(မင်္ဂလာပါ ဆရာကျင်း extra 5.2 final)
Vol. 10 Ch. 129
ချင်ယီလု ဆံပင်ကို သပ်လိုက်သည်။ "သမီးက အရမ်းလှတော့လေ ယောက်ျားလေးကို သမီးကို လာပြီးအချစ်ရေးဆိုကြတာပေါ့။ ဒါပေမယ့်သမီး သူတို့အားလုံးကို ငြင်းခဲ့တယ်။ သူတို့ သမီးကို တကယ်ကြိုက်လို့မဟုတ်ဘူးဆိုတာကို သမီး ပြောနိုင်တယ်။ ဒါပေမယ့် ကျင်းကျုံးပိုင်ကတော့ မတူဘူး။ သူနဲ့ အတူရှိတဲ့အခါ လုံခြုံတယ်လို့ ခံစားရတယ်။ သမီးအပေါ်ထားတဲ့ သူ့ရဲ့ကြင်နာမှုတွေက သမီးကို ဖိအားမဖြစ်စေဘူး။ ဟီးဟီး၊ သူ့ပရိသတ်တွေကို သမီး တော်တော်ရနေပြီဆိုတာ သိပါတယ်၊ ဒါပေမယ့် သမီး သူတို့အစား သူ့ကို သေချာကောင်းကောင်း ဂရုစိုက်ပါ့မယ်"
ဖေဖေချင်သည် စကားမပြောနိုင်ဘဲ ကျန်ရစ်ခဲ့သည်။
ကျင်းကျုံးပိုင်သည် သူ့နှလုံးသားထဲတွင် နွေးထွေးသောခံစားချက်ဖြင့် သူမကို ကြည့်နေခဲ့သည်။
သူ့ကိုသေချာကောင်းကောင်း ဂရုစိုက်ပါ့မယ်တဲ့....
နေ့လယ်စာအတွက် မေမေချင်က အနီးနားရှိ စားသောက်ဆိုင်က သီးသန့်အခန်းကို မှာထားသည်။ အောက်ထပ်သို့ ဆင်းလာသောအခါ၊ ချင်ယီလုနှင့် ကျင်းကျုံးပိုင်တို့က နောက်သို့ လိုက်သွားခဲ့သည်။ သူက သူအလက်ကို ကိုင်ထားပြီးပြောခဲ့သည်။ “ကိုယ်တို့ ပြန်ရင် မင်းကို ဘယ်သူတွေ လိုက်ပိုးပမ်းခဲ့လဲဆိုတာကို ပြောပြ”
ချင်ယီလု လှောင်ပြုံးပြုံးလိုက်ပြီး သဘောကျတဲ့ခံစားချက်ကြီးကိုခံစားလိုက်ရသည်။ "ပိုင်ရှန်းက သဝန်တိုနေတာလား။ စိတ်မပူပါနဲ့၊ ကျွန်မ စိတ်ပြောင်းသွားမှာ မဟုတ်ပါဘူး" သူမ သူ့ပခုံးပေါ်မှာ ခေါင်းလေးမှီထားလိုက်သည်။
ကျင်းကျုံးပိုင် သူမကို ရှေ့သို့ ဆက်လက် ဦးဆောင်ခေါ်သွားခဲ့သည်။
ဖေဖေ ချင်က ရှေ့ကို လျှောက်လာရင်း ဖြည်းညှင်းစွာစကားပြောခဲ့သည်။ "ငါ လူနည်းနည်း ဖိတ်ထားတယ်"
ကျင်းကျုံးပိုင်နှင့် ချင်ယီလုတို့ အနက်ရောင်နေကာမျက်မှန်တပ်ထားပြီး အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားသည့် လူခြောက်ဦးအား သီးသန့်နေရာအဝင်ဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးက နှစ်မီတာမြင့်ပြီး ကွပ်ကဲမှုအောက်တွင် ရှိနေသည်။
ဖေဖေချင် စကားပြောခဲ့သည်။ "ဒီလူတွေက ဦးလေးတို့အဖွဲ့ထဲက အဖွဲ့ဝင်တချို့။ လုလုကို သူတို့ညီမလေးတွေလို အမြဲဆက်ဆံကြတယ်။ လုလု ပြန်ရောက်နေပြီဆိုတာ ကြားတော့ ဒီနေ့က သူတို့အားလပ်ရက်ဆိုတော့ လာနှုတ်ဆက်ဖို့ ဆုံးဖြတ်ထားကြတာ"
