အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
အခန်း(၆၂၈)
တင်းဟုန်၏ ရန်လိုသော ရယ်သံသည် လေထုထဲတွင် ပျံ့လွင့်လာခဲ့သည်။
ဤအချိန်တွင် သိုင်းလေ့ကျင့်ရာ ကွင်းပြင်ရှိ လျိုရွှယ်ဖုန်းနှင့် အခြားသော လျိုမိသားစုဝင်များ၏ မျက်နှာများသည် မသာမယာ ဖြစ်နေခဲ့သည်။
လျိုရွှယ်ဖုန်းတို့ လျှိုမိသားစုနှင့် ဆန့်ကျင်ဘက်ပင်၊ တင်းမိသားစု၏ အကြီးအကဲ တင်းယွမ်ပိုင် ဦးဆောင်သော တင်းမိသားစုဝင် အားလုံးသည် အလွန်အမင်း စိတ်ဓာတ်တက်ကြွနေကြသည်။
"လျိုရွှယ်ဖုန်း.. မင်းတို့ လျိုမိသားစုက နှစ်ပွဲဆက်တိုက် ရှုံးနိမ့်သွားပြီ.. မင်းနဲ့ငါ့ရဲ့ သဘောတူညီချက်အရ နောက်ဆုံး ယှဉ်ပြိုင်မဲ့သူကို စေလွှတ်နိုင်ပြီ"
တင်းယွမ်ပိုင်က လျိုရွှယ်ဖုန်းကို ပြုံး၍ ပြောလိုက်သည်။
"မင်း စေလွှတ်လိုက်တဲ့ နောက်ဆုံး ယှဉ်ပြိုင်သူ ရှုံးနိမ့်သွားရင်တော့ မင်းတို့ လျိုမိသားစုရဲ့ ချင်းလွမ်နံပါတ်တစ် မိသားစုနေရာကို ငါတို့ လက်ထဲ လွှဲပြောင်းရလိမ့်မယ်"
"ဟားဟား.."
"တင်းယွမ်ပိုင်.. ငါတို့ လျိုမိသားစုရဲ့ ချင်းလွမ်နံပါတ်တစ် မိသားစု နေရာကို မင်းတို့ တင်းမိသားစုက အလွယ်တကူ ယူလို့ရမယ်များ ထင်နေလား"
လျိုရွှယ်ဖုန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ကွင်းပြင်သို့ ရောက်ရှိနေပြီ ဖြစ်သော ကျန်းချန်ကို ကြည့်ကာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားခဲ့၏။
ကျန်းချန်သည် စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်။
ဤလူငယ်က အဂ္ဂိရတ်ပညာရပ် နှင့် သားရဲယဥ်ပါးခြင်း ပါရမီများသာမက သိုင်းပညာတွင်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းသော ပါရမီရှိ၏။
သဘာဝစွမ်းအား ဖွင့်ခြင်း နဝမအဆင့် အင်အားဖြင့် စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့်၏ အထွတ်အထိပ် ကျင့်ကြံသူဖြစ်သော တစ္ဆေလူသတ်သမားအဖွဲ့မှ လူသတ်သမားကိုပင် အလွယ်တကူ သုတ်သင်နိုင်ခဲ့သည်။
ထိုသို့သော တိုက်ခိုက်ရေး စွမ်းအားသည် ဘုရင်အဆင့် ပါရမီရှင်တစ်ဦး၏ အဆင့်သို့ ရောက်ရှိနေသည်မှာ သေချာသလောက်ပင်။
ထို့အပြင် လျိုရွှယ်ဖုန်းသည် တစ်ချက်ကြည့်ရုံဖြင့်ပင် ကျန်းချန်က စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်ကို ထိုးဖောက်ပြီးပြီ ဖြစ်ကြောင်း သိလိုက်သည်။
ချင်းလွမ်၏ နံပါတ်တစ် ပါရမီရှင်ဟု ခေါ်တွင်သော တင်းဟုန်သည် ဘုရင်အဆင့် ပါရမီရှင်ရှေ့တွင် ဘာမှမဟုတ်ချေ။
