြန်ဆွဲထုတ်ခဲ့ပြီး သူ့ကို တားဆီးခဲ့သည်။

"အန္တရာယ်များတယ် " လျန့်ယွဲ့က သူ့ခန္ဓာကိုယ်လေးကို ဆုပ်ကိုင်ထားခဲ့သည်။

ပဲပင်ပေါက်လေးက သူ့နှုတ်ခမ်းကို ကိုက်ထားသည်။ "သား မေမေ့ကို ရှာချင်တယ်!"

လျန့်ယွဲ့ ခက်ခက်ခဲခဲ မျက်တောင်ခတ်လိုက်သည်။ "အဖွားက မင်းကို အောက်ထပ်ခေါ်သွားပေးမယ်"

"ကျေးဇူးတင်ပါတယ် အဖွား"

လျန့်ယွဲ့ရဲ့ အသားအရောင်က ဖြူဖျော့သွားသည်။ "ငါ့ကို ဖွားဖွား(အမေဘက်က အဖွား)လို့ ခေါ်သင့်တယ်"

"ဖွားဖွားလား" ပဲပင်ပေါက်လေး နည်းနည်း ဝမ်းနည်းသွားသည်။ "သား အဖွားကို ဖွားဖွားလို့ မခေါ်နိုင်ဘူး"

"ဘာလို့မခေါ်နိုင်ရတာလဲ"

“ဖွားဖွားက မေမေ ငယ်ငယ်ကတည်းက ဆုံးသွားတာ ကြာပြီ"

ဓာတ်လှေကားက တစ်ထပ်ပြီးတစ်ထပ် ဆင်းလာသည်နှင့်အမျှ လျန့်ယွဲ့ အမူအရာက ပိုတောင့်တင်းလာပြီး သူမ၏ နှလုံးသားထဲတွင် ရောထွေးနေတဲ့ ခံစားချက်များ ပြည့်နှက်နေသည်။

ကျိုးစစ်မူ ခိုးထွက်သွားကြောင်း မေမေကျိုး သိလိုက်ရတဲ့အခါမှာ သူမ ထိတ်လန့်သွားပြီး တတိယထပ်မှာ သူ့ကို ရှာမတွေ့ခဲ့ပေ။

ကျန်းရှောင်နဲ့ကျိုးရှို့လင်း နှစ်ယောက်စလုံး ဒါကိုကြားတော့ စိတ်မသက်မသာ ဖြစ်သွားကြသည်။

ကျိုးရှို့လင်း ပြောလိုက်သည်။ "သူ အဝေးကြီးကို မသွားနိုင်ဘူး၊ စိတ်မပူနဲ့၊ ကိုယ် သူ့ကို သွားရှာလိုက်မယ်"

ကျိုးရှို့လင်း အဝေးကြီး မသွားရသေးခင်မှာပဲ လျန့်ယွဲ့လက်က ပဲပင်ပေါက်လေးကို ကိုင်ထားတာ တွေ့လိုက်ရသည်။

ပဲပင်ပေါက်လေးကလည်း သူ့ကိုတွေ့တော့ လျန့်ယွဲ့ ရဲ့လက်ကို ချက်ချင်းလွှတ်လိုက်သည်။ "ဖေဖေ-"

ကျိုးရှို့လင်း သူ့ကို ကောက်ချီလိုက်သည်။ "ဘာလို့အဲ့လို​ပြေးသွားတာလဲ"

"ဖိုးဖိုးကို တွေ့ချင်လို့"

ကျိုးရှို့လင်းက သူ့ကို ထပ်မဖိနှိပ်တော့ဘဲ လျန့်ယွဲ့ ကို လှည့်ကြည့်လိုက်သည်။ "ဆရာမလျန့် ကျေးဇူးတင်ပါတယ်"

လျန့်ယွဲ့ က သူ့ကိုကြည့်ပြီး မေးလိုက်သည်။ "ကျန်းယိ ခွဲစိတ်နေတာလား။ သူ့မှာ ဘာဖြစ်နေလို့လဲ"

