အခန်း (၆၂၂-၆၂၄)
Vol. 42 Ch. 622-624
အခန်း(၆၂၂ )
ကျန်းချန်၏ မောက်မာသောစကားများကြောင့် လျှိုရီကျန်းနှင့် လျှိုလင်ကျူးတို့ မျက်နှာများသည် အနည်းငယ်ဘပြောင်းလဲသွားခဲ့သည်။
ချင်းလွမ်၏ နံပါတ်တစ်မိသားစုဖြစ်သည့်လျှိုမိသားစုတွင် မူလက ဆဋ္ဌမအဆင့် အဆင့်မြင့် အဂ္ဂိရတ်သခင်တစ်ဦးရှိခဲ့သည်။
ထိုဆဋ္ဌမအဆင့်၊ အဆင့်မြင့် အဂ္ဂိရတ်သခင်သည် လျှိုလင်ကျူး၏ ဆရာလည်းဖြစ်၏။
လွန်ခဲသော နှစ်၀က်ခန့်က လျှိုလင်ကျူး၏ ဆရာသည် သတ္တမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွား၍ စန်းလန်အဖွဲ့အစည်းသည် လျှိုလင်ကျူး၏ဆရာကို ခေါ်သွားခဲ့သည်။
ထိုနောက်ပိုင်းတွင် လျှိုမိသားစုတွင် ဆဋ္ဌမအဆင့် အဆင့်မြင့် အဂ္ဂိရတ်သခင် မရှိတော့ပေ။
ထို့ကြောင့် လျှိုမိသားစု၏ ခေါင်းဆောင် လျှိုရွှယ်ဖုန်း ဤအခေါက် ဒဏ်ရာရသောအခါတွင် သူတို့သည် ပြင်ပမှ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ကို ရှာဖွေခဲ့ရသည်ည်။
ချင်းလွမ်နယ်မြေတွင်ရှိသည့် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ၂ ဦးသည် အခြားသော အင်အားကြီး မိသားစု ၂ စုမှ ဧည့်အကြီးအကဲများ ဖြစ်ကြသည်။
ထိုမိသားစု ၂စု၏ အင်အားသည် လျှိုမိသားစု အင်အားနှင့် တန်းတူနီးပါး ဖြစ်ပြီး လျှိုမိသားစု၏ နံပါတ်တစ် မိသားစုနေရာကို အမြဲလိုလို မျက်စိကျနေသော မိသားစုများ ဖြစ်သည်။
ထို့ကြောင့် လျှိုမိသားစုသည် ခေါင်းဆောင်လျှိုရွှယ်ဖုန်း ဒဏ်ရာရသွားသောအခါတွင် ထိုမိသားစု ၂ စုမှ အဂ္ဂိရတ်သခင်များကို ပင့်ဖိတ်ရန် စိုးရိမ်နေခဲ့၏။
အကြောင်းရင်းမှာ ထိုမိသားစု၂စုသည် သူတို့ လျှိုမိသားစုခေါင်ဆောင် လျှိုရွှယ်ဖုန်းကို လုပ်ကြံမည်အား စိုးရိမ်သောကြောင့်ပင်။
ထို့ကြောင့် လျှိုမိသားစုသည် တခြားသော နယ်မြေများသို့ သွားရောက်ကာ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ယောက်ကို ရှာဖွေခဲ့ရ၏။
သူတို့ရှေ့ရှိ ဆရာရှန့်သည် ဖူဟူမြို့မှ စျေးကြီးပေးကာ ပင့်ဖိတ်လာခဲ့သည့် အဂ္ဂိရတ်သခင် ဖြစ်သည်။
ကျန်းချန်က ဤဆရာရှန့်ကို စော်ကားခဲ့လျှင် သူတို့အတွက် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ကို ရှာဖွေရန်မှာ ပိုမိုခက်ခဲသွားလိမ့်မည် မဟုတ်ပါလော။
"ကောင်လေး မင်းဘာစကားပြောတာလဲ.. ထပ်ပြောစမ်း "
ဆရာရှန့်က ကျန်းချန်ကို ဒေါသတကြီး ကြည့်လိုက်သည်။
