အခန်း (၁၁၃)
Vol. 9 Ch. 113
အားလုံးက ကျန်းရှောင်ကို ကြည့်လိုက်ကြကာ သူမနောက်ထပ်ပြောမည့်စကားကိုကြားလိုစိတ်ပြင်းပြနေပုံရသည်။
ကျန်းရှောင်က သူမရှေ့ရှိ ဖန်ခွက်ကို ကောက်ကိုင်လိုက်ပြီး ရေတစ်ငုံသောက်ကာ စကားပြောခဲ့သည်။ "ကျွန်မအမျိုးသားနဲ့ ကျွန်မ ပထမဆုံးစတွေ့တုန်းက သုံးနှစ်အတွင်းမှာ ကျွန်မ ထိပ်တန်း ကိုယ်စားလှယ်တစ်ယောက်ဖြစ်လာရမယ်လို့ ကိုယ့်ကိုယ့်ကို ရဲရဲတင်းတင်းပြောခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ လေးနှစ်မြောက်နေပြီ ကျွန်မ ဒီကနဦးဆန္ဒကို မဖြည့်ဆည်းနိုင်သေးဘူး”
"စိတ်ပျက်အားမလျှော့လိုက်ပါနဲ့၊ မင်းက ငယ်ပါသေးတယ်"
ကျန်းရှောင် ပြုံးပြီး ဆက်ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မအမျိုးသားက ကျွန်မရဲ့အလုပ်ကို အမြဲတမ်း ပံ့ပိုးပေးခဲ့တယ်။ ကျွန်မ လုပ်ချင်တာမှန်သမျှကို သူ ဘယ်တုန်းကမှ မကန့်ကွက်ခဲ့ဘူး။ ကျွန်မတို့သားက အသက်သုံးနှစ်ခွဲပဲရှိသေးတယ်၊ အပြင်ထွက်တဲ့အခါကျရင် ဖော်ထုတ်ခံရမှာကို သတိထားနေရတယ်။ ကျွန်မ သူ့အပေါ် အမြဲတမ်း အကြွေးတင်နေသလို ခံစားမိနေတယ်"
"အစ်မကျန်း၊ အစ်မက အစ်ကို ရှို့လင်း အကြောင်းလား ဒါမှမဟုတ် ကလေးအကြောင်း ပြောနေတာလား"
"နှစ်ခုလုံးပဲ !" ကျန်းရှောင်က မေးစရာရှိနေတာကို ပြတ်ပြတ်သားသားပြောခဲ့သည်။
ကျိုးရှို့လင်းက သူမကိုကြည့်ဖို့ ခေါင်းလှည့်ပြီး ပြောလိုက်သည်။ "မင်းသိထားတာ ကောင်းပါတယ်" သူမရဲ့ဆံပင်တွေကို ပွတ်သပ်ဖို့လည်း လက်လှမ်းခဲ့သည်။
ကျန်းရှောင်ပြန် ပြုံးပြလိုက်ပြီး စကားဆက်ပြောခဲ့သည်။ "ကျွန်မက single-parent မိသားစုက လာတာ၊ပြီးတော့ အမြဲတမ်း မလုံခြုံဘူးလို့ ခံစားခဲ့ရတယ်။ ဒီနှစ်တွေမှာ ကျွန်မအမျိုးရဲ့ နားလည်ပေးမှုကနေ ထိန်းထားလာနိုင်ခဲ့တာ"
သူမက ခဏရပ်တန့်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်မ ဒီပရိုဂရမ်ကို မလာခင် ကျွန်မ ဆုံးဖြတ်ချက်ချခဲ့တယ်၊ ကျွန်မ အရည်အချင်းရှိတဲ့ အေးဂျင့်တစ်ယောက်အနေနဲ့ အလုပ်မလုပ်တော့ဘူး "
သူမ ပြောချလိုက်တော့ အခန်းတွင်းရှိ လေထုက ချက်ချင်းပြောင်းလဲသွားခဲ့သည်။
"ကျန်းရှောင် ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ကျွန်မက သားလေးနဲ့ မစ္စတာ ကျိုးကို အချိန်ပိုပေးချင်လို့ပါ" လို့ပြောလိုက်ပြီး ခေါင်းကိုစောင်းက ကျိုးရှို့လင်းကို ကြည့်လိုက်သည်။ သူမရဲ့မျက်လုံးတွေက အထူးလှပပြီး တိတ်ဆိတ်နေသော်လည်း စွဲမက်ဖွယ်ကောင်းသည်။
