ပြိုင်ဘက်ကင်းစွမ်းပကား
Vol. 150 Ch. 2238
“ဂျူနီယာညီဆူ... ငါထျဲဟန်ကိုဖမ်းလာတယ်”
ဆူဇီမိုက ထျဲဟန်ကို သတိထားမိသွားသည်ကို တွေ့မြင်သောအခါ လျှိုဖျင်က တစ်ဘက်သို့ ခပ်မြန်မြန်လှည့်ပြီး ထိုသူကို ဆွဲခေါ်လာခဲ့၏။
“မင်းသူ့ကို ဒဏ်ရာအပြင်းအထန်ရအောင်လုပ်ပေးခဲ့တာ ကံကောင်းတယ်... အဲ့ဒါကြောင့် ငါက သူ့ကိုအသက်ရှင်လျက် အလွယ်တကူဖမ်းဆီးနိုင်ခဲ့တာ”
ဆူဇီမို၏ အကြည့်က အစိမ်းရောင်ဝတ်ကလေးငယ်အပေါ် ရောက်ရှိသွား၏။
“ငါက လျှိုဖျင်လေ... ဘာလို့လည်းမသိ.. ငါက လူသားသွင်ပြင်ကို ယူပြီးတဲ့နောက် ဒီလိုပုံစံဖြစ်သွားတယ်”
လျှိုဖျင်က သူ၏ လက်နှစ်ဖက်ကို ကူကယ်ရာမဲ့စွာ ဖြန့်ပြလိုက်၏။
ဆူဇီမိုက တည်ငြိမ်နေသောအမူအရာဖြင့် ညင်သာစွာခေါင်းညိတ်လိုက်၏။
ပူးကပ်သိမ်းပိုက်ပြီး ဧရာမမိုးမခအမြုတေစိတ်ဝိညာဥ်နှင့်ပေါင်းစည်းကာ ထိုသူ၏ ခန္ဓာကိုယ်ကို အမွေဆက်ခံရရှိရန် လျှိုဖျင်ကို ကူညီပေးခဲ့သူက သူဖြစ်၏။ ထိုသို့ဖြင့် ဤကဲ့သို့သောရလဒ်မှာ သူက သိပ်ပြီးအံ့အားသင့်သွားခြင်းမရှိပေ။
“ဂျူနီယာညီဆူ... ထျဲဟန်ရဲ့ခန္ဓာကိုယ်က လုံးဝကို ပျက်စီးထိခိုက်နေပြီ... ငါတို့သူ့ကိုဘယ်လိုကိုင်တွယ်လိုက်ရမလဲ”
လျှိုဖျင်က ထပ်မံ၍မေးလိုက်၏။
ဆူဇီမိုက မည့်သည့်အရာကိုမှ မပြောဆိုပေ။ သူက ရှေ့သို့သာတက်လှမ်းပြီး လျှိုဖျင်၏ လက်ထဲကနေ ထျဲဟန်ကို လက်လွှဲယူလိုက်၏။
မည်သည့်စကားမှမဆိုဘဲ သူက သူ၏ လက်ဖဝါးကို ဓားတစ်လက်ကဲ့သို့မြှောက်ကာ လျှိုဖျင်၏ လည်ပင်းကို ခုတ်ပိုင်းချလိုက်၏။
ဖောက်...
