← Chapters

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း (၆၁၉-၆၂၁)

Vol. 42 Ch. 619-621

အခန်း(၆၁၉)

"ဘယ်လို "

ကျန်းချန် ၏ စကားကိုကြားလျှင် လျှိုလင်ကျူးနှင့် လျှိုရွယ်ယင်းတို့ သာမက အကြီးအကဲ လျှိုရီကျန်းပင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ မျက်လုံးထဲ၌ ဖုံးဖိမရစွာ ပေါ်လာခဲ့သည်။

သူတို့က သားရဲသခင်များ မဟုတ်သော်လည်း သားရဲကိုထိန်းချုပ်ရန် များစွာခက်ခဲမှန်း ကောင်းစွာသိထားကြသည်။

ယခု သူတို့ရှေ့မှ ကျန်းချန်သည် ရှင်းချီဆီကနေ ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ချက်ချင်း ထိန်းချုပ်လိုက်၏။

သိထားရမည်မှာ ရှင်းချီသည် သူတို့ ချင်းလွမ်နယ်မြေတွင် နာမည်ကျော်ကြားသည့် သားရဲပါရမီရှင် တစ်ဦးဖြစ်ပြီး ပဥ္စမအဆင့် အလယ်အလတ် သားရဲသခင်အဆင့် ရှိသည်။

သို့သော် ဤကဲ့သို့သော ပါရမီရှင်ပင်လျှင် ကျန်းချန်၏ လက်ထဲ၌ အမှိုက်တစ်စနှယ် ဖြစ်သွားခဲ့၏။

"ဒီကလေးရဲ့ သားရဲယဥ်ပါးခြင်းပါရမီက တကယ်ကို အံ့သြစရာပဲ.. လင်ကျူး.. သမီး ဒီတစ်ခေါက် လျှိုမိသားအစု အတွက် အံ့သြစရာကောင်းတဲ့ ပါရမီရှင်တစ်ယောက်ကို ခေါ်လာနိုင်ခဲ့ပြီ "

လျှိုရီကျန်းက အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြောလိုက်၏။

သူ၏ အိုမင်းသော မျက်၀န်းထဲတွင် လင်းလက်သော အလင်းရောင် တစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့သည်။

ကျန်းချန်ဟု ခေါ်သော ဤကောင်လေးသည် ပဥ္စမအဆင့် သို့မဟုတ် ထိုထက် ပိုမြင့်သည့် သားရဲသခင်အဆင့်တွင် ရှိ၏။

ထိုကဲ့သို့သော ပါရမီသည် စန်းဟိုင်ကျွန်း တစ်ခုလုံးမှာပင် ဒုတိယတစ်ယောက်ကို ရှာတွေ့ရန် ခက်ခဲသည်။

"မထင်မှတ်ဘဲ သခင်လေးကျန်းက သိုင်းပညာမှာတင် ပါရမီပါတာ မဟုတ်ဘဲ သားရဲယဥ်ပါးခြင်း အတတ်မှာလဲ ကြောက်မက်ဖွယ် ပါရမီရှိနေတာကိုး "

လျှိုလင်ကျူးက ကျန်းချန်ကို ချီးကျူးပြောဆိုလိုက်သည်။

ယခုမှပင် သူမ၏ နှလုံးသားလေးသည် သက်သာရာရသွားခဲ့၏။

ကျင့်ကြံခြင်းကမ္ဘာတွင် နေရာတိုင်း၌ အင်အားနှင့် ပါရမီကို အမှီသဟဲပြု၍ စကားပြောကြသည် ဖြစ်ရာ အင်အားကြီးမားသူသာလျှင် စကားပြောပိုင်ခွင့်ရှိ၏။

ကျန်းချန်၏ လက်ရှိ ပါရမီဖြင့်ဆိုလျှင် လျှိုမိသားစု၏ နောက်ဆုံး လက်ကျန်နေရာဖြစ်သည့် အထူးဧည့်တပည့် ရာထူးကို ရရှိရန်မှာ သေချာသလောက်ပင်။

[တကယ်ကို ဒေါသထွက်စရာပဲ.. လျှိုလင်ကျူးက ဒီလိုပါရမီရှင်မျိုးကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ]

