အခန်း (၁၁၆)
Vol. 9 Ch. 116
ကျိုးစစ်မူက ကျန်းရှောင်၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားကာ သနားစရာကောင်းသည့်ပုံပေါ်နေပြီး ခွေးရူးပြန်ကာကွယ်ဆေးထိုးခံနေရသည်။
ကံကောင်းထောက်မစွာ လျန့်ယွဲ့ ၏အကူအညီဖြင့် တန်းစီခြင်းနှင့် စာရင်းသွင်းရာတွင် အချိန်များစွာ သက်သာစေခဲ့သည်။ အခုတော့ သားအမိနှစ်ယောက် ကုလားထိုင်မှာ ထိုင်ပြီး ကျိုးရှို့လင်း ရောက်လာတာကို စောင့်နေကြသည်။
လျန့်ယွဲ့က အနီးတွင်ရပ်နေကာ ကျိုးစစ်မူ နဖူးမှ ချွေးတွေကို တစ်ရှူးအစိုကိုသုံးကာသုတ်ပေးပြီး ပြောလိုက်သည်။ "သနားစရာကေားတဲ့ ကလေးလေး။ Husky ကို ရိုက်ကွင်းထဲခေါ်လာခဲ့မိတာ ငါ့အမှားပဲ "
"ဒါက မတော်တဆမှုပါပဲ၊ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့" ကျန်းရှောင်က ထပ်လောင်းပြောကြားခဲ့သည်။
လျန့်ယွဲ့ သက်ပြင်းကို တိုးတိုးလေး ချလိုက်ပြီး သူမ၏ အသံက လေးလံနေသည်။ "ငါ့ကိုယ်ငါ ဘယ်လိုမှ အပြစ်မတင်လို့ မရဘူး။ ငါက သူ့အဖွားပဲ၊ သူ နာကျင်နေတာကိုမြင်ဖို့ ငါ မခံနိုင်ဘူး"
ကျန်းရှောင် နှုတ်ဆိတ်နေသည်။
ကျိုးရှို့လင်း ရောက်သောအခါတွင် သူက စူပါမားကတ်သို့ တမင် သွားကာ စုစုပေါင်း ပုလင်းငါးဘူးပါတင် Yakult တစ်ပါကင်ကို ဝယ်ခဲ့သည်။ သူက လေးနက်တဲ့ မျက်နှာနဲ့ မေးလိုက်သည်။ "သူ ဘယ်လိုနေသေးလဲ"
"အဆင်ပြေပါတယ်၊ ဒဏ်ရာက မနက်ဘူး၊ သွားရာလေးပဲထင်သွားတာ။ ဆရာဝန်က သူ့ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးလိုက်တယ်"
ကျိုးရှို့လင်းက အကိုက်ခံရသောနေရာကို အနီးကပ်စစ်ဆေးကြည့်ရာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ "ကိုယ်သူ့ကို ချီထားလိုက်မယ်"
ကျိုးစစ်မူ နှုတ်ခမ်းစူလိုက်သည်။ “ဖေဖေ....."
"အဆင်ပြေပါတယ်။ ရက်အနည်းငယ်အတွင်း သား ကောင်းသွားလိမ့်မယ်။ တကယ့် ယောက်ျားအစစ်ဆိုတာ လွယ်လွယ်နဲ့ မျက်ရည်မကျသင့်ဘူး"
"ဒါပေမယ့် သားဖင်နာတယ်!"