"ညီငယ်လေး ကျန်းချန်.. နောက်တစ်ကြိမ် ယှဉ်ပြိုင်မှုမှာ ညီငယ်လေးက ငါတို့ လျိုမိသားစုအတွက် တိုက်ခိုက်ပေးနိုင်မလား"
လျိုရွှယ်ဖုန်းက သူ့ထံသို့ လျှောက်လာသော ကျန်းချန်ကို ကြည့်ကာ ယဉ်ကျေးသိမ်မွေ့စွာ ပြောကြားခဲ့သည်။
"ကျန်းချန်က လျိုမိသားစုရဲ့ အထူးဧည့်တပည့်တစ်ဦးပါ.. ခေါင်းဆောင်က အမိန့်ပေးနေမှတော့ ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူက ခြေဖဝါးကို မြေပြင်ပေါ်သို့ တစ်ချက်ဆောင့်လိုက်ပြီး ချက်ချင်းပင် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲကာ ကွင်းပြင်အလယ်ရှိ တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။
"ကောင်လေး.. မင်းက လျိုမိသားစုက စေလွှတ်လိုက်တဲ့ နောက်ဆုံး ယှဉ်ပြိုင်သူလား"
တင်းဟုန်က သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာသော ထူးဆန်းသည့် လူငယ်ကို ကြည့်ကာ အနည်းငယ် မှင်တက်သွားသည်။
"မင်း ဘယ်သူလဲ.. ဘာကြောင့် မင်းကို ငါမမြင်ဖူးတာလဲ"
လျိုမိသားစု၏ ပြိုင်ဘက်အနေဖြင့် တင်းဟုန်သည် လျိုမိသားစု၏ ထိပ်တန်း ပါရမီရှင် အချို့ကို အလွန် ရင်းနှီးသည်။
သို့သော် လျိုမိသားစုမှ စေလွှတ်လိုက်သော နောက်ဆုံး ယှဉ်ပြိုင်သူသည် သူ မမြင်ဖူးသော လူငယ်တစ်ဦး ဖြစ်နေမည်ဟု မထင်မှတ်ခဲ့ပေ။
"ကျန်းချန်.. လျိုမိသားစုရဲ့ အထူးဧည့်တပည့်အသစ်ပဲ.. မင်း မမြင်ဖူးတာ အဆန်းမဟုတ်ပါဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
"ကဲ အပိုစကားတွေရပ်ပြီး တိုက်ပွဲ စလိုက်ကြတာပေါ့"
"ကောင်လေး.. မင်းက တကယ်ပဲ ဒီအခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ထင်နေလား"
"ငါတို့က ပါရမီရှင် သုံးဦးစီကို တိုက်ပွဲအတွက် စေလွှတ်ဖို့ သဘောတူထားတယ်.. အခု မင်းတို့ လျိုမိသားစုရဲ့ ပါရမီရှင် နှစ်ဦးကို ငါတစ်ဦးတည်းနဲ့ အနိုင်ယူခဲ့ပြီးပြီ.. မင်းအနေနဲ့ လျိုမိသားစုအတွက် ပြိုင်ပွဲကို အနိုင်ရချင်ရင် ငါတို့ တင်းမိသားစုရဲ့ ပါရမီရှင် သုံးဦးစလုံးကို ဆက်တိုက် အနိုင်ယူရမယ်.. ဒါက ဖြစ်နိုင်မယ်လို့ မင်းထင်လား"
တင်းဟုန်က ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။
"ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး"
ကျန်းချန်က တင်းဟုန်ကို တည်ငြိမ်စွာ ကြည့်၍ ပြောကြားခဲ့သည်။
