Ch 97
Vol. 7 Ch. 97
တစ်ခါက ဖတ်ဖူးတဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ CEOနဲ့ ငါနဲ့ ချစ်ကျွမ်းဝင်သွားပါလေသတည်း ဆိုတဲ့ ဝတ္ထုလိုပါပဲလား?
ဒါမျိုးတစ်ကယ် ဖြစ်လာမယ်လို့ မမျှော် လင့်ထားမိခဲ့ဘူး။
လင်းဖေးဟန် ပြုံးပြီး ပြောလိုက်သည်။
“ မင်းအဆင်ပြေရဲ့လား? မစ္စလုကို တွေ့ဖို့ ခေါ်သွားပေးလို့ ရမလား?”
လင်းဖေးဟန်လက်ထဲရှိ မိန်းကလေးသည် စိတ်ပျက်သွားတော့သည်။ မစ္စတာလင်းက ဝတ္ထုထဲကလို ငါနဲ့ မချစ်မိသွားဘူးပဲ။ အပိုင်း ၁ ဇာတ်သိမ်းပြီ….
ဝတ္ထုဇာတ်လမ်းဆိုတာ လက်တွေ့မှာ တစ်ကယ် မရှိဘူး! အလိမ်အညာတွေပဲ!
ထိုမိန်းကလေးသည် စိတ်ပျက်မိသော်ငြား လင်းဖေးဟန်၏ ထိန်းပေးခြင်းကို ခံထားရတော့ အလွန်လဲ စိတ်လှုပ်ရှား နေပြန်သည်။ ပျော်ရွှင်မှုကြီးက လှိုက်တက် လာတာမို့ သူမမျက်နှာက ပန်းသီးတစ်လုံးလို ရဲနေသည်။
ရုတ်တရက် သူမရဲ့အနောက်က ကားတစ်စီး အပြေးလာနေသလို ခံစားချက်ရတာမို့ အမြန် လှည့်ကြည့်လိုက်မိသည်။
သူမ၏ စိတ်တွင်းတွင် လှိုက်တက်နေခဲ့သော ပျော်ရွှင်မှုကြီးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရပြီ။ ချက်ချင်း သူမ ကြောက်ရွံ့သွားခဲ့သည်။
ဒီအဆောက်အဦးတစ်ခုလုံးမှာ လူတစ်ယောက်ရဲ့ ခံစားချက်ကို အခုလို ဖြစ်အောင်လုပ်နိုင်တဲ့သူ တစ်ယောက်ပဲ ရှိတယ်။
အဲ့ဒါ လုရွှယ်ယင်ပဲ။
အနက်ရောင် ဝတ်စုံကြားမှာ သူမသည် အလွန့်အလွန် ထက်မြက်ပုံပေါက်ပြီး အေးစက်စက်နဲ့ ဆွဲဆောင်မှု ရှိနေသည်။
သူမသည် ထိုမိန်းကလေးကို ကြည့်လိုက်သည်။
ထို့နောက်တွင် ဖျော့တော့တော့ ပြုံးနေသော လင်းဖေးဟန်ကို ကြည့်လိုက်သည်။
ထိုမိန်းကလေးကို ပုခုံးမှ ထိန်းပေးထားတဲ့ လင်းဖေးဟန်ရဲ့ လက်တွေကို ကြည့်လိုက်သည်။
မျက်စံနက်များသည် ဖော်ပြမှုကင်းမဲ့စွာ လူနှစ်ယောက်ကို ကြည့်နေခဲ့ပြီး တစ်ခုခုကို တွေးတောနေပုံ ပေါ်ပေမဲ့ ဘာကိုတွေးနေမှန်း သူမ၏ မျက်နှာကနေ လုံးဝ မှန်းဆလို့ မရနေခဲ့ပေ။
မန်နေဂျာငယ်လေးသည် လုရွှယ်ယင်ကို တွေ့တာနဲ့ ချွေးအေးတွေ စိမ့်ထွက်သွားပြီး ချက်ချင်း အနောက်ဆုတ်ကာ လင်းဖေးဟန်နဲ့ အကွာအဝေး တစ်ခုခြားလိုက်သည်။ ထို့နောက်တွင် လုရွှယ်ယင်ကို လေးစားစွာ ခါးညွတ်နှုတ်ဆက်လိုက်သည်။ သူမ အလွန် စိတ်လှုပ်ရှားနေခဲ့ပြီး ခန္ဓာကိုယ်သည် တုန်ယင် နေခဲ့သည်။ အသံပင် တုန်ယင်နေကာ
“ မစ္စတာလင်းက… မစ္စလုကို ရှာနေတာပါ..”