ကျိုးရှို့လင်းက သူမလက်ကို ဆုပ်ကိုင်လိုက်သည်နှင့် သူ၏ ကနဦး အံ့အားသင့်မှုက လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
"ဟုတ်ပါတယ်၊ ကျွန်မက နောက်ကွယ်ကနေ အလုပ်တွေမှာ ပါဝင်နေဦးမှာပါ" ဟု ကျန်းရှောင်က ဆက်ပြောပြလိုက်သည်။ "အနာဂတ်မှာ ကျွန်မတို့တွေ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
အခန်းထဲတွင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထိုညတွင် ကျန်းရှောင်က "A Little Happiness" သီချင်းကို သီဆိုခဲ့သည်။
သူမက မစ္စတာကျိုး အတွက် သီချင်းတစ်ပုဒ်ဆိုဖို့ စိတ်ကူးထားခဲ့တာ။ အခုတော့ သူမမှာ အခွင့်အရေးရလာပြီ။
ကြယ်တွေနဲ့ လတို့ဟာ ကောင်းကင်ယံ၌ စွဲမက်ဖွယ်ကောင်းသော လရောင်တို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူမက အလယ်မှာ ရပ်ကာ သာယာဖွယ်ကောင်းစွာ သီချင်း သီဆိုခဲ့သည်။
ပတ်ဝန်းကျင်မှာ လူတွေ အများကြီးရှိပြီး သူမရဲ့အကြည့်ကတော့ သူ့တစ်ယောက်တည်းဆီမှာပဲ။
သူနဲ့တွေ့ဆုံခွင့်ရတာက သူမအတွက် ကံကောင်းခြင်းတစ်ခုပင်။
ရင်ခုန်စရာကောင်းတဲ့ အခိုက်အတန့်လေးမှာ ရှင့်ကိုတွေ့ခွင့်ရလို့ ကျေးဇူးတင်ပါတယ်..
သူ့မိဘတွေ ပျော်ရွှင်စွာ အပြင်ထွက်နေချိန်တွင် ကျန်းစစ်မူမှာတော့ ကျောင်းတက်နေရဆဲပင်။ သောကြာညနေခင်းမှာ သူ့အဖွားက သူ့ကိုလာကြိုခဲ့သည်။
သူက ဖားပုံသဏ္ဍာန် ကျောပိုးအိတ်လေးကိုလွယ်ထားပြီး အထဲမှာ ယွမ် ၁၀၀ တန် ငွေစက္ကူ အနည်းငယ် ရှိသည်။ အဲဒီညမှာ သူ့အဖိုးက သူ့ကို ပုံပြင်တွေပြောပြပြီးသူက မသက်ဆိုင်တဲ့ မေးခွန်းတွေ ဆက်တိုက်မေးခဲ့သည်။
"မေမေက ဘာလို့ အလုပ်ကိစ္စနဲ့ခရီး သွားရတာလဲ ဖေဖေကကော ဘာလို့ လိုက်သွားရတာလဲ"
"မင်းအဖေက မင်းအမေနဲ့ အတူတူ အစီအစဉ်မှာ ပါဝင်ဖို့၊ အပျော်သက်သက်သွားတာ မဟုတ်ဘူး" ဖေဖေကျိုး က သူ့မြေးရဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာစေဖို့ မျှော်လင့်ပြီး ရှင်းပြခဲ့သည်။
"မေမေကကော သားကို ဘာလို့ မခေါ်သွားတာလဲ။ မိဘတွေက သူတို့ သားသမီးတွေကို ခရီးတွေထွက်ရင် ခေါ်သွားလေ့ မရှိဘူးလား"
"မင်းအမေ ပါရတဲ့ အစီအစဉ်က ဒီလိုမျိုး အစီအစဉ် မဟုတ်ဘူး"
"မေမေက ဘယ်ကိုသွားတာလဲ"
"ယွင်နီမြို့"
"ယွင်နီမြို့က ဘယ်မှာရှိတာလဲ"
“အဲ့တာက…” ဖေဖေ ကျိုးက အသေးစိတ်ရှင်းပြခဲ့သည်။
ပဲပင်ပေါက်လေး မျက်တောင်ခတ်ပြီး အကုန်လုံးကိုမှတ်ထားခဲ့သည်။ "အဖိုး၊ သားအိပ်ချင်နေပြီ"
