အခန်း (၆၂၅-၆၂၇)
Vol. 42 Ch. 625-627
အခန်း(၆၂၅)
"ဒီကောင်လေးရဲ့ ပါရမီက ဘုရင်အဆင့် ဆိုတာ သေချာသလောက်ပဲ"
ဆရာရှန့်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်သည်။
ဤအချန်တွင် ဆရာရှန့်၏ ကျန်းချန်ကိုကြည့်နေသော အကြည့်တွင် လေးစားသော အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။
အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် လူငယ်လေးသည် အဂ္ဂိရတ်ပညာရပ်တွင် သူ့ကို လုံးဝကျော်လွန်သွားခဲ့ပြီ ဖြစ်၏။
ဤကဲ့သို့ ကြောက်မက်ဖွယ်ပါရမီရှိသည့် အဂ္ဂိရတ်သခင်သည် နောင်တစ်ချိန်တွင် သတ္တမအဆင့် အဂ္ဂိရတ်ဘုရင်အဖြစ်သတ်မှတ်ခံရမည်မှာ သေချာသလောက်ပင်။
အဋ္ဌမအဆင့် ဖြစ်သည့် အဂ္ဂိရတ်အင်ပါယာပင် မဖြစ်လာနိုင်ဟု ဆို၍မရပေ။
တစ်ဖက်တွင်လည်း လျှိုရီကျန်း နှင့် လျှိုလင်ကျူးတို့သည် အချိန်အတော်ကြာမှသာ မှင်တက်ရာကနေ ပြန်လည် အသိဝင်လာခဲ့သည်။
ကျန်းချန်၏ အဂ္ဂိရတ်ပညာရပ်က သားရဲပညာရပ်ထက် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားပေ။
ထို့ပြင် ကျန်းချန်သည် ဆဋ္ဌမအဆင့် အခြေခံဆေးလုံး ဖြစ်သည့် ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးကို တစ်ကြိမ်တည်းဖြင့်ပင် သန့်စင်နိုင်ခဲ့သည်။
"လင်ကျူး.. သမီး ဒီတစ်ခေါက် လျှိုမိသားစု အတွက် တကယ့်မွန်းစတားတစ်ကောင်ကို ခေါ်လာနိုင်ခဲ့တာပဲ"
လျှိုရီကျန်းက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။
အသက်နှစ်ဆယ်အောက် လူငယ်တစ်ဦးသည် အဂ္ဂိရတ်ပညာရပ်နှင့် သားရဲပညာရပ် နှစ်ခုစလုံးတွင် ဤမျှမြင့်မားသော အဆင့်ထိ ရောက်ရှိနေခဲ့၏။
ကျန်းချန် ယခုပြသခဲ့သော အလားအလာအရ ကျုံးကျိုးကုန်းမြေတိုက်ကြီးပေါ်မှာပင် အလွန်တောက်ပသော ပါရမီရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
ထိုကဲ့သို့သော ပါရမီရှင်ကို လင်ကျူးက လျှိုအိမ်သို့ ခေါ်လာနိုင်ခဲ့သည်မှာ အလွန်တစ်ရာ ကံကောင်း၍ ဖြစ်၏။
"သခင်လေးကျန်းက ဒီလောက်ထိ အားကောင်းမယ်လို့ မထင်ထားမိဘူး"
လျှိုလင်ကျူးက လျှာလေးကို တစ်လစ်ထုတ်ကာ ချစ်စဖွယ် ပြောလိုက်သည်။
သူမ၏ နူးညံ့သော မျက်နှာလေးထက်တွင် ကျန်းချန်ကို ကိုးကွယ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။
"ဆရာကျန်းရဲ့ အဂ္ဂိရတ်လမ်းကြောင်းပေါ်မှာ ရရှိထားတဲ့ အောင်မြင်မှုတွေက ကျွန်တော့်ကို တကယ်ပဲ ရှက်ရွံ့စေမိပါတယ်.. သဘောတူညီထားတဲ့အတိုင်း ကျွန်တော်က လျှိုမိသားစုအတွက် သုံးနှစ်အခမဲ့ ဆေးဝါးသန့်စင်ပေးပါ့မယ်"
