← Chapters

ပြန်လည်ရောက်ရှိလာခြင်း

Vol. 150 Ch. 2237

ပြန်လည်ရောက်ရှိလာခြင်း

Vol. 150 Ch. 2237

“အဲ့ဒါက တကယ်ပျက်ပြယ်သွားတာပဲ”

မင်းသမီးသက်တံနီက စိတ်လှုပ်ရှားတက်ကြွသွား၏။

“ဟဲဟဲ”

လျှိုဖျင်က သူ၏ ဝဝဖိုင့်ဖိုင့်လက်နှစ်ဖက်ကို ပွတ်သပ်ပြီး သွားဖြဲပြလိုက်၏။

သူသည် သူ၏ ရောင်းရင်းစီနီယာအစ်ကိုများနှင့် အစ်မများကို ကူညီနိုင်သည့် ဤကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်လာသည့်အတွက် ပျော်ရွှင်နေမိ၏။

“လျှိုဖျင်... နင်ကတော်တော်မိုက်တာပဲ”

မင်းသမီးသက်တံနီသည် အစကတည်းက အနည်းငယ်လှုပ်ရှားတက်ကြွလေသည်။ အင်မော်တယ်ထိုက်ဟွာကြောင့် ဤမျှထိကြာမြင့်စွာချိပ်ပိတ်ခံထားရပြီးနောက် သူမသည် လုံးဝမလှုပ်ရှားနိုင်ဘဲ တကယ့်ကို မွန်းကျပ်နေခဲ့၏။

ရုတ်တရက် သူမက သူမ၏ လက်ကိုဆန့်ပြီး လျှိုဖျင်၏ နုနယ်သောမျက်နှာကို အားတက်သရောပွတ်သပ်ကာ သူမကပြုံးရွှင်နေ၏။

“လျှိုဖျင်လေး... နင်က အခုလိုငယ်ရွယ်သွားတော့ တော်တော်ချစ်ဖို့ကောင်းလာတာပဲ”

လျှိုဖျင်သည် မင်းသမီးသက်တံနီ၏ ပွတ်သပ်မှုကြောင့် မူးဝေလာသော်လည်း သူ၏ ခွန်အားကို ကောင်းကောင်းမထိန်းချုပ်နိုင်လျှင် သူမကို ထိခိုက်မိမည်စိုးသောကြောင့် သူကမတုံ့ပြန်ရဲပေ။

“ဂျူနီယာညီမသက်တံနီ... သူ့ကိုမြန်မြန်လွှတ်ပေးပါဦး... ငါတို့ရဲ့ချိပ်စည်းတွေကိုလည်း ဖယ်ရှားပေးဖို့ သူ့ကိုကူညီခိုင်းပါဦး”

“ဂျူနီယာညီလျှို.... ငါတို့ကိုလည်း မြန်မြန်လာဖြည်ပေးဦး”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အခြားသော တပည့်ဂိုဏ်းသားများကလည်း အလောတကြီးအော်ပြောလိုက်ကြ၏။

မင်းသမီးသက်တံနီက လျှိုဖျင်ကို အတန်ကြာအောက်ပွတ်သပ်ပြီးနောက် အောက်ကိုပြန်ချပေးလိုက်၏။

သူသည် ဝိုင်ပြင်းတစ်ခွက်ကိုသောက်လိုက်ရသည့်အလား လျှိုဖျင်သည် သူ၏ ရောင်းရင်းစီနီယာအစ်ကိုများထံသို့ ဒယီးဒယိုင်လျှောက်လှမ်းသွားကာ တက္ကသိုလ်မှ အခြားသောတပည့်ဂိုဏ်းသားများ၏ ကိုယ်ပေါ်ရှိ ချိပ်စည်းများကို ဖြည်ပေးလိုက်၏။

“သူက ဘာလို့ ရုတ်တရက် အဲ့လောက်ထိသန်မာလာတာလဲ”

ရှဲ့ယွင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ကလေးငယ်တစ်​ယောက်အဖြစ် ပြောင်းလဲသွားသော လျှိုဖျင်သည် သူ့အတွက်လည်း အလားအလာရှိသောပြိုင်ဘက်တစ်ယောက်ဖြစ်လာသည့်ပုံပင်။

“ဂျူနီယာညီဆူက ဘယ်လိုနေလဲ... သူဘယ်ရောက်သွားတာလဲ”