ဖေဖေကျိုးက သူ့ခေါင်းလေးကိုပုတ်ပြီး ပြောလိုက်သည်။ "အဖိုး သွားတော့မယ်နော်"
နွေးထွေးညင်သာသော အလင်းရောင်ကို ပေးစွမ်းသော အခန်းထဲတွင် ကာတွန်းဆီအိမ်တစ်လုံးရှိသည်။ ဖေဖေကျိုး ထွက်သွားသည်နှင့် ကျိုးစစ်မူက လျင်မြန်စွာထကာ ရောင်စုံခဲတံနှင့် စာရွက်ကိုယူကာ စာရွက်ပေါ်တွင် လမ်းကြောင်းတစ်ခုကို စတင်ရေးဆွဲခဲ့သည်။
ဆွဲ ပြီးသွားတဲ့အခါ သူ့ကျောပိုးအိတ်သေးသေးလေးထဲမှာ မြေပုံကို ထည့်လိုက်သည်။
နောက်နေ့မနက်မှာ ဖေဖေကျိုးက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ဖို့ ထွက်သွားပြီး မေမေကျိုးက ကျိုးယန်ယန်ကို ပြုစုနေတုန်း ကျိုးစစ်မူက အခွင့်အရေး ယူပြီး ထွက်သွားခဲ့သည်။
မေမေကျိုးက သူ့ကို မုန့်ကျွေးဖို့ ခေါ်တဲ့အခါ ကလေးက ဘာမှ မတုံ့ပြန်လာခဲ့ဘူး။ တစ်ခုခုလွဲနေပြီဆိုတာ သူမ သဘောပေါက်ခဲ့ပြီး အိမ်ကြီးရဲ့အပေါ်ထပ်အောက်ထပ် ဇောက်ထိုးလှန်လုနီးပါး ရှာဖွေခဲ့ပေမယ့် ကျိုးစစ်မူရဲ့ အရိပ်အယောင်မတွေ့ခဲ့ရပေ။
မေမေ ကျိုးက ဖေဖေကျိုးကို အမြန်ဖုန်းခေါ်လိုက်သည်။ "စစ်မူ ကို ရှင်နဲ့အတူ ခေါ်သွားတာလား"
ဖေဖေ ကျိုး ဖျော့တော့သွားခဲ့သည်။ "သူ အိမ်မှာမဟုတ်ဘူးလား"
မေမေကျိုး အံကြိတ်ရင်း ပြန်ပြောလိုက်သည်။ "မဟုတ်ဘူး၊ သူ ဒီမှာ မရှိဘူး!"
ဒါကိုကြားတော့ ဖေဖေ ကျိုး စိတ်ပူလာသည်။ "အခုလောလောဆယ် ထိတ်လန့်မနေနဲ့။ ကိုယ်ချက်ချင်း ပြန်လာခဲ့မယ်။ သူ အပြင်ထွက်ပြီး ကစားနေတာ ဖြစ်နိုင်တယ်"
မေမေကျိုးက အရမ်းစိုးရိမ်နေပေမယ့် ကျိုးယန်ယန်က သူမကိုနှစ်သိမ့်ပေးခဲ့သည်။ "အမေ စိတ်မပူပါနဲ့။ မူမူ ထွက်မပြေးလောက်ပါဘူး။ သူ့အခန်းထဲမှာ တစ်ခုခုများ ပျောက်နေလားဆိုတာ စစ်ဆေးကြည့်လိုက်"
မေမေ ကျိုး စစ်ဆေးကြည့်လိုက်တော့ ကျောပိုးအိတ်သေးသေးလေးလည်း ပျောက်နေတာကို တွေ့လိုက်ရသည်။
ကျိုးယန်ယန် စဥ်းစားချင့်ချိန်ခဲ့သည်။ "သူ အိမ်ကနေ ထွက်ပြေးသွားတာများလား"
မေမေကျိုးရဲ့ မျက်နှာက ဖြူဖျော့သွားခဲ့သည်။
"အမေ၊ သူ အစ်ကို့ကို သွားရှာတာပဲနေမယ်။ မနေ့ညက သူ့အမေကို တွေ့ချင်တယ်လို့ တစ်ချိန်လုံးပြောနေခဲ့တာ မဟုတ်လား"
"သူက အရမ်းငယ်သေးတယ်။ သူလမ်းတွေကို ဘယ်လိုရှာမလဲ၊ လမ်းမှာ လူဆိုးတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ"
ထိုအချိန်တွင် ကျိုးယန်ယန် ဘာမှမပြောနိုင်တော့ပေ။သူမ များများပြောလေလေ၊ သူမရဲ့အမေက ပိုပြီးစိတ်ပူလေလေပင်။ သူမ ခဏလောက်စဉ်းစားပြီး စုန့်ယိဝမ်ကို ဖုန်းခေါ်လိုက်သည်။