ကျိုးရှို့လင်း ပြန်ဖြေလိုက်သည်။ "သူ့ရဲ့ဗိုက်ထဲမှာ အကျိတ်ရှိနေလို့"

လျန့်ယွဲ့ အသားအရောင်က ပိုဆိုးလာသည်။ "ငါ မူမူ ကိုကော်ရစ်ဒါမှာတွေ့လို့။ ရှောင်ရှောင်က ငါ့ကိုမုန်းနေတာ၊ သူ့ကလေးအကြောင်း ငါ့ကိုမပြောပြခဲ့ဘူး...... ဒီတော့ မင်းတို့ အတူတူ နေနေတာကြာပြီပေါ့"

ကျိုးရှို့လင်း စိတ်ပါလက်ပါပြောလိုက်သည်။ "ဆရာမ လျန့်၊ ဒါကို ပြင်ပကမ္ဘာမှာ လျှို့ဝှက်ထားဖို့ ကျွန်တော်တို့ သဘောတူထားတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ မိသားစုကလွဲလို့ ရှောင်ရှောင်နဲ့ ကျွန်တော့်အိမ်ထောင်ရေးအကြောင်း ဘယ်သူမှ မသိကြဘူး၊ ကျွန်တော် တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော်အခု သူမနဲ့အတူရှိနေပေးဖို့လိုနေလို့" အဲဒါနဲ့ သူလှည့်ထွက်သွားခဲ့သည်။

လျန့်ယွဲ့ တစ်ယောက်တည်း အဲ့နေရာမှာ ရပ်နေခဲ့သည်။

ကျိုးစစ်မူက သူမကို ပြုံးပြပြီး သူ့လက်လေးကို ဝှေ့ယမ်းခဲ့သည်။ "အဖွား ကျေးဇူးတင်ပါတယ်"

လျန့်ယွဲ့ ဆေးရုံက အခန်းထဲ သူမကို ဘယ်လိုပြန်သွားခဲ့တာလဲဆိုတာကို မသိခဲ့ပေ။ ဒါရိုက်တာ ကျင်းက သူမကို မှိုင်တွေနေတဲ့ အနေအထားနဲ့ တွေ့တော့ သူ စိတ်ပူသွားသည်။ "ဘာဖြစ်လာတာလဲ"

သူမရဲ့ အသံကို ဖြည်းဖြည်းချင်း ရှာတွေ့ခဲ့သည်။"အဲ့ဒီကလေးက ရှောင်ရှောင် ရဲ့သားတဲ့ "

"ဘာ"

"ပြီးခဲ့တဲ့အချိန်က သူ ကျွန်မဖိနပ်ကို ဖျက်ဆီးခဲ့မိလို့ ရှောင်ရှောင်က ကျွန်မကို လျော်ကြေးပေးခဲ့တယ်။" လျန့်ယွဲ့ လေသံထဲ ထေ့ငေါ့ခြင်းများဖြင့် ပြည့်နှက်နေသည်။ "သူက ကျွန်မသမီး၊ အဲဒီကလေးက ကျွန်မရဲ့မြေးအရင်းပဲ"

ဒါရိုက်တာ ကျင်း လိုရာအချက်ကို သိသွားသည်။ "သူက ဘယ်သူ့ကလေးလဲ"

လျန့်ယွဲ့က စကားလုံး တစ်လုံးချင်း တမင်ပြောခဲ့သည်။ "ကျိုးရှို့လင်းရဲ့ကလေး "

"ကျန်းရှောင်နဲ့ ကျိုးရှို့လင်း!" ဒေါက်တာ ကျင်းလည်း တော်တော် အံ့သြသွားသည်။

ကျင်းရှု့ရန်က သူမရဲ့ လက်ချောင်းထိပ်တွေမှာ ရေတွေ ရွှဲနေပြီး ရေချိုးခန်းမှ ထွက်လာခဲ့သည်။ "မေမေ၊ ရှောင်ရှောင် ဆိုတာ ကျန်းရှောင် အကြောင်းပြောနေတာလား။ပြီးတော့ သူမက အစ်ကိုကျိုးနဲ့လား"