"မင်းတို့ တင်းမိသားစုရဲ့ ပါရမီရှင် သုံးယောက်ကို အနိုင်ယူဖို့က ငါ့အတွက် ကိတ်မုန့်ဖဲ့သလောက် မခက်ခဲဘူး"
"ဟားဟား... တကယ်ကို မောက်မာတာပဲ.. ငါမင်းရဲ့ စွမ်းရည်ကို မြင်ချင်လာပြီ.. မင်းက ဘယ်လောက် အစွမ်းထက်လို့ ဒီလောက်တောင် မာန ထောင်လွှားနေရတာလဲ"
တင်းဟုန်သည် မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်လိုက်သည်။
သူ၏ အရှိန်အဝါသည် ကွင်းပြင်တွင် ချက်ချင်း ပျံ့နှံ့သွားသည်။
သို့သော် တင်းဟုန်က စတင် တိုက်ခိုက်တော့မည့် အချိန်တွင် တည်ကြည်သော အသံတစ်သံသည် ရုတ်တရက် သူ၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့၏။
"တင်းဟုန်.. မင်းက နှစ်ပွဲဆက်တိုက် တိုက်ခိုက်ပြီးပြီး ဆိုတော့ အနားယူလိုက်ပါဦး.. ဒီတစ်ကြိမ် တင်းကျီက တိုက်ခိုက်လိမ့်မယ်"
အခန်း(၆၂၈) ပြီး၏
အခန်း(၆၂၉)
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် တင်းဟုန်အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။
"အဖေ.. ခုနက တိုက်ပွဲနှစ်ပွဲက ကျွန်တော့်အတွက် သွေးပူလောက်ပဲ ရှိသေးတယ်.. ဒီပြိုင်ပွဲမှာ တင်းမိသားစုဘက်က ကျွန်တော် တစ်ဦးတည်း ယှဉ်ပြိုင်ရင် လုံလောက်ပါပြီ"
တင်းဟုန်က သူ့အဖေ တင်းယွမ်ပိုင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
ယနေ့ တိုက်ပွဲတွင် သူတစ်ဦးတည်းဖြင့် လျှိူမိသားစုမှ ပါရမီရှင်သုံးဦးကို နင်းခြေနိုင်တော့မည့် ဖြစ်ရာ ဤအခြေအနေဖြင့် သူက မည်ကဲ့သို့ အဆုံးသတ်နိုင်ပါမည်နည်း။
တင်းယွမ်ပိုင်၏ မျက်နှာက အေးစက်သွားခဲ့သည်။
"ငါက တင်းကျီကို ယှဉ်ပြိုင်စေချင်တယ်.. မင်းပါးစပ်ပိတ်ပြီး ဆင်းလာခဲ့"
လျိုမိသားစုမှ စေလွှတ်လိုက်သော နောက်ဆုံး ယှဉ်ပြိုင်သူသည် ကျန်းချန်ဟူသော လူငယ်တစ်ဦး ဖြစ်၍ သူတို့ တင်းမိသားစုအတွက် အလွန်ပင် ထူးဆန်းနေသည်။
ထို့ပြင် လျိုရွှယ်ဖုန်း၏ ကျန်းချန် အပေါ်ထားသော သဘောထားကို ကြည့်လျှင် ဤလူငယ်သည် လုံးဝ ရိုးရှင်းပုံမရပေ။
ဤတစ်ကြိမ် အလောင်းအစားတွင် လျိုရွှယ်ဖုန်းသည် သူတို့တင်းမိသားစု၌ တင်းဟုန်လို ချင်းလွမ်ဒေသ၏ နံပါတ်တစ် လူငယ် ပါရမီရှင် ရှိသည်ကို သိသိလျက်ဖြင့် သဘောတူရန် ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ခဲ့သည်။
ထို့ကြောင့် တင်းယွမ်ပိုင်က အတော်လေး သတိထားနေခဲ့ခြင်းပင်။
ယခု လျိုမိသားစုက ထူးဆန်းသော လူငယ်တစ်ဦးကို တိုက်ခိုက်ရန် စေလွှတ်လိုက်သည်ကို မြင်လျှင် တင်းယွမ်ပိုင်သည် ပို၍ပင် သတိရှိလာသည်။