သူ့မှာက ရဲစခန်းက အတန်းဖော်တစ်ယောက်ရှိတော့ ကျိုးစစ်မူ ရှာပေးဖို့ အကူအညီတောင်းခဲ့သည်။
ကျိုးစစ်မူက ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားကာ ကျောပိုးအိတ်လေးကို လွယ်ထားပြီး ရပ်ကွက်ထဲက ထွက်သွားခဲ့သည်။ သူက မှတ်ဉာဏ်ကောင်းတော့ လမ်းတစ်လျှောက်လုံး ပလက်ဖောင်းပေါ်က တက်သွားခဲ့သည်။
ကံမကောင်းစွာဖြင့်၊ သူသည် စကားလုံများစွာကို မသိခဲ့ဘဲ သူဘယ်ကိုသွားရမည်ကို မသိခဲ့ပေ။
နောက်ဆုံးတွင် လမ်းဘေးမှာ မိနစ်နှစ်ဆယ်ကျော်လောက် ရပ်နေခဲ့ပြီး လမ်းပြခိုင်းဖို့ ပလတ်ဖောင်းပေါ်ရှိ မိန်းမချောလေးတစ်ဦးဆီ ချဥ်းကပ်သွားခဲ့သည်။
ထိုကောင်မလေးက ပိတ်ရက်တွင် အပိုသင်ခန်းစာများ သင်ယူရန် ထွက်လာသော အထက်တန်းကျောင်းသူလေးဖြစ်သည်။ သူမ ဒီမုန်လာဥနီခေါင်းလေးကို တစ်ယောက်တည်းမြင်လိုက်ရတော့ အံ့အားသင့်သွားသည်။ “ကလေး ဘယ်သွားမလို့လဲ"
"ယွင်နီမြို့ကို"
"အဲ့တာက တော်တော်ဝေးတယ်။ ကလေးရဲ့ အဖေနဲ့အမေ ကော"
"အဖေနဲ့အမေက အဲ့မြို့မှာ "
"မောင်လေး၊ မောင်လေးရဲ့အိမ်ကဘယ်မှာလဲ၊ မမ မောင်လေးကို ပြန်ပို့ပေးမယ်လေ။ မောင်လေး တစ်ယောက်တည်း ထွက်သွားရင် မောင်လေးကို သူစိမ်းတွေ ပြန်ပေးဆွဲသွားနိုင်တယ်"
ကျိုးစစ်မူက နှုတ်ခမ်းကို ဖိပြီး ပြောလိုက်သည်။ " တက္ကစီခေါ်ပေးလို့ရမလား၊ သားရဲ့အမေကိုရှာဖို့ တက္ကစီစီးသွားလို့ရတယ်၊ သားမှာ ပိုက်ဆံရှိတယ် " သူ့ကျောပိုးအိတ်လေးကိုဖွင့်ပြီး ချောမောလှပတဲ့ မိန်းမငယ်လေးကို ပြလိုက်သည်။
ကောင်မလေးက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ "ဂီး ၊ ငါ့ရဲ့စရိတ်ထက် ပိုက်ဆံ ပိုများသားပဲ"
ကျိုးစစ်မူ ပြုံးလိုက်သည်။ "ဒါ လောက်တယ် မဟုတ်လား"
ကောင်မလေးက သူ့လက်ကိုဆွဲပြီးပြောလိုက်သည်။ "အင်း မမ ကုသိုလ်ကောင်းမှုတစ်ခု လုပ်ပါရစေ၊ မမလည်း အတန်းမတက်ချင်ဘူး။ ဟားဟား"
ကျိုးစစ်မူ မော့ကြည့်ပြီးပြောလိုက်သည်။ "မေမေက သားကို စာကြိုးစားဖို့ ပြောတယ်။ မမက အတန်းပျက်မလို့လား မမ"
ကောင်မလေးက ပြန်ပြောလိုက်သည်။ "သေချာပေါက် မပျက်ပါဘူး။ မမက သင်ယူရတာ ဝါသနာပါတယ်။ မောင်လေး၊ မင်းစကားတွေ အများကြီးပြောနေပြီ၊ မမ မင်းကို ကူညီနေတာပဲ၊ ခဏနေ ရဲစခန်းကို လိုက်ပို့ပေးမယ်"
"ကျေးဇူးတင်ပါတယ် မမ။ မမက အရမ်းလှတယ်လို့ သားထင်တယ်"
ကောင်မလေးက မှင်သက်သွားခဲ့သည်။ "အခုခေတ်ကလေးတွေက ဒီလိုစကားချိုချိုလေးတွေ ပြောတတ်တာပဲလား။ မင်းက အရမ်းငယ်သေးတာကို ပရောပရီလုပ်တတ်နေပြီလား"