သူက ဂုဏ်သိက္ခာကြီးမားသည့် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦး ဖြစ်သည်။
သတ္တမအဆင့် အဂ္ဂရိတ်သခင်မရှိသည့် စန်းဟိုင်ကျွန်းတွင် သူ၏ အဆင့်အတန်းသည် ပြိုင်ဘက်ကင်းသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
ယခု သူ့ကို စော်ကားပြောဆိုခဲ့သည့် ကောင်လေးသည် လျှိုမိသားစု၏ ဂျူနီယာတစ်ဦးသာ ဖြစ်ရာ သူ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်၏ တည်ရှိမှုမျှသာာဖြစ်သည်။
ထိုကောင်လေးအနေဖြင့် သူ့ရှေ့တွင် မာနထောင်လွှားရဲသည်မှာ သေခြင်းတရားကို ရှာဖွေသည်နှင့် အတူတူပင် မဟုတ်ပါလော။
"နားပင်းနေလား ဒါမှမဟုတ် လူစကားကို နားမလည်တာလား မင်းမကြားရင် နောက်ဆုံးတစ်ခေါက် ထပ်ပြောပေးမယ်.. ကောင်းကင်သွေးဖီးနစ် တောင်ပံမွှေးနဲ့ ပိုင်ဟွာလင်ချမ် အရက်ကို သုံးဆောင်ချင်ရင် ဖုန်းမင်ရွှယ် စားသောက်ဆိုင်ကို ကိုယ်တိုင်သွားပြီး သုံးဆောင်လိုက်ပါ "
ကျန်းချန်က ဆရာရှန့်ကို မထီတရီ ကြည့်ကာ မေးခွန်းထုတ်လိုက်၏။
"ငါတို့သခင်မလေးကို မင်းအတွက် သွားဝယ်ပေးရအောင် မင်းမှာ အဲဒီလို အရည်အချင်းရှိလို့လား "
"ဟားဟား လျှိုရီကျန်း.. မင်းတို့လျှိုမိသားစုက ငါ့ကို.စော်ကားရဲနေပါလားဟေ့.. ဂျူနီယာတစ်ယောက်ကတောင် ငါ့ရှေ့မှာ မောက်မာရဲတယ်.. မင်းတို့ လျှိုမိသားစုက ဆေးလုံးသန့်စင်ဖို့အတွက် ငါ့ကို မလိုအပ်ရင် ငါအခုဘဲ ထွက်သွားတော့မယ် "
ဆရာရှန့်က စကားဆုံးသည်နှင့် ထရပ်ကာ အပြင်သို့ လျှောက်သွားရန် ပြင်လိုက်သည်။
"ဆရာရှန့် ကျွန်တော်တို့ လျှိုမိသားစုရဲ့ ဂျူနီယာက ငယ်သေးတဲ့အတွက် စိတ်လိုက်မာန်ပါ ပြောဆိုမိတာပါ...စော်ကားမိတာရှိရင် ကျွန်တော်ကပဲ ကြားထဲကနေ တောင်းပန်ပါတယ်...ဆရာရှန့်က ဂုဏ်သိက္ခာကြီးမားတဲ့ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦး မဟုတ်လား.. ဘာလို့ ဂျူနီယာလေးနဲ့ အပြိုင် စိတ်ကောက်နေမှာလဲ"
လျှိုရီကျန်းက အခြေအနေ ပိုဆိုးမလာခင် အလျင်အမြန် ဖာထေးကာ ပြောလိုက်သည်။
"ဆရာရှန့် ကျွန်တော်အခုပဲ လူလွှတ်ပြီး ဖုန်းမင်ရွှယ်ကနေ ဆရာရှန့် သုံးဆောင်ချင်တဲ့ ကောင်းကင်သွေးဖီးနစ်တောင်ပံမွှေးနဲ့ ပိုင်ဟွာလင်ချမ်အရက်ကို ယူလာခိုင်းလိုက်ပါ့မယ်"
တကယ်တမ်းတွင် လျှိုရီကျန်းသည်လဲ ဆရာရှန့်အတွက် ထိုသို့ လုပ်ဆောင်ပေးနေရသည်ကို သဘောမကျပေ။
