ချိပ်စည်းများကိုး ချိုးဖျက်ခြင်း
Vol. 150 Ch. 2236
အဆင့် ၅ မှာ..
ကျင့်ကြံသူများစွာသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင် ဘေးနားမှာ ရှိနေကြဆဲဖြစ်ပြီး တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ မလှမ်းမကမ်းမှ သွေးစွန်းနေသည့် တိုက်ပွဲနယ်မြေကို ကြည့်နေကြ၏။
တိုက်ပွဲနယ်မြေမှာ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ် ၁၆ယောက်၏ အလောင်းများက ပြန့်ကျဲနေ၏။
အလောင်းများ၏ သိုလှောင်အိတ်များက သူတို့၏ ခါးများပေါ်မှာ ရှိနေဆဲဖြစ်၏။
ထိုအချိန်မှာ ဆူဇီမိုသည် အင်မော်တယ်ထိုက်ဟွာ နောက်သို့ ပြေးလိုက်သွားပြီး အချိန်က အပူတပြင်းနိုင်နေခဲ့၏။ သူသည် တိုက်ပွဲနယ်မြေကို ရှင်းလင်းပြီး အလောင်းများပေါ်က သိုလှောင်အိတ်များကို သိမ်းဆည်းသွားဖို့ အချိန်မရခဲ့ပေ။
“ဆူဇီမိုနှင့် အင်မော်တယ်ထိုက်ဟွာကြားက တိုက်ပွဲမှာ ဘယ်သူ အနိုင်ရမယ်လို့ မင်းတို့တွေ ထင်လဲ”
“မပူပါနဲ့.. အင်မော်တယ်ထိုက်ဟွာက ကိုယ်လွတ်ရုန်းထွက်ပြီး တိုက်ပွဲကို ရှောင်လွှဲချင်တယ်ဆိုရင် ဆူဇီမိုက သူ့ကို တားဆီးနိုင်မှာ မဟုတ်ဘူး”
“အမှန်ပဲ.. သူတို့နှစ်ယောက်က အနိုင်ရလဒ်ကို ဆုံးဖြတ်ဖို့အတွက် အဆင့်သတ်မှတ်ချက်တိုက်ပွဲအထိ စောင့်ရဦးမယ်လို့ ငါထင်တယ်”
လူတိုင်းက ခဏမျှ စောင့်ဆိုင်းနေခဲ့ကြ၏။ ဆူဇီမိုက ပြန်လည်ရောက်ရှိမလာသောအခါ ကျင့်ကြံသူတချို့မှာ အခြားသော အတွေးအကြံများ ရှိလာကြပြီဖြစ်၏။
အင်ပါယာလေဘုရားကျောင်းမှ ကျင့်ကြံသူတစ်ယောက်က လောဘတက်လာပြီး တိုက်ပွဲနယ်မြေ ရှိရာသို့ လျှောက်လှမ်းသွား၏။ သူ၏ ဝတ်ရုံစကို ဝှေ့ယမ်းပြီး သူက အလောင်းများပေါ်မှ သိုလှောင်အိတ်များကို သိမ်းဆည်းကာ သူ၏ အိတ်ထဲသို့ ထည့်လိုက်၏။
“မိုချန်.. နင် အဲဒါဘာလုပ်နေတာလဲ”
မင်းသမီး သက်တံနီသည် ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ လှပသော မျက်လုံးများက ပြူးကျယ်သွားပြီး သုန်မှုန်နေသော အမူအရာဖြင့် ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။
သူမ၏ ခန္ဓာကိုယ်က အင်မော်တယ်ထိုက်ဟွာ၏ စွမ်းအားဖြင့် ချိပ်ပိတ်ခံထားရသော်လည်း သူမက စကားပြောဆိုနိုင်နေပြီဖြစ်၏။
“ငါက တိုက်ပွဲနယ်မြေကို ရှင်းလင်းပေးနေတာလေ.. ဘာဖြစ်လို့လဲ”
မိုချန်က မျက်လုံးစွေကြည့်ပြီး ခွန်းတုံ့ပြန်လိုက်၏။
“ဒီသိုလှောင်အိတ်တွေက ပိုင်ရှင်မဲ့နေပြီ.. အဲဒါ ဘာဖြစ်လို့လဲ.. ခင်ဗျားတို့တွေက ကိုယ့်ဘာသာကိုယ်လည်း မယူကြဘူး.. တခြားသူတွေကိုလည်း မယူခိုင်းဘူးလား”
“ပိုင်ရှင်မဲ့တဲ့လား”
မင်းသမီး သက်တံနီက မိုချန်ကို စိုက်ကြည့်ပြီး အံကြိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲဒီ ကမ္ဘာမြေအင်မော်တယ်တွေကို ငါတို့ တက္ကသိုလ်က ဂျူနီယာမောင်ဆူက သတ်ခဲ့တာပဲ.. အဲဒါကို လူတိုင်း မြင်တွေ့ထားတယ်.. အဲဒီ သိုလှောင်အိတ်တွေက ဂျူနီယာမောင်ဆူရဲ့ အပိုင်ပဲ.. နင်က အဲဒါတွေကို ပိုင်ရှင်မဲ့တယ်လို့ ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး ပြောနိုင်ရတာလဲ”
“ဟဲဟဲ”
မိုချန်က ရယ်မောလိုက်၏။
“သူက မရှိတော့ဘူးလေ.. သူကမှ အဲဒီ သိုလှောင်အိတ်တွေကို ယူမသွားခဲ့တာ.. သူက အဲဒါတွေကို စိတ်မဝင်စားလို့ဖြစ်မှာပေါ့”
“နင်..”