ကျိုးရှို့လင်းက သူ့ကို Yakult တစ်ဘူး ပေးလိုက်သည်။ "ဒါ သောက်လိုက်"
Yakult တစ်ဘူးက ကလေးငယ်ရဲ့ ဒဏ်ရာရနေတဲ့ နှလုံးကို သက်သာစေနိုင်ခဲ့ပြီး သူ့အောက်ပိုင်း နာကျင်တာကို ညည်းညူနေတာ ရပ်တန့်သွားစေခဲ့သည်။
ကျိုးရှို့လင်းက လျန့်ယွဲ့ ကို ယဉ်ကျေးစွာ ကျေးဇူးတင်ခဲ့ပြီး ယဉ်ကျေးပျူငှာစွာနဲ့ ခပ်ဝေးဝေးနေခဲ့သည်။ "ဆရာမ လျန့် ဒီနေ့ ဆရာမရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်"
လျန့်ယွဲ့ ခေါင်းခါလိုက်သည်။ "ဒါက ဘာမှမဟုတ်ပါဘူး၊ မူမူ ကိုပြန်ခေါ်သွားပြီး အနားယူခိုင်းလိုက်"
ကျိုးရှို့လင်းမှာ နံနက်ပိုင်းတွင် အစည်းအဝေးရှိပြီး အစည်းအဝေးအပြီးတွင် သူ ကျင်းချန်မှ အမြန်လာခဲ့တာဖြစ်သည်။ မိသားစု သုံးယောက်က လျန့်နန်တွင် တစ်ညအိပ်ပြီး မနက်ဖြန်မှ အိမ်ပြန်ရန် စီစဉ်ထားသည်။
ကျိုးစစ်မူကတော့ ခွေးကိုက်ခံရပြီးနောက် တိတ်ဆိတ်နေခဲ့သည်။
မိသားစုဝင်သုံးယောက်သား သူတို့ရဲ့ အသစ်ဆောက်ထားတဲ့ ဗီလာကို ပြန်သွားကြသည်။ ဗီလာကို ကျန်း မိသားစု၏ အိမ်ရဲ့ ဖောင်ဒေးရှင်းအဟောင်းမှာ တည်ဆောက်ထားသည်။ သူတို့သည် ခြံဝင်းအတွင်းရှိ နေရာကိုရှင်းလင်းပြီး
ဟင်းသီးဟင်းရွက်နှင့် ပန်းပင်များ စိုက်ပျိုးရန် စီစဉ်ပြီး ဒန်းလည်း ဆောက်ထားသည်။ အများအားဖြင့် ကျိုးစစ်မူက စိတ်လှုပ်ရှားနေတတ်သော်လည်း ယနေ့တွင် ဒဏ်ရာရပြီးနောက် သူ ဘယ်အရာအတွက်မှ စိတ်အားထက်သန်မှုတွေကို မစုဆောင်းနိုင်တော့ပေ။
ကျန်းရှောင်က ကျိုးရှို့လင်းကို တိတ်တဆိတ်ပြောလိုက်သည်။ "ရှင် သူ့ကို ထပ်ပြီး ဝေဖန်မှာကို စိုးရိမ်လို့ သူကကျွန်မကို ရှင့်ကို မပြောပြခိုင်းစေချင်ခဲ့တာ"
ကျိုးရှို့လင်း သူ့နှာခေါင်းကို ထိလိုက်သည်။ "ကိုယ် သူနဲ့ စကားပြောကြည့်လိုက်မယ်"
ကျိုးစစ်မူက သူ၏ ထုံးစံအတိုင်း တက်ကြွနေတဲ့ စိတ်မရှိဘဲ ကုတင်ပေါ်တွင် ပျင်းရိစွာ လှဲနေသည်။
" မူမူ"ကျိုးရှို့လင်းက သူ့တင်ပါးလေးကို ပုတ်လိုက်သည်။ " သားရဲ့ အောက်ပိုင်းက အပ်ရာလေးကို ဖေဖေ ကြည့်ပါရစေ"
ကျိုးစစ်မူ ခပ်မြန်မြန် လှိမ့်လိုက်သည်။ "မရဘူး၊ သား မနာတော့ဘူး"
ကျိုးရှို့လင်း ပြုံးပြီး သူ့ဘေးမှာ လှဲလိုက်သည်။ "စစ်မူ၊ အဖေနဲ့အမေ မင်္ဂလာဆောင်တော့မယ်၊ သား လက်စွပ်ကိုင်တဲ့သူလုပ်ချင်လား"