သို့သော်လည်း သူတို့လျှိုမိသားစုသည် ဆေးလုံးသန့်စင်ရန်အတွက် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်ကို အမှန်တကယ် လိုအပ်နေသည့် အတွက်ကြောင့် သူ၏ နှလုံးသားထဲမှ ဒေါသကို ထိန်းချုပ်ကာ ဆရာရှန့်ကို ပြုံးပြ၍ ပြောလိုက်၏။
"မင်းရဲ့တောင်းပန်မှုကြောင့် ငါကျေအေးပေးလိုက်မယ်
.. ဒါပေမယ့် ဒီကောင်လေးက ကောင်းကင်သွေးဖီးနစ် တောင်ပံမွှေးနဲ့ ပိုင်ဟွာလင်ချမ်အရက်ကို သွားဝယ်ပြီး ငါ့ဆီ ဒူးထောက်ပြီး ဆက်သရမယ် "
ဆရာရှန့်က လက်ကို.ဝှေ့ယမ်းလိုက်ပြီး ကျန်းချန်ကို.စူးရှစွာ ကြည့်၍ ပြောလိုက်၏။
"ဒီလိုမှမဟုတ်ရင် မင်းတို့ လျှိုမိသားစုအနေနဲ့ ဆဋ္ဌမအဆင့်ဆေးလုံးကို သန့်စင်ချင်ရင် တခြားတစ်ယောက်ကိုသာ သွားရှာလိုက်တော့ "
"ဟားဟား အဘိုးကြီး.. ထွက်သွားချင် ထွက်သွားလိုက်.. မင်းကို ဘယ်သူမှ ဒီမှာအတင်းအကြပ်မနေခိုင်းဘူး "
ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။
သူ၏ ခနဲ့တဲ့တဲ့အသံသည် ခန်းမထဲတွင် တိုက်ရိုက် ပဲ့တင်ထပ်လာခဲ့၏။
"မင်းက အသက် ၅၀ အရွယ်လောက်မှ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်အဆင့်ကို ရောက်ရှိခဲ့တယ်.. ဒီလို အရည်အချင်းလောက်နဲ့ ငါ့ကို စျေးဝယ်ခိုင်းဖို့ အရည်အချင်းမရှိသေးဘူး"
အခန်း (၆၂၂) ပြီး၏။
အခန်း(၆၂၃)
"သခင်လေးကျန်း.."
ကျန်းချန်က ဆရာရှန့်ကို မထီမဲ့မြင် ပြောဆိုနေသည်ကို မြင်လျှင် လျှိုလင်ကျူးသည် ကျန်းချန်၏ အင်္ကျီစကိုအသာအယာ ဆွဲ၍ သတိပေးလိုက်သည်။
ဆရာရှန့်က အလွန် မုန်းချင်စရာ ကောင်းသော်လည်း လျှိုမိသားစုအတွက် ခဏမျှ သည်းခံရမည် မဟုတ်ပါလော။
သူ့အဖေ လျှိုရွှယ်ဖုန်း ဒဏ်ရာရရှိပြီးကတည်းကပင် ချင်းလွမ်၏ နံပါတ်တစ် မိသားစု နေရာကို တခြားသော အင်အားကြီးမိသားစုနှစ်စုငည် သိမ်းပိုက်ရန် ပြင်ဆင်နေခဲ့သည်။
သူမအဖေ၏ဒဏ်ရာကိုကုသရန် ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးကို အမြန်ဆုံး မဖော်စပ်နိုင်လျှင် သူမတို့ လျှိုမိသားစုအနေဖြင့် ရှင်းလန်၏ မိသားစုနံပါတ်တစ် နေရာကို ထိန်းသိမ်းရန်အတွက် အာမခံနိုင်မည် မဟုတ်ပေ။
"သခင်လေးကျန်း.. အဖေ့ရဲ့ ဒဏ်ရာအတွက် ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးကို အရေးတကြီး လိုအပ်နေတဲ့အတွက် ဆရာရှန့်ရဲ့ မောက်မာမှုကို ခဏလောက် သည်းခံပေးပါ"
လျှိုလင်ကျူးက ကျန်းချန်ကို ခပ်တိုးတိုးလေး ပြောဆိုလိုက်သည်။