မင်းသမီး သက်တံနီက ခဏမျှ ဆွံ့အသွား၏။
ရှဲ့ယွင်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။
“တာအိုရောင်းရင်း မိုချန်… ဆူဇီမို ပြန်ရောက်လာပြီး ဒီသိုလှောင်အိတ်တွေကို မင်းယူသွားတာ သူတွေ့ရင် သူက ဘယ်လိုတုံ့ပြန်လာမယ်လို့ မင်းတွေးထားလဲ”
ထိုအခါ မိုချန်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု တစ်စွန်းတစ်စက သိသိသာသာ ပေါ်ထွက်လာ၏။
သို့သော် မကြာခင် သူက သူ့ကိုယ်သူ တည်ငြိမ်စေပြီး နှုတ်ခမ်းစူလိုက်၏။
“ငါ့ကို ခြောက်ဖို့ မကြိုးစားကြနဲ့.. ဆူဇီမိုက အင်မော်တယ်ထိုက်ဟွာနောက်ကို ပြေးလိုက်သွားတာ.. သူက ဘယ်အချိန် ပြန်ရောက်လာမလဲ ဒါမှမဟုတ် သူ ပြန်ရောက်လာပါ့မလား ဘယ်သူသိမှာလဲ”
“နောက်ပြီး သူပြန်ရောက်လာတယ်ဆိုတော့ရော ဘာဖြစ်လဲ”
“သူက ဒီသိုလှောင်အိတ်တွေကို ယူမသွားခဲ့ဘူးဆိုမှတော့ အခြားသူတွေက ဘာလို့ မယူနိုင်ရမှာလဲ”
ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းကနေ ဖုန်းယင်၏ ပုံပန်းသဏ္ဌာန်က ပေါ်ထွက်လာပြီး လျှောက်လှမ်းလာနေ၏။
မိုချန်သည် ဖုန်းယင်ကို တွေ့မြင်သောအခါ သူက ပို၍ပင် ယုံကြည်မှုရှိလာပြီး အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
“အင်ပါယာလေဘုရားကျောင်းမှာလည်း ပြန်ဝင်စား အင်မော်တယ်တစ်ယောက် ရှိတာပဲ.. စီနီယာအစ်ကို ဖုန်းယင် ဒီနေရာမှာ ရှိနေရင် အင်ပါယာလေဘုရားကျောင်းရဲ့ တပည့်တစ်ယောက်ဆီက ပစ္စည်းတွေကို ဘယ်သူက လုယူရဲဦးမှာလဲ”
မင်းသမီး သက်တံနီသည် အခွင့်အရေးသမား ဤလူကို တွေ့မြင်သောအခါ သူမက အံကိုကြိတ်ထား၏။ သို့သော်လည်း သူမက လောလောဆယ်မှာ ချိပ်စည်းကနေ ရုန်းထွက်ပြီး တိုက်ခိုက်နိုင်ခြင်း မရှိပေ။
ရုတ်တရက်ဆိုသလို…
အရပ်ပုပု ပုံရိပ်တစ်ခုက အဆင့် ၄ ရှိရာဘက်ကနေ ပြေးလွှားလာနေ၏။
ထိုလူက မြေပြင်ပေါ်မှာ တခြားတစ်ယောက်ကို ထူးဆန်းစွာဖြင့် တရွတ်တိုက်ဆွဲခေါ်လာပုံ ရလေသည်။
“အခုလာနေတဲ့ ဒီတာအိုရောင်းရင်းက ဘယ်သူပါလိမ့်”
လူတိုင်းသည် လျင်မြန်စွာ ချဉ်းကပ်လာနေသော ပုံရိပ်ကို ကြောင်အ,မှင်တက်နေသော အမူအရာများဖြင့် စောင့်ကြည့်နေကြ၏။