ဆရာရှန့်က ဤအချိန်တွင် သူ၏ယခင်က မာနများကို လုံးဝ စွန့်လွှတ်ခဲ့ပြီး ကျန်းချန်ကို လေးလေးစားစားဖြင့် ပြောလိုက်သည်။
လျှိုမိသားစုသည် ချင်းလွမ်နယ်မြေ၏ နံပါတ်တစ် မိသားစုဖြစ်ပြီး လျှိမိသားစုတွင် နေထိုင်ရသည်မှာ အမှန်တကယ်ပင် ကောင်းမွန်သော ရွေးချယ်မှုတစ်ခုလည်း ဖြစ်သည်။
ထို့အပြင် သူ့ထက်အများကြီး ပိုတော်သည့် ကျန်းချန်လိုအဂ္ဂိရတ်ပါရမီရှင် တစ်ဦးလည်း ရှိနေသေး၏။
သူက လျှိုအိမ်တော်တွင် နေထိုင်ရင်း ကျန်းချန်နှင့် အဂ္ဂိရတ်ပညာရပ်များအကြောင်းကို ဖလှယ်ဖို့အခွင့်အရေး ရရှိဦးမည်ဖြစ်ရာ ဤသည်မှာ သူ့အတွက် အတိုင်းအဆမရှိ အကျိုးများမည်မှာ သေချာသလောက်ပင်။
"ဆရာရှန့် လျှိုမိသားစုမှာ နေထိုင်တာက ကျွန်တော်တို့ လျှိုမိသားစုအတွက် ဂုဏ်တက်စရာပါပဲ"
လျှိုရီကျန်းက အလျင်အမြန် ပြောလိုက်သည်။
"ဆရာရှန့်ကို ကျွန်တော်တို့ လျှိုမိသားစုက ဧည့်အကြီးအကဲအဖြစ် တလေးတစားဆက်ဆံပါ့မယ်"
ဆရာရှန့်က သဘောတူညီချက်အတိုင်း လျှိုမိသားစုအတွက် အခမဲ့ အလုပ်လုပ်ပေးရန် ဆန္ဒရှိသော်လည်း သူတို့လျှိုမိသားစုအနေဖြင့် ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် တစ်ဦးကို အဘယ်ကဲ့သို့ အခမဲ့အလုပ်လုပ်ခိုင်း၍ ရပါမည်နည်း။
လျှိုရီကျန်းက ဆရာရှန့်ကို စီစဉ်ပေးမှုများနှင့် ပတ်သက်၍ ကျန်းချန်က ဂရုမစိုက်ခဲ့ပေ။
သူက ဘုံသုံးပါးကျင့်ယွမ် ဆေးလုံးကို လျှိုရီကျန်းကို ပေးပြီးနောက်တွင် လျှိုလင်ကျူးနှင့် အတူ အစည်းအဝေးခန်းမကနေ ထွက်ခွာသွားခဲ့သည်။
လျှိုလင်ကျူး၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် လျှိုမိသားစု၏ အထူးဧည့်တပည့် အထောက်အထားကတ်ကို အလျင်အမြန် ရရှိခဲ့ပြီး အထူးဧည့်တပည့် နေထိုင်သည့် အထူးခြံဝင်းထဲကို ပြောင်းရွှေ့နေထိုင်ခဲ့သည်။
နောက်ထပ် ရက်အနည်းငယ်အတွင် ကျန်းချန်သည် အေးအေးဆေးဆေးသာ ခြံဝန်းထဲ၌ နေထိုင်ခဲ့သည်။
ဆရာရှန့်နှင့် အဂ္ဂိရတ်ပညာရပ် အကြောင်း တစ်ခါတစ်ရံဖလှယ်သည်က လွဲလျှင် သူ၏ အချိန်များစုကို ကျင့်ကြံခြင်းတွင်သာ အသုံးပြုခဲ့သည်။
စန်းဟိုင်မြို့မှာရှိသည့် ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်သည် မြောက်ပိုင်းတောရိုင်းဒေသထက် အဆပေါင်းများစွာ ပိုမို သိပ်သည်းသည်။
ကျန်းချန်တွင် အဆတစ်ရာစနစ်ရှိ၍ ဤနေရာတွင် တစ်ရက်လေ့ကျင့်လျှင် ရရှိမည့် အတွေ့အကြုံရမှတ်သည် မြောက်ပိုင်းတောရိုင်းဒေသတွင် ရက်အနည်းငယ် လေ့ကျင့်မှရရှိမည့် အတွေ့အကြုံရမှတ်နှင့် ညီမျှ၏။
ကျန်းချန်က မည်သည့်ဆေးလုံးကိုမှ အားမကိုးလျှင်ပင် ကျင့်ကြံခြင်း အတွေ့အကြုံရမှတ်များ ရရှိသည့်နှုန်းသည် အလွန် မြန်ဆန်နေခဲ့သည်။