ချင်ယီလု မျက်တောင်ခတ်ပြီး သူ့အဖေအနားကို ပြေးသွားလိုက်သည်။ "ဖေဖေ ဘာတွေလုပ်နေတာလဲ၊ ဖေဖေက လူဆိုးဂိုဏ်း ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ ကြိုးစားနေတာလား"
ဖေဖေချင်ရဲ့ပုံစံက အပြစ်ကင်းစင်ပုံပေါက်သည်။ "ကျင်းကျုံးပိုင်ရဲ့အဖေက ဒါရိုက်တာတစ်ယောက် ပြီးတော့ သူ့အဖေက ဒုတိယအိမ်ထောင်နဲ့ဖြစ်ဖြစ်၊ လက်ရှိမိန်းမနဲ့နေနေတာပဲလေ။ လုလု၊ အဖေက ဖေဖေတို့မိသားစုမှာ လူတွေရှိတယ်ဆိုတာ သူတို့မိသားစုကို အသိပေးချင်တာ"
မေမေချင်က သူ့သားမက်ကို ဖြေသိမ့်ပေးဖို့ ကြိုးစားခဲ့သည်။ "တစ်ခါတလေ လုလုရဲ့ အဖေက နည်းနည်း ကလေးဆန်တယ်"
ကျင်းကျုံးပိုင် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောခဲ့သည်။ "နားလည်ပါတယ် အန်တီ"
ဘတ်စကက်ဘော ကစားသမားတွေက ချဉ်းကပ်လာပြီး သူတို့ကို လက်ပြနှုတ်ဆက်ခဲ့ကြသည်။
ဖေဖေချင်မှာ ရွှင်မြူးနေတဲ့ အမူအရာ ရှိသည်။
ရုတ်တရက် လူတစ်ယောက် စကားပြောလာသည်။ "ဟေး အစ်ကို ပိုင်က ခင်များပဲ!"
ကျင်းကျုံးပိုင်နှင့် ဘတ်စကက်ဘောကစားသမားတွေ အပြန်အလှန် နှုတ်ဆက်ခဲ့ကြသည်။ "မတွေ့တာတောင်ကြာပြီ"
"ကျွန်တော်တို့နဲ့ ဘတ်စကတ်ဘော လာမကစားတာတောင်ကြာပြီ။ လုလုရဲ့ ချစ်သူက အစ်ကိုဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး"
ကျင်းကျုံးပိုင် အပြုံးလေးနဲ့ပြန်ဖြေခဲ့သည်။ "ကံကြမ္မာအလိုကျပေါ့ကွာ"
ထို့နောက် သူ ဖေဖေချင်ဘက်ကိုလှည့်လိုက်သည်။ "ဦးလေး၊ကျွန်တော်လည်း ဘတ်စကတ်ဘော ကစားရတာ ဝါသနာပါတယ်။ ဦးလေးမှာ အချိန်ရရင်ကျွန်တော်တို့ အတူတူ တစ်ပွဲလောက် လုပ်လို့ ရတယ်"
ဖေဖေ ချင်၏ မျက်နှာက မည်းမှောင်သွားသည်။
သူတို့စုံတွဲ၏ လူသိရှင်ကြားဆက်ဆံရေးကို ထုတ်ဖော်ပြီးနောက် ချင်ယီလု၏ ကျော်ကြားမှုနှင့် အရင်းအမြစ်တွေက ရှုထောင့်အမျိုးမျိုးတွင် တိုးတက်လာသည်။
ကျန်းရှောင်သည် ချင်ယီလုကို လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် အရည်အချင်းအရှိဆုံး အေးဂျင့်ဖြစ်ကြောင်း အချို့ကပင် ပြောကြားကြပြီး ချင်ယီလုသည် လုပ်ငန်းနယ်ပယ်တွင် အရည်အချင်းအရှိဆုံး လူပျိုကြီးအား ၎င်း၏ single status အား နှုတ်ဆက်ရန် ကူညီပေးခဲ့သည်။