လျှိုရွယ်ယင်းက အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

လျှိုမိသားစု၏ ခေါင်းဆောင် လျှိုရွယ်ဖုန်း ဒဏ်ရာရရှိပြီးကထဲကပင် လျှိုရွယ်ယင်းသည် လျှိုမိသားစု၏ ခေါင်းဆောင်ရာထူးကို လိုချင်ခဲ့သည်။

ထိုကိစ္စကို အကောင်အထည်ဖော်ရန် လျှိုရွယ်ယင်းသည် ငွေကြေးကို တွန့်တိုမနေဘဲ တစ္ဆေလူသတ်သမားဂိုဏ်းကို ငှားရမ်းကာ လျှိုလင်ကျူးကို လုပ်ကြံရန် စီစဥ်ခဲ့သည်။

သို့သော်လည်း လျှိုလင်ကျူးသည် ထိုလုပ်ကြံမှုမှ လွတ်မြောက်လာပြီး လျှိုအိမ်သို့ ပြန်လည် ရောက်ရှိလာမည်ဟု လျှိုရွယ်ယင်း မမျှော်လင့်ခဲ့ပေ။

ထို့အပြင် လျှိုလင်ကျူးသည် ဧည့်တပည့် နေရာအတွက် သူနှင့် ယှဥ်ပြိုင်ရန် ဤကဲ့သို့ ပါရမီထူးသည့် သားရဲသခင်ကိုပင် ခေါ်လာနိုင်ခဲ့သည်။

အထူးဧည့်တပည့်များသည် တစ်ချိန်တွင် အကြီးအကဲ ဖြစ်လာနိုင်သည့် အလားအလာရှိသူများ ဖြစ်၏။

ထို့ကြောင့် အထူးဧည့်တပည့်များကို သူ၏ လက်အောက်ခံများ ဖြစ်အောင် လုပ်နိုင်ခဲ့လျှင် လျှိုမိသားစုတွင် သူ၏ စကားပြောပိုင်ခွင့်ကို အဆများစွာ တိုးမြှင့်နိုင်မည်မှာ သံသယဖြစ်စရာပင် မလိုပေ။

သို့သော်လည်း ကျန်းချန်၏ ထွက်ပေါ်လာမှုသည် အထူးဧည့်တပည့် နေရာတွင် ရှင်းချီကို ထည့်သွင်းမည့် သူ၏အစီအစဥ်ကို လုံး၀ ဖျက်စီးပစ်လိုက်သည်။

"မဖြစ်နိုင်ဘူး.. မင်းက ငါ့ရဲ့ထိန်းချုပ်မှုကို ဖျက်စီးပြီး ငါ့ရဲ့ရွှေရောင်အတောင်ပံ ဟင်္သာကို ဘယ်လိုလုပ် ထိန်းချုပ်နိုင်ရတာလဲ "

ရှင်းချီက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီး သူ၏ ထိန်းချုပ်ရေး နည်းစနစ်များကို အစွမ်းကုန် ထုတ်သုံးကာ သူ၏ ရွှေရောင်တောင်ပံ ဟင်္သာငှက်ကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားနေခဲ့သည်။

ကံမကောင်းစွာပင် ကျန်းချန်၏ သားရဲထိန်းချုပ်ရေး အတတ်သည် သူ့ထက် အဆင့်ပိုမြှင့်ရုံသာမက သူအသုံးပြုထားသည့် ရှေးခေတ်သားရဲ ထိန်းချုပ်ရေး နည်းစနစ်ကလည်း ရှင်းချီ၏ သားရဲထိန်းချုပ်ရေး နည်းစနစ်ထက် ပိုသာနေ၏။

ထို့ကြောင့် ရှင်းချီက အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ရွှေရောင်အတောင်ပံ ဟင်္သာငှက်အပေါ်တွင် ကျန်းချန် ရိုက်နှိပ်ထားသည့် ရှေးဟောင်းသားရဲ ထိန်းချုပ်ရေး သင်္ကေတကို မဖျက်ဆီးနိုင်ခဲ့ပေ။

ပထမတွင် ဟင်္သာငှက်သည် ရှင်းချီ၏ သက်ရောက်မှုကို လုံး၀ မခံစားရဘဲ ကျန်းချန်၏ နံဘေးမှာသာ မလှုပ်မယှက် ရပ်နေခဲ့၏။