လျှိုဖျင်က ထပ်မံ၍မေးလိုက်၏။

“ဂျူနီယာမောင်ဆူက အဆင်ပြေပါတယ်... သူက အင်မော်တယ်ထိုက်ဟွာနောက်ကို အမဲလိုက်သွားတယ်”

မင်းသမီးသက်တံနီက မလှမ်းမကမ်း တိုက်ပွဲနယ်မြေမှာရှိသောအလောင်းများကို လက်ညှိုးထိုးပြလိုက်၏။

“အဲ့ဒီ မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ကမ္ဘာမြေအင်မော်တယ်တွေကို ဂျူနီယာမောင်ဆူက သတ်ဖြတ်လိုက်တာပဲ”

“လျှိုဖျင်... နင်အဲ့ဒါကို မမြင်လိုက်ဘူး.. ဂျူနီယာမောင်ဆူရဲ့တိုက်ပွဲက တကယ့်ကို ကမ္ဘာတုန်လောက်စရာပဲ”

“အမှန်ပဲ... အဲ့ဒါက အရမ်းကို ကြောက်ဖို့ကောင်းတယ်”

“ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၈ ဦးက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်... ဒါပေမဲ့ သူတို့ထဲက ၁၆ယောက်က ဂျူနီယာညီဆူရဲ့ သတ်ဖြတ်ခြင်းခံရပြီး သူတို့ထဲကတစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန်ရရှိသွားတယ်... အင်မော်တယ်ထိုက်ဟွာတောင်မှ ကြောက်လန့်ပြီး ထွက်ပြေးသွားတယ်”

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်များ၏ အားတက်သရော ပြောဆိုမှုများကို နားထောင်ရင်း လျှိုဖျင်သည် တိုက်ပွဲ၏ ခမ်းနားထည်ဝါမှုကို တဖြည်းဖြည်းမြင်ယောင်မိလာ၏။

“ဂျူနီယာညီဆူကို ငါသွားပြီးကူညီပေးလိုက်မယ်”

လျှိုဖျင်က လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ကူညီလို့ မရဘူး”

တက္ကသိုလ်တပည့်ဂိုဏ်းသားတစ်ယောက်က လေးနက်သောအသံဖြင့် ပြန်ဖြေလိုက်၏။

“ဂျူနီယာညီဆူက အင်မော်တယ်ထိုက်ဟွာနောက်ကို ပြေးလိုက်သွားတာ... သူတို့က ဘယ်ကိုရောက်သွားပြီလဲ ငါတို့လည်းမသိဘူး... မင်းက သူတို့ကိုဘယ်လိုသွားရှာမှာလဲ”

“ဟုတ်သားပဲ”

လျှိုဖျင်က သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။

“ဒါနဲ့... ငါတို့ဖြေရှင်းရမယ့်တခြားတစ်ခုရှိသေးတယ်”

မင်းသမီးသက်တံနီသည် တိုက်ပွဲနယ်မြေမှအလောင်းများကို တွေ့မြင်သောအခါ သူမက ရုတ်တရက်တစ်စုံတစ်ရာကို တွေးမိသွားပြီး မိုချန်ဘက်ကို လှည့်လိုက်၏။ သူမက သူမ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး အော်ပြောလိုက်၏။

“အဲ့ဒီသိုလှောင်အိတ်တွေကိုထုတ်ပေး”

“ခင်ဗျား ဘာလာပြောနေတာလဲ”

မိုချန်က သူ၏ မျက်ခုံးကိုပင့်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်၏။

“ဘာသိုလှောင်အိတ်တွေလဲ... ခင်ဗျား ဘာပြောနေတာလဲ ကျုပ်မသိဘူး”

ကြိုတင်ခန့်မှန်း ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာဖြစ်စေ၊ အစစ်အမှန်ကျောက်စာတိုင်ပေါ်မှာဖြစ်စေ... သူ၏ အဆင့်သတ်မှတ်ချက်က ထိပ်ဆုံး၂၀ ထဲမှာသာရှိ၏။

