အပင်နှင့် ရင်းနှီးမှု အမြင့်ဆုံး
Vol. 47 Ch. 699
ချန်ပီယံတစ်ယောက် မွေးဖွားလာလေပြီ။
Masked Singer ၏ ဘုရင်တစ်ပါး မွေးဖွားလာလေပြီ။
နောက်တစ်နေ့ မနက်ပိုင်း၌ သတင်းခေါင်းစဉ်များက ပလူပျံနေလေသည်။
[Masked Singer ပြီးဆုံးသွားပြီ]
[တိုက်ရိုက် ထုတ်လွှင့်မှု ကြည့်ရှုသူ အရေအတွက်က အံ့ဩစရာကောင်းလောက်တဲ့ မှတ်တမ်း ဝင်သွားပြီ]
[အခက်အခဲ အားလုံးကို ကျော်ဖြတ်ပြီး စူပါမန်းက ချန်ပီယံ ဖြစ်သွားပြီ]
[နာမည်ကြီး ငပျော့ကောင်တွေအားလုံး ရှုံးသွားပြီ]
[ထိတ်လန့်စရာကောင်းတဲ့ ညတစ်ည]
Weibo ပေါ်၌ …
[လခွမ်းကွာ … ဒါက ကြောက်ဖို့ကောင်းလွန်းတယ်၊ မင်းတို့အားလုံး တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်လိုက်လား၊ တိုက်ရိုက် ထုတ်လွှင့်မှုကို အွန်လိုင်းကနေ ကြည့်ရှုတဲ့ အရေအတွက်က အံ့ဩစရာပဲ]
[ဟုတ်တယ်၊ Masked Singer က ဒီတစ်ခါတော့ စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပြီ]
[နောက်လာမယ့် ဆယ်နှစ်အတွင်း ဒီလောက် မြင့်တဲ့ အွန်လိုင်း ကြည့်ရှုသူ အရေအတွက် ရှိလာမှာ မဟုတ်ဘူးလို့ ငါ ခံစားနေရတယ်]
[စူပါမန်းက အဆိုတော်တွေရဲ့ ဘုရင် ဖြစ်လာပြီ]
[စူပါမန်းရဲ့ သီချင်းတွေ နားထောင်ရတာကို ငါ သိပ်သဘောကျတယ်၊ သီချင်းတွေက သိပ်ကောင်းတယ်]
[အခုထိ စူပါမန်းက ဘယ်သူလဲဆိုတာကို ငါ မသိသေးတာ နှမြောစရာပဲ]
[Masked Singer အစီအစဉ်က သူတွေလဲ အရူးလုပ် ခံလိုက်ရတယ်၊ သူတို့က စူပါမန်းကို တကယ်ကြီး အဲ့လို သွားခွင့် ပေးလိုက်တာပဲ]
ထိုအချိန်တွင် အနုပညာရှင် စပိုင်ဟူသော Weibo အကောင့်တစ်ခုက ပို့စ်တစ်ခု တင်လာသည်။
[ဒီနတ်ဘုရားလို စူပါမန်းက ဘယ်ကလာတာလဲဆိုတာကို လူတိုင်း သိချင်နေကြမယ်လို့ ငါ ပြောရဲတယ်၊ အမှန်အတိုင်း ပြောရရင် ငါ့မှာလဲ အခြားသူတိုင်းလို တူညီတဲ့ မေးခွန်းတွေ ရှိတယ်၊ အရည်အချင်းတစ်ခုတည်းကိုပဲ မှီခိုပြီး ကျော်ကြားမှု မရှိသလောက်နီးပါးပဲ၊ စူပါမန်းက အဲ့ဒီ ငပျော့ကောင်တွေကို ဖြုတ်ပြီး အဲ့ဒီ နာမည်ကြီး သုံးယောက်လုံးကို ရှင်းလင်းလိုက်တာ မယုံနိုင်စရာကောင်းတဲ့ အောင်ပွဲပဲ၊ ဒါပေမဲ့ ဒါတွေက အချက်အလက်တွေပဲ ဖြစ်ပြီးတော့ ဖြစ်ပျက်ခဲ့ပြီးသွားပြီ၊ ဒီလိုအင်အားမျိုးကို ဘယ်သူက ပိုင်ဆိုင်နိုင်မလဲ]