ဝင်ရောက်လာသူက ၉နှစ်အရွယ် ကလေးငယ်တစ်ယောက်ဖြစ်၏။ သူ၏ မျက်နှာက ပန်းရောင်သန်းပြီး သူက အစိမ်းရောင် ရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ကာ သူ၏ ဦးခေါင်းပေါ်တွင် သေးငယ်သော ကျစ်ဆံမြီးတချို့ ရှိနေ၏။ သူက ပြေးလွှားလာစဉ် သူ၏ ဆံပင်များက အနည်းငယ် လွင့်နေပြီး သူ့ကို ပို၍ ချစ်စရာကောင်းသည့်ပုံပေါ်စေ၏။
“မိုးကောင်းကင်ကိုးလွှာရဲ့ ရှုံးထွက်အဆင့်မှာ ဒီလိုမျိုး ကလေးတစ်ယောက်က ဘယ်အချိန်က ရောက်လာတာလဲ”
“သူက မထင်မရှား ဂိုဏ်းတစ်ဂိုဏ်းက ဖြစ်မယ်… သူတို့ ဂိုဏ်းကို ကိုယ်စားပြုပေးမယ့် တခြားဘယ်သူမှ မရှိတော့ဘူးလား.. ကလေးငယ်တစ်ယောက်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာ ဒီလိုမျိုး ဆင်းရဲဒုက္ခခံပြီး ဝင်ပါနေရတာ သနားစရာပဲ”
ကျင့်ကြံသူအချို့က သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။
သို့သော် မကြာခင် လူတိုင်းသည် ကလေးငယ် တရွတ်တိုက်ဆွဲခေါ်လာသည့် လူ၏ သရုပ်သကန်ကို မှတ်မိသိရှိသွားပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွား၏။
အဲဒါသည် မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ကမ္ဘာမြေ အာဏာပါးကွက်သား အစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှူး ထျဲဟန်ဖြစ်၏။
ထျဲဟန်သည် ဆူဇီမို၏ လက်ချက်ဖြင့် ဒဏ်ရာ အပြင်းအထန်ရရှိသွားပြီး ဤနေရာကနေ ထွက်ပြေးသွားခဲ့ပြီဖြစ်၏။ သူက ဤကလေးငယ်၏ လက်ထဲကို ဘယ်လိုလုပ်ရောက်သွားတာလဲ။
ထျဲဟန်သည် သူထွက်သွားစဉ်က ဆိုးဆိုးဝါးဝါး အခြေအနေမှာ ရှိနေသော်လည်း သူက ကောင်းကောင်းမွန်မွန် လှုပ်ရှားနိုင်နေသေး၏။
သို့သော် ယခု ထျဲဟန်၏ လက်နှစ်ဖက်က ကျိုးကြေနေပြီး သူ၏ ရင်ဘတ်ပေါ်တွင် သွေးသံရဲရဲ အပေါက်တစ်ပေါက် ရှိနေ၏။ သူက တစ်ချိန်လုံး တရွတ်တိုက်ဆွဲခေါ်ခံလာရပြီး သူ၏ ဆံပင်များက ဖုန်များ အလိမ်းလိမ်းတက်နေ၏။ သူက အလွန်တရာ ဆိုးဆိုးဝါးဝါးနှင့် စိတ်အားညှိုးငယ်သည့်ပုံပေါက်နေ၏။ သူ့ကို မည်သူကမှ ချက်ချင်း မမှတ်မိနိုင်ကြပေ။
ထျဲဟန်က ဘာဖြစ်သွားတာလဲ..။
သူက နောက်ထပ် သန်မာတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရပြီး ဒီကလေးက သူ့ကို ကယ်တင်လာခဲ့တာလား..။
လူတိုင်းက စဉ်းစားရခက်သော အမူအရာများဖြင့် ချဉ်းကပ်လာနေသော ကလေးငယ်ကို ကြည့်နေကြ၏။
ကလေးငယ်က ရောက်ရှိလာပြီး တိုက်ပွဲနယ်မြေမှ အလောင်းများနှင့် သွေးများကို တွေ့မြင်သောအခါ သူကလည်း တုန်လှုပ်သွား၏။
ဟာ..