သွေးများက ပန်းထွက်လာခဲ့၏။
ထျဲဟန်၏ သွေးက ပူနွေးမနေဘဲ အေးစက်နေသောအော်ရာတစ်ခုကို ထုတ်ဖော်ထား၏။ ဆူဇီမိုသည် ထျဲဟန်၏ ခေါင်းကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်ခဲ့၏။
ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများစွာက တုန်လှုပ်ချောက်ချားသွား၏။
မိုချန်၏ မျက်ရစ်က တဖျပ်ဖျပ်ခတ်သွားပြီး သူ၏ နှုတ်ခမ်းထောင့်ရှိကြွက်သားများက အထိန်းအကွပ်မဲ့စွာ တဆတ်ဆတ်လှုပ်နေ၏။
မဟာကျင်းအင်မော်တယ်နိုင်ငံမှ ကမ္ဘာမြေအာဏာပါးကွက်သားအစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှုးနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ပြန်ဝင်စားပကတိအင်မော်တယ်သည် ဤလူ၏ မျက်လုံးထဲမှာ သာမန်အိမ်မွေးတိရာစ္ဆာန်များနှင့် မကွာခြားသည့်ပုံပင်။
သူသည် ပြတ်သားစွာနှင့် အေးဆေးတည်ငြိမ်စွာသတ်ဖြတ်နေ၏။
အခြားသူများကို မပြောနှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူများပင်လျှင် တိတ်တဆိတ်ထိတ်လန့်သွား၏။
အင်မော်တယ်ထိုက်ဟွာသည် စီနီယာအစ်ကိုယဲ့ဖေးကို သတ်ဖြတ်လိုက်ပြီးနောက် လူတိုင်းသည် သူ့ထံကနေ ထိုအကြွေးကို ပြန်ယူချင်နေခဲ့ကြ၏။
သို့သော်လည်း သူတို့ထဲမှတစ်ယောက်ယောက်က လူတိုင်း၏ ရှေ့မှာ အင်မော်တယ်ထိုက်ဟွာကို သတ်ဖြတ်ရမည်ဆိုလျှင် သူတို့မှာ ငဲ့ကွက်ထိန်ချန်စရာများစွာရှိပြီး တွေဝေတုံ့ဆိုင်းနေပေလိမ့်မည်။
သူတို့ရှေ့မှ ဤလူကတော့ မည်သည့်ငဲ့ကွက်ထိန်ချန်မှုမှမရှိဘဲ ပြတ်သားစွာ သတ်ဖြတ်နိုင်လေသည်။
ရင်ပြင်ပေါ်မှာ.. ။
“ကောင်းတယ်ကွာ... ကောင်းတယ် ကောင်းတယ်”
ထိုသည်ကို တွေ့မြင်သောအခါ မင်သားယွမ်ကျော၏ မျက်လုံးများက ညိုမည်းနေသောအကြည့်တစ်ခုကို ထုတ်ဖော်ပြီး သူကိုယ်တိုင် မိုးကောင်းကင်ကိုးလွှာသို့ဝင်ရောက်ကာ ဆူဇီမိုကို သတ်ဖြတ်လိုနေ၏။
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကိုသိမ်းဆည်း၍ သူ၏ စားပွဲဝိုင်းမှာ အမူအရာကင်းမဲ့စွာဖြင့် ထိုင်နေပြီဖြစ်၏။
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ ပူးပေါင်းတိုက်ခိုက်မှုက လုံးလုံးလျားလျား ကျရှုံးသွားခဲ့လေပြီ။
အင်မော်တယ်ထိုက်ဟွာဦးဆောင်လာသော ကမ္ဘာမြေအင်မော်တယ် ၁၈ ယောက်၊ ထျဲဟန်နှင့် ချင်ချန်ဇီအပါအဝင် အားလုံးက ဆူဇီမို၏ သတ်ဖြတ်ခြင်းမှာ ခြွင်းချက်မရှိသေဆုံးကုန်ကြ၏။
အဖွဲ့အစည်းနှစ်ခုမှာ ကမ္ဘာမြေအင်မော်တယ်လေးယောက်ကျန်ရှိနေသေးသော်လည်း သူတို့ပူးပေါင်းမည်ဆိုလျှင်တောင် သူတို့က ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုကမ္ဘာမြေအင်မော်တယ်များသည် ယခုအချိန်ထိ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှိရာသို့ ရောက်ရှိမလာသေးပေ။ သူတို့၏ နည်းလမ်းများက သေဆုံးသွားသောလူများထက် ပိုမိုနိမ့်ကျသည်မှာသိသာပြီး သူတို့က ဆူဇီမိုကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
ထျဲဟန်ကို ခေါင်းဖြတ်ပြီးနောက် ဆူဇီမိုက တိုက်ပွဲနယ်မြေသို့ လျှောက်လှမ်းကာ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကမ္ဘာမြေအင်မော်တယ်အလောင်းများကိုလည်း ခေါင်းဖြတ်လိုက်၏။
ဦးခေါင်း ၁၈လုံးက သွေးများတစ်စက်စက်စီးကျနေ၏။
သူတို့ထဲမှတချို့က ဆိုးဆိုးဝါးဝါး သေဆုံးနေပြီး သူတို့ထဲမှ တချို့က ထိတ်လန့်တကြား ဖြစ်နေသည့်ပုံပင်။ သူတို့ထဲမှတချို့မှာ ကြောက်စရာကောင်းသော အမူအရာများရှိပြီး သူတို့ထဲမှတချို့က ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြ၏။