[ငါတို့ အတင့်ရဲပြီး ခန့်မှန်းကြည့်ရုံနဲ့ ဘာမှမဖြစ်ဘူးမလား၊ ဒီလိုအင်အားမျိုး ရှိတဲ့သူက တော်တော်လေး နည်းတာဆိုတော့ ငါတို့ ဒီလိုအင်အားမျိုး နည်းနည်းလောက် ရှိနိုင်တဲ့ ဂီတလောကက အဆိုတော်တိုင်းကို ကြည့်ပြီးပြီ၊ ငါတို့ ခန့်မှန်းမှုက တစ်ခုမှ မမှန်ဘူး၊ ဒါပေမဲ့ ငါတို့ မခန့်မှန်းမိတဲ့ လူတစ်ယောက် ရှိတယ်၊ အဆိုတော်ဝိုင်ပဲ]
[ငါ အစကတော့ ဒီဖြစ်နိုင်ချေကို မယုံသင်္ကာ ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်တော့ အဲ့လို ဖြစ်နိုင်ချေက ပိုများတယ်၊ အဆိုတော်ဝိုင်က ဘယ်လောက် အင်အားကြီးလဲ လူတိုင်း သိတယ်၊ ပြီးတော့ စူပါမန်းက ဒီတစ်ခေါက်လည်း ကိုယ်ပိုင် သီချင်း ဆိုခဲ့တာ၊ အဆိုတော်ဝိုင်နဲ့ တူနေတာတွေ ရှိမနေဘူးလား၊ ပြီးတော့ စင်ပေါ်က ဒိုင်တစ်ယောက်ကိုလဲ ကြည့်ကြည့်၊ သူတို့ထဲက တစ်ယောက်က ချန်ရှောင်ယန်၊ ဆိုတော့ သူက အဆိုတော်ဝိုင်ကို ပေါ်လာဖို့ ဖိတ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ငါ ပြောတာ မှန်တယ်မလား]
ထိုပို့စ်က လူတိုင်းကို နားလည်သဘောပေါက်သွားစေခဲ့ပြီး အမှန်တရားက သူတို့အရှေ့၌ ရှင်းရှင်းလင်းလင်း ပေါ်လာသည်ဟု ခံစားလိုက်ရသည်။
[မြတ်စွာဘုရား၊ မင်း သုံးသပ်တာကို နားထောင်ကြည့်တော့ အဲ့လို ဖြစ်နိုင်တယ်လို့ ငါလဲ ထင်တယ်]
[ဟုတ်တယ်၊ အဲ့ဒါက ကိုယ်ပိုင် သီချင်းတစ်ပုဒ် ပြီးတော့ ပြည့်ပြည့်စုံစုံနဲ့ ဆိုခဲ့တာ၊ ဒါ အဆိုတော်ဝိုင်ပဲ ဖြစ်နိုင်တော့တယ်]
[လခွမ်း … ဒါက ခန့်မှန်းဖို့ လွယ်ကူခဲ့တာပဲ၊ ဘာလို့ ဒါကို မတွေးခဲ့မိတာပါလိမ့်]
[အဆိုတော်ဝိုင်၊ သူ တကယ်ကြီး စင်ပေါ် တက်ခဲ့တာပဲ၊ အား …]
[ငါ အခု အရမ်း ခံစားနေရပြီ၊ အဲ့ဒီ ငပျော့ကောင်တွေကို သူ ရှင်းနိုင်ခဲ့တာ မဆန်းတော့ဘူးပဲ၊ ဒါက ဖြစ်သင့် တာပဲလေ]
[ဟုတ်တယ်၊ အဆိုတော်ဝိုင်က ဂီတလောကရဲ့ ထောက်ထိုင်ကို ကိုယ်စားပြုတာလေ]
…
အဆိုတော်ဝိုင်သည် အွန်လိုင်းပေါ်မှ ခန့်မှန်းချက်များကို အသိအမှတ် မပြုသလို ငြင်းဆိုခြင်းလည်း မပြုချေ။ တတိယမြောက်နေ့တွင် သတင်းတစ်ခု ထပ်တက်လာပြီး ၎င်းက အင်တာနက်ပေါ်၌ ဆူညံလာစေပြီး စူပါမန်း၏ ပုံစံအစစ်အမှန်ကို ဖော်ထုတ်သွားလေသည်။
QQ Music ၏ တရားဝင် website က သတင်းတစ်ခု ထုတ်ပြန်ခဲ့သည်။