ထို့ကြောင့် ကျန်းရှောင်သည် သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးခံခဲ့ရသည်။
ကျန်းရှောင်သည် သီးသန့်တွင် စုံတွဲအတွက် အောင်သွယ်လုပ်ခြင်းအကြောင်း မကြာခဏ အရွှန်းဖောက်ပြောလေ့ရှိသည်။
ထိုနှစ် ဆောင်းဦးတွင် ချင်ယီလု သရုပ်ဆောင်သည့် တီဗီဒရာမာ သုံးခုကို ထုတ်လွှင့်ပြီးနောက်၊
တစ်ဆက်တည်းမှာပဲ သူမက ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ် သူ့ကိုယ်သူ အခိုင်အမာ ရပ်တည်နိုင်ခဲ့သည်။
တန်ဖိုးတွေ တက်လာပြီး သူမဟာ ခေါင်းစဉ်ကြီးတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမသည်မုန်းတီးသူများဆီမှ အွန်လိုင်း နှောင့်ယှက်မှုကို အတော်လေး ရင်ဆိုင်ခဲ့ရသည်။ ဒါပေမယ့် သူမ ကားပါကင်တွင် တိုက်ခိုက်ခံရလိမ့်မည်ဟု ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြပေ။
အဖြစ်အပျက်က လျင်မြန်လွန်းတာကြောင့် သစ်သားတုတ်နဲ့ သူမကို အနောက်ကနေ ပြင်းပြင်းထန်ထန် လွှဲရိုက်လိုက်တဲ့အခါ လုလုက ထိတ်လန့်စွာ အော်ဟစ်ခဲ့သည်။
ချင်ယီလုကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပြီး အဆိုပါသတင်းကို မီဒီယာတွေက ဖော်ပြခဲ့ကြသည်။
ကျင်းကျုံးပိုင်က မြို့ပြင်မှ အမြန်ပြန်လာခဲ့ပြီး ဆေးရုံပေါ်၌ သူမဘေးနားမှာ နေခဲ့သည်။ သူက သူမလက်ကို ကိုင်ထားရင်း လေးလေးနက်နက် စိတ်ပူနေခဲ့သည်။
ညသန်းခေါင်မှာ ချင်ယီလု နိုးလာပြီး သူမတစ်ကိုယ်လုံး မီးကဲ့သို့ ပူလောင်တဲ့ ဝေဒနာကို ခံစားလာရသည်။ သူမ လှုပ်ရှားလာတာကို သူ သတိထားမိခဲ့သည်..
"လုလု"
"ရှင် ဘာလို့ ဒီရောက်နေတာလဲ။ ကျွန်မ အဆင်ပြေပါတယ်"
"မင်း ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ ဆရာဝန်က ပြောတယ် အဲ့လူသာ နည်းနည်းပိုမြင့်ပြီးလွှဲရိုက်ခဲ့ရင် မင်းရဲ့ခေါင်းကို ထိသွားနိုင်တယ်တဲ့။ အဲ့ အကျိုးဆက်က မတွေးရဲစရာပဲ”
ချင်ယီလု ထထိုင်ဖို့ ကြိုးစားလိုက်သော်လည်း သူကတားခဲ့သည်။ "မလှုပ်နဲ့လေ၊ မင်း ဘာလုပ်ချင်လို့လဲ"
သူ့ရဲ့ စိတ်ဆင်းရဲနေသည့် အမူအရာကိုမြင်တော့ ချင်ယီလု နာခံမှုဖြင့် ပြန်လှဲလိုက်သည်။ သူမ သူ့မျက်လုံးတွေထဲ စိုက်ကြည့်လိုက်တော့ သူ့ မျက်လုံးတွေ နီရဲနေတာကို မြင်လိုက်ရတော့ သူမ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။ "ကျွန်မ တကယ်အဆင်ပြေပါတယ် စိတ်မပူပါနဲ့။ လီလီ ရှင့်ကို မခေါ်လိုက်သင့်ဘူး"