"လက်စွပ်ကိုင်တဲ့သူက ဘာလုပ်ရမှာလဲ"
"လက်စွပ်ကိုင်သူတဲ့သူက အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ်၊ သားက အဖေ့ကိုကူပြီး လက်ထပ်လက်စွပ် ကိုင်ပေး"
"ဖေဖေ၊ဖေဖေနဲ့ မေမေတို့က လက်ထပ်တာ ဘာလို့နောက်ကျနေရတာလဲ"
"ဘာလို့လဲဆိုတော့ အဖေနဲ့အမေက သားကို အဖေတို့ရဲ့မင်္ဂလာဆောင်ကို ဖိတ်ချင်လို့လေ။ သားက အဖေနဲ့အမေတို့ရဲ့ အဖိုးတန်ရတနာလေးမလို့"
ကျိုးစစ်မူ၏ ဝိုင်းစက်နေတဲ့ အနက်ရောင် မျက်လုံးတွေက သူ့ကို စိတ်ရှုပ်ထွေးမှု အရိပ်အမြွက်ဖြင့် စိုက်ကြည့်နေသည်။
ကျိုးရှို့လင်းက သူ့ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ "ဖေဖေက မေမေနဲ့ မူမူကို ညီတူမျှတူ ချစ်တယ်။ အမေက မိန်းကလေးမို့ ဖေဖေက မေမေ့ကို နည်းနည်းလေး ပိုချစ်မှရမယ်လေ။ သား နားလည်လား"
ကျိုးစစ်မူက အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။ "ယောက်ျားလေးတွေက မိန်းကလေးတွေကို ကာကွယ်ရမယ်၊ မေမေကို သားလည်းကာကွယ်ပေးမယ်"
"မှန်တယ်။ နောင်မှာ သားမှာ ညီမလေးတစ်ယောက်ရှိလာရင် သား သူ့ကိုလည်း ကာကွယ်ပေးရလိမ့်မယ်" ကျိုးရှို့လင်းက သူ့ကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်လိုက်ကာ နဖူးကို နမ်းလိုက်သည်။ "ဟုတ်တယ် ဖေဖေက သားတို့ နှစ်ယောက်လုံးကို အမြဲကာကွယ်ပေးသွားမှာ"
"ခစ်ခစ် ခစ်ခစ်....-"အဖေ့ရဲ့အနမ်းကိုရပြီးနောက် ရှက်သွားပြီး သူ့မျက်နှာကို အုပ်ထားတဲ့ ပဲပင်ပေါက်ကလေးက ပြောလိုက်သည်။
"ဖေဖေ၊ သားက ကောက်ရထားတဲ့သူမဟုတ်တာ သားသိပါတယ်။ ဖေဖေက မေမေ့ဗိုက်ထဲမှာ မျိုးစေ့တွေ စိုက်ထားတာ။ မေမေ့ရဲ့ ဗိုက်ထဲမှာ အိမ်လှလှလေးတစ်လုံးရှိတယ်၊ ပြီးတော့ သားလည်း အဲ့ထဲမှာအညှောင့်ပေါက်လာတာ။ အခု သားကြီးလာတော့ အိမ်ထဲကနေ ထွက်လာတာ"
ကျိုးရှို့လင်း မျက်လုံးတွေက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေပြီး သူ့ကို ညင်ညင်သာသာ မေးလိုက်သည်။ "ဒါကို ဘယ်လိုသိတာလဲ"
"သြော်၊ ကျောင်းက သားရဲ့ အတန်းဖော်တွေက ပြောပြတာ"
ကျိုးရှို့လင်းက သူ့နှာခေါင်းကို ထိလိုက်သည်။ "သားပြောတာ လုံးဝ မှန်တယ်။ လာ၊ ဖေဖေ သားကို အသီးအရွက်တွေ စိုက်ဖို့ ခြံထဲ ခေါ်သွားမယ်"