"သခင်မလေး.. ဘုံသုံးပါးကျင့်ယွမ်ဆေးလုံးက ဆဋ္ဌမအဆင့်အခြေခံဆေးလုံးလေးပဲ မဟုတ်လား.. ဒီအဘိုးကြီးက မသန့်စင်ချင်ဘူး ဆိုရင်လည်း သွားခွင့်ပေးလိုက်ပါ.. သူမရှိရင်လည်း ကျွန်တော်တို့ လျှိုမိသားစုက သန့်စင်နိုင်ပါတယ်.. ကျွန်တော့်ရဲ့ အဂ္ဂိရတ်ပညာက သိပ်အကောင်းကြီး မဟုတ်ပေမဲ့ သားရဲယဉ်ပါးခြင်း အတတ်ထက်တော့ အနည်းငယ် ပိုသာပါတယ်"
ကျန်းချန်က နှုတ်ခမ်းကို ကွေးညွတ်၍ ပြုံးကာ ပြောလိုက်သည်။
"ဘယ်လို ကျန်းချန်က အဂ္ဂိရတ်သခင်တစ်ဦးလည်း ဖြစ်နေတယ်လား"
ကျန်းချန်၏ စကားကိုကြားလျှင် လျှိုလင်ကျူးနှင့် လျှိုရီကျန့်တို့ နှစ်ယောက်စလုံးသည် အံ့သြတုန်လှုပ်သွားခဲ့သည်။
နှစ်ယောက်သားက ကျန်းချန်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ကြ၏။
ကျန်းချန်သည် ပဉ္စမအဆင့် အလယ်အလတ်သားရဲသခင် ဖြစ်သည့် ရှင်းချီကို သားရဲယဉ်ပါးခြင်း အတတ်တွင် အပြတ်အသတ် အနိုင်ယူခဲ့၍ သူ၏ သားရဲသခင် အဆင့်အတန်းသည် အနည်းဆုံး ပဉ္စမအဆင့်၊ အဆင့်မြင့်အဆင့်ကို ရောက်ရှိနေပြီးဟု ခန့်မှန်း၍ ရသည်။
အစောပိုင်းက သူပြောခဲ့သလို သူ၏ အဂ္ဂိရတ်ပညာရပ်က သားရဲပညာရပ်ထက် ပိုမိုအားကောင်းသည်ဆိုလျှင် ကျန်းချန်၏ အဂ္ဂိရတ်ပညာရပ် အဆင့်အတန်းသည် အမှန်တကယ်ပင် ဆဋ္ဌမအဆင့်ကို ရောက်ရှိနေသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။
အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် လူငယ်တစ်ဦးက သားရဲပညာရပ်နှင့် အဂ္ဂိရတ်ပညာရပ်တွင် ဤမျှလောက်ကြောက်မက်ဖွယ်ကောင်းသည့် ပါရမီ ရှိနေသည်မှာ တကယ်ကို မွန်းစတားဆန်လွန်းသည်ဟု ဆိုရပေမည်။
"ဟားဟား.. မင်းလို နို့နံ့တောင် မစင်သေးတဲ့ကောင်လေးက ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးကို သန့်စင်နိုင်တယ်လို့ ပြောလိုက်တာလား"
ဆရာရှန့်က ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ ကျန်းချန်ကို မထီမဲ့မြင် ကြည့်ကာ လှောင်ရယ်လိုက်သည်။
"မင်းတကယ်ပဲ ဘုံသုံးပါးကျင့်ယွမ်ဆေးလုံးကို သန့်စင်နိုင်မယ်ဆိုရင် ငါမင်းကို ချက်ချင်းဒူးထောက်ပြီး ဆရာလို့ခေါ်လိုက်မယ်"
"မင်းငါ့ကို ဒူးထောက်ပြီးဆရာလို့ခေါ်ဖို့ မလိုပါဘူး.. မင်းလိုအရည်အချင်းညံ့ဖျင်းတဲ့ သူမျိုးကို တပည့်အဖြစ် လက်ခံရမှာ ငါရှက်တယ်.. ကောင်းပြီလေ ငါ ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးကို သန့်စင်နိုင်ရင် မင်းက လျှိုမိသားစုအတွက် သုံးနှစ် အခမဲ့ အလုပ်လုပ်ပေးရမယ်.. ဘယ်လိုလဲ.."