သူတို့အားလုံး သေကုန်ပြီလား..
ကလေးငယ်သည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ သေဆုံးသွားသော လူများကို မှတ်မိလေသည်။
ကလေးငယ်က တုန်လှုပ်သွား၏။
ဂျူနီယာညီဆူက အဲဒါကို လုပ်ခဲ့တာလား..
ထျဲဟန်ကို ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်ခဲ့တဲ့သူကလည်း ဂျူနီယာညီဆူပဲလား..
သို့သော်လည်း သူက ပို၍ပင် အရေးကြီးသော တစ်စုံတစ်ရာကို အလျင်အမြန် အမှတ်ရသွား၏။ သူ၏ အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းမှာ ရှိသော မင်းသမီး သက်တံနီပေါ်သို့ ဆင်းသက်သွား၏။
“စီနီယာအစ်မ သက်တံနီ.. ဂျူနီယာညီဆူက ဘယ်ရောက်သွားတာလဲ”
အနည်းငယ် မောဟိုက်နေပြီး ကလေးငယ်က စိုးရိမ်ပူပန်သော အမူအရာဖြင့် မေးလိုက်၏။
“ဂျူနီယာညီဆူက နိုင်သွားတာလား.. သူ ဘယ်ရောက်သွားတာလဲ.. အင်မော်တယ်ထိုက်ဟွာကရော ဘယ်မှာလဲ”
“ကလေး.. နင်က ဘယ်ဂိုဏ်းကလဲ”
မင်းသမီး သက်တံနီသည် သူမကို ကလေးငယ် ခေါ်ဆိုနေသော အသံမှာ တွေဝေရှုပ်ထွေးသွားပြီး ကလေးငယ်၏ ပုံပန်းသွင်ပြင်က ရင်းနှီးနေပုံရသည်ဟုသာ ခံစားရ၏။
သို့သော်လည်း သူ့ပုံစံက ရင်းနှီးနေပုံရလျှင်တောင် သူသည် သူမကို ဤကဲ့သို့ ရင်းနှီးဖော်ရွေသော ပုံစံဖြင့် ပြုမူဆက်ဆံနေစရာ အကြောင်းမရှိပေ။
စီနီယာအစ်မ သက်တံနီနဲ့ ဂျူနီယာညီဆူတဲ့လား.. ဒီကလေးငယ်က အသက်ဘယ်လောက်ရှိသေးလို့လဲ.. သူ့ရဲ့ ဂျူနီယာညီဆူက မွေးကင်းစ ကလေးငယ်လား..
“စီနီယာအစ်မ သက်တံနီ.. ကျုပ်လေ”
ကလေးငယ်သည် မင်းသမီး သက်တံနီ၏ မျက်လုံးထဲရှိ တွေဝေမှုကို တွေ့မြင်သောအခါ သူက သူ၏ ကလေးဆန်ဆန်အသံဖြင့် အလောတကြီး ရှင်းပြလိုက်၏။
“ကျုပ်က လျှိုဖျင်လေ”
“လျှိုဖျင်လား”
မင်းသမီး သက်တံနီက မှင်တက်သွား၏။
ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ အခြားသူများကလည်း ကြက်သေသေနေကြ၏။
“အခု အဲဒါကို နင်ပြောမှပဲ နင့်ပုံစံက သူနဲ့ ပိုပြီးတူလာသလိုပဲ”
မင်းသမီး သက်တံနီက တီးတိုးရေရွတ်လိုက်၏။
“အားရား..”
ကလေးငယ်က အနည်းငယ် စိတ်ညစ်သွားပြီး သူ၏ သေးငယ်သော လက်များကို ဝှေ့ယမ်းကာ လက်ဟန်ခြေဟန်ဖြင့် ပြောဆိုလိုက်၏။
“ဘယ်လိုပြောရမလဲ.. မထင်မှတ်ထားတဲ့ ကိစ္စတချို့ ဖြစ်သွားခဲ့တယ်.. ကျုပ်ကို ပူးကပ်သိမ်းပိုက်ခြင်းကနေ ပြန်လည်မွေးဖွားလာနိုင်အောင် ဂျူနီယာညီဆူက ကူညီပေးခဲ့တာပဲ.. အဲဒါကြောင့် ကျုပ်ရဲ့ ခန္ဓာကိုယ်က ပြောင်းလဲသွားပြီး အခုလိုပုံစံဖြစ်လာတာ”
ထိုစကားက စိတ်ကူးယဉ်ဆန်ရာကျသော်လည်း လူတိုင်းသည် ရင်းနှီးနေကျ မျက်နှာကို ကြည့်ပြီး အဲဒါကို တဖြည်းဖြည်း လက်ခံလာနိုင်ကြ၏။
“အား.. ဒါနဲ့..”