ကျန်းရှောင်က အခန်းတံခါးဝတွင် ရပ်ကာ သားအဖနှစ်ယောက်ကို ကြည့်နေသည်။ ကျိုးရှို့လင်း သူမအနားကဖြတ်သွားတဲ့အခါ သူမ တိုးတိုးလေးပြောလိုက်သည်။ " ယောကျ်ား၊ ကျွန်မလည်း ရှင့်ကိုချစ်ပါတယ်"
နေဝင်သွားသည်နှင့်အမျှ ခြံဝင်းအတွင်းရှိ အရာအားလုံးဟာ ရွှေထီးဆောင်းကာ နွေးထွေးပြီး သက်တောင့်သက်သာဖြစ်စေသည်။
ကျိုးစစ်မူက သစ်ပင်ပေါ် တက်ချင်နေပေမယ့်လည်း သူကသေးလွန်းသောကြောင့် သူ့အဖေကို အကူအညီတောင်းခဲ့သည်။ ကျိုးရှို့လင်းက သူ့တင်ပါးတွေကို ကိုင်ထားပြီး သူ့လက်တွေကို သစ်ပင်ပင်စည်ကို ဖက်ခိုင်းလိုက်သည်။ သူ သစ်ပင်ပေါ် တကယ်တက်သွားသလိုမျိုးလုပ်ခဲ့သည်။
ကလေးတွေက စိတ်ကျေနပ်လွယ်ကြသည်။
ကျန်းရှောင်က ဤမြင်ကွင်းကို သူမ၏ဖုန်းဖြင့် ရိုက်ထားလိုက်သည်။ အဆိုပါဓာတ်ပုံကို သူမရဲ့ Weibo မှာ တင်လိုက်သည်။ “လွန်ခဲ့တဲ့အခိုက်အတန့်မှာ ကျွန်မတို့ရဲ့ ပဲပင်ပေါက်လေးက အိမ်ကနေထွက်ပြေးပြီး ကျွန်မအမျိုးသားနဲ့ ကျွန်မ အရမ်းစိတ်ပူသွားတယ်။ ပထမဆုံးအကြိမ် မိဘတွေ အနေနဲ့ ကျွန်မတို့ကလေး ဘာတွေတွေးနေလဲဆိုတာကို တစ်ခါတလေ မသိရဘူး။ ကျွန်မတို့ကလေးလေးက အရမ်းချမ်းသာတဲ့ အတွင်းကမ္ဘာမှာရှိနေတယ်အရမ်း ဦးနှောက်ခြောက်စရာပဲ"
Secret Agent009 - မစ္စတာ ကျိုးက ဘေးကကြည့်ရတာတောင် မယုံနိုင်လောက်အောင် ချောမောနေတာပဲ။ ဒီခြေထောက်တွေက ရှည်ပြီး ဖြောင့်နေတာပဲနော်။
မင်းရဲ့အချစ် - ယောက်ဖမှာ အရိပ်မရှိဘူး။ မျက်နှာချင်းဆိုင် ဓာတ်ပုံတစ်ပုံက အနီးတစ်ဝိုက်မှာ ရှိနေတယ်။
IAmTheLittleGentleman- ရုပ်ရည်အရ ကြည့်မယ်ဆိုရင် ဒီမိသားစု သုံးယောက်က ဆွဲဆောင်မှုရှိတဲ့ ဇယားကွက်မှာ ကျိန်းသေပါမှာပဲ။ လာ၊ ပဲစေ့တွေကို ဖိတ်အောင်လုပ်လိုက်၊ ဘာကြောင့် Pa Pa Weekly က အစ်မကျန်းရဲ့ခင်ပွန်းနဲ့ ကလေးပုံတွေကို ဘာကြောင့် မဖော်ပြနိုင်တာလဲ။ အဲ့အစား သူတို့က အာရုံစူးစိုက်မှုနဲ့ လမ်းကြောင်းတွေရဖို့ သတင်းအတုတွေကိြ ဆက်ပြီးထုတ်ဝေနေကြတယ် @PaPaWeekly
အနောက်အရပ်မှ ဖန်လေးက IAmTheLittleGentleman ကို reply ပြန်ခဲ့သည် - [လက်ဆွဲနှုတ်ဆက်သည့် အီမိုဂျီ] သဘောတူတယ်။ Pa Pa Weekly Gossip Column က သူ့ရဲ့တံခါးတွေကို အခုပိတ်လို့ရပြီ။ ဒါပေမယ့် ဒီမိသားစု သုံးယောက်က မယုံနိုင်လောက်အောင် ပျော်ရွှင်နေတဲ့ပုံပဲ။