ကျန်းချန်က ဆရာရှန့်နှင့် အပေးအယူသဘောမျိုး ပြောလိုက်သည်။
လျှိုမိသားစုသည် ချင်းလွမ်နယ်မြေ၏ နံပါတ်တစ် မိသားစုဖြစ်သော်လည်း ဆဋ္ဌမအဆင့်အဂ္ဂိရတ်သခင်ပင် မရှိသည်မှာ တကယ်ကို ရှက်စရာကောင်းလှ၏။
လျှိုလင်ကျူး အနေဖြင့် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ဖြစ်ရန် အချိန်အနည်းငယ် လိုအပ်သေး၏။
ထို့အပြင် သူက စန်းဟိုင်ကျွန်းပေါ်တွင် အချိန်အကြာကြီး နေရန် မရည်ရွယ်ထားခဲ့ပေ။
ထို့ကြောင့် ကျန်းချန်သည် လျှိုမိသားစု၏ ဆဋ္ဌမအဆင့်အဂ္ဂိရတ်သခင် မရှိသည့် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဆရာရှန့်ကို လျှိုမိသားစုအတွက် သုံးနှစ်အခမဲ့ လုပ်ပေးရမည်ဟု လောင်းကြေးထပ်ရန် အဆိုပြုခဲ့သည်။
"ကောင်းပြီလေ ငါမင်းကိုကတိပေးတယ် ဒါပေမဲ့ မင်းမသန့်စင်နိုင်ရင်ရော ဘယ်လိုလုပ်မလဲ"
ဆရာရှန့်က ကျန်းချန်ကို ပြန်မေးလိုက်သည်။
"ဒီအတွက်တော့စိတ်ချပါ ငါမသန့်စင်နိုင်ဘူးဆိုတာ မရှိဘူး"
ကျန်းချန်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ထို့နောက် သူက လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး သိုလှောင်အိတ်ထဲကနေ ဆေးမီးဖိုကို တိုက်ရိုက်ထုတ်ယူကာ လျှိုရီကျန့်ကိုပြုံး၍ ပြောလိုက်သည်။
"အဘိုး.. ဘုံသုံးပါးကျင့်ယွမ်ဆေးလုံး သန့်စင်ဖို့အတွက် လိုအပ်တဲ့ ဆေးပစ္စည်း တစ်စုံစာလောက် ပြင်ဆင်ပေးပါ"
လျှိုရီကျန့်က စိတ်လှုပ်ရှားစွာဖြင့် သူပြင်ဆင်ပြီးသား ပစ္စည်းသုံးစုံစာကို အလျင်အမြန် ထုတ်ပေးလိုက်သည်။
ကျန်းချန်သာ အမှန်တကယ် ဘုံသုံးပါးကျင့်ယွမ်ဆေးကိုသန့်စင်နိုင်လျှင် သူတို့ လျှိုမိသားစု ကြုံတွေ့နေရသည့် ပြသနာအားလုံးသည် တစ်ခါတည်း ပြေလည်သွားလိမ့်မည် မဟုတ်ပါလား။
"အဘိုး အဲဒီလောက် မလိုပါဘူး.. ပစ္စည်းတစ်စုံစာဆို လုံလောက်ပါပြီ.. ကျွန်တော်ကျန်းချန် သန့်စင်နိုင်တဲ့ ဆေးလုံးဖြစ်သ၍ ဒုတိယအကြိမ် သန့်စင်ဖို့ ဘယ်တော့မှ မလိုအပ်ဘူး"
ကျန်းချန်က ရယ်မော၍ပြောလိုက်ပြီး လျှိုရီကျန့်လက်ထဲမှ ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးအတွက် လိုအပ်သည့် ပစ္စည်းများကို သူ့ရှေ့တွင် ထားလိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် ဘုံသုံးပါးကျင့်ယွမ်ဆေးလုံးကို စတင် သန့်စင်လိုက်တော့၏။
အခန်း (၆၂၃) ပြီး၏။
အခန်း(၆၂၄)
"ဟားဟား..ကောင်လေး ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးက ဆဋ္ဌမအဆင့် အခြေခံဆေးလုံးပဲ.. မင်းသန့်စင်ချင်တိုင်း သန့်စင်လို့ရမယ် ထင်နေတာလား"