တိုက်ခိုက်ရည်ခွန်အားမှာဆိုလျှင် မင်းသမီးသက်တံနီထက် သူက ပို၍နိမ့်လေသည်။

“မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ကမ္ဘာမြေအင်မော်တယ်တွေကို ငါ့ရဲ့ဂျူနီယာမောင်ဆူက သတ်ဖြတ်ခဲ့တာပဲ... အဲ့ဒီသိုလှောင်အိတ်တွေကို သူပိုင်သင့်တာပေါ့... အဲ့ဒါတွေကိုအပိုင်သိမ်းဖို့ မစဥ်းစားလိုက်နဲ့”

မင်းသမီးသက်တံနီက ယုတ္တိကျကျ ငြင်းခုံပြောဆိုပြီး အားနည်းမှုကို မပြသပေ။

“ဟဲဟဲ... စိတ်ဝင်စားစရာပဲ... ဆူဇီမိုက ထွက်သွားတာဖြင့်ကြာလှပြီ ဒါပေမဲ့ ဘယ်သူကမှ အဲ့ဒီသိုလှောင်အိတ်တွေကို မထိကြဘူး... သူတို့ကပိုင်ရှင်မဲ့နေတယ်ဆိုအသိသာကြီးပဲ... ဘယ်သူမဆို အဲ့ဒါကိုယူနိုင်တာပဲ”

“ဘာလို့လဲ... ဆူဇီမိုက နှစ်တစ်သောင်းနေလို့ ပြန်မလာဘူးဆိုလည်း အဲ့ဒီသိုလှောင်အိတ်တွေကို ဘယ်သူကမှ ထိလို့မရဘူးလား”

“နင်...”

မင်းသမီးသက်တံနီက ဒေါသထွက်နေ၏။

မိုချန်က အခွင့်အရေးသမားဖြစ်သည်ကို သူမ သိထားသော်လည်း သူမမှာ ငဲ့ကွက်စရာများရှိပြီး သူမသည် ထိုသိုလှောင်အိတ်များအတွက် အင်ပါယာလေဘုရားကျောင်းမှ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်နှင့် မတိုက်ခိုက်လိုပေ။

ရန်လိုသောအမူအရာများဖြင့်ကြည့်နေကြသော အင်ပါယာလေဘုရားကျောင်းမှ ကမ္ဘာမြေအင်မော်တယ် ၁၁ယောက်ကလည်း ဤနေရာမှာရှိနေ၏။

နှစ်ဘက်စလုံးက တိုက်ခိုက်ကြမည်ဆိုလျှင် အဖွဲ့အစည်းနှစ်ခုကြား ရုန်းရင်းဆန်ခတ်တိုက်ပွဲတစ်ခု ဖြစ်ပွားလာဖို့များလေသည်။

အင်ပါယာလေဘုရားကျောင်းဘက်မှာ ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ဖြစ်သော ဖုန်းယင်ကလည်းရှိနေ၏။

ယနေ့တိုက်ပွဲမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းနှင့် ဆက်ဆံရေးဆိုးဝါးသွားခဲ့ပြီဖြစ်၏။

သိုလှောင်အိတ်တချို့အတွက် သူတို့သည် အင်ပါယာလေဘုရားကျောင်းမှ ကျင့်ကြံသူများနှင့်ပါ တိုက်ခိုက်ရမည်ဆိုလျှင် တကယ်ကိုဉာဏ်ရှိရာမကျပေ။

“စီနီယာအစ်မသက်တံနီ... ကျုပ်တို့ အဲ့ဒါကိုမေ့လိုက်ရအောင်”

လျှိုဖျင်က မင်းသမီးသက်တံနီ၏ အင်္ကျီစကိုညင်သာစွာဆွဲပြီး ခပ်တိုးတိုးပြောလိုက်၏။

“အဲ့ဒါက သိုလှောင်အိတ်တချို့ပဲကို... အထဲမှာ ကောင်းကောင်းကန်းကန်း ဘာရှိမှာလဲ”

“အဲ့ဒါကို ငါလည်းသိပါတယ်”

မင်းသမီးသက်တံနီက မချင့်မရဲဖြစ်နေပြီး မျက်မှောင်ကြုတ်လိုက်၏။

“ငါက... ဒီတိုင်းငြိမ်မခံချင်လို့ဘဲ... ငါတို့ဘာလုပ်ရမလဲ”

“ဒီနေ့သေခဲ့တဲ့လူအရေအတွက်က လုံလောက်နေပါပြီ... ကျုပ်ခင်ဗျားတို့တွေကို ဘာမှထပ်မဖြစ်စေချင်တော့ဘူး”