Pa Pa Weekly မှ သတင်းထောက်တွေကလည်း အသည်းတွေကွဲကုန်ကြသည် - သူတို့လည်း ပဲတွေ ဖိတ်ကျချင်ကြသည်။
လျန့်ယွဲ့ အတန်ငယ် ပင်ပန်းသည်ဟု ခံစားရပြီး အနားယူရန် အခန်းဆီ ပြန်သွားခဲ့သည်။
သူမရဲ့ ဇာတ်ဝင်ခန်းတွေ ပြီးတဲ့အခါ ရှုကျားရမ်က သူမ နေလို့မကောင်းနေတဲ့အကြောင်းကို ကြားသိရပြီး သူမကို စစ်ဆေးဖို့ လာခဲ့သည်။ တံခါးဝမှာ ရပ်လိုက်ပြီး အခန်းတွင်းရှိ စကားဝိုင်းကို ကြားလိုက်ရသည်။
"Husky က မူမူကို ကိုက်လိုက်တယ်။ အရသာရှိတဲ့ အစားအသောက်တွေဝယ်ပြီး သူ့ဆီသွားလည်သင့်တယ်" လျန့်ယွဲ့ က ကျင်းရှု့ရန် နဲ့ ဖုန်းပြောနေသည်
ကျင်းရှု့ရန် မျက်မှောင်ကြုတ်လိုက်သည်။ " မေမေက Husky ကို သူ့ကို့ ကိုက်မိသွားရအောင် ဘာလို့လွှတ်ထားရတာလဲ"
"အဲဒီတုန်းက အမေလည်း အာရုံမထားလိုက်မိဘူး " လျန့်ယွဲ့လည်း သူ့ကိုယ်သူအပြစ်တင်ခဲ့သည်။ "ကျန်းရှောင် ရဲ့ဘက်ကို အမေ ဝင်မစွက်နိုင်ဘူး"
"မေမေ၊ မမက အသိအမှတ်မပြုဘူးဆိုရင် သမီးက ဘယ်လိုသွားလည်ရမှာလဲ"
"ရန်ရန်၊ အမေ ရှောင်ရှောင်ကို အသိအမှတ်ပြုတယ်ဆိုရင် အမေ့ရဲ့အတိတ်ကို ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးကို ဖွင့်ချပြရမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ..." သူမက အတွေးတွေကို မခံနိုင်ခဲ့ပေ။ အခု သူမမှာရှိသမျှ အရာအားလုံးကို သူမ ဘယ်လို စွန့်လွှတ်နိုင်မလဲ။
ရှုကျားရမ် စိုးရိမ်တကြီးကြည့်ကာ သူမ၏အသက်ရှူသံပြောင်းသွားပြီး သူမ အမြန်လှည့်ကာ သူမရဲ့အခန်းထဲသို့ အမြန်ပြန်သွားခဲ့သည်။
အမြန်ပြန်လာသောအခါ လက်ထောက်က အနည်းငယ် အံ့သြသွားသည်။ "မစ္စစ် လျန့်ကို သွားတွေ့တာမဟုတ်ဘူးလား၊ ဘာလို့ မြန်မြန်ပြန်လာတာလဲ"
"လျန့်ယွဲ့ အနားယူနေတယ်။ နင်လည်း အနားယူသင့်ပြီ၊ ငါ့ဘာသာငါ ဂရုစိုက်လိုက်ပါ့မယ်"
လက်ထောက်က သူမကို ထူးဆန်းတဲ့အကြည့်နဲ့ကြည့်ပြီး ပြောလိုက်သည်။ "ကောင်းပါပြီ"