လျှိုဖျင်က သူ၏ သေးငယ်သော လက်များဖြင့် သူ၏ ခေါင်းကို ပုတ်ပြီး ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွား၏။
“စီနီယာအစ်မ သက်တံနီ.. ခင်ဗျားတို့တွေက ချိပ်ပိတ်ခံထားရတာပဲ.. ကျုပ် အခုပဲ ခင်ဗျားတို့တွေကို အဲဒီအချုပ်အနှောင်တွေ ဖယ်ရှားပေးမယ်”
လျှိုဖျင်က သူ၏ လက်ကို ဖြေလျှော့ပြီး သေလုမျောပါးဖြစ်နေသော ထျဲဟန်ကို မြေပြင်ပေါ်သို့ ပစ်ချကာ မင်းသမီး သက်တံနီ ရှိရာသို့ လျှောက်လှမ်းသွား၏။
“ဒုက္ခခံမနေနဲ့တော့.. နင် အဲဒါကို ချေဖျက်နိုင်မှာ မဟုတ်ဘူး”
မင်းသမီး သက်တံနီက ညင်သာစွာ သက်ပြင်းချလိုက်၏။
“ကျုပ် တစ်ချက်တော့ ကြိုးစားကြည့်လိုက်မယ်”
လျှိုဖျင်က သူ၏ ချစ်စရာကောင်းသော လက်နှစ်ဖက်ကို စိတ်အားထက်သန်စွာဖြင့် ပွတ်သပ်နေ၏။
ရှဲ့ယွင်က သူ၏ ခေါင်းကို ညင်သာစွာ ခါပြီး ပြုံးလိုက်၏။
“ကလေး.. မင်းက စိတ်ဝင်စားစရာပဲ.. အဲဒီချိပ်စည်းတွေကို ပြန်ဝင်စား အင်မော်တယ်တစ်ယောက်က ချန်ထားခဲ့တာ.. ငါ့ရဲ့ ခွန်အားနဲ့တောင်မှ ငါက သူတို့ရဲ့ ပါးစပ်ပေါ်က ချိပ်စည်းကိုပဲ ချေဖျက်ပေးနိုင်တယ်”
ဘန်း.. ဘန်း.. ဘန်း..
ရှဲ့ယွင် စကားမဆုံးသေးခင်မှာပင် လျှိုဖျင်က သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
သူ၏ ဦးခေါင်းပေါ်ရှိ ကျစ်ဆံမြီးတချို့က ရုတ်တရက် ဆန့်တန်းသွားပြီး ပျော့ပျောင်းနုနယ်သော မိုးမခသစ်ကိုင်းတချို့အဖြစ် ပြောင်းလဲကာ မင်းသမီး သက်တံနီကို အကြိမ်ရေ အနည်းငယ် ပုတ်လိုက်၏။
မင်းသမီး သက်တံနီက ဆတ်ခနဲ တုန်ယင်သွားပြီး သူမ၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းထိုးသွား၏။ သူမက ဒယီးဒယိုင်ဖြင့် လဲကျလုနီးပါး ဖြစ်သွားလေသည်။
“အမ်..”
ရှဲ့ယွင်၏ အမူအရာက အေးခဲတောင့်တင်းသွား၏။ သူက သူ့ပါးစပ်ကို အနည်းငယ် ဖွင့်ဟလိုက်သော်လည်း ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
မင်းသမီး သက်တံနီ၏ မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုက ပေါ်ထွက်လာ၏။ သူမက သူမ၏ လက်ကို လှုပ်ရှားပြီး သူမ၏ သွေးချီကို လှည့်ပတ်ဖို့ ကြိုးစားကြည့်လိုက်၏။
အရာရာတိုင်းက အဆင်ပြေလေသည်။
သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ချိပ်စည်းများက ပယ်ရှားသွားခဲ့လေပြီ။