ဤကျန်းချန်သည် လျိုမိသားစု၏ ဝှက်ဖဲတစ်ချပ် ဖြစ်နိုင်ပေသည်။
ထို့ကြောင့် တင်းယွမ်ပိုင်က တင်းဟုန် ကိုယ်စား တင်းကျီကို အရင် ပါဝင်ယှဉ်ပြိုင်စေကာ ကျန်းချန်၏ စွမ်းရည်ကို အကဲခတ်ရန် ရွေးချယ်ခဲ့သည်။
"ကောင်လေး.. မင်း ကံကောင်းသွားတယ်"
တင်းဟုန်သည် သူ့အဖေ၏ အမိန့်ကို ဖီဆန်ရန် သဘာဝအားဖြင့် မရဲဝံ့ပေ။
သူက ကျန်းချန်ကို ရက်စက်သော အကြည့်ဖြင့် ကြည့်ကာ မကျေမနပ် အမူအရာဖြင့် စင်မြင့်မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
တင်းဟုန် ဆင်းလာပြီးနောက် တင်းကျီဟု အမည်ရသော တင်းမိသားစုမှ တပည့်တစ်ဦးသည် စင်မြင့် ပေါ်သို့ လျင်မြန်စွာ တက်လာခဲ့သည်။
"အိုး.. လူလဲလိုက်တာလား.. လဲရင်လည်း ပိုပြီး သန်မာတဲ့သူနဲ့လဲစမ်းပါ.. ဒီလိုအမှိုက်တွေက ဘာအသုံးကျမှာမို့လဲ.. ဒီလိုမှမဟုတ်ရင်လည်း အချိန်မကုန်အောင် အားလုံး တစ်ပြိုင်ထဲ တက်လာခဲ့ရင်ကောင်းမယ်"
ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ တင်းကျဲကို ပြုံး၍ ကြည့်နေခဲ့၏။
"ကောင်လေး.. မင်း ဘယ်ကကောင်လဲ.. ငါ့ရှေ့တွင် မာန်တက်ရဲတယ်ပေါ့လေ"
တင်းကျဲက ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်းလို မလောက်လေး မလောက်စားကို ငါ တင်းကျီတစ်ယောက်တည်းနဲ့ အနိုင်ယူဖို့ လုံလောက်တယ်.. ဘာလို့ ငါတို့ သခင်လေး ကိုယ်တိုင် လှုပ်ရှားဖို့ လိုအပ်မှာလဲ"
ကျန်းချန်က တင်းကျီနှင့် အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုရန် အချိန်မရှိပေ။
သူ၏ အကြည့်က ရုတ်တရက် စူးရှသွားပြီး လေဆန္ဒနှင့် နဂါးမီးတောက် အရှင်သခင်ခန္ဓာကိုယ်၏ သွေးစွမ်းအားကို တစ်ချိန်တည်းတွင် ထုတ်ဖော်လိုက်၏။
ထိုခဏတွင် သူ၏ တစ်ကိုယ်လုံးသည် လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသည်။
တင်းကျီ မှင်တက်နေသောအချိန်တွင် ကျန်းချန်၏ ပုံရိပ်သည် တင်းကျီ၏ နောက်ကျောတွင် တစ္ဆေတစ်ကောင် ကဲ့သို့ ပေါ်လာခဲ့၏။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးစွမ်းအားပါဝင်သော ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်သည် တင်းကျီ ကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ထိုအချိန်တွင် တင်းကျဲ၏ အကာအကွယ် စွမ်းအားသည် ကျန်းချန်၏ တုန်လှုပ်ချောက်ချားဖွယ် လက်သီးချက်ဖြင့် ချက်ချင်းပင် ပျက်စီးသွားသည်။
"ဖူး"