မြောက်ပိုင်းတောရိုင်းဒေသက ထွက်မလာခင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီး စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်သို့ ရောက်ရန် အနည်းငယ်သာ လိုအပ်တော့သည်။
စန်းဟိုင်ကျွန်းတွင် ရက်အနည်းငယ်မျှ လေ့ကျင့်ပြီးနောက်တွင် ကျန်းချန်၏ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် နဝမအဆင့်အထွတ်အထိပ်၏ ကျင့်ကြံခြင်းရမှတ် အတွေ့အကြုံများသည် အဆုံးသတ်တွင် ပြီးပြည့်စုံသွားခဲ့သည်။
"ဒင်.. သင်က သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်အထွတ်အထိပ်ရဲ့ အတွေ့အကြုံရမှတ်ကို အပြည့်အဝရရှိပြီး စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပါပြီ"
သူ၏ စိတ်ထဲမှ ရင်းနှီးသော သတိပေးချက်အသံ ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းချန်၏ အသက်စွမ်းအင်သည် ကမ္ဘာမြေကို လှုပ်ခတ်စေလောက်သည်အထိ ပြောင်းလဲမှုများစတင်လာခဲ့သည်။
လက်သီးဆုပ် အရွယ်အစားလောက်ရှိသည့် အသက်အမြူတေ တစ်ခုသည် သူ၏ဒန်တျန်တွင် အလွန်လျင်မြန်စွာ ဖြစ်တည်လာခဲ့၏။
အခန်း(၆၂၅) ပြီး၏။
အခန်း(၆၂၆)
"စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်ကို နောက်ဆုံးမှာ ငါ ထိုးဖောက်နိုင်ခဲ့ပြီ"
ဒန်တျန်ထဲမှ အသက်အမြူတေတွင် ပါဝင်သည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ရလျှင် ကျန်းချန်ရဲ့ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။
စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်ကို ထိုးဖောက်လိုက်သည်နှင့် ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး အဆင့်အတန်းသည် လုံးဝ အဆင့်သစ် တစ်ခုအထိ မြင့်တက်သွားခဲ့၏။
သူ၏ လက်ရှိ အင်အားဖြင့် ဆိုလျှင် မည်သည့် ကျင့်ကြံခြင်း နည်းစနစ်ကိုပင် အသုံးပြုပါစေ၊ ယခင်ထက် အဆပေါင်းများစွာ ပို၍ အားကောင်းလာမည်ဟု သူ ခံစားရသည်။
ယခုအချိန်တွင် ကောင်းကင်ခုတ်ပိုင်းဓားသိုင်းကို အသုံးပြုမည်ဆိုလျှင် ကျန်းချန်သည် သာမန် စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် ကျင့်ကြံသူကိုပင် အနိုင်ယူရန် ယုံကြည်မှုအပြည့် ရှိ၏။
"သခင်လေးကျန်း... သခင်လေးကျန်း.. ရှိနေလား"
ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ လျိုလင်ကျူး၏ စိုးရိမ်တကြီး အသံလေးသည် ရုတ်တရက် ပေါ်လာခဲ့သည်။
လျိုလင်ကျူး၏ စိုးရိမ်တကြီး လေသံကို ကြားလျှင် ကျန်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