ရှုကျားရမ်သည် ဤအတောအတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို စတင်ပေါင်းစပ်လိုက်သည်။ ကျန်းရှောင်သည် သူမကို "ချန်တင်း" တွင်ပါဝင်ခြင်းအား အစပိုင်းမှာ ဘာကြောင့် သဘောမတူခဲ့တာလဲ၊ ဘာကြောင့် နောက်ပိုင်းမှာ ကျန်းရှောင်က ရိုက်ကွင်းနေရာကို မသွားလည်ခဲ့တာလဲ။
လျန့်ယွဲ့သည် သူမအား ကြင်ကြင်နာနာ ဆက်ဆံခဲ့သော်လည်း သူမက ကျန်းရှောင်၏ အနုပညာရှင်ဖြစ်တာကြောင့် ဖြစ်နိုင်သည်။ သူမက ကျန်းရှောင်နဲ့ ပြုပြင်ပြောင်းလဲချင်နေတာ မဟုတ်လား။
ကိုယ်လုံးပေါ် မှန်ထဲတွင် သူမကိုယ်သူမ စိုက်ကြည့်နေရင်း ရှုကျားရမ် ၏ အမူအရာ အေးစက်သွားသည်။ အဲဒီတော့ အဲဒါက ဘယ်လိုမျိုးလဲ။
လျန့်ယွဲ့ကို သူမရဲ့ အရည်အချင်းကြောင့် သူမကို တန်ဖိုးထားသည်ဟု သူမ ထင်ခဲ့တာ။ သူမသည် သူမ၏ လက်ဖဝါးကို ပြင်းပြင်းထန်ထန် ဆုပ်လိုက်သည်။ာယခု ကျန်းရှောင်က သူမ၏ မန်နေဂျာ မဟုတ်တော့ လျန့်ယွဲ့က အရင်ကလိုမျိုး သူမကို ဆက်ပြီးတော့ ပံ့ပိုးပေးမှာလား။
ရှုကျားရမ် ကမောက်ကမ ဖြစ်နေပြီး မျက်နှာကို အုပ်ထားရင်း လမ်းပျောက်နေသလို ခံစားရပြီးနောက် နောက်ခြေလှမ်းတွေ အတွက် မသေချာတော့ပေ။
Weibo ကိုဖွင့်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဖြစ်တဲ့ ကျန်းရှောင် တင်ထားတဲ့ ဓာတ်ပုံကို တွေ့လိုက်ရသည်။ သူမရဲ့ စိတ်ခံစားမှုတွေက ရှုပ်ထွေးပြီး စကားလုံးတွေက ပြောရခက်သည်။
တစ်ချို့လူတွေက ဘာ့ကြောင့် အားလုံးကို အားစိုက်ထုတ်တဲ့ပုံ မရှိနေသလို ဖြစ်နေတာလဲ။ သူမရဲ့အမျိုးသားက ကျိုးရှို့လင်း ဖြစ်နေခဲ့သည်။ ကျိုးရှို့လင်းက လုပ်ငန်းနယ်ပယ်တွင် အမျိုးသမီး အနုပညာရှင်များစွာ၏ ပစ်မှတ်ဖြစ်သည်။
သူမ "like" ကိုနှိပ်ခါနီးတွင် ချင်ယီလုက ကျန်းရှောင်ရဲ့ ပိုစ့်မှာ like လုပ်ထားပြီးသားဖြစ်နေသည်ကို သူမသတိပြုမိလိုက်သည်။
"အဆုံးအဆမဲ့တဲ့ဓားနဲ့ နဂါး သတ်ဖြတ်သူ " ရိုက်ကူးရေး ပြီးသွားခဲ့ပြီး မကြာသေးခင်က ချင်ယီလုလည်း Skincare နှင့်ပတ်သက်သည့် ကြော်ငြာများစွာကို ရိုက်ကူးခဲ့သည်။
ရှုကျားရမ် ခဏလောက်စဉ်းစားပြီး ချင်ယီလုကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျန်းရှောင်က ချင်ယီလုအပေါ် အရမ်းကြင်နာပြီး ချင်ယီလုကို ဘယ်လိုရွေးချယ်ခံရတာလဲဆိုတာကို သူမ သိချင်ခဲ့သည်။ နောက်ထပ် မှားယွင်းတဲ့ ရွေးရွယ်မှုကို သူမ မတတ်နိုင်ခဲ့ပေ။