ကျင်းကျုံးပိုင် သူမကိုအူလှိုက်သည်းလှိုက်ကြည့်ကာ လေးလေးနက်နက် စကားလုံးများဖြင့် ပြောလိုက်သည်။ "လုလု၊ မင်း ဘာပြဿနာမှ မဖြစ်ရဘူးနော်"
သူ့မျက်လုံးထဲမှာ သူ ထိတ်လန့်တကြားနဲ့ကြောက်ရွံ့နေတာကိုမြင်ရနေရတော့ သူမကို သူဘယ်လောက်ဂရုစိုက်တယ်ဆိုတာ သူမ သိလိုက်ရသည်။ "ကျွန်မ သိတယ် ကျွန်မသိပါတယ်"
ကျင်းကျုံးပိုင်က သူမကို သူ့ရင်ခွင်ထဲတွင် ညင်သာစွာ ဆုပ်ကိုင်ထားခဲ့သည်။ "ကိုယ် မခံစားနိုင်ဘူး။ ကိုယ့်အမေက ပါပါရာဇီတွေကို ရှောင်ဖို့ ကြိုးစားရင်း မတော်တဆ ဖြစ်ခဲ့တာ"
ချင်ယီလု အသက်ရှူကြပ်သွားကာ သူ့ကို ဖက်ထားလိုက်သည်။ "ကျွန်မ ရှင်နဲ့အတူ ထာဝရရှိနေမှာပါ"
ယင်းနောက် ရဲတွေက စုံစမ်းစစ်ဆေးခဲ့ရာ သံသယရှိသူက ချန်းယင်၏ အမာခံပရိသတ်တစ်ဦးဖြစ်သည်။ ကျင်းကျုံးပိုင်သည် ဤအဖြစ်အပျက်ကို လူအများနှင့် မထိတွေ့အောင် ထိန်းနိုင်ခဲ့သည်။
ထိုအချိန်မှာ ချင်ယီလု လုံးဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
ချန်းယင်က ကျင်းကျုံးပိုင်ဆီကို အခြေအနေဖန်တီးပြီး ဆက်သွယ်ခဲ့သည်။ သူတို့နှစ်ယောက်ဟာ နှစ်ပေါင်းများစွာကြာအောင် သူငယ်ချင်းဖြစ်ခဲ့ကြပြီး အကြောင်းတွေအများကြီး ပြောခဲ့ကြသည်။
ချန်းယင် - "တကယ်တောင်းပန်ပါတယ်"
ကျင်းကျုံးပိုင် - "ဒါ မင်းအပြစ်မှ မဟုတ်တာ"
ချန်းယင် - " လုလု ဒဏ်ရာကကော ဘယ်လိုလဲ"
ကျင်းကျုံးပိုင် - "သူ အခု ပိုကောင်းလာပါပြီ"
ချန်းယင်း - "တော်သေးတာပေါ့။ ကျုံးပိုင်၊ ငါ နောက်တစ်ပတ်မှာ ငါလက်ထပ်တော့မယ်ဆိုတာကို ကြေငြာတော့မယ် "
ကျင်းကျုံးပိုင် မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ "Congratulations ပါနော် "
ချန်းယင် - "ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါတို့ နင့်ကို မင်္ဂလာဆောင်ကိုတော့ မဖိတ်တော့ဘူး။ နှစ်ဖက်လုံးက ဆွေမျိုးနီးစပ်တွေပဲ ဖိတ်ဖို့ ဆုံးဖြတ်ထားလို့"
ကျင်းကျုံးပိုင် - "ငါ လက်ဆောင်တစ်ခု ပြင်ထားလိုက်မယ်"
ခဏကြာ စကားပြောပြီးနောက် ချန်းယင်၏ ဖုန်းမြည်လာခဲ့သည်။ သူမက ပေါ့ပေါ့ပါးပါး ပြုံးပြီးပြောလိုက်သည်။ "ငါ့ယောက်ျားဆက်တာ၊ သူ ငါ့ကို ဒီလာကြိုနေပြီ။ နောက်တစ်ခေါက်မှ နင့်ကို သူနဲ့ မိတ်ဆက်ပေးမယ်"