[လျိုမိသားစုမှာ ဘာပြဿနာများ ဖြစ်နေလည်းမသိဘူး]
နောက်ဆုံးအကြိမ်က သူသည် လျိုမိသားစုအတွက် ဘုံသုံးပါး ကျင့်ယွမ်ဆေးလုံးကို သန့်စင်ပေးခဲ့ပြီးနောက် လျိုမိသားစု၏ ခေါင်းဆောင် လျိုရွှယ်ဖုန်းသည် ပြန်လည် ကျန်းမာလာခဲ့၏။
ချင်းလွမ်နယ်မြေ၏ နံပါတ်တစ် မိသားစု ခေါင်းဆောင်အနေဖြင့် လျိုရွှယ်ဖုန်းသည် ချင်းလွမ်နယ်မြေမှာ အသန်မာဆုံး ကျင့်ကြံသူ ဖြစ်၍ မည်သူမှ လျိုမိသားစုကို ဒုက္ခမပေးရဲပေ။
အတွေးများစွာနှင့်အတူ ကျန်းချန်သည် ထရပ်လိုက်ပြီး အခန်းဝသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။
တံခါးကို ဖွင့်လိုက်ရာ တံခါးဝတွင် စိုးရိမ်တကြီး ရပ်နေသည့် လျိုလင်ကျူးကို တွေ့လိုက်ရ၏။
"သခင်မလေး.. ဘာပြဿနာ ဖြစ်လို့လဲ"
ကျန်းချန်က မေးလိုက်သည်။
လျိုလင်ကျူးက အလျင်အမြန် ပြန်ဖြေလိုက်၏။
"ပြဿနာကတော့ တင်းမိသားစုပဲ.. တင်းမိသားစုရဲ့ လူတွေက လျိုအိမ်ကို ဒုက္ခပေးဖို့ ရောက်လာကြပြီ"
"တင်းမိသားစုလား"
ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
လျိုမိသားစု၏ ခေါင်းဆောင် လျိုရွှယ်ဖုန်းသည် ချင်းလွမ်နယ်မြေ၏ နံပါတ်တစ် အသန်မာဆုံးသူ ဖြစ်သည့်အပြင် ချင်းလွမ်နယ်မြေ၏ တစ်ဦးတည်းသော သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူလည်း ဖြစ်၏။
ယခုအခါ တင်းမိသားစုသည် လျိုရွှယ်ဖုန်း ပြန်ကောင်းလာသည်ကို သိသိရက်ဖြင့် လျိုအိမ်ကို ဒုက္ခပေးဖို့ ရဲရဲတင်းတင်းရောက်လာခဲ့သည်။
ထို့ကြောင့် ဤတစ်ခေါက်ကိစ္စသည် ပေါ့သေးသေး မဟုတ်လောက်ပေ။
လျိုလင်ကျူးက လေးနက်သော အမူအရာဖြင့် ရှင်းပြလိုက်သည်။
"တင်းမိသားစုရဲ့ ခေါင်းဆောင် တင်းယွမ်ပိုင်က သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့်ကို ဘယ်ကတည်းက ရောက်နေလဲ မသိဘူး.. အခု တင်းမိသားစုရဲ့ အင်အားက လျိုမိသားစုရဲ့ အောက်မှာ မရှိတော့ဘူး"
"ဒီလိုကိုး.."
ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ခဏမျှ စဥ်းစားဟန်ပြုလိုက်ပြီးမှ ပြန်ဖြေလိုက်၏။
"မမလေး.. ဒီကိစ္စမှာ ကျွန်တော် အကူအညီ သိပ်မပေးနိုင်ဘူး ထင်တယ်"
မိသားစု နှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုတွင် အရေးကြီးဆုံးအရာသည် မိသားစု၏ အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်သည်။
ကျန်းချန်က ယုံကြည်မှုအပြည့် ရှိသော်လည်း သိုင်းသခင်နယ်ပယ် အဆင့် ကျင့်ကြံသူနှင့် ယှဉ်ပြိုင်နိုင်လောက်သည့် အင်အားမျိုး မပိုင်ဆိုင်သေးဟု ခံစားနေရ၏။