ကျန်းချန်က ဘုံသုံးပါးကျင့်ယွမ်ဆေးလုံးကို တစ်ကြိမ်တည်းဖြင့် သန့်စင်ပြမည်ဟု ပြောဆိုသည်ကိုကြားလျှင် ဆရာရှန့်က လှောင်ပြောင်လိုက်သည်။
ဘုံသုံးပါးကျင့်ယွမ်ဆေးလုံးသည် ဆဋ္ဌမအဆင့် အခြေခံဆေးလုံးများထဲတွင် အတော်လေး ခက်ခဲသည့် ဆေးလုံးတစ်မျိုးဖြစ်သည်။
သူ့အတွက်ပင် ဤဆေးလုံးကို သန့်စင်လျှင် စိတ်စွမ်းအင်ဆေးမီးဖိုကို အသုံးပြုသည့်တိုင် အောင်မြင်မှုသည် လေးဆယ်ရာခိုင်နှုန်းထက် ဘယ်တော့မှ မကျော်လွန်ပေ။
ယခု သူ့ရှေ့မှကောင်လေးသည် သာမန်ဆေးမီးဖိုကို သုံးကာ ဆေးလုံးကို သန့်စင်နေခဲ့သည်။
သူ၏အတွေ့အကြုံအရ သာမန်ဆေးဖိုကို အသုံးပြုလျှင် အောင်မြင်မှုနှုန်းသည် သုံးရာခိုင်နှုန်းအောက်သာ ရှိမည်ဟုခန့်မှန်းမိ၏။
သူ၏ အတွေ့အကြုံအရ ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးကို တစ်ခါတည်းဖြင့် အောင်မြင်အောင် သန့်စင်ရန်မှာ အခွင့်အရေး အလွန်နည်းပါး၏။
ထို့အပြင် သူ့ရှေ့မှ ကျန်းချန်သည် အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ကောင်လေးတစ်ယောက်သာ ဖြစ်သည်။
ထိုကောင်လေးသည် အဂ္ဂိရတ်ပညာရပ်တွင် အမှန်တကယ်ပါရမီရှိပြီး ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်၏အင်အားကို ပိုင်ဆိုင်ထားလျှင်ပင် အဂ္ဂိရတ်ပညာရပ် အတွေ့အကြုံ၌ သူနှင့်ယှဉ်နိုင်ဖို့ အဝေးကြီး လိုအပ်ပါသေး၏။
သို့ဖြစ်ရာ သူ မလုပ်ဆောင်နိုင်သလောက် နီးပါးဖြစ်သည့် အရာကို ထိုကောင်လေးက မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါမည်နည်း။
မှန်ပါသည်၊ ဆရာရှန့်သည် ကျန်းချန်တွင် အဆတစ်ရာစနစ်ကဲ့သို့ အားကောင်းသော အရာတစ်ခုရှိနေမည်ဟု ဘယ်တုန်းကမှ ထင်ထားမိမည် မဟုတ်ပေ။
သူ၏နှစ်ပေါင်းများစွာ အတွေ့အကြုံသည် စနစ်က လှုံ့ဆော်ပေးသည့် အဆတစ်ရာနှုန်းနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။
ကျန်းချန်သည် ဆရာရှန့်၏ လှောင်ပြောင်မှုကို အရေးစိုက်ရန် အချိန်မရှိပေ။
ဤအချိန်တွင် သူ့ရှေ့ရှိ ဆေးမီးဖိုအပေါ်တွင်သာ သူ၏စိတ်အာရုံအားလုံးကို စူးစိုက်ထားခဲ့သည်။
နောက်ဆုံးအကြိမ်က ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်အဖြစ် တိုးမြှင့်ခံရပြီးနောက်တွင် ဤတစ်ကြိမ်သည် ဆဋ္ဌမအဆင့်ဆေးလုံးကို ပထမအဆုံးအကြိမ် သန့်စင်ခြင်း ဖြစ်သည်။
သူ့တွင် အဆတစ်ရာစနစ် ရှိလျှင်ပင် ကျန်းချန်သည် မပေ့ါဆရဲပေ။
သူက ဆေးမီးဖိုကို အပူပေးရာမှ အစပြု၍ အဆင့်တိုင်းကို စနစ်တကျ ပြုလုပ်ခဲ့သည်။
ကျန်းချန်က ဆေးမီးဖို၏ ရှေ့တွင် လက်ဟန်များကို အလျင်အမြန် လှုပ်ရှားနေခဲ့သည်။
သူ၏လှုပ်ရှားမှုသည် စီးဆင်းနေသောရေကဲ့သို့ အတားအဆီးမရှိ ချောမွေ့နေခဲ့၏။