"ကောင်စုတ်လေး ငါ့ရဲ့ ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ဘာလုပ်လိုက်တာလဲ...ငါ့ရဲ့ငှက်ကို ပြန်ပေးစမ်း"

ရှင်းချီ၏ မျက်လုံးများက နီရဲနေခဲ့သည်။

သူက ကျန်းချန်ကို မီးဝင်းဝင်းတောက်သော အကြည့်များဖြင့် ကြည့်နေခဲ့၏။

"မင်းရဲ့ ရွှေရောင်အတောင်ပံ ဟင်္သာငှက်က သူ့သဘောနဲ့သူ ငါ့နောက်လိုက်လာခဲ့တာလို့ အစောပိုင်းကထဲက ငါပြောခဲ့ပြီးသားပဲ.. သူက မင်းနောက်ကို မလိုက်ချင်တာမဟုတ်ဘူး.. အပြစ်တင်ချင်ရင် မင်းကိုယ်မင်း အဖြစ်မရှိတာကိုဘဲ အပြစ်တင်လိုက်.. ငါနဲ့ဘာမှမဆိုင်ဘူး.. မင်းသူ့ကို ပြန်ခေါ်ချင်ရင် အစွမ်းကုန် ကြိုးစားလိုက်ပါ.. သူမင်းအနောက်ကို လိုက်ဖို့ ဆန္ဒရှိသ၍ ငါလုံး၀ တားဆီးမှာမဟုတ်ဘူးလို့ ကတိပေးတယ်"

အခန်း (၆၁၉)ပြီး၏။

အခန်း(၆၂၀)

ရှင်းချီက ထိုစကားကို ကြားလျှင် အသက်ရှူမ၀ဖြစ်ကာ သွေး သုံးလီတာလောက် အန်ထွက်မလိုပင် ဖြစ်သွားခဲ့သည်။

"ရွှေရောင်တောင်ပံ ဟင်္သာငှက်ကို ခေါ်သွားနိုင်မှတော့ ငါက ဘာလို့ ဒီမှာ မင်းနဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြောနေရမှာလဲ"

"ကျန်းချန် ဒီတစ်ခါ မင်းအနိုင်ရတယ်.. ရွှေရောင်အတောင်ပံဟင်္သာငှက်ကို ငါ့ဆီပြန်ပေးပါ.. ငါ့ရဲ့သားရဲကို ပြန်ရရင် ငါချက်ချင်း လှည့်ထွက်သွားမယ်.. ဒါ့အပြင် အထူးဧည့်တပည့် နေရာအတွက် မင်းနဲ့ဆက်ပြီး မယှဥ်ပြိုင်တော့ဘူး "

ရှင်းချီက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျန်းချန်ကို လေးနက်စွာ ပြောလိုက်သည်။

ဤရွှေရောင်အတောင်ပံ ဟင်္သာငှက်သည် ရှေးဟောင်းသားရဲတစ်ကောင်ဖြစ်ပြီး ကောင်းကောင်းမွန်မွန်သာ လေ့ကျင့်ပေးနိုင်လျှင် ဆဋ္ဌမအဆင့်သားရဲ သို့မဟုတ် ထိုထက်မကအားကောင်းလာနိုင်သည့် သားရဲအဖြစ် ကြီးထွားလာနိုင်မည့် အခွင့်အရေးရှိသည်။

ဤရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို လေ့ကျင့်ရန်အတွက် ရှင်းမိသားစုသည် ကြီးမားသည့် အဖိုးအခကို ကုန်ကျခဲ့ရ၏။

ယခုအခါ ရွှေရောင်အတောင်ပံ ဟင်္သာငှက်သည် ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ကို မြင်နေခဲ့ရာ ရှင်းချီသည် သူ၏ နှလုံးသွေးများ စိမ့်ထွက်နေသကဲ့သို့ ခံစားလိုက်ရ၏။

"ကောင်းပြီလေ ဒါဆိုလဲ မင်းကိုပြန်ပေးမယ် "

ကျန်းချန်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။

ထို့နောက် သူက ရွှေရောင်တောင်ပံဟင်္သာငှက်ကို ရှင်းချီ ဆီသို့ သွားရန် တိုက်ရိုက်အမိန့်ပေးလိုက်၏။