"တင်းမိသားစုက ချင်းလွမ်နယ်မြေရဲ့ နံပါတ်တစ် မိသားစုနေရာအတွက် လျိုမိသားစုနဲ့ ယှဉ်ပြိုင်ချင်ပေမဲ့ သူတို့ရဲ့အင်အားကို ထိခိုက်မှာ စိုးရိမ်နေတယ်"
"နှစ်ဖက်စလုံး တကယ် အဆုံးထိ အပြင်းအထန် တိုက်ခိုက်ကြမယ်ဆိုရင် နောက်ဆုံး ရလဒ်က နှစ်ဖက်စလုံးအတွက် ထိခိုက်မှုတွေ ရှိလာမှာပဲ"
"ဒါကြောင့် အဖေက ချင်းလွမ်ရဲ့ နံပါတ်တစ် မိသားစုနေရာကို ဆုံးဖြတ်ဖို့အတွက် လူငယ်တွေကို အသုံးပြုပြီး ယှဉ်ပြိုင်ဖို့ တင်းမိသားစုနဲ့ သဘောတူညီချက် ရယူခဲ့တယ်"
လျိုလင်ကျူးက အသေအချာ ရှင်းပြလိုက်၏။
ကျန်းချန်က အံ့အားသင့်ကာ မေးလိုက်သည်။
"မင်းအဖေက တင်းမိသားစုခေါင်းဆောင်နဲ့ ဒီလို သဘောတူညီချက်ယူဖို့ ဘယ်လိုလုပ် စိတ်ကူးရသွားတာလဲ"
တင်းမိသားစုမှ တင်းဟုန်သည် ချင်းလွမ်နယ်မြေ၏ နံပါတ်တစ် လူငယ်ပါရမီရှင် အဖြစ် လူသိများ၏။
လျိုမိသားစု၏ လူငယ်မျိုးဆက်ထဲတွင် တင်းဟုန်နှင့် ယှဉ်ပြိုင်နိုင်သည့်သူ မရှိသည်မှာ အသိသာကြီးပင်။
လျိုမိသားစုနှင့် တင်းမိသားစုတို့ကြား သဘောတူညီချက်သည် လျှိုမိသားစု ရှုံးနိမ့်ရန် သေချာနေသော ကိစ္စပင် မဟုတ်ပါလော။
"ဒါက လျိုယင်ရဲ့ အကြံအစည်ပဲ"
"သူက သခင်လေးကျန်းကို ဘုရင်အဆင့် ပါရမီရှင် ဖြစ်နိုင်တယ်လို့ အဖေ့ကို ပြောခဲ့လို့ အဖေက သဘောတူခဲ့တာပဲ"
လျိုလင်ကျူးက ကျန်းချန်ကို အားတုံ့အားနာ အမူအရာဖြင့် ကြည့်ကာ"သခင်လေးကျန်း"ဟု ခေါ်လိုက်သည်။
ကျန်းချန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး လျိုလင်ကျူး၏ စကားကို ချက်ချင်း ဖြတ်တောက်ကာ မေးလိုက်၏။
"ဒီချင်းလွမ်နယ်မြေရဲ့ နံပါတ်တစ် မိသားစုနေရာက လျိုမိသားစုအတွက် အရေးကြီးလား"
"အင်း"
လျိုလင်ကျူး ခေါင်းညိတ်ပြီး ကျန်းချန်ကို ရှင်းပြလိုက်သည်။
"စန်းဟိုင်ကျွန်းရဲ့ နယ်မြေလေးခုထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ ချင်းလွမ်နယ်မြေရဲ့ နံပါတ်တစ် မိသားစုဆိုတာက အဆင့်အတန်း သင်္ကေတ သက်သက် မဟုတ်ဘဲ အရင်းအမြစ် အများစု ထိန်းချုပ်နိုင်စွမ်းကို ကိုယ်စားပြုတယ်"
"ချင်းလွမ်ရဲ့ နံပါတ်တစ်မိသားစုက စန်းလန်အဖွဲ့အစည်းရဲ့ ဝင်ခွင့်စစ်ဆေးမှု ခွဲတမ်းအရေအတွက် ဆယ်နေရာထဲက လေးနေရာကို တစ်ဦးတည်း ပိုင်ဆိုင်ခွင့် ရနိုင်တယ်"
လျိုလင်ကျူး၏ စကားကို ကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
ဤကိစ္စက စန်းလန်အဖွဲ့အစည်း၏ ဝင်ခွင့် စစ်ဆေးမှု ခွဲတမ်းနှင့် ပတ်သက်နေတဲ့ အတွက် သူ လျစ်လျူရှု၍ မဖြစ်တော့ပေ။
အခန်း(၆၂၆) ပြီး၏
အခန်း(၆၂၇)
"သခင်မလေး.. လမ်းပြပါ"