"ရပါတယ်။ ဂရုစိုက်ဦး"
ထိုအချိန်တွင် ချန်းယင် တံခါးဆီသို့ လျှောက်သွားလိုက်ကာ သူမ၏ နှုတ်ခမ်းပေါ်မှ ပျော်ရွှင်သော အပြုံးဖြင့် ချစ်ခြင်းမေတ္တာ၏ ရောင်ဝါများ ဖြာထွက်နေသည်။
ဘဝမှာ လူတစ်ချို့က မင်းနဲ့အတူ ထာဝရရှိနေဖို့ မရည်ရွယ်ထားဘူး။ ဘဝက ဆက်သွားနေတော့ အတိတ်မှာ နစ်မွန်းမနေသင့်ပေ။
ထိုနှစ်ကုန်ခါနီးတွင် ကျင်းကျုံးပိုင်နှင့် ချင်ယီလုတို့ စေ့စပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ကျင်းကျုံးပိုင်က ဖျော်ဖြေရေးနယ်ပယ်မှ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဒီသတင်းက လုပ်ငန်းနယ်ပယ်ထဲမှာ အတော်လေးကို တုန်လှုပ်သွားစေခဲ့သည်။
ချင်ယီလုက သူ့ကို အိမ်မှာ စနောက်ခဲ့သည်။ “ကျွန်မတို့ နောက်ထပ် ပရောဂျက်တစ်ခုအတူတူ လုပ်ဖို့ ကျွန်မတကယ် ဆန္ဒရှိနေတာကို"
ကျင်းကျုံးပိုင် ပြန်လည်တုံ့ပြန်ခဲ့သည်။ "မင်းရဲ့ သရုပ်ဆောင်မှုကို ကိုယ် တစ်ချိန်လုံး ကူညီပေးခဲ့ပြီးပြီ မဟုတ်ဘူးလား"
ချင်ယီလု ပဟေဠိဖြစ်သွားသည်။ "ဘာကိုလဲ"
ကျင်းကျုံးပိုင် မျက်ခုံးပင့်လိုက်သည်။ "လက်တွေ့လေ၊ ultra-HD အရည်အသွေးနဲ့ "
ချင်ယီလု ရှုံ့မဲ့လိုက်သည်။ "ကျင်းကျုံးပိုင်၊ ရှင်က အရှက်ကိုမရှိဘူး!"
ညနေခင်းတွင် သူမသည် သူမ၏ ဆိုရှယ်မီဒီယာကိုလှန်လှောကြည့်ရင်း အိပ်ယာပေါ် လှဲလျောင်းနေခဲ့သည်။ ပရိသတ်တွေက ကျင်းကျုံးပိုင်နဲ့ သူမကို ချစ်မြတ်နိုးသဘောကျကြောင်း သူတို့ရဲ့ ပို့စ်တွေမှာ မှတ်ချက်တွေ ရေးခဲ့ကြသည်။
ကျင်းကျုံးပိုင်က ရေချိုးပြီးတော့ အခန်းထဲသို့ ပြန်ဝင်ကာ သူမဘေးတွင် လှဲလျောင်းလိုက်သည်။
"ရှင် တကယ်ပဲ လုပ်ငန်းထဲကို ပြန်မလာတော့ဘူးလား" လို့ သူမ မေးလိုက်သည်။
“နောက်နှစ်နှစ်လောက်ထိတော့ ပြန်မလာဘူး ” ဟုသူ ပြန်ဖြေလိုက်သည်။
ချင်ယီလုက သူ့ကို စိုက်ကြည့်ရင်း သူ့ မျက်နှာကို စစနောက်နောက်နဲ့ တို့ထိလိုက်သည်။ “လူလတ်ပိုင်းအမျိုးသား၊ ကိုယ့်ရဲ့ပုံစံကို ထိန်းသိမ်းထား အဖိုးကြီးချင်လို မဖြစ်လာစေနဲ့။ အနာဂတ်မှာ ရှင်စိတ်ပြောင်းသွားရင် ကျွန်မတို့ကလေးကို ရှင်variety show ခေါ်သွားလို့ရတယ်"
ကျင်းကျုံးပိုင် မျက်စိစွေကြည့်လိုက်သည်။ "သက်လတ်ပိုင်းလူတွေက တကယ်ပဲ မိဘဖြစ်လာသင့်ပါတယ်"
ချင်ယီလု တိတ်ဆိတ်နေခဲ့သည်။