မန်နေဂျာလေးသည် အဆင့်တန်းရှိရှိ ခါးညွတ်ထားသည်။ အရမ်းလဲ မမြင့်၊ အရမ်းလဲ မနိမ့်ဘဲ ၃၀၊ ၄၀ ဒီဂရီလောက် အောက်ကို ငုံ့ထားသည်။ ထပ်ငုံ့လိုက်လို့ အရမ်းများသွား ခဲ့ရင် တရုတ်ရိုးရာအရဆို သေသူတွေကို ဦးညွတ်တာနဲ့ တူသွားမှာဖြစ်သည်။
အသက်ရှင်နေတဲ့သူကို ထိုသို့ လေးစားမှု ပြပါက လေးစားမှု မဟုတ်တော့ဘဲ စနောက်လိုက်တာပင်။
ထိုအချိန်မှာ မန်နေဂျာမလေး၏ မျက်နှာသည် အနည်းငယ် ချွေးစို့နေသည်။ သူမက သာမာန် သူတစ်ယောက်သာဖြစ်ပြီး လင်ဖေးဟန်နဲ့ လုရွှယ်ယင်ကြားက ဆက်ဆံရေးက အဆုံးသတ် သွားပြီဆိုတာကိုလဲ မသိသေးပေ။
အခုတင် လင်းဖေးဟန်၏ ပုံစံကလဲ အနည်းငယ် မပြတ်မသားဖြစ်ခဲ့တယ်လို့ သူမ စဥ်းစားခဲ့ပေမဲ့ အခု သူမတို့ကို မစ္စလု မြင်သွားခဲ့တာမို့ သူမ၏ အနာဂတ်ကို စိတ်ပူ မိလာသည်။ လုရွှယ်ယင်ဆီကနေ အလုပ် ထုတ်ခံရတော့မှာလား? အဲ့လိုဆို သူမ ဘာမှ ပြောနိုင်တော့မှာ မဟုတ်ဘူး။
တစ်ကယ် ဆိုးတာပဲ!
မန်နေဂျာမလေးသည် သူမ၏ ခေါင်းကို ရင်ဘတ်ထဲ နစ်ဝင်မတတ် ငုံ့ထားပြီး အမြန် ရှင်းပြဖို့ လုပ်လိုက်သည်။
“ မစ္စလု ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။ အခု အခြေအနေက ကျွန်မက ပြုတ်ကျတော့မလို ဖြစ်ပြီး မစ္စတာလင်းက ကြင်နာစွာ ကျွန်မကို ထိန်းပေးထားတာပါ။ ကျွန်မ တစ်ကယ် တောင်းပန်ပါတယ်”
လုရွှယ်ယင် ခေါင်းညိတ်ပြလိုက်ပြီး
“ ဘာမှ မဖြစ်ပါဘူး။ မင်းပြန်ပြီး အလုပ်ပြန် လုပ်နိုင်ပြီ”
အစောက မြင်လိုက်ရတဲ့ မြင်ကွင်းအတွက် တစ်ကယ်ကို လုရွှယ်ယင်ထံတွင် အတွေးလွန်ခြင်း မရှိဘူး။
ဘာလို့ဆို လူအများရှေ့မှာရယ်၊ သူမရဲ့ ကုမ္ပဏီမှာ ဖြစ်နေတာရယ်ကြောင့် လင်းဖေးဟန် ရူးနှမ်းနေလို့သာ မဟုတ်ရင် မဟုတ်တာ လုပ်ရဲမှာ မဟုတ်ဘူး။
ဒါ့အပြင် အရှေ့ရှိ မန်နေဂျာမလေးသည် ကိုယ်လုံးကော ရုပ်ရည်ကောက အဆင့်တန်း ရှိပုံပေါ်သည်။
ဒါပေမဲ့ လင်းဖေးဟန်နဲ့ ယှဥ်ကြည့်လိုက်ရင် ဒီကောင်မလေးက လင်းဖေးဟန်အတွက်တော့ အရမ်းကွာခြားလွန်းသေးသည်။ ဒါက သူ့အကြိုက် မဟုတ်ဘူး။
လုရွှယ်ယင်သည် လင်းဖေးဟန်ကို အေးစက်စွာ ပြောလိုက်သည်။
“ သွားစို့!”