"တင်းမိသားစုရဲ့ နာမည်ကျော် လူငယ်က ဘယ်လောက်ထိ စွမ်းရည်ထူးချွန်သလဲဆိုတာ ကျွန်တော် ကြည့်ချင်တယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ခြံပြင်သို့ ခြေလှမ်းကျဲများဖြင့် ထွက်ခွာသွားခဲ့သည်။
မကြာမီမှာပင် လျိုလင်ကျူး၏ ဦးဆောင်မှုဖြင့် ကျန်းချန်သည် လျိုမိသားစု ခြံဝင်းရှေ့ရှိ သိုင်းလေ့ကျင့်သည့် ကွင်းပြင်သို့ ရောက်ရှိလာခဲ့၏။
ကွင်းပြင်အလယ်ရှိ တိုက်ခိုက်ရေး စင်မြင့်တွင် လူနှစ်ဦး အပြင်းအထန် တိုက်ခိုက်နေကြသည်။
၎င်းတို့အနက်မှ တစ်ဦးမှာ လျိုမိသားစုမှ လျိုယင် ဖြစ်သည်။
လျိုယင်သည် မူလက လျိုမိသားစု၏ ဆွေမျိုးဝေးတော်စပ်သူ တပည့်တစ်ဦးသာ ဖြစ်သည်။
သူမသည် ငယ်စဉ်ကတည်းကပင် မိဘများ ကွယ်လွန်သွားခဲ့၍ စိတ်ကောင်းရှိသော လျိုလင်ကျူးသည် သူမကို ခေါ်ယူစောင့်ရှောက်ခဲ့၏။
လျိုယင်သည် လျိုလင်ကျူး နောက်သို့ လိုက်ပါလာပြီးနောက်တွင် ထူးခြားသော ပါရမီကို ပြသနိုင်ခဲ့သောကြောင့် လျိုမိသားစု၏ အဓိက တပည့်တစ်ဦး အဖြစ် ကြီးပြင်းလာခဲ့သည်။
လက်ရှိတွင် လျိုယင်၏ အင်အားသည် လျိုမိသားစု၏ လူငယ်များအနက် ထိပ်ဆုံးသုံးဦးတွင် ပါဝင်နေပြီ ဖြစ်၏။
--------------
စင်မြင့်ပေါ်တွင် လျိုယင်သည် ဆန့်ကျင်ဘက်မှ အသက်နှစ်ဆယ်ကျော်အရွယ် ချောမောသော လူငယ်တစ်ဦး၏ ဖိအားပေးခြင်းကို လုံးဝ ခံနေရသည်။
လျိုယင်က သူမ၏ ဓားစိတ်ဆန္ဒကို အကုန်အစင် ထုတ်လွှတ်၍ တိုက်ခိုက်နေသော်လည်း လူငယ်လေး၏ ခန္ဓာကိုယ် ပတ်ပတ်လည်ရှိ အဝါရောင်ဖျော့ဖျော့ အကာအကွယ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။
"ကိုယ်ခံပညာရဲ့ စစ်မှန်သော အဓိပ္ပါယ်နဲ့ တည်ဆောက်ထားတဲ့ အကာအကွယ်ပါလား.. ဒီကောင်လေးက မြေကြီးဆန္ဒကို နားလည်ထားပုံရတယ်"
ကျန်းချန်က စင်မြင့်ပေါ်မှ လူငယ်ကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။
သူ့မျက်လုံးထဲတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင် တစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့၏။
မြေကြီးဆန္ဒသည် ကာကွယ်ရေးတွင် နာမည်ကျော်ကြားသော သိုင်းအနှစ်သာရတစ်ခု ဖြစ်သည်။
၎င်းက မည်သည့် အကာအကွယ်ထက် မဆို အကြွင်းမဲ့ အဆင့်မြင့်သည့် ကာကွယ်ရေး အင်အားလည်း ဖြစ်၏။
စင်မြင့်ပေါ်မှ လူငယ်လေးသည် မြေကြီး ဆန္ဒတွင် ဒုတိယအဆင့်သို့ ရောက်ရှိနေ၍ ကာကွယ်ရေးတွင် အလွန် အားကောင်းသည်။
