← Chapters

မိုးကြိုးလက်ဖဝါး

Vol. 150 Ch. 2246

မိုးကြိုးလက်ဖဝါး

Vol. 150 Ch. 2246

“ဆူဇီမိုက သူ့ရဲ့ အထွတ်အထိပ်အခြေအနေမှာ ရှိနေပြီး သူ့ရဲ့ ဝှက်ဖဲတွေကို အသုံးမပြုခဲ့ဘူးဆိုရင် သူက ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းကို ချေဖျက်နိုင်မှာ.. ဒါပေမဲ့ အခုတော့…”

“အန္တိမ နတ်ဘုရားစွမ်းအားတွေကပဲ အဲဒီ ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းရဲ့ ပေါင်းစပ်စွမ်းပကားကို ခုခံနိုင်တော့မယ် ထင်တယ်”

“ဆူဇီမိုက အခုချိန်ထိ ဘာလို့ မတိုက်ခိုက်သေးတာလဲ.. သူက အလျှော့ပေးပြီး အရှုံးကို ဝန်ခံတော့မလို့လား”

လူအုပ်ကြားထဲမှ ရုတ်ရုတ်သဲသဲ အသံများ ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းက ကောင်းကင်တစ်ခွင် အုပ်မိုးပြီး တလိပ်လိပ် ထိုးတက်လာ၏။

ဆူဇီမိုက အစိမ်းရောင် ကျောက်တုံးပေါ်မှာ မလှုပ်မယှက်ပင် ရပ်နေ၏။ ကြောက်စရာကောင်း၍ ကျယ်ပြောသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ သူ၏ ပုံရိပ်က အနည်းငယ် နုနယ်ပြီး အချိန်မရွေး ဝါးမျိုခံရနိုင်သည့်ပုံပင်။

အခြားတစ်ဖက်မှာ မင်းသားယွင်လေ၏ မျက်နှာက ဖြူဖျော့၍ သူ၏ အကြည့်က မှေးမှိန်သွား၏။ ဆူဇီမိုသည် ခုခံလိုခြင်း မရှိဘဲ လက်လျှော့လိုက်ပုံရသည်ကို သူက သတိထားမိသောအခါ စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းကို တစ်ချိန်တည်းမှာ ထုတ်ဖော်ရခြင်းသည် သူ၏ အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားကို များစွာ သုံးစွဲရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က လဲပြိုကျတော့မည့်ဆဲဆဲ ဖြစ်နေလေပြီ။

သို့သော်လည်း ဆူဇီမို၏ မျက်နှာကို ကြည့်ပြီး ယွင်လေက မသက်မသာ ခံစားလာရ၏။

ထိုမျက်နှာက တည်ငြိမ်လွန်း၏။

ဤကဲ့သို့သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ထိုမျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့ထိတ်လန့်မှုမှ မရှိဘဲ တည်ငြိမ်မှုသာ ရှိနေ၏။

ဒါ့အပြင် ဆူဇီမို၏ မျက်လုံးများက မျှော်လင့်စောင့်စားမှုနှင့် စိတ်အားထက်သန်မှုနှင့်အတူ တောက်ပနေ၏။

ဘုန်း.. ဘုန်း.. ဘုန်း..

ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းက ဆင်းသက်လာပြီး ဆူဇီမိုကို ရိုက်ခတ်လိုက်၏။

ဆူဇီမိုသည် နောက်ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်း မရှိပေ။ တောက်ပသော အကြည့်နှင့်အတူ သူက ဗလာနယ်မိုးကြိုးကျင့်စဉ်၏ အရိုးကြံ့ခိုင်စေခြင်းအပိုင်းကို သူ၏ အစွမ်းကုန်ဖြင့် လှည့်ပတ်ပြီး လျှပ်စီးများကို သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စီးဆင်းလာစေ၏။ သူက ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းကို အသုံးချပြီး သူ၏ အရိုးများကို သန့်စင်လိုခြင်းဖြစ်၏။

ထိုအပြုအမူက တကယ့်ကို ရူးသွပ်ရာကျလေသည်။

အခြားသူများအတွက်တော့ အဲဒါက စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။

သို့သော်လည်း ဆူဇီမိုက ယုံကြည်မှု ရှိနေ၏။

သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပိုင်ဆိုင်ထားပြီး သူ၏ ကိုယ်ကာယက ပြိုင်ဘက်ကင်းလေသည်။ သူ၏ အသက်ဓာတ်အားက ပေါကြွယ်ဝပြီး ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းကပင် သူ၏ အသက်ဓာတ်အားကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ဟု သူက ယုံကြည်နေ၏။