တင်းကျီက ပါးစပ်ထဲမှ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ပြီး တစ်ကိုယ်လုံးကလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင်စင်သွား၏။
စင်မြင်ပေါ်မှ လွင့်စင်လာပြီးနောက်တွင် တင်းကျီသည် မာကျောသော တိုက်ခိုက်ရေး ကွင်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သူတို့၏ ရှေ့မှ မြင်ကွင်းကို မြင်လျှင် ကွင်းပြင် တစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။
ကျန်းချန်၏ အင်အားကို အရင်ကတည်းက သိထားသော လျိုရွှယ်ဖုန်းမှ လွဲ၍ လူတိုင်းနီးပါးသည် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြုတ်ကျတော့မတတ် ဖြစ်သွားကြသည်။
တင်းကျီ။
၎င်းသည် တင်းဟုန်မှလွဲ၍ တင်းမိသားစု၏ အားအကောင်းဆုံး ပါရမီရှင် ဖြစ်သည်။
သို့သော် ထိုကဲ့သို့ သန်မာသော တင်းမိသားစု၏ ပါရမီရှင်ကို ကျန်းချန်က ပြင်းထန်သော လက်သီးချက်ဖြင့် ရှုံးနိမ့်စေခဲ့၏။
ယင်းမှာ အလွန် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလွန်းနေသည် မဟုတ်ပါလော။
လူတိုင်းသည် ကျန်းချန်က တင်းကျီကို လက်သီးဖြင့် နှိပ်ကွပ်လိုက်သည့် တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းမှ မသက်သာသေးပေ။
ယင်းအချိန်တွင် ကျန်းချန်၏ နက်ရှိုင်းသော အသံသည် ပရိသတ်များကြား၌ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာခဲ့၏။
"မင်းတို့ တင်းမိသားစုရဲ့ ပါရမီရှင်က တကယ်ပဲ အားနည်းလှချည်လား"
"ခေါင်းဆောင်တင်း.. တင်းကျီကိုလွှတ်ပြီး ငါ့ကို စူးစမ်းနေရင် အချိန်ကုန်ရုံပဲရှိမယ်.. ငါ့အကြောင်း အသေးစိတ် သိချင်ရင် ပိုပြီး သန်မာတဲ့သူကိုပဲ စေလွှတ်လိုက်ပါ"
အခန်း(၆၂၉) ပြီး၏
အခန်း(၆၃၀)
"ဒီကောင်လေးက တကယ်ပဲ လျိုမိသားစု ပြင်ဆင်ထားတဲ့ ဝှက်ဖဲ ဖြစ်နေတာကိုး"
တင်းယွမ်ပိုင်က စင်မြင့်ပေါ်မှ ကျန်းချန်ကို စိုက်ကြည့်လိုက်သည်။
သူ၏ နှလုံးသားက ရုတ်တရက် လေးလံသွား၏။
သူက အရာရာကို အသေးစိတ် တွက်ချက်ထားသော်လည်း လျိုမိသားစုက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အထူးဧည့်တပည့် တစ်ဦးကို အမှန်တကယ် ဝှက်ထားလိမ့်မည်ဟု မတွက်ဆမိခဲ့ပေ။
"အဖေ.. ကျွန်တော် သူ့ကို တိုက်ခိုက်ဖို့ စင်ပေါ် တက်သွားမယ်"
တင်းဟုန်သည် မှင်သက်ရာမှ ပြန်လည် သက်သာလာရန် ခဏမျှ ကြာမြင့်ခဲ့သည်။
သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တင်းယွမ်ပိုင်ကို တည်ကြည်စွာ ကြည့်၍ ပြောလိုက်သည်။
"သူက သန်မာပေမဲ့ ကျွန်တော့်ရဲ့ အကာအကွယ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး"
တင်းဟုန်သည် တင်းမိသားစု၏ ပါရမီရှင် တင်းကျဲနှင့် ပတ်သက်၍ အလွန် ရှင်းလင်းစွာ သိရှိထားသည်။
သူ၏ အင်အားဖြင့် တင်းကျဲကို တစ်ချက်တည်းဖြင့် အနိုင်ယူရန် လုံးဝ မဖြစ်နိုင်ပေ။
ဤအချိန်တွင် တင်းဟုန်သည် ကျန်းချန်ကို လုံးဝ မထီမဲ့မြင် မပြုဝံ့တော့ချေ။
သူ၏ ရှေ့မှ ကျန်းချန်သည် ဤနှစ်များအတွင်း သူကြုံတွေ့ခဲ့ရသော ပါရမီရှင်များအနက် အားအကောင်းဆုံး ကျင့်ကြံသူ ဖြစ်သည်မှာ သေချာသည်။
"သွားပါ.. သတိထား ငါ့သား"
တင်းယွမ်ပိုင်က တည်ကြည်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
ကျန်းချန်၏ အင်အားဖြင့်ဆိုလျှင် သူက အခြားသူများကို စေလွှတ်ပါက ကျန်းချန်ကို ဟင်းသီးဟင်းရွက်များ ပေးနေသကဲ့သို့ ဖြစ်နေမည် ဖြစ်ပြီး မည်သည့် အဓိပ္ပါယ်မှ ရှိမည် မဟုတ်ပေ။
ဤအခြေအနေတွင် သူ့အနေဖြင့် တင်းဟုန်ကို တိုက်ခိုက်ဖို့ စေလွှတ်ရုံသာ တတ်နိုင်တော့သည်။
တင်းယွမ်ပိုင်သည် သူ့သား၏ အကာအကွယ်ကို အလွန် ယုံကြည်သည်။
စင်မြင့်ပေါ်မှ လူငယ်၏ တိုက်ခိုက်မှုသည် အလွန် အားကောင်းသော်လည်း တင်းဟုန်၏ ခြေလှမ်းတစ်ဝက် ကောင်းကင်အဆင့် ကျင့်စဉ်၏ ကာကွယ်ရေး နည်းစနစ်ကို ထိုးဖောက်နိုင်မည်ဟု မထင်ပေ။
သူ့အဖေ၏ ခွင့်ပြုချက်ကို ရပြီးနောက်တွင် တင်းဟုန်သည် ချက်ချင်းဆိုသလို ခြေဖျားဖြင့် မြေပြင်ကို တစ်ချက်ဆောင့်နင်းကာ စင်မြင့်ပေါ်သို့ ခုန်တက်သွားခဲ့သည်။
"ကောင်လေး.. ငါမင်းကို လျှော့တွက်မိသွားတယ်.. မင်းက တင်းကျဲကို တစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်မယ်လို့ မထင်ထားခဲ့ဘူး"
တင်းဟုန်သည် ကျန်းချန်ကို စေ့စေ့ စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းအနေနဲ့ လျိုမိသားစုရဲ့ အခြေအနေကို ကယ်တင်ချင်ရင်တော့ ငါသဘောတူမတူ အရင်မေးရမယ်"
ထိုစကားကို ကြားလျှင် ကျန်းချန်က ရယ်မောကာ ခေါင်းခါယမ်းလိုက်သည်။
သူက တင်းမိသားစု၏ တပည့်နှစ်ဦး အထောက်အပံ့ ပေးထားရသော တင်းကျီကို လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
"ငါ့ရဲ့ မျက်လုံးထဲမှာတော့ မင်းတို့ နှစ်ယောက်က တူတူပါပဲ.. တစ်ကွက်ပဲ လိုအပ်တယ်"
"ဟားဟား.. အရှက်မရှိ ကြွားလုံးထုတ်ရဲတယ်"