နောက်တနေ့မနက်မှာတော့ ချင်ယီလုရဲ့ဖုန်းမြည်လာချိန်မှာ အလင်းတန်းတွေက ကန့်လန့်ကာဆီကနေ ဖြတ်ပြီးအခန်းထဲ ဝင်ရောက်လာခဲ့သည်။ ကျင်းကျုံးပိုင် ဖုန်းကိုကောက်ကိုင်လိုက်တော့ ရှန်းချန်ဆီမှ မက်ဆေ့ချ်ကို တွေ့လိုက်ရသည် - "လုလု၊ ငါ မနေ့က ဒါရိုက်တာ ကျန်းကို ဆက်သွယ်ပြီးပြီ သူ့ရဲ့ရုပ်ရှင်အသစ်မှာ အမျိုးသမီးဇာတ်ဆောင်အဖြစ် မင်းကို ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်"
ကျင်းကျုံးပိုင် ပြန်ဖြေခဲ့သည်။ "အဆင်မပြေဘူး ထင်တယ်။ ငါတို့ ကလေးယူဖို့ စီစဉ်နေပြီ "
ရှန်းချန် အံ့အားသင့်သွားသည်။
ကျင်းကျုံးပိုင် ဖုန်းကိုချဖို့ လုပ်ချိန် သူမ၏ Weibo တွင် မက်ဆေ့ချ်အသစ်တစ်ခုကို သတိပြုမိလိုက်သည်။ သူဖွင့်ကြည့်လိုက်တော့ အဲ့တာက ပိုင်ပိုင်ရဲ့ ချစ်စရာကောင်းတဲ့ဖန်လေး ဆိုတဲ့ ဖန်အကောင့်ဆီမှဖြစ်နေတာကြောင့် သူ့မျက်နှာပေါ်သို့ အပြုံးလေးတစ်ခု တိုးလာခဲ့သည်။
ဒီပရိတ်သတ်က ၎င်း၏ အထောက်အထားကို ကောင်းစွာဖုံးကွယ်ထားခဲ့သည်။
.......
နောက်နှစ်မှာ ဆောင်းဦးရာသီ ရောက်လာခဲ့သည်။ ချင်ယီလုက မင်းသမီးလေးတစ်ပါးကို မွေးဖွားခဲ့ပြီး အားလုံးထဲတွင် အပျော်ရွှင်ဆုံးသူမှာ ကျင်းကျုံးပိုင် ဖြစ်သည်။
ကျိုး ဇနီးမောင်နှံသည် ကျိုးစစ်မူနှင့်အတူ မင်းသမီးငယ်လေးဆီ လာလည်သောအခါ ကျန်းရှောင်က ကလေးကို ချီထားကာ ကျိုးရှို့လင်းက ကျင်းကျုံးပိုင် အား မနာလိုစိတ်ဖြင့် တိတ်တဆိတ် ဂုဏ်ပြုစကားဆိုခဲ့သည်။
ကျိုးစစ်မူက ကလေး၏ မျက်နှာကို ညင်သာစွာ ထိတွေ့ခဲ့သည်။ "ဖေဖေက သားကို ညီမလေးတစ်ယောက်မွေးပေးမယ်လို့ အမြဲပြောခဲ့တာ။ သား စောင့်နေတာကြာလှပြီ"
ကျိုးရှို့လင်း သူ့နှာခေါင်းကို ထိလိုက်သည်။ "မင်းကို ညီမလေး မပေးနိုင်ပေမယ့် အရမ်းချောမောလှပတဲ့ ချွေးမလေးတစ်ယောက်တော့ ရှာပေးနိုင်ပါတယ်"
ကျင်းကျုံးပိုင် သည်းမခံနိုင်တော့ပေ။ "မစ္စတာ ကျိုး၊ ငါ့သမီးလေးက အခုမှမွေးတာနော်"
ကျိုးရှို့လင်း ခွန်းတုံ့ပြန်ပြောလိုက်သည်။ "ငါ့သားကလည်း မဆိုးပါဘူးကွာ"
ကျိုးစစ်မူ က လေးနက်တဲ့ အမူအရာနဲ့ပြောလိုက်သည်။ "ဖေဖေ၊ ဖေဖေ့ရဲ့ဂိမ်းကို အဆင့်မြှင့်မှရမယ်။ ဦးလေး ကျင်း တောင်မှ နောက်ကျမှ အိမ်ထောင်ပြုပြီး ကလေးမွေးပြီးသွားပြီ"
အခန်းထဲရှိလူတိုင်း ဝါးလုံးကွဲ ရယ်မောခဲ့ကြသည်။