လျန့်ယွဲ့က သူ့သမီးကို ရှော့ခ်ရစွာကြည့်နေသည်။ "ရန်ရန်-"

"မေမေ၊ မေမေ့မှာ ဘယ်တုန်းကသမီး ရှိခဲ့တာလဲ။ သမီးက ဘာလို့မသိခဲ့တာလဲ " လို့ကျင်းရှု့ရန် ခံစားချက်မဲ့စွာမေးလိုက်သည်။ "သူမက အစ်ကိုကျိုးနဲ့ရှိနေတယ်လို့ ပြောနေတာ မဟုတ်လား"

"ရန်ရန်-"

ကျင်းရှု့ရန်က ရုတ်​တရက်​ လှည့်​ပြီး ထွက်​ပြေးသွားခဲ့သည်။

ဒါရိုက်တာ ကျင်းက ထဖို့ကြိုးစားလိုက်သော်လည်း အမှတ်မထင် ဒဏ်ရာကို ဆွဲလိုက်သလိုဖြစ်သွားတော့ ပြင်းထန်စွာ နာကျင်သွားစေခဲ့သည်။

လျန့်ယွဲ့ သူ့ကိုထိန်းဖို့ အချိန်မရှိလိုက်ပေ။ သူမ ကျင်းကျုံးပိုင်ကို အမြန်ဖုန်းခေါ်လိုက်သည်။

"အန်တီလျန့်-"

"ကျုံးပိုင်၊ အန်တီ့မှာ အခုရှင်းပြဖို့အချိန်​မရှိဘူး။ ရန်ရန် ဆေးရုံကနေ ထွက်​​ပြေးသွားတယ်​။ သူမ ဒေါသထွက်နေတယ်။ ကျေးဇူးပြုပြီး သူမကို သွားရှာပေးပါလား"

"ကျွန်တော် သူမကိုတွေ့ရင် အန်တီ့ဆီ ဆက်သွယ်လိုက်ပါ့မယ်"

ကျင်းရှု့ရန် မယုံနိုင်ဖြစ်သွားသည်။ တကယ်တော့ သူမမှာ အစ်မတစ်ယောက်ရှိတယ် ပြီးတော့ အဲဒီအစ်မက ကျန်းရှောင်ဖြစ်နေတယ်။

ကျန်းရှောင်က သူမ ကြိုက်နေတဲ့ ယောက်ျားကိုတောင် လက်ထပ်ထားတာ။

ဘဝက ဒီ့ထက် ဇာတ်လမ်း ဆန်နိုင်ပါဦးမလား။

သူမအချိန်ဘယ်လောက်ကြာကြာ လမ်းလျှောက်နေမှန်းမသိဘဲ လမ်းတွေပေါ်မှာ ပန်းတိုင်မဲ့စွာ လျှောက်သွားနေခဲ့သည်။ ကျန်းရှောင်နဲ့ သူမရဲ့အမေက ရုပ်ချင်းခပ်ဆင်ဆင်တူတယ်လို့ သူမ အမြဲတမ်း ခံစားခဲ့မိတာက အံ့သြစရာမဟုတ်တော့ဘူး။ ကျန်းရှောင်က တစ်ချိန်လုံးသိနေခဲ့မှာပဲလေ မဟုတ်ဘူးလား။

သူမရဲ့ဖုန်းက မြည်လာပြီး တစ်ဖက်က အရှုံးပေးပြီး ဖုန်းခေါ်တာ ရပ်သွားတဲ့အထိ အသံတွေဆက်တိုက်ဆက်တိုက်မြည်နေခဲ့သည်။

သူ လမ်းထပ်မလျှောက်နိုင်တော့တဲ့အထိ အချိန်အတော်ကြာအောင် လမ်းလျှောက်နေခဲ့သည်။ သူမ ဖိနပ် ချွတ်ပြီး အနီးနားရှိ သစ်သားခုံတန်းလျားတွင် ထိုင်လိုက်သည်။