သူသည် ဗလာနယ်မိုးကြိုးကျင့်စဉ်ကိုလည်း ယုံကြည်လေသည်။

မိုးကြိုးဧကရာဇ် ဖန်တီးခဲ့သည့် ဓမ္မအစီအရင်သည် ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းကို ချိုးနှိမ်ပြီး သူ့ကိုယ်ပိုင်အဖြစ် အသုံးချဖို့ လုံလောက်သည်ဟု သူက ယုံကြည်၏။

ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်နှင့် အရိုးကြံ့ခိုင်ခြင်းကို မီးဆေးဖို့အတွက် သူ့ပြိုင်ဘက်၏ မိုးကြိုးသတ်ဖြတ်ခြင်းနည်းလမ်းများကို အသုံးချလိမ့်မည်ဟု မည်သူကမှ တွေးမကြည့်နိုင်ခဲ့ပေ။

သည်းထန်သော မိုးများ၊ မိုးသီး မုန်တိုင်းများ၊ မိစ္ဆာနတ်ဆိုးများ၊ ဆိုးယုတ်တစ္ဆေများ၊ လွင့်ပျံလာသော သဲများ…။

လုံးဝ မတူညီသော စွမ်းအားများ အားလုံးက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို အဆက်မပြတ် ရိုက်ခတ်လာခဲ့၏။ သို့သော်လည်း သူတို့က သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသောအခါ သူတို့သည် ဗလာနယ်မိုးကြိုးကျင့်စဉ်ဖြင့် သန့်စင်ဖိနှိမ်ခံရပြီး သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် နှိုးဆွနေသော ရှေးဟောင်းစာလုံးများအဖြစ် ပြောင်းလဲသွား၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အရိုးများပေါ်ရှိ မိုးကြိုးစွမ်းအားက သိပ်သည်းစုဖွဲ့လာပြီး တဖျတ်ဖျတ်တလက်လက် လျှပ်စီးလျှပ်ပန်းများဖြင့် တောက်ပလာ၏။

သူ၏ ခြင်ဆီက စီးဆင်းလာပြီး တလိပ်လိပ် ထိုးတက်လာသော မိုးကြိုးသံကပင် ထွက်ပေါ်လာ၏။

မိုးကြိုးအရိုး ကြံ့ခိုင်ခြင်းနှင့် ခြင်ဆီရှင်းလင်းခြင်း..။

ကောင်းကင်ဘုံမိုးကြိုး ၁၂စင်း၏ အဖျက်စွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ အသက်ဓာတ်အားက အားနည်းမသွားပေ။ ထိုအစား ပို၍ပင် သိပ်သည်းကျစ်လျစ်လာခဲ့၏။

လူအုပ်ကြားထဲမှာ အံ့အားတသင့် အော်ဟစ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ကျင့်ကြံသူများစွာ၏ မျက်နှာများပေါ်တွင် မယုံကြည်နိုင်မှုများက ထင်ဟပ်လာ၏။

မိုးကြိုးသည် သတ်ဖြတ်ခြင်းကို ကိုယ်စားပြုပြီး အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်၏။ သို့သော်လည်း ၎င်းမှာ အသက်ဓာတ်အား ပါဝင်နေ၏။

နွေဦးမိုးကြိုး၏ အသံက အရာရာတိုင်းကို နုပျိုလန်းဆန်းလာစေ၏။

ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းသည် ပထမဆုံး နွေဦးမိုးကြိုးသံကဲ့သို့ဖြစ်ပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာထဲရှိ အသက်ဓာတ်အားကို လုံးလုံးလျားလျား နှိုးဆွပေးနေ၏။

မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုသည် အင်မော်တယ်ထိုက်ဟွာ၏ အန္တိမ နတ်ဘုရားစွမ်းအားဖြင့် ထိခတ်ခံရပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အဆက်မပြတ် ကုသနေသော်လည်း ၎င်းက အပြည့်အဝ ပြန်လည်ကောင်းမွန်မလာခဲ့ပေ။

ယခု ကောင်းကင်ဘုံမိုးကြိုး ၁၂စင်း၏ အကူအညီနှင့်အတူ ဆူဇီမိုသည် မိုးကြိုးလျှပ်စီးများဖြင့် ဆေးကြောသန့်စင်မှုကို ခံယူနေ၏။ သူ၏ အရိုးများက တဇီဇီမြည်​ပြီး တုန်ခါလာကာ သူ၏ ခြင်ဆီများက စီးဆင်း၍ သူ၏ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။ သူ၏ ကိုယ်ကာယ ဒဏ်ရာများက သက်သာပျောက်ကင်းလာခဲ့လေပြီ။

“ကျေးဇူးပဲ တာအိုရောင်းရင်း”

တရုန်းရုန်းထကြွနေသော မိုးကြိုးများကနေတစ်ဆင့် ဆူဇီမို၏ အသံက မင်းသားယွင်လေ၏ နားထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာ၏။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှာ ဆူဇီမို၏ လက်နှစ်ဖက်က လှုပ်ရှားသွားပြီး ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းကြောင့် ကျန်ရစ်ခဲ့သည့် မိုးကြိုးလျှပ်စီးပင်လယ်ထဲမှာ ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်လိုက်၏။

ဘုန်း..