[ကုမ္ပဏီက အဆိုတော်ဝိုင်နဲ့ စာချုပ် ချုပ်ပြီးပါပြီ၊ ကွမ်တုန်းမှ အချစ်ဇာတ်လမ်း၊ မူလလမ်း၊ တစ်ချိန်ကမင်းနဲ့ သဘာဝ တို့ကို ဒီပလက်ဖောင်းကနေ တစ်ပုဒ်ပြီး တစ်ပုဒ် ထုတ်လွှင့်ပေးသွားပါမယ်၊ အဲ့ဒါကြောင့် အားလုံး စောင့်ဆိုင်းပေးကြပါ]
အချို့သော သတင်းအချက်အလက် စုဆောင်းနိုင်သည့် သူများက စာချုပ်တန်ဖိုးကို တူးဆွကြည့်နိုင်ခဲ့သည်။ ၎င်းက သန်းကိုးဆယ် တန်ဖိုးရှိလေသည်။
မှန်ပေသည်။ ၎င်းကား ယွမ်ကိုးသန်းတိတိပင်။
ကွမ်တုန်းမှ အချစ်ဇာတ်လမ်းသည် ပြန်ဆိုတေးတစ်ပုဒ် ဖြစ်သည်။ အကယ်၍ သီချင်းလေးပုဒ်လုံးသည် ကိုယ်ပိုင်တေးများ ဖြစ်ပါက ဝင်ငွေသည် ခန့်မှန်းချေ သန်းတစ်ရာ ကျော်သွားလောက်သည်။
ထိုသတင်း ထွက်လာသောအခါ အင်တာနက် ကွန်ရက်တစ်ခုလုံး ရူးသွပ်သွားကြသည်။
[ဒါဆို သူက အဆိုတော်ဝိုင်ပဲ၊ ဒါက အံ့ဩဖို့ကောင်းတာပဲ]
[ဒါက ရူးချင်စရာပဲ၊ သီချင်းလေး နည်းနည်းအတွက် သန်းကိုးဆယ်တဲ့]
[သူက အရမ်း ချမ်းသာတာပဲ၊ သူက ငွေရှာစက်ပဲ]
[အဆိုတော်ဝိုင်၊ ငါ့ကို sugar baby အဖြစ် ထားပါလား၊ ငါ ပုံစံအများကြီး သိတယ်၊ တကယ်ပါ၊ ငါက ကျွမ်းကျင်သူ တစ်ယောက်ပါ]
[မြတ်စွာဘုရား၊ ဒီလောက် ပိုက်ဆံအများကြီး ရဖို့ ငါ တခါမှ အိပ်မက် မမက်ဖူးဘူး၊ ငါ သူ့ကို အားကျသလို မုန်းလဲ မုန်းမိတယ်]
[အရည်အချင်း ရှိတာ (ပိုက်ဆံ) က သူ လုပ်ချင်တာ ဘာမဆို လုပ်နိုင်တယ်လို့ ဆိုလိုတာပဲ]
…
အင်တာနက်၏ စိတ်ဝင်စားရာ ဖြစ်လာချိန်တွင် ရဲ့လင်းချန်က ဆန်းကြယ်ကျွန်းသို့ ပြန်ရောက်ပြီးနေလေသည်။
သူ၏ ရေပန်းစားမှု အမှတ်များကို ရေတွက်ပြီးနောက် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ဟက်ကာ စစ်ပွဲ ပြီးသွားပြီးကတည်းက သူသည် စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးအတွက် ရိုက်ကူးရေးကို ပြင်ဆင်နေခဲ့ပြီး Masked Singer မှ ရေပန်းစားမှုနှင့် ပေါင်းလိုက်သောအခါ သူ၏ ရေပန်းစားမှုအမှတ်က ဤကာလအတွင်း သုံးသန်းကျော် တိုးလာပြီး စုစုပေါင်း ၂၃ သန်းသို့ ရောက်နေခဲ့သည်။
သူ ယခင်က လုပ်ခဲ့သော တုန်လှုပ်စရာကောင်းသည့် ဖြစ်ရပ်များနှင့် ယှဉ်လိုက်လျင် ရေပန်းစားမှု သုံးသန်း တိုးလာခြင်းက မပြောပလောက်ပေ။ သို့သော် ၎င်းက သီချင်းဆိုရုံ သက်သက်နှင့် ရလာခြင်း ဖြစ်သည်။ သူ ရေပန်းစားမှု လေးသန်း မရခင် သူ၏ သီချင်းများကို အနည်းဆုံး လူငါးသန်းက နားထောင်မှရမည်ဟု ခန့်မှန်းရသည်။ သီချင်းဆိုခြင်းသည် ဆေးပညာဖြင့် လူ့အသက်ကို ကယ်တင်ခြင်းနှင့် အလွန် ကွဲပြားပေသည်။