တင်းဟုန်က မထီမဲ့မြင် အမူအရာဖြင့် လှောင်ရယ်လိုက်၏။
"မင်းက ငါ့ကို တစ်ကွက်တည်းနဲ့ အနိုင်ယူမယ် ဟုတ်လား"
တင်းဟုန်သည် သူ၏ တိုက်ခိုက်ရေး စွမ်းအားက ကျန်းချန်နှင့် မယှဉ်သာမှန်း ဝန်ခံသော်လည်း တစ်ကွက်တည်းဖြင့် အနိုင်ယူခံရမည်ဟု မယုံကြည်ပေ။
ထို့အပြင် သူ၏ ကာကွယ်ရေး စွမ်းအားသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေ၏။
သာမန် စွမ်းအင်သိပ်သည်းခြင်း စတုတ္ထအဆင့် ကျင့်ကြံသူတစ်ဦးပင် သူ၏ အကာအကွယ်ကို တစ်ချက်တည်းဖြင့် ဖျက်ဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဤကောင်လေးသည် သူ့ကို တစ်ချက်တည်းဖြင့် မည်ကဲ့သို့ အနိုင်ယူနိုင်ပါမည်နည်း။
"ခြေလှမ်းတစ်ဝက် ကောင်းကင်အဆင့် နည်းစနစ် အပြင် မြေကြီးဆန္ဒ ဒုတိယအဆင့်ကို နားလည်ထားတာကြောင့် မင်းရဲ့ အကာအကွယ်က တကယ်ကို ကောင်းမွန်တယ်လို့ ဆိုရမယ်.. အဆင့်တူထဲမှာ ဆိုရင် မင်းရဲ့ အကာအကွယ်ကို ဖျက်ဆီးဖို့ တကယ်ပဲ မလွယ်လောက်ဘူး.. ဒါပေမဲ့ ဒီတစ်ကြိမ်၌ ငါနဲ့ တွေ့ဆုံတာကတော့ မင်းအတွက် စိတ်မကောင်းစရာပဲ"
ကျန်းချန်သည် ဆန့်ကျင်ဘက်မှ တင်းဟုန်ကို လှန်းကြည့်လိုက်သည်။
သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"တင်းဟုန်.. ငါ့ကို မင်းရဲ့ ကာကွယ်ရေး စွမ်းအားကို အစွမ်းကုန် ထုတ်ပြစမ်းပါ"
"မင်းရဲ့ ဆန္ဒအတိုင်းပဲ"
တင်းဟုန်က နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက် ရေရွတ်လိုက်သည်။
သူက ခြေလှမ်းတစ်ဝက် ကောင်းကင်အဆင့် ကာကွယ်ရေးနည်းစနစ် နှင့် မြေကြီးဆန္ဒ ဒုတိယအဆင့် ခွန်အားကို အပြည့်အဝ အသုံးချလိုက်ရာ သူ၏ ပတ်ပတ်လည်၌ ထူထဲသော အဝါရောင်ဖျော့ဖျော့ အလင်းအကာအကွယ် တစ်ခု စုစည်းသွားခဲ့သည်။
"ကျန်းချန်.. မင်း ငါ့ရဲ့ အကာအကွယ်ကို ဘယ်လို ဖျက်ဆီးမလဲဆိုတာ ငါစောင့်ကြည့်ချင်သေးတယ်"
တင်းဟုန်က ကျန်းချန်ကို စိန်ခေါ်စကား ဆိုလိုက်သည်။
"ဒါဆိုလည်း မင်းရဲ့ မျက်လုံးကို ဖွင့်ပေးရတာပေါ့"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းပင် သူ၏ လက်တစ်ဖက်ကို ဝှေ့ရမ်းကာ လေ့ကျင့်ရေး ကွင်းပြင်မှ လက်နက်စင်ဆီသို့ လှမ်းကြည့်၍ ရေရွတ်လိုက်သည်။
"လာခဲ့စမ်း"
နောက်ထပ် တစ်ခဏတွင် လက်နက်စင်ပေါ်မှ အပြာရောင် ဓားရှည်တစ်လက်သည် ရုတ်တရက် ကြမ်းတမ်းသော ဓားခတ်သံကို ထုတ်လွှတ်ကာ အပြာရောင် အလင်းတန်းတစ်ခုနှယ် ကျန်းချန်၏ လက်ထဲသို့ လျင်မြန်စွာ ပျံသန်းလာခဲ့၏။
အခန်း(၆၃၀) ပြီး၏။