ဆူဇီမိုက သူ၏ လက်ကို မြှောက်ပြီး ဧရာမ လက်ဖဝါးတစ်ဖက်က မင်းသားယွင်လေပေါ်သို့ အုပ်မိုးကျဆင်းလာခဲ့၏။

တစ်ခဏချင်းမှာပင် လောကမှာ ရှိသော အဆုံးမဲ့ မိုးကြိုးစွမ်းအားက ဧရာမ လက်ဖဝါးပေါ်မှာ စုစည်းလာခဲ့၏။

ထိုလက်ဖဝါး၏ အော်ရာက ပို၍ တိုးလာပြီး အဆုံမဲ့ မိုးကြိုးလျှပ်စီးများက လွှမ်းခြုံထား၏။ အဲဒါသည် သက်ရှိများ အားလုံးကို သတ်ဖြတ်ဖို့အတွက် ကောင်းကင်ဘုံကနေ ဆင်းသက်လာသည့် ဧရာမ လက်တစ်ဖက်ကဲ့သို့ ဖြစ်ပြီး အရာရာတိုင်းကို ဖိနှိမ်ဖျက်ဆီးပစ်နိုင်နေ၏။

မိုးကြိုးလက်ဖဝါး..

အဲဒါသည် ဗလာနယ်မိုးကြိုးကျင့်စဉ်မှ စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်တစ်ခုဖြစ်၏။

ပကတိမိုးကြိုးမြို့တော်မှာတုန်းက မိုးကြိုးဧကရာဇ် ဖုန့်စန်းထျန်သည် ဒဏ်ရာ အပြင်းအထန်ရရှိထားသော ခန္ဓာကိုယ်နှင့်အတူ လွန်မြောက်လာခါစဖြစ်၏။ သို့သော် သူက ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်သည့် ခဏမှာပင် သူသည် ပကတိအင်မော်တယ်ပညာရှင်နှစ်ဦးကို နေရာမှာတင် သတ်ဖြတ်နိုင်ခဲ့၏။

မင်းသားယွင်လေသည် ကောင်းကင်ဘုံမိုးကြိုး ၁၂စင်းကို ထုတ်ဖော်ပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က အရမ်းကို အားနည်းနေခဲ့ပြီဖြစ်၏။

သူသည် ဝင်ရောက်လာသော မိုးကြိုးလက်ဖဝါးရိုက်ချက်ကို လုံးဝ မခုခံနိုင်တော့ပေ။

ယွင်လေသည် သူ၏ သိုလှောင်အိတ်ထဲကနေ ဓမ္မရတနာတချို့ကို အလောတကြီး ထုတ်ယူပြီး ကာကွယ်ရေးအဆောင် ၁၀ခုကျော်ကို ချိုးချေလိုက်၏။

ထိုသို့ သူလုပ်လိုက်သည့် ခဏမှာပင် မိုးကြိုးလက်ဖဝါးက ဆင်းသက်လာခဲ့ပြီဖြစ်၏။

အရမ်းကို ကြီးမားသည့် စွမ်းအားတစ်ခုက သူ့ကို ရိုက်ခတ်လိုက်ပြီး မင်းသားယွင်လေက တဖျောက်ဖျောက် အသံများကို ကြားလိုက်ရ၏။

ကာကွယ်ရေးအဆောင် ၁၀ခုကျော်က မိုးကြိုးလက်ဖဝါးနှင့် ထိခတ်မိချိန်မှာ စက္ကူရွက်များကဲ့သို့ ဖြစ်နေ၏။

ဘုန်း…

သူ့ရှေ့နှင့် သူ့ဦးခေါင်းထက်မှာ ရှိသော ဓမ္မရတနာများနှင့်ပင်လျှင် မင်းသားယွင်လေ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်သွား၏။ သူက သူ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်းကနေ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။

သူ၏ စိတ်က ကသောင်းကနင်းဖြစ်နေပြီး သူက နေရာမှာပင် သတိလစ်သွား၏။

ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကောင်းကင်အင်မော်တယ်တစ်ဦးက ရှေ့သို့ အလောတကြီး ထွက်လာပြီး မင်းသားယွင်လေကို ပွဲကြည့်ဧရိယာဘက်သို့ ခေါ်ဆောင်သွား၏။ ထိုသူ၏ အသက်ဓာတ်အားက ပြတ်တောက်သွားခြင်း မရှိသည်ကို တွေ့မြင်မှသာ သူက စိတ်သက်သာရာရသွား၏။

လူတိုင်းက ဆူဇီမိုကို