ခဏအကြာတွင် ကျိုးစစ်မူကို ရဲစခန်းဆီ ခေါ်ဆောင်သွားခဲ့သည်။
မိန်းကလေးက ရဲကားကို ညွှန်ပြလိုက်သည်။ “ရဲအရာရှိက မောင်လေးကို အိမ်ပြန်ခေါ်သွားပေးလိမ့်မယ်နော်"
ကျိုးစစ်မူ ပီတိဖြစ်သွားသည်။ "သားရဲ့အတန်းဖော် ရန်ရန် ကပြောတယ် ရဲအရာရှိကြီးက သားရဲ့အမေကို ရှာတွေ့ဖို့ ကူညီပေးမှာတဲ့"
ရဲအရာရှိက ဇာတ်လမ်းတစ်ခုလုံးကို သိသွားတာကြောင့် မပြုံးဘဲမနေနိုင်ခဲ့ချေ။
ကျိုးစစ်မူက သူ့ရဲ့သရုပ်ဆောင်တာကိုစလုပ်ပြခဲ့သည်။ " သားအမေ အိမ်ပြန်မလာတာ ရက်တော်တော်ကြာပြီ၊သား သူ့ကို အရမ်းလွမ်းလှပြီ။ သား အစားလည်းကောင်းကောင်း မစားနိုင်ဘူး ရဲအရာရှိကြီး၊ ကြည့်ပါဦး၊ သားရဲ့ဗိုက်က သေးသေးလေးဖြစ်လာပြီ" စကားပြောနေရင်းနဲ့ သူ့ဗိုက်ကို ပုတ်လိုက်သည်။
ရဲအရာရှိအချို့က ၎င်းတို့၏ အပြုံးများကို ထိန်းထားရန် ရုန်းကန်ခဲ့ရသည်။
"သားက ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် ထွက်လာရတာလဲ၊ လူဆိုးနဲ့တွေ့သွားရင် ဘယ်လိုလုပ်မလဲ။" လို့အရာရှိတစ်ယောက်က မေးလိုက်သည်။
"ဒါပေမယ့် သားအဖေက သားရဲ့အမေကိုတွေ့ဖို့ ခိုးထွက်သွားတော့ သွားလည်း သွားချင်တာပေါ့ " သူက လက်နှစ်ချောင်းတောင် မြှောက်ပြခဲ့သည်။ “ဖေဖေက သူ့ကို နှစ်ကြိမ်သွားတွေ့တာ"
"သားရဲ့အဖေနဲ့အမေ နာမည်ကိုသိလား"
"သားအဖေနာမည်က ကျိုးရှို့လင်း သားအမေနာမည်က ကျန်းရှောင် " သူ မျက်ခုံးကြုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
“သားအမေနဲ့ အဖေ့ရဲ့နာမည်တွေကို ဘယ်သူ့ကိုမှ ပြောလို့မရပေမယ့် ဦးဦး ရဲအရာရှိမို့လို့ နာမည်ပြောပြလိုက်တာက အဆင်ပြေလောက်မှာပါ"
"ဘာလို့ တခြားသူတွေကို ပြောလို့မရတာလဲ"
"အမေ့အလုပ်အတွက် လျှို့ဝှက်ထားမှရမယ်" အဲ့တာက အရေးကြီးတဲ့ကိစ္စတစ်ခုလို သူ သက်ပြင်းချလိုက်သည်။ "တကယ်တော့ သားမှာ သီအိုရီတစ်ခုရှိတယ်....."
"အဲဒါဘာလဲ"
"သားက အဖေကောက်ရလာတဲ့ ကလေးဖြစ်မယ်ထင်တယ်"
ရဲအရာရှိတွေ ကြက်သေသေသွားကြသည်။ “အခုခေတ် ကလေးတွေမှာ အဲဒီလို ကွက်ကွက်ကွင်းကွင်း စိတ်ကူးတွေယဉ်တတ်ကြတာလား"
ကျန်းရှောင် ရဲအရာရှိဆီမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ ထိတ်လန့်သွားခဲ့သည်။
"ဟယ်လို၊ ဒါမစ္စစ် ကျန်းလားခင်ဗျ။ ကျွန်တော်က XXပါ ပြည်သူ့လုံခြုံရေဌာနကနေ ဖုန်းဆက်နေတာ..."
ကျန်းရှောင် အလွန်ထိတ်လန့်သွားပြီး သူမ၏ ခြေထောက်တွေတောင် အားနည်းသွားခဲ့သည်။ "ရှို့လင်း၊ ပဲပင်ပေါက်လေး အိမ်ကနေ ထွက်ပြေးသွားလို့တဲ့"