ထို့နောက်တွင် အနောက်ကို မလှည့်ကြည့်ဘဲ သူမ အရင် ထွက်သွားလိုက်သည်။
စိတ်ကူးယဥ်လောက်ဖွယ် လုရွှယ်ယင်ရဲ့ နောက်ကျောလှလှလေးကိုကြည့်လိုက်ရင်း လင်းဖေးဟန်ရဲ့ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
လင်းဖေးဟန် ဘာမှမပြောဘဲ လုရွှယ်ယင်၏ အနောက်ကို မနီးလွန်း မဝေးလွန်းတဲ့ အကွာအဝေးကနေ လိုက်သွားလိုက်သည်။
လင်းဖေးဟန် သေချာကို ဖြေးဖြေးချင်း လမ်းလျှောက်နေခဲ့သည်။ လုရွှယ်ယင်၏ ရှည်လျားပြီး ဆွဲဆောင်မှုရှိတဲ့ နောက်ကျောကို သူခံစားချင်သည်လေ။
နောက်ဆုံးတွင် ကားပါကင်သို့ ရောက်လာခဲ့ပြီး လုရွှယ်ယင်သည် သူမ၏ ကားဆီကို လျှောက်သွားပြီးခါမှ ခဏ တုံ့ဆိုင်းသွားပြီး
“ နင့်ကားကို မောင်းချင်လား? ငါ့ကားနဲ့ သွားမလား?”
လုရွှယ်ယင် အဲ့ဒီနေ့က ဘယ်လိုမောင်းခဲ့လဲ ဆိုတာကို အမှတ်ရသွားပြီး လင်းဖေးဟန် ပြုံးလိုက်ကာ
“ ငါ့ကားနဲ့ပဲ သွားရအောင်”
လင်းဖေးဟန်၏ မျက်နှာသည် အနည်းငယ် အူမြူးနေသည်။
အဲ့ဒီနေ့က မတော်တဆ အက်ဆီးဒန့် ဖြစ်ခဲ့တာကို လင်းဖေးဟန် လှောင်နေတာမှန်း သူမ သိသည်။ ဒါပေမဲ့ ဘာမှ မပြောတော့ပဲ ဘေးခုံတွင် ဝင်ထိုင်လိုက်သည်။ ဗလာဖြစ်နေတဲ့ မျက်နှာနဲ့ ခါးပတ်ကိုသာ အမြန်ပတ်လိုက်တော့သည်။
“ လိပ်စာကကော?”
လုရွှယ်ယင် လိပ်စာကို ပြောပြီးတာနဲ့ လင်းဖေးဟန် ချက်ချင်းပဲ ရိုက်ထည့်လိုက်သည်။
ကားစမောင်းလိုက်ပြီး လင်းဖေးဟန် စကားစလိုက်သည်။
“ မင်းဒီနေ့ ခြေထောက် ဘယ်လိုနေလဲ?”