ထိုအရာအားလုံးက သူ အစီအစဉ်၌ ပါဝင်ပြီးနောက်ပိုင်းမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုသီချင်းသုံးပုဒ်ကို သူ အသံပွင်းပြီးသည်နှင့် သူ၏ ရေပန်းစားမှုက တိုးမြင့်လာပေလိမ့်မည်။
ရဲ့လင်းချန်သည် သူ၏ လက်ရှိ ရေပန်းစားမှု အမှတ်များကို ကြည့်ပြီး ငြိမ်ငြိမ်မနေနိုင်တော့ချေ။ နောက်ဆုံးတွင် သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ စနစ်၏ မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
အဆင့်မြင့်စွမ်းရည်က ငါးခု ရှိနေပြီးသား ဖြစ်သည်။ ၎င်းတို့မှာ အလျင်အမြန် ပြေးခြင်း (အဆင့်မြင့်အဆင့်)၊ သားရဲ ယဉ်ပါးခြင်း (အဆင့်မြင့်အဆင့်)၊ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်ရေး (အဆင့်မြင့်အဆင့်)၊ အရဟာ လက်သီးစွမ်းအင် (အဆင့်မြင့်အဆင့်) နှင့် အစီအရင် (အဆင့်မြင့်အဆင့်) တို့ ဖြစ်သည်။
အလတ်အဆင့် စွမ်းရည်များမှာမူ နှစ်ခုသာ ကျန်ရှိတော့သည်။ သစ်သား ဝိညာဉ် ခန္ဓာကိုယ် (အလယ်အလတ်အဆင့်) နှင့် ခွေးဘာသာစကား (အလယ်အလတ်အဆင့်) တို့ ဖြစ်သည်။
အခြေခံအဆင့် စွမ်းရည် ဆယ့်ငါးခုလည်း ကျန်ရှိသေးသည်။ ကျင့်ကြံခြင်း (အခြေခံအဆင့်)၊ ကြောင်ဘာသာစကား (အခြေခံအဆင့်)၊ သန့်စင်ခြင်း ခုခံရေး (အခြေခံအဆင့်)၊ နဂါးဖမ်းလက် (အခြေခံအဆင့်)၊ ငှက်ဘာသာစကား (အခြေခံအဆင့်)၊ ဝေဖန်ပြစ်တင်ခြင်း စွမ်းရည် (အခြေခံအဆင့်)၊ စားကောင်းသောက်ဖွယ် ချက်ပြုတ်နည်း (အခြေခံအဆင့်)၊ နတ်တေးသံ (အခြေခံအဆင့်)၊ ရုပ်ဖျက်ပညာ (အခြေခံအဆင့်)၊ အရှိန်အဝါ ဟောကိန်း (အခြေခံအဆင့်)၊ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်)၊ နဂါးအမဲလိုက်ခြင်း (အခြေခံအဆင့်)၊ အဆိပ်ပြီးစွမ်းရည် (အခြေခံအဆင့်)၊ အင်းဆက်ပိုးကောင် ဘာသာစကား (အခြေခံအဆင့်)၊ အပ်စိုက်ကုထုံး (အခြေခံအဆင့်)။
စွမ်းရည် တစ်ရာ ရာခိုင်နှုန်း ဖြစ်နေသော စွမ်းရည်များမှာမူ နှလုံးဖျက်လက်ဝါးသိုင်း၊ လေခွင်းခြေထောက်သိုင်း၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ လက်ရေးလှပညာ၊ ပန်းချီပညာ၊ ဘောလုံးစွမ်းရည်၊ အနောက်တိုင်း ဆေးပညာ၊ ဂျာမနီ ဘာသာစကား၊ ရုရှား ဘာသာစကား ….