လျှိုဖျင်က စိုးရိမ်ပူပန်နေသောအမူအရာဖြင့် ခပ်တိုးတိုးပြောလိုက်၏။

သူက ပြန်လည်မွေးဖွားလာပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက အရင်ကထက် များစွာတိုးတက်လာခဲ့၏။

သို့သော်လည်း အဲ့ဒါက သူ၏ ပင်ကိုယ်သဘာဝဖြစ်ပြီး သူ့မှာ ငဲ့ကွက်စရာများစွာရှိလေသည်။ အဖွဲ့အစည်းနှစ်ခုကြား... ကြီးမားသောတိုက်ပွဲတစ်ခုဖြစ်ပွားလာမည်ဆိုလျှင် တက္ကသိုလ်မှ တခြားတပည့်တစ်ယောက်ယောက် သေဆုံးမည်ကို သူက စိုးရိမ်ပူပန်နေ၏။

စီနီယာအစ်ကိုယဲ့ဖေး၏ စိုးစိုးဝါးဝါးသေဆုံးမှုကို လျှိုဖျင်က ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။

သူ့အပေါ်ရိုက်ခတ်မှုက အရမ်းကိုကြီးမားလေသည်။ သူသည် သူ၏ ရှေ့မှာ တက္ကသိုလ်မှ သူ၏ စီနီယာများ ထပ်မံ၍သေဆုံးမည်ကို မတွေ့မြင်လိုတော့ပေ။

သူ၏ တိုက်ခိုက်ရည်ခွန်အားက တကယ်ပင်မဆိုးသော်လည်း သူသည် ဖုန်းယင်ကို အနိုင်ရဖို့ယုံကြည်မှုမရှိပေ။

ရုန်းရင်းဆန်ခတ်တိုက်ပွဲတစ်ခုဖြစ်ပွားလာမည်ဆိုလျှင် သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်းကို ကာကွယ်ပေးနိုင်ဖို့ ယုံကြည်မှုမရှိပေ။

လျှိုဖျင်၏ စကားကိုကြားသောအခါ မင်းသမီးသက်တံနီ၏ အမူအရာက ညှိုးငယ်သွားပြီး သူမက မကြာသေးခင်ကမှ သေဆုံးသွားသော ယဲ့ဖေးကိုတွေးမိကာ လေးတွဲ့စွာသက်ပြင်းချလိုက်ရ၏။

“ထားလိုက်ပါတော့”

မင်းသမီးသက်တံနီက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး တီးတိုးရေရွတ်ကာ လှည့်ထွ​က်လိုက်၏။

“ဟဲဟဲ”

မိုချန်က လှောင်ရယ်လိုက်ပြီး မျက်လုံးစွေကြည့်ကာ သူ၏ နှုတ်ခမ်းကိုစူလိုက်၏။

“လူတချို့က ကိုယ့်အကန့်အသတ်ကိုကိုယ် မသိကြဘူးပဲ”

“ဟိုမှာတစ်ယောက်ယောက်လာနေတယ်”

“အဲ့ဒီဘက်ကနေသူက... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

“အဲ့ဒါက...”

ထိုစဥ်မှာပင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့က​နေ အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။

“အဲ့ဒါ ဆူဇီမိုပဲ...” ကျင့်ကြံသူတစ်ယောက်သည် ထိုပုံရိပ်ကို မှတ်မိသွားပြီး ခပ်စူစူးအော်ဟစ်လိုက်၏။

ချက်ချင်းပင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်၏ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွား၏။

ထိုစကားလုံးများမှာ နတ်ဆိုးစွမ်းအားတစ်ခုပါဝင်နေပုံရ၏။ အော်မြည်တိုက်ခတ်နေသောလေကပင်လျှင် ငြိမ်သက်သွားပုံရ၏။

လူတိုင်းက သူတို့၏ ပါးစပ်များကို တစ်ချိန်တည်းမှာပိတ်ပြီး ဆက်လက်၍ နီးကပ်လာသော ထိုပုံရိပ်ကိုကြည့်နေကြ၏။