ချက်ချင်းဆိုသလို ရှင်းချီကလဲ သူ၏ သားရဲထိန်းချုပ်ရေးနည်းစနစ်ဖြင့် ရွှေရောင်အတောင်ပံ ဟင်္သာငှက် ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို ထိန်းချုပ်၍ မရခဲ့ပေ။

ရွှေရောင်အတောင်ပံ ဟင်္သာငှက်က ရှင်းချီ၏ ရှေ့သို့ ရောက်လျှင် သူ၏ ရွှေရောင်အတောင်ပံကို အားပါးတရ ခတ်လိုက်သည်။

ထိုအခါ ရွှေရောင်လေပွေတစ်ခု တိုက်ခတ်သွားခဲ့ပြီး ရှင်းချီ၏ ပုံရိပ်သည် ချက်ချင်းဆိုသလို လွင့်စင်ကာ အဆုံး၌ မြေပြင်ပေါ်သို့ လဲကျပြီး သွေးအန်သွားခဲ့၏။

"ကျန်းချန်.. မင်း.. မင်းငါ့ကို လှည့်စားရဲတယ် "

ရှင်းချီက ပါးစပ်ထဲက သွေးများကို အန်ထုတ်ပြီးနောက်တွင် ထရပ်ရန် ကြိုးစားလိုက်သည်။

ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်က မီးထတောက်လုမတတ်ပင်။

"ငါမင်းကို ဘယ်တုန်းက လှည့်စားခဲ့လို့လဲ.. ငါက ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို မင်းကိုပြန်ပေးခဲ့တာပဲလေ.. မယူနိုင်တာကတော့ မင်းကိုယ်မင်းပဲ အပြစ်တင်ရတော့မယ် "

"ကျန်းချန် ငါမင်းကို နောက်ဆုံးတစ်ခါ ထပ်ပြောမယ်.. ရွှေရောင်အတောင်ပံ ဟင်္သာငှက်အပေါ်မှာ ထိန်းချုပ်ထားတာကို ဖယ်ရှားပြီး ငါ့ဆီပြန်ပေးပါ"

ရှင်းချီက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏ မျက်နှာထက်တွင် အလွန် ကြောက်မက်ဖွယ်ကောင်းသော အမူအရာတစ်ခု ပေါ်လာခဲ့၏။

"မဟုတ်ရင် ငါတို့ ရှင်းမိသားစုက မင်းနဲ့ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး"

စိတ်ရူးပေါက်မတတ်ဖြစ်နေသည့် ရှင်းချီကို ကြည့်ပြီး လျှိုလင်ကျူး၏ မျက်ခုံးများသည် အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

သူမက ကျန်းချန်ကို ကြည့်ကာ ခပ်တိုးတိုးလေး ပြောလိုက်၏။

"သခင်လေးကျန်း.. ကျွန်မကို မျက်နှာသာပေးပြီး ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို သူ့ဆီ ပြန်ပေးလို့ရမလား"

မည်သို့ပင်ဖြစ်စေ ရှင်းမိသားစုသည် သူတို့ လျှိုမိသားစု၏ လက်အောက်ခံ မိသားစု ဖြစ်သည်။

ကျန်းချန်က ရှင်းမိသားစု၏ ရွှေရောင်အတောင်ပံ ဟင်္သာငှက်ကို လုယူခဲ့လျှင် အပြင်လူများက သူတို့ လျှိုမိသားစုသည် လက်အောက်ခံ မိသားစုများကို အနိုင်ကျင့်သည်ဟု ထင်သွားလိမ့်မည် ဖြစ်၏။

ထိုသတင်းသာ ပြန့်နှံ့သွားလျှင် သူတို့ လျှိုမိသားစုကို မှီခိုနေသည့် အင်အားစုများသည် မကျေမနပ် ဖြစ်သွားမှာကို စိုးရိမ်ရ၏။

ရှင်းမိသားစု၏ အင်အားသည် လျှိုမိသားစု၏ အင်အားလောက် မကြီးသော်လည်း သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိသည်။

ထို့ကြောင့် ရှင်းမိသားစုကို စော်ကားခဲ့လျှင် ကျန်းချန်အတွက် ဘာအကျိုးမှ ရှိမည်မဟုတ်ပေ။