သူ့တွင် အဆင့်မြင့်စွမ်းရည် ငါးခု ရှိပြီးသား ဖြစ်ကာ တစ်ခုချင်းစီက အလွန် အသုံးဝင်လှသည်။ ၎င်းတို့သည် သူ၏ အတိုက်အခိုက် စွမ်းရည် ထိရောက်မှုကို တိုးစေရုံသာက သူ့ဘေးနားမှ သူများ၏ အတိုက်အခိုက် စွမ်းရည်ကိုပါ တိုးမြှင့်နိုင်စွမ်း ရှိသည်။
သို့သော် ရဲ့လင်းချန်သည် သူ၏ အလယ်အလတ် စွမ်းရည်များကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သစ်သား ဝိညာဉ် ခန္ဓာကိုယ်က ကောင်းမွန်သော်လည်း ခွေးဘာသာစကားက သူ့အား ဆွံ့အသွားစေခဲ့သည်။
သူ၏ အလယ်အလတ်အဆင့် ခွေးဘာသာစကားကြောင့် သူသည် ခွေးများနှင့် ကောင်းမွန်စွာ ဆက်သွယ် နိုင်သော်လည်း အဆင့်မြင့်အဆင့်သို့ မြှင့်ပြီးသွားပါက ဘာများ အသုံးဝင်နိုင်စရာ ရှိဦးမည်နည်း။
သို့သော်ငြားလည်း သူ၏ သစ်သားဝိညာဉ် ခန္ဓာကိုယ်ကို အငမ်းမရ ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သောကြောင့် အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ထားသည်။
*ရေပန်းစားမှု အမှတ် ဆယ်သန်းကို လောင်းကြေးထပ်ရမှာ ခွေးဘာသာစကားကို ရောက်သွားလို့ မဖြစ်ဘူး*
ရဲ့လင်းချန်သည် စိတ်ထဲမှ ဆုတောင်းနေပြီးနောက် တံတွေးမျိုချကာ စတင်လိုက်သည်။
သူသည် အဆင့်မြင့်အဆင့်သို့ မြှင့်တင်ရန်အတွက် ရေပန်းစားမှုအမှတ် ဆယ်သန်းကို သုံးစွဲလိုက်လေသည်။
ရွှေရောင်ရင့်ရင့် အလင်းတန်းက စွမ်းရည်နှစ်ခုပေါ်သို့ လျှင်မြန်စွာ ဖြတ်ပြေးနေသည်။ အရှိန်က မြန်လွန်းသဖြင့် ရဲ့လင်းချန်သည်လည်း လိုက်ပါ၍ ရင်ခုန်နေရသည်။
ရွေးချယ်စရာ နှစ်ခုတည်း ရှိသဖြင့် သူ၏ နှလုံးက ပိုမို၍ တဒိတ်ဒိတ် ခုန်နေပြီး အလွန်အမင်း စိုးရိမ်သလို ခံစားနေရသည်။
*သစ်သား ဝိညာဉ် ခန္ဓာကိုယ်၊ ကျေးဇူးပြုပြီး သစ်သား ဝိညာဉ် ခန္ဓာကိုယ်ပဲ ဖြစ်ပါစေ*
ရဲ့လင်းချန် စိတ်ထဲမှ ကြုံးဝါးနေမိသည်။
နောက်ဆုံးတွင် အလင်းတန်း၏ အရှိန်က တဖြည်းဖြည်း နှေးလာပြီး ရဲ့လင်းချန်၏ အကြည့်က လေးနက်လာသည်။
“ဒင်”
ညင်သာသော အသံနှင့်အတူ အလင်းတန်းက သစ်သား ဝိညာဉ် ခန္ဓာကိုယ် (အလယ်အလတ်အဆင့်) ၌ ရပ်သွားလေသည်။
*လခွမ်း*
ထိုအခါမှ ရဲ့လင်းချန် စိတ်အေးသွားပြီး အားရစွာ ကျိန်ဆဲလိုက်မိသည်။
စူးရှသော အလင်းတန်း ပျောက်သွားပြီးနောက် ….
သစ်သား ဝိညာဉ် ခန္ဓာကိုယ် (အဆင့်မြင့်အဆင့်): သစ်သား ဝိညာဉ် ခန္ဓာကိုယ် စွမ်းရည်များ အမြင့်ဆုံးသို့ ရောက်ရှိပါပြီ၊ သင်၏ အပင်များနှင့် ရင်းနှီးမှုက အမြင့်ဆုံးသို့ ရောက်သွားပါပြီ။ ယခု သင့်တွင် အပင်များကို ထိန်းချုပ်နိုင်သော အစွမ်း ရှိသွားပါပြီ။