သူမရဲ့ ဖုန်းပြန်မြည်လာတဲ့အခါ အိတ်ကပ်ထဲက နေထုတ်ကြည့်လိုက်တော့ သူမရဲ့ အစ်ကို ခေါ်နေတာဖြစ်သည်။

"ဟယ်လို အစ်ကို" သူမရဲ့အသံက မျက်ရည်ကျနေတဲ့ အရိပ်အမြွက်ပြနေသည်။

"ဘယ်မှာလဲ"

ကျင်းရှု့ရန် ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူမရဲ့တည်နေရာကို ပေးလိုက်သည်။

"အဲ့ဒီကနေ မရွှေ့လိုက်နဲ့။ အစ်ကို မင်းကို လာခေါ်မယ်။ အစ်ကိုတို့ တွေ့တဲ့အခါမှ စကားပြောကြမယ်နော်"

မိနစ်နှစ်ဆယ်အကြာတွင် ကျင်းကျူံးပိုင်က သူ့ကားနဲ့ရောက်လာတော့ ငိုထားတာကြောင့် သူမရဲ့မိတ်ကပ်တွေပျက်နေတာကို သိလိုက်ရသည်။ သူက သူမဖိနပ်ကို ကောက်ကိုင်လိုက်ပြီး သူမကို ကူဝတ်ပေးဖို့အတွက် ငုံ့လိုက်သည်။

"မင်း အရွယ်ရောက်နေပြီ၊ အခုထိ ငိုနေတုန်းပဲလား။ မင်းကို လူတွေ ရယ်မှာမကြောက်ဖူးလား"

"သူတို့က ညီမကို မသိကြဘူး"

ကျင်းကျုံးပိုင်က သူမကိုဆွဲထူခဲ့သည်။ ကျင်းရှု့ရန်က လမ်းလျှောက်ထားရလို့ ပင်ပန်းနေပေမယ့် သူမရဲ့ စိတ်က အလွန်ကြည်လင်နေပြီး အတွေးတွေကို တောက်လျှောက် တွေးနေခဲ့သည်။

သူတို့အိမ်ပြန်ရောက်တော့ ကျင်းကျုံးပိုင် သူမကို ရေချိုးဖို့ အကြံပေးခဲ့ပေမယ့် သူမက ခေါင်းယမ်းခဲ့သည်။

"အစ်ကို၊ ကျန်းရှောင်ကလည်း မေမေ့ရဲ့သမီးပဲတဲ့"

ကျင်းကျုံးပိုင် သူမ ခေါင်းကိုပုတ်လိုက်သည်။ "ဟုတ်တယ်"

"အစ်ကို၊ အစ်ကိုလည်း ဒါကိုသိနေတယ်ပေါ့!" ကျင်းရှု့ရန် သက်ပြင်းတစ်ချက်ချလိုက်သည်။ "ဘာတွေဖြစ်ခဲ့တာလဲဆိုတာ အတိအကျပြောပြ"

ကျင်းကျုံးပို ကိုယ့်ကိုယ်ကိုစိတ်ထိန်းပြီး ပြောလိုက်သည်။ "အန်တီ လျန့် ငယ်ငယ်တုန်းက ကျန်းရှောင်ရဲ့အဖေနဲ့ ယူခဲ့ပေမယ့် နောက်ပိုင်းမှာ လမ်းခွဲလိုက်ကြတယ်"

"ဘာလို့ လမ်းခွဲလိုက်ကြတာလဲ"

"အန်တီလျန့်မှာ မင်းသမီးဖြစ်ဖို့ အိပ်မက်တွေ ရှိတယ် အဲ့အချိန်က ကျန်းရှောင်ရဲ့ အဖေက အနုပညာရှင် တစ်ယောက်လေ။ အေးဆေးတည်ငြိမ်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပြီး ဖျော်ဖြေရေးနယ်ပယ်ရဲ့ စွဲမက်ဖွယ်ကောင်းတာကို မကြိုက်တဲ့အပြင် သရုပ်ဆောင်အလုပ်ကို လည်း သူက အားမပေးဘူး "