"သခင်မလေး အမိန့်အတိုင်း သူ့ဆီ ပြန်ပေးလိုက်ပါ့မယ် "

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို ရွှေရောင်အတောင်ပံ ဟင်္သာငှက်အပေါ်တွင် သူခတ်နှိပ်ထားသည့် ရှေးဟောင်းသားရဲထိန်းချုပ်ရေး သင်္ကေတကို ချက်ချင်း ဖယ်ရှားပေးလိုက်၏။

အဆုံးသတ်တွင် ရှင်းချီသည် သူ၏သားရဲကို ပြန်လည်ထိန်းချုပ်ခွင့် ရသွားခဲ့သည်။

သူက သားရဲယဥ်ပါးခြင်းအိတ်ထဲသို့ အလျင်အမြန်ထည့်ကာ ဘာစကားတစ်ခွန်းမှ မပြောတော့ဘဲ ခန်းမထဲကနေ လှည့်ထွက်သွားခဲ့သည်။

ရှင်းချီ ထွက်သွားသည်ကိုမြင်လျှင် လျှိုရွှယ်ယင်းသည် အထူးဧည့်တပည့် နေရာအတွက် ယှဥ်ပြိုင်မှုတွင် လုံး၀ ကျရှုံးသွားမှန်း သိသွားခဲ့၏။

သူက ကျန်းချန်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက်တွင် ခန်းမထဲကနေ ထွက်သွားခဲ့သည်။

လျှိုရွှယ်ယင်း ထွက်သွားပြီးနောက်တွင် ခဏမျှ မှင်တက်နေသော အကြီးအကဲ လျှိုရီကျန်းသည် အဆုံးသတ်တွင် ထရပ်လိုက်သည်။

"ဟားဟား.. မထင်မှတ်ဘဲ ငါတို့ချင်းလွမ်နယ်မြေမှာ ဒီလိုမျိုး ထူးချွန်တဲ့ သားရဲပါရမီရှင် တစ်ယောက်ရှိနေမယ်လို့ မထင်ထားဘူး.. မင်းရဲ့ပါရမီက ဒီအဘိုးကြီးကို တကယ်ပဲ အမြင်ကျယ်စေခဲ့တယ် "

လျှိုရီကျန်းက ပြုံး၍ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်၏။

"ကောင်လေး.. လျှိုမိသားစုရဲ့ အထူးဧည့်တပည့် ဖြစ်လာတာ ဂုဏ်ယူပါတယ် "

အခန်း (၆၂၀) ပြီး၏။

အခန်း(၆၂၁)

"ကျေးဇူးတင်ပါတယ်.. အကြီးအကဲ"

ကျန်းချန်က ကျေးဇူးတင်စကား ပြောလိုက်သည်။

သူအစောပိုင်းက ပြသခဲ့သည့် အရည်အချင်းသည် စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုတွင်ပါဝင်ရန် နေရာတစ်နေရာစာအတွက် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်၏။

သူ့အနေဖြင့် စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုကို အောင်မြင်စွာ ဖြတ်သန်းနိင်သ၍ အဖွဲ့အစည်း၏ တပည့်တစ်ဦး အနေဖြင့် ကျုံးကျိုးကုန်းမြေ၏ မြောက်ပိုင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။

"ရပါတယ်.. မင်းရဲ့ပါရမီနဲ့ဆိုရင် ကြယ်နှစ်ပွင့်အင်အားစု ဖြစ်တဲ့ စန်းလန်အဖွဲ့အစည်းထဲကို ဝင်ဖို့က မကြာခင် အချိန်အတွင်း ဖြစ်လာမှာပါ.. မင်းလိုလူမျိုး ငါတို့ လျှိုမိသားစုရဲ့အထူးဧည့်သည် ဖြစ်လာတဲ့အတွက် ငါတို့ လျှိုမိသားစုကလည်း ဂုဏ်ယူပါတယ်.. နောင်တချိန်မှာ ငါတို့ လျှိုမိသားစုက မင်းရဲ့ အကူအညီကို လိုအပ်ကောင်း လိုအပ်လာမှာပါ"

လျှိုရီကျန်းက လက်ကို‌ဝှေ့ရမ်းလိုက်ပြီး ချက်ချင်းဆိုသလို လျှိုလင်ကျူးကို ပြုံးကာ ပြောလိုက်သည်။

"လင်ကျူး.. သမီးရဲ့ မိတ်ဆွေကျန်းချန်ကို မိသားစု အုပ်ချုပ်ရေးဌာနဆီ ခေါ်သွားပြီး သူ့ရဲ့ အထောက်အထားတွေကို စာရင်းသွင်းလိုက်ပါ"

"ဟုတ်ကဲ့ အဘိုး"

လျှိုလင်ကျူးက ချိုသာစွာ ပြုံးလိုက်သည်။

ထို့နောက် သူမက ကျန်းချန်နှင့်အတူ အစည်းအဝေးခန်းမထဲကနေ ထွက်သွားတော့မည့်အချိန်တွင် တံခါးဝကနေ ပုံရိပ်နှစ်ခုသည် အတွင်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာခဲ့သည်။

ထိုနှစ်ယောက်တွင် တစ်ယောက်မှာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထိုလူလတ်ပိုင်းအရွယ်လူ၏ နောက်တွင် မာနကြီးသောအမူအရာဖြင့် အသက်ငါးဆယ်ကျော် အဘိုးအိုတစ်ဦး ရှိနေသည်။

ထိုအဘိုးအိုသည် အနက်ရောင်အဂ္ဂိရတ်သခင် ၀တ်ရုံကို ၀တ်ဆင်ထားပြီး ရင်ဘတ်တွင်လည်း ငွေရောင် ကြယ်ခြောက်ပွင့် အဂ္ဂိရတ်သခင် တံဆိပ်ပြား ရှိနေခဲ့၏။

"ငွေရောင်‌ကြယ်ခြောက်ပွင့် အဂ္ဂိရတ်သခင် တံဆိပ်ပါလား.."

ဤသည်ကိုကြည့်၍ သူရှေ့မှအဘိုးအိုက ဆဋ္ဌမအဆင့်အခြေခံ အဂ္ဂိရတ်သခင်တစ်ဦး ဖြစ်သည်ဟု သူသိလိုက်သည်။

"ဆရာရှန့် အတွင်းထဲကိုကြွပါ"

ကျန်းချန်က အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုကို ကြည့်နေစဉ်မှာပင် လျှိုမိသားစုမှ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် အနက်ရောင်၀တ်စုံ၀တ်အဖိုးအိုကို တလေးတစားဖြင့် ဖိတ်ခေါ်လိုက်သည်။

"ဆရာရှန့်"

လျှိုရီကျန့်ကလည်း ချက်ချင်းဆိုသလို ခန်းမထဲကို လျှောက်ဝင်လာသည့် အနက်ရောင်ဝတ်စုံဝတ် အဖိုးအိုကို ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

"ဆရာရှန့် ကျွန်တော်တို့ လျှိုအိမ်ကို ကြွရောက်လာတာက ကျွန်တော်တို့ လျှိုမိသားစုအတွက် ဂုဏ်တက်စရာပါပဲ"

"လျှိုရီကျန့် ငါ့ရှေ့မှာ အပိုစကားတွေ‌ ပြောမနေနဲ့.. မင်းတို့လျှိုမိသားစုခေါင်းဆောင် လျှိုရွှယ်ဖုန်းကို အဆိပ်ဖြေဖို့အတွက် ဆဋ္ဌမ အဆင့်ဆေးလုံးကို လိုအပ်လို့ ငါ့ကို ပင့်ဖိတ်လိုက်တာ ငါကောင်းကောင်းသိတယ်.. ဒါပေမဲ့ ငါက လျှိုမိသားစုအိမ်ကို အလောတကြီး လာလိုက်ရလို့ ဘာမှစားမလာခဲ့ရဘူး.. ငါ့အတွက် စားစရာတချို့ အရင်ဆုံး ပြင်ဆင်ပေးပါ"

ထိုစကားကို ပြောလိုက်ပြီးနောက် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် အစည်းအဝေးခန်းမ၏ အဓိကထိုင်ခုံတွင် မောက်မာသော အမူအရာဖြင့် ဝင်ထိုင်လိုက်သည်၊

အနက်ရောင်၀တ်စုံ၀တ်အဖိုးအိုက အထက်စီးဆန်သော်လည်း လျှိုရီကျန့်သည် လျစ်လျူရှုခဲ့သည်။

"ကောင်းပါပြီ ဆရာရှန့်အတွက် စားပွဲတစ်ပွဲ စီစဉ်ပေးပါမယ်"

"မင်းတို့လျှိုမိသားစုရဲ့ စားပွဲလောက်ကို ငါစိတ်မဝင်စားဘူး.. ငါနောက်ဆုံးတစ်ခေါက် ချင်းလွမ်မြို့ကို ရောက်တုန်းက ဖုန်းမင်ရွှယ် စားသောက်ဆိုင်ကနေ ကောင်းကင်သွေးဖီးနစ် တောင်ပံမွှေးနဲ့ ပိုင်ဟွာလင်ချွမ် အရက်ကို သုံးဆောင်ခဲ့ရတယ်.. ငါ့ရဲ့အစာစားချင်စိတ်က အဲဒီအစားအစာကို တောင့်တနေတယ်"

ထိုစကားကိုပြောပြီးနောက်တွင် အနက်ရောင်၀တ်စုံ၀တ် အဘိုးအိုသည် မျက်လုံးကို‌ဝေ့ကြည့်လိုက်ရာ သူ၏အကြည့်က လျှိုလင်ကျူးနှင့် ကျန်းချန်တို့ဆီသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

သူက ကျန်းချန်တို့ နှစ်ယောက်ကို အထက်စီးဆန်သော အမူအရာဖြင့် ကြည့်လိုက်ပြီး "မင်းတို့နှစ်ယောက် ဖုန်းမင်ရွှယ်စားသောက်ဆိုင်ကို သွားပြီး ငါ့အတွက် စားသောက်စရာတွေကို ယူလာခဲ့စမ်း"ဟု ခိုင်းစေလိုက်သည်။

"ဆရာရှန့် ခဏလေးပဲ စောင့်ပါ.. ကျွန်မအခုပဲ ဖုန်းမင်ရွှယ်စားသောက်ဆိုင်ကို သွားလိုက်ပါမယ်"

လျှိုလင်ကျူးက ခေါင်းငြိမ့်၍ ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

ဖုန်းမင်ရွှယ် စားသောက်ဆိုင်၏ ကောင်းကင်သွေးဖီးနစ်တောင်ပံမွှေးနှင့် ပိုင်ဟွာလင်ချွမ် အရက်သည် အလွန်ရှားပါးသော်လည်း ဤဆရာရှန့်သည် သူမအဖေ၏ရောဂါကို ကုသရန် ဆေးလုံးသန့်စင်ဖို့ အတွက် အဓိကသော့ချက်ဖြစ်သည်။

သူမ အဖေ အမြန်ဆုံး ပြန်ကောင်းလာစေရန် အတွက် ဆရာရှန့် လိုအပ်ချက်မှန်သမျှကို သူမအနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရပေမည်။

သို့သော်လည်း လျှိုလင်ကျူး ထွက်သွားတော့မည့် ဆဲဆဲတွင် ကျန်းချန်သည် သူမကို တားမြစ်လိုက်သည်။

"သခင်မလေး ဒီအဘိုးကြီးက သခင်မလေးကို ခိုင်းစေနိုင်တဲ့အရည်အချင်းမရှိဘူး"

ထိုခဏတွင် ကျန်းချန်သည် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ခပ်ထေ့ထေ့ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ မောက်မာသောစကားသံသည် ခန်းမတစ်ခုလုံးတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။

"အဘိုးကြီး.. ကောင်းကင်သွေးဖီးနစ်တောင်ပံမွှေးနှင့် ပိုင်ဟွာလင်ချွမ်အရက်ကို သုံးဆောင်ချင်ရင် ဖုန်းမင်ရွှယ် စားသောက်ဆိုင်ကို သွားပြီး ကိုယ့်ဘာသာကို သုံးဆောင်လိုက်.. ငါတို့ လျှိုမိသားစုကို ခိုင်းစေရအောင် ငါတို့လျှိုမိသားစုက မင်းရဲ့အခိုင်းအစေ မဟုတ်ဘူး"

အခန်း(၆၂၁)ပြီး၏။

All Chapters