ကြော့ရှင်းသန့်ပြန့်သော စာပေသမားတစ်ယောက်က သွေးသံရဲရဲ ဦးခေါင်း ၁၈လုံးကို သူ၏ လက်ထဲမှာ ကိုင်ဆွဲပြီး လူတိုင်းကို ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားစေသည့် ကွဲလွဲဆန့်ကျင်သော သွင်ပြင်တစ်ခုကို ထုတ်ဖော်ထား၏။
(ဦးခေါင်း ၁၈လုံးကို ကိုင်ထားတယ်ဆိုတာ ဆံပင်တွေကနေ စုယူပြီး ကိုင်တာပါ။)
“ဒီလူတွေက စီနီယာအစ်ကိုယဲ့နဲ့ အတူသေရလိမ့်မယ်လို့ ငါပြောခဲ့ပြီးပြီပဲ”
ဆူဇီမိုက ပြောလိုက်၏။
“စီနီယာအစ်ကိုယဲ့ရဲ့အလောင်းကို တက္ကသိုလ်ကိုပြန်ယူခဲ့ကြ... ဒီလူတွေရဲ့ဦးခေါင်းတွေကို စီနီယာအစ်ကိုယဲ့ရဲ့ အုတ်ဂူရှေ့မှာ ယစ်ပူဇော်တဲ့အနေနဲ့ ချထားမယ်”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ လူတိုင်း၏ မျက်လုံးများက နီရဲသွား၏။
အဲ့ဒါသည် ယဲ့ဖေးအတွက် အကြီးမားဆုံးနှစ်သိမ့်မှုတစ်ခုဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သူ၏ သေဆုံးမှုက အချည်းနှီးမဖြစ်ခဲ့ပေ။
သူ၏ အသက်တစ်သက်သည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၈ဦးကို သူနှင့်အတူ သေဆုံးသွားစေခဲ့၏။ ထိုထဲမှာ ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးပင်ပါဝင်နေ၏။
“စောစောက ခင်ဗျားတို့တွေ ဘာကိုငြင်းခုံနေကြတာလဲ”
ဆူဇီမိုက မင်းသမီးသက်တံနီကိုကြည့်ပြီး ရုတ်တရက်မေးလိုက်၏။
မင်းသမီးသက်တံနီက မလှမ်းမကမ်းမှာရှိသော မိုချန်ကို တစ်ချက်ကြည့်ကာ တွေဝေတုံ့ဆိုင်းနေ၏။
အစကတော့ သူမသည် အရာရာတိုင်းကို ပြောပြချင်၏။
သို့သော် ယခုအခါ ဆူဇီမို၏ အခြေအနေအရ သူသည် သိုလှောင်အိတ်တချို့အတွက် အင်ပါယာလေဘုရားကျောင်းမှကျင့်ကြံသူများနှင့် တိုက်ခိုက်မည်ဆိုလျှင် သူက ဖုန်းယင်ကိုအနိုင်မယူနိုင်မှာ သူမက စိုးရိမ်နေ၏။
“ဘာရယ်မဟုတ်ပါဘူး”
မင်းသမီးသက်တံနီက သူမ၏ ခေါင်းကိုအနည်းငယ်ငုံ့ပြီး သူမ၏ အကြည့်ကို ရှောင်လွှဲလိုက်၏။
မင်းသမီးသက်တံနီက တစ်စုံတစ်ရာကို ဖုံးကွယ်ထားသည်ကို ဆူဇီမိုကပြောနိုင်၏။
သူက သူက ဘေးပတ်ဝန်းကို အကဲခတ်ကြည့်ပြီး သူ၏ အကြည့်က တိုက်ပွဲနယ်မြေမှအလောင်းများပေါ် ရောက်ရှိသွား၏။
ရုတ်တရက်သူက သတိထားမိသွားပြီး မေးလိုက်၏။
“အဲ့ဒီအလောင်းတွေပေါ်က သိုလှောင်အိတ်တွေက ဘယ်ရောက်သွားတာလဲ”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ ကျင့်ကြံသူအချို့က အင်ပါယာလေဘုရားကျောင်းရှိရာဘက်သို့ အလိုလိုလှည့်ကြည့်လိုက်ကြ၏။
ဆူဇီမိုက ဖြစ်ပျက်နေသည့်အရာကို နားလည်သဘောပေါက်လာပြီး သွေးသဲရဲရဲဦးခေါင်း ၁၈လုံးကိုသယ်ဆောင်ကာ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွား၏။ တစ်ခဏချင်းမှာပင် သူက အင်ပါယာလေဘုရားကျောင်းမှ ကျင့်ကြံသူတချို့ရှေ့သို့ ရောက်ရှိလာခဲ့၏။
ဆူဇီမို၏ အကြည့်က သူတို့ကိုဖြတ်သန်းသွားသောအခါ မိုချန်နှင့်အခြားသူများသည် သူတို့၏ ခေါင်းမွေးများထောင်ထလာသည်ဟု ခံစားလိုက်ရ၏။
“အဲ့ဒါတွေကို ဘယ်သူယူထားတာလဲ ပြော”
ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်၏။
သူ၏ လေသံက တည်ငြိမ်၍ စိတ်ခံသားချက်ကင်းမဲ့နေ၏။ သို့သော်လည်း မိုချန်သည် ကြီးမားသည့်ဖိအားတစ်ရပ်ကို ခံစားနေရပြီး အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ပေ။
“ကျုပ်... ကျုပ်..ကျုပ်က...”
ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ မိုချန်က ခြောက်ကပ်စွာရယ်မောကာ ပြောလိုက်၏။
“ခင်..ခင်ဗျားက အဲ့ဒီသိုလှောင်အိတ်တွေကို မယူဘဲနဲ့ထွက်သွားတော့... ကျုပ်တွေးလိုက်တာက... “
ဆူဇီမိုက တစ်စုံတစ်ရာကိုပြောဆိုခြင်းမရှိဘဲ မိုချန်ကို တိတ်တဆိတ်ဖြင့်သာကြည့်နေ၏။
မိုချန်၏ လေသံက အားနည်းသည်ထက်အားနည်းလာပြီး နောက်ဆုံးမှာသူက ဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
သူသည် သူ၏ ပြင်းထန်သောအသက်ရှူသံနှင့် ဦးခေါင်း ၁၈လုံးမှ သွေးများတစ်စက်စက်သီးကျနေသံကိုသာ ကြားနေရတော့၏။
သွေးတစ်စက်ချင်း၏ အသံက ယမမင်း၏ ခြေသံများကဲ့သို့ ဖြစ်နေ၏။
စောစောက သူသည် မင်းသမီးသက်တံနီနှင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အခြားသူများ၏ ရှေ့မှာ ယုံကြည်မှုရှိစွာဖြင့် စကားကို ကပ်တီးကပ်ဖဲ့ပြောဆိုခဲ့လေသည်။
သို့သော်ယခု... မိုချန်သည် ပိုင်ရှင်မဲ့ပစ္စည်းများဟူသော စကားကို ထုတ်ဖော်မပြောဆိုနိုင်တော့ပေ။
သူက ထိုစကားကိုပြောလိုက်သည့်အချိန်မှာပင် သူ့ထံသို့ ကပ်ဘေးတစ်ခုက ဆင်းသက်လာတော့မည့်အလားပင်။
မိုချန်၏ နဖူးပေါ်တွင် ခပ်ပါးပါးချွေးတစ်လွှာက ပေါ်ထွက်လာပြီး ချွေးစေးများက သူ၏ ခန္ဓာကိုယ်ပေါ်ကနေ လိမ့်ဆင်းလာ၏။
အဲ့ဒါက အနည်းငယ်ယားယံသော်လည်း သူက အဲ့ဒါကို မသုတ်ဖယ်ရဲပေ။
“မကြောက်နဲ့”
ထိုစဥ်မှာပင် မိုချင်၏ စိတ်ထဲသို့ အသံတစ်သံက ဝင်ရောက်လာ၏။
စီနီယာအစ်ကိုဖုန်းယင်က သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်ခြင်းဖြစ်၏။
မိုချန်က အားတက်သွားပြီး သူ၏ ရင်ထဲရှိအကြောက်တရားက သိသိသာသာလျော့ပါးသွားပုံရ၏။
သူက ဖုန်းယင်ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်၏။ ထိုအခိုက်အတန့်မှာ ဖုန်းယင်သည် မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေပြီး စောင့်ကြည့်နေ၏။
သူ၏ မျက်လုံးများက နတ်ဘုရားဆန်ဆန်အလင်းတစ်ခုဖြင့်တောက်ပနေပြီး သူ၏ အော်ရာကို စုစည်းထားကာ တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေသည့်ပုံပင်။
မိုချန်က သူ၏ စိတ်ကိုတည်ငြိမ်စေပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