ကျုံးကျိုးကုန်းမြေ၏ ကျင့်စဥ် အဆင့်ခွဲခြားမှုအရ ဆိုလျှင် လူငယ်လေး၏ အကာအကွယ် ကျင့်စဥ်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုလူငယ်၏ ကျင့်စဉ်သည် မြောက်ပိုင်းတောရိုင်းဒေသ၏ နာမည်ကျော် လဝန်းကောင်းကင် အကာအကွယ် ကျင့်စဉ်နှင့် ဆင်တူသည်။
ကောင်းကင်အဆင့် ကျင့်စဥ် အထက်တွင် နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် ကျင့်စဉ်များ ရှိသည်ဟု ဆိုကြသည်။
သို့သော် ကျုံးကျိုးကုန်းမြေ၌ပင် နတ်ဘုရားအဆင့် ကျင့်စဉ်သည် ဒဏ္ဍာရီတစ်ခုသဖွယ် ဖြစ်နေခဲ့ချေပြီ။
သို့ဖြစ်ရာ သူတော်စင်အဆင့် ကျင့်စဥ်သည် အလွန်ပင် ရှားပါးလှသည်။
နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူပင် သူတော်စင်အဆင့် ကျင့်စဉ်ကို တတ်မြောက်ထားရန် မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် ကျင့်ကြံသူ အများစုအတွက် ကောင်းကင်အဆင့် ကျင့်စဥ်များသည် အလွန် အားကောင်းနေဆဲပင်။
"သခင်လေးကျန်း.. စင်မြင့်ပေါ်မှာ လျိုယင်နဲ့ တိုက်ခိုက်နေတဲ့သူက တင်းမိသားစုက တင်းဟုန်ပဲ"
ကျန်းချန်က စင်မြင့်ပေါ်မှ လူငယ်ကို စိုက်ကြည့်နေစဉ် လျိုလင်ကျူး၏ အသံသည် သူ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
အမှန်စင်စစ် လျိုလင်ကျူး မိတ်မဆက်ပေးလျှင်ပင် ကျန်းချန်သည် ခန့်မှန်းနိုင်ခဲ့ပြီ ဖြစ်သည်။
လျိုယင်ဆိုသော မိန်းကလေးသည် ဓားစိတ်ဆန္ဒ နားလည်မှုတွင် သူ့ထက် အနည်းငယ် နိမ့်ကျသည်မှလွဲ၍ အရည်အချင်း မညံ့ဖျင်းပေ။
ထိုကဲ့သို့သော လူမျိုးကို ချင်းလွမ်၏ နံပါတ်တစ် ပါရမီရှင် တင်းဟုန်ကသာ ဖိအားပေးနိုင်မည် မဟုတ်ပါလား။
"ဒီတင်းဟုန်က အစွမ်းတချို့ ရှိသားပဲ.. လျိုယင် ရှုံးနိမ့်မှာကို စိုးရိမ်မိတယ်"
မြင့်မားသော စင်မြင့်ထက်တွင် အသက်စွမ်းအင်များစွာ အသုံးပြုထားပြီးပြီ ဖြစ်သော်လည်း ရလဒ် မထွက်ပေါ်သေးသော လျိုယင်ကို မြင်သောအခါ ကျန်းချန်သည် ခေါင်းကို တိတ်တဆိတ် ခါယမ်းလိုက်သည်။
တကယ်လည်း နောက်ထပ် နှစ်ကွက်မြောက်တွင် တင်းဟုန်သည် လျိုယင်၏ အားနည်းချက်ကို ဖမ်းဆုပ်ကာ လျိုယင်ကို တိုက်ခိုက်ရေးစင်မြင့်မှ လွင့်စင်စေခဲ့၏။
"ဟားဟား.."
"မင်းတို့ လျိုမိသားစုရဲ့ ပါရမီရှင်တွေက ဒီလောက်ပဲလား.. နှစ်ယောက်ဆက်တိုက် ငါရဲ့ အကာအကွယ်ကို မဖျက်ဆီးနိုင်ကြဘူး.. မင်းတို့ လျိုမိသားစုရဲ့ ပါရမီရှင်တွေက ဒီလိုမျိုး အမှိုက်တွေပဲဆိုရင် ချင်းလွမ်ရဲ့ နံပါတ်တစ် မိသားစုနေရာကို ငါတို့ဆီပဲ လွှဲပေးလိုက်သင့်တယ်"
တင်းဟုန်က လျိုယင်ကို လွယ်လွယ်ကူကူပင် အနိုင်ယူလိုက်ပြီးနောက် သူ၏ မာနထောင်လွှားသော ရယ်သံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။
အခန်း(၆၂၇) ပြီး၏