သူတို့သည် အလိုလိုအသက်အောင့်ထားပြီး ထိတ်လန့်တကြားအမူအရာများဖြင့် အာရုံစိုက်၍ကြည့်နေကြ၏။ ကျင့်ကြံသူများစွာသည် သူတို့၏ လည်ပင်းများက မမြင်ရသောလက်တစ်စုံဖြင့် ဆုပ်ကိုင်ခံထားရပြီး အသက်ပင်ကောင်းကောင်းရှူမရတော့ဟုခံစားနေရ၏။

အဲ့ဒါက ဖော်မပြတတ်သော မမြင်ရသည့် ဖိအားတစ်ခုဖြစ်သော်လည်း အစစ်အမှန်ဖြစ်၏။

တဖြည်းဖြည်း မိုချန်၏ အမူအရာက ပြောင်းလဲသွားပြီး အရမ်းကိုဖြူဖျော့သွား၏။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကျင့်ကြံသူများကတော့ သူတို့၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြူးကျယ်လာပြီး ချဥ်းကပ်လာသောပုံရိပ်ကို မယုံကြည်နိုင်စွာကြည့်နေကြ၏။

နောက်ဆုံးမှာတော့ ထိုပုံရိပ်က သဲမုန်တိုင်းကိုဖြတ်ကျော်ပြီး လူတိုင်း၏ ရှေ့မှာ ပေါ်ထွက်လာ၏။

ကျင့်ကြံသူများစွာက အောက်ကိုအနည်းငယ်ငုံံ့ကြည့်ပြီး ဆူဇီမို၏ လက်ထဲမှာရှိသောအရာကို တွေ့မြင်သောအခါ သူတို့၏ သူငယ်အိမ်များက တဆတ်ဆတ်လှုပ်သွား၏။

အဲ့ဒါသည် ယခုတင်ဖြတ်တောက်ခံထားရသော သွေးသံရဲရဲဦးခေါင်းတစ်လုံးဖြစ်၏။

သူ၏ မျက်နှာက အရမ်းကိုအိုစာနေပြီး ပါးရေနားရေများတွန့်နေသော်လည်း အဲ့ဒါက အင်မော်တယ်ထိုက်ဟွာ၏ မျက်နှာဖြစ်သည်ကို လူတိုင်းက မှတ်မိသိရှိလိုက်ကြ၏။

ဟာ....

အင်မော်တယ်ထိုက်ဟွာက သေဆုံးသွားလေပြီ။

အင်မော်တယ်ထိုက်ဟွာသည် ထျဲဟန်ကို တစ်ယောက်တည်းထားခဲ့ပြီး ကိုယ်လွတ်ရုန်းထွက်သွားခဲ့၏။

ထိုသို့ဆိုလျှင်တောင် သူသည် ဤကပ်ဘေးကနေမရှောင်လွှဲနိုင်ခဲ့ဘဲ ဆူဇီမို၏ အသေအကြေအမဲလိုက်ခြင်းခံရကာ သူ၏ ဦးခေါင်းကပင် လှီးဖြတ်ခံလိုက်ရ၏။

ဆူဇီမို၏ ကြော့ရှင်းသောမျက်နှာကိုကြည့်ပြီး လူတိုင်းသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့၏။

“ဟဲဟဲ”

ထိုစဥ်မှာပင် မြေပြင်ပေါ်မှာအကြောဆွဲ၍ မနည်းပင်လှုပ်ရှားနေရသောထျဲဟန်က ရုတ်တရက်ရယ်မောလိုက်၏။

သူ၏ မျက်လုံးထဲတွင်... သရော်တော်တော်အကြည့်တစ်ခုပေါ်ထွက်လာ၏။

အင်မော်တယ်ထိုက်ဟွာသည် သူ့ကို သစ္စာဖောက်ပြီး ကိုယ်လွတ်ရုန်းပြေးသွားခဲ့၏။ ယခု... သူသည် သူ့ထက်ပို၍စောလင်စွာ သေဆုံးသွားခဲ့လေပြီ။

အဲ့ဒါက ကံကြမ္မာစက်ဝန်းဖြစ်၏။

ဆူဇီမိုသည် အင်မော်တယ်ထိုက်ဟွာ၏ ဦးခေါင်းကို ကိုင်ပြီး ဤနေရာသို့ပြန်လည်ရောက်ရှိလာခဲ့၏။

သူ၏ အကြည့်က မလှမ်းမကမ်းတွင်ရှိသော ထျဲဟန်ပေါ်သို့ ရောက်ရှိသွား၏။

All Chapters