သူက သူ၏ အသိစိတ်ကို စုစည်းပြီး ဆူဇီမိုကို လှည့်ကြည့်လိုက်၏။ သူက ငြင်းဆန်ပြောဆိုမည်ပြုစဥ်မှာပင် ဆူဇီမိုက နောက်တစ်ဖန်ပြောလိုက်၏။
“အဲ့ဒါတွေကို အခု ထုတ်ပေး”
အဲ့ဒီမှာ မည်သည့် မည်သည့်အပိုစကားမှမပါဘဲ သူ၏ လေသံက တည်ငြိမ်နေဆဲဖြစ်၏။
သို့သော်လည်း ယခုတင်မိုချန်စုစည်းထားသည့်သတ္တိက ထိုစကားလုံးများအောက်မှာ ပျက်စီးသွားပြီး သူကစိတ်ပိုင်းဆိုင်ရာ လဲပြိုကျလုနီးပါးဖြစ်သွား၏။
ယခုအချိန်တွင် ဆူဇီမို၏ ရှေ့မှာ မိုချန်တွေ့ကြုံခံစားနေရသည့်ဖိအားကို မည်သူကမှ နားလည်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ယခုတင် ထိပ်သီးကမ္ဘာမြေအင်မော်တယ် ၁၈ဦးကို သတ်ဖြတ်ထားပြီး ပြန်ဝင်စားပကတိအင်မော်တယ်တစ်ဦးပင်လျှင် သူ၏ လက်ထဲမှာ သေဆုံးခဲ့ရ၏။
အဲ့ဒါသည် သွေး၊ သတ်ဖြတ်ခြင်းနှင့် အလောင်းများကနေ တည်ဆောက်ထားသော အန္တိမစွမ်းအားတစ်ခုဖြစ်ပြီး တားဆီးမရနိုင်သောစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထား၏။ ဆူဇီမို၏ ရှေ့မှာ မိုချန်သည် အားနည်းသောယုန်သူငယ်တစ်ကောင်ကဲ့သို့ သူ့ကိုယ်သူခံစားနေရ၏။ သို့သော်လည်း ဆူဇီမိုက သိပ်သည်းပြင်းထန်သော ဆိုးယုတ်အော်ရာတစ်ခုနှင့်အတူ မရေမတွက်နိုင်သောသက်ရှိများကို ဆုတ်ဖြဲပစ်နိုင်သည့် ရှေးဟောင်းကြမ်းကြုတ်တောကောင်ဖြစ်နေ၏။
ဤကဲ့သို့သော ကြမ်းကြုတ်တောကောင်၏ ရှေ့မှာ မိုချန်သည် မြေပြင်ပေါ်မှာဝပ်တွား၍ တဆတ်ဆတ်တုန်ယင်နေတော့မည့်ပုံရှိလေသည်။
ဆူဇီမို တိုက်ခိုက်လာမည်ဆိုလျှင် ဖုန်းယင်ကပင် သူ့ကို ကယ်တင်နိုင်မည်ဟု မိုချန်က ယုံကြည်မှုမရှိတော့ပေ။
“ဒီမှာပါ... ဒါတွေအကုန်ပါပဲဗျာ”
နောက်ဆုံးမှာ မိုချန်၏ စိတ်ဓာတ်က လုံးဝလဲပြိုကျသွားပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားကာ သိုလှောင်အိတ်များကိုထုတ်ယူ၍ ဆူဇီမိုကို လက်နှစ်ဖက်ဖြင့်ကမ်းပေးလိုက်၏။
“ကောင်းတယ်”
ဆူဇီမိုက ခေါင်းညိတ်ပြီး သူ၏ အကြည့်က ပို၍သိမ်မွေ့သွားပုံရ၏။
သူက မိုချန်၏ ပခုံးကို ညင်သာစွာပုတ်ပြီး ပြောလိုက်၏။
“ငါ အဲ့ဒီသိုလှောင်အိတ်တွေကို စိတ်ဝင်စားချင်မှ စိတ်ဝင်စားလိမ့်မယ်... ဒါပေမဲ့ အဲ့ဒီပစ္စည်းတွေက ငါ့ဟာဆိုတာကို မင်းသိထားရမယ်... ငါမင်းကိုမပေးသရွေ့ အဲ့ဒါတွေကို မင်းယူလို့မရဘူး”
“သိ..သိပါပြီ”
မိုချန်က တုန်လှုပ်သွားပြီး အလိုလိုခေါင်းညိတ်ပြနေမိ၏။