လုရွှယ်ယင် ခေါင်းညိတ်လိုက်ကာ
“ နင့်ရဲ့ စိတ်ပူပေးမှုကြောင့် သက်သာ သလောက်ဖြစ်နေပါပြီ!”
လင်းဖေးဟန် ရယ်လိုက်ကာ လုရွှယ်ယင်ကို စိုက်ကြည့်လိုက်ပြီး ကားပါကင်မှ လက်တစ်ဖက်နဲ့ မောင်းထွက်လိုက်သည်။
“ မင်းက သာမာန် စီးပွားရေးကိစ္စတွေနဲ့ စီးပွားရေးပိုင်းပဲ ကျွမ်းကျင်တာ၊ အခုလို လူမိုက်တွေပါတဲ့ ကိစ္စတွေမှာတော့ မကျွမ်းကျင်သေးဘူး”
လင်းဖေးဟန်၏ အပြောကြောင့် လုရွှယ်ယင် မနေနိုင်စွာ အနည်းငယ် စိတ်တိုသွားပြီး
“အဲ့လိုပေါ့”
လုရွှယ်ယင် အေးစက်စွာ ပြောလိုက်သည်။
“ ငါက ကျိုးကြောင်း မသင့်တဲ့သူ မဟုတ်ဘူး။ ငါက ဥပဒေကို လိုက်နာတဲ့သူ။ အနာဂတ်မှာ တူညီတဲ့ အခြေအနေကို ထပ်ကြုံခဲ့ရရင်တောင် နင့်ကို အကူအညီ မတောင်းနိုင်ခဲ့ရင်တောင် အဲ့အချိန်ကျရင် မြို့တော်ဗျူရိုက ရှေ့ထွက် လာလိမ့်မယ်လို့ ယုံတယ်”
“ ဒါ့အပြင် ငါ့ရဲ့မူလအစီအစဥ်က နင့်ဆီက အကူအညီတောင်းဖို့ မဟုတ်ဘူး။ အဲ့တုန်းက ရွာသားတွေက နင်က အနောက်ကလူကို ပြောလို့ ငါနင့်ကို လှမ်းမေး လိုက်တာ။ နင်ကသာ အကူအညီပေးဖို့ မေးလာတဲ့ သူပဲ”
လုရွှယ်ယင်း ပြောရင်းပြောရင်းနဲ့ ပိုပြီး ဒေါ်သ ထွက်လာတာမို့ အေးစက်နေတဲ့ အသံနဲ့ပဲ ပြောလိုက်သည်။
“ လင်းဖေးဟန် ငါတို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိတော့သလို အားလုံးကလဲ အခြေကျသွားပြီ။ ဒါကြောင့် ငါနင့်ကို ဘာအကြွေးမှ မတင်ဘူး”
“ နင် ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ် နိုင်ခဲ့ရင် ငါ့အမေ ပေးထားတဲ့ ဗီလာကိုလဲ ငါထုတ်လာမှာ။ ဗီလာရဲ့ ဘေးခန်းက နင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးမယ်။ နင်အဲ့မှာ အေးဆေးနားလို့ရတယ်။ ဒီလိုဆို ငါတို့ကြားမှာ အကုန်ညီမျှပြီ”
လုရွှယ်ယင်ရဲ့ ရှည်လျားသော စကားကို နားထောင်အပြီးမှာ လင်းဖေးဟန် ခါးသက်စွာ ပြုံးလိုက်သည်။ ကူကယ်ရာမဲ့စွာ ခေါင်းရမ်း လိုက်ကာ
“ မင်းတို့ လုမိသားစုက တစ်ကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဗီလာကို ပေးရတော့မှာကို အန်တီက သိရုံတင်မကပဲ နင်ကလဲတစ်ကယ် ပေးလာတယ်။ ချမ်းသာတဲ့ သူတွေရဲ့ ကမ္ဘာက ဒါမျိုးလား? ငါအရမ်းတွေ ဖိအားများနေပါပြီ”