"ဒါဆို ဒီနှစ်တွေတစ်လျှောက်လုံး မေမေက ကျန်းရှောင် ကို ဘာလို့ သွားမကြည့်ခဲ့တာလဲ"

ကျင်းကျုံးပိုင် ခေါင်းခါလိုက်သည်။

ကျင်းရှု့ရန် မျက်ခုံးကြုတ်လိုက်သည်။ "အ​မေလည်း နှလုံးသားမရှိဘူး "

ကျင်းကျုံးပိုင်က သူမကို ဒီလိုပြောလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

"ကျန်းရှောင်ရဲ့အဖေက နောက်အိမ်ထောင်ပြုထားလား"

"မပြုဘူး။ ကျန်းရှောင် အထက်တန်းကျောင်းတက်တော့ ကျင်း မြို့တော်ကိုလာပြီး သူမရဲ့အန်တီနဲ့ အတူနေခဲ့တာ။ တစ်နှစ်ကြာတော့ သူမရဲ့အန်တီတို့ မိသားစု နိုင်ငံခြားကို ထွက်သွားတော့ တက္ကသိုလ် ဘွဲ့ရတဲ့အထိ သူမ တစ်ယောက်တည်း ကျောင်းဆောင်မှာ နေခဲ့တယ်”

"သူမရဲ့အဖေက သူမကို ဂရုမစိုက်ဘူးလား"

"အစ်ကိုသိထားတာက သိပ်အများကြီးမဟုတ်ဘူး။ သူမရဲ့အဖေက ပန်းချီဆွဲဖို့ မကြာခဏ ခရီးထွက်လေ့ရှိတော့ ကျန်းရှောင်က ငယ်ငယ်ကတည်းက သူ့ဘာသာသူ နေခဲ့ရတာ။ သူမက တော်တော်လေး အမှီအခိုကင်းပြီး တက္ကသိုလ်မှာ ကျူရှင်အတွက် ကိုယ်ဘာသာကိုယ် ပိုက်ဆံရှာရတယ်"

ကျင်းရှု့ရန် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ "ပင်ပန်းနေပြီ အိပ်တော့မယ်"

ကျင်းကျုံးပိုင် လျန့်ယွဲ့ကို့ ဖုန်းခေါ်လိုက်သည်။ "ကျွန်တော် ရှု့ရန် ကို ပြန်ခေါ်လာပြီး၊ သူမရဲ့ စိတ်ခံစားမှုတွေ အဆင်ပြေနေတဲ့ပုံပဲ"

"ကျုံးပိုင် ကျေးဇူးတင်ပါတယ်နော်"

" ကျေးဇူးပြုပြီး အရမ်းကြီး စိတ်မပူပါနဲ့ အဖေရော အန်တီရော။ ရှု့ရန်က တော်တော်လေး ဥာဏ်ကောင်းပါတယ်။ အန်တီလျန့်၊ အန်တီနဲ့ ကျန်းရှောင်ရဲ့ အခြေအနေကို ကျွန်တော် စောစောတုန်းက သူမကိုပြောပြလိုက်ပြီ"

လျန့်ယွဲ့ရဲ့အသံက ငြီးငွေ့နေပုံရသည်။ "သူမကို ​ပြောပြလိုက်လည်း အဆင်​​ပြေပါတယ်​"

"အန်တီ လျန့်၊ ရှု့ရန်က အရွယ်ရောက်နေပါပြီ၊ သူမမှာကိုယ်ပိုင် အတွေးတွေ ရှိတယ်။ ကျွန်တော် ဒီနေ့ သူမနဲ့ အိမ်မှာနေလိုက်မယ်။ သူမ နိုးလာတဲ့အခါကျမှ ကျွန်တော်တို့ စကား ပြောလိုက်မယ်"

ကျင်းကျုံးပိုင်က ဒီလျှို့ဝှက်ချက်ကို လူတိုင်းသိလိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် သူ့နားထင်တွေကို ပွတ်လိုက်မိသည်။

All Chapters