ဆဋ္ဌမအဆင့် အခြေခံအဂ္ဂိရတ်သခင် ဖြစ်သည့် ဆရာရှန့်ပင် ကျန်းချန် ဆေးဝါးသန့်စင်နေသည်ကို ကြည့်ကာ မှင်တက်သွားခဲ့သည်။
"ဒီကောင်လေးက ဆဋ္ဌမအဆင့် ဆေးလုံး သန့်စင်မှုကို ဘယ်လိုလုပ်ပြီး ဒီလောက် ပြီးပြည့်စုံတဲ့အဆင့်အထိ ထိန်းချုပ်နိုင်ရတာလဲ"
ဆရာရှန့်က အံ့သြတုန်လှုပ်နေခဲ့သည်။
သူ၏ အတွေ့အကြုံအရ တစ်ချက် ကြည့်လိုက်သည်နှင့် ကျန်းချန်၏ အဂ္ဂိရတ်ပညာရပ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း ဆရာရှန့် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။
ဤကောင်လေးသည် အပူချိန်ကို ထိန်းချုပ်ရာတွင်ဖြစ်စေ၊ဆေးဖက်ဝင် ပစ္စည်းများကို ထိန်းချုပ်သောအခါ၌ ဖြစ်စေ လုံးဝနီးပါး ပြီးပြည့်စုံနေပြီး အပြစ်ဆိုဖွယ်ရာပင် မရှိပေ။
ဆယ်စုနှစ်ပေါင်းများစွာ ဆေးသန့်စင်ခဲ့သည့် အဂ္ဂိရိတ်သခင်တစ်ယောက်ပင် ကျန်းချန်လို တိကျရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ကျန်းချန်၏ စနစ်တကျ လှုပ်ရှားမှုအောက်မှာပင် ဆေးသန့်စင်သည့်လုပ်ငန်းစဉ်သည် နာရီဝက်ကျော် ကြာသွားခဲ့သည်။
ဤသို့ဖြင့် ကျန်းချန်၏ ဆေးဝါးသန့်စင်သည့်အဆင့်သည် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့၏။
ထို့နောက်တွင် ကျန်းချန်သည် လက်ဟန်များကို ပြုလုပ်ကာ ဆေးလုံးကို စတင် သိပ်သည်းလိုက်သည်။
ဆယ်မိနစ်ခန့်အကြာတွင် အားကောင်းသော ဆေးရနံ့သည် ခန်းမထဲတွင် တိုက်ရိုက် ပျံ့လွင့်လာခဲ့၏။
ကျန်းချန်က ဆေးမီးဖိုထဲမှာ ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးကိုထုတ်ယူပြီး ချက်ချင်းဆိုသလို ဆရာရှန့်ကို မော့ကြည့်ကာ ပြောလိုက်သည်။
"အဘိုးကြီး ငါဆေးလုံးကို သန့်စင်ပြီးသွားပြီ မင်းအရှုံးကိုလက်ခံနိုင်ရဲ့လား"
ဆရာရှန်းက ကျန်းခန်၏လက်ထဲမှ ဘုံသုံးပါးကျန်းယွမ်ဆေးလုံးကို ကြည့်ကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားမတတ် ဖြစ်သွားခဲ့သည်။
ကျန်းချန် သန့်စင်ခဲ့သည့် ဆေးလုံးပေါ်တွင် အစင်းကြောင်းသုံးခု ရှိနေခဲ့၏။
ထိုအစင်းကြောင်းများသည် ဆေးလုံး၏ အရည်အသွေးကို တိုင်းတာသည့် နည်းလမ်းတစ်ခု ဖြစ်သည်။
သာမန်ဆေးလုံးအဆင့်ဆိုလျှင် ဘုံသုံးပါးကျင့်ယွမ်ဆေးလုံးထံ၌ အစင်းကြောင်း တစ်ခုသာ ဖြစ်ပေါ်လာမည် ဖြစ်၏။
သို့သော်လည်း ဤဆေးလုံးတွင်မူ ဆေးစင်းကြောင်းသုံးခုအထိရှိနေခဲ့ရာ ပြီးပြည့်စုံသောအဆင့်ထိ ရောက်ရှိနေသည်မှာ သေချာသလောက်ပင်။
ဆရာရှန့်က အလွန်အမင်း အံ့သြမှင်တက်မိခဲ့သည်။
သူ့ရှေ့မှ ကောင်လေးသည် သူလုံးဝ မထင်မှတ်ထားလောက်အောင်ပင် ဆေးလုံးကို သန့်စင်နိုင်ရုံသာမက ပြီးပြည့်စုံသောအဆင့်ထိပါ အစွမ်းပြနိုင်ခဲ့သည်။
အခန်း (၆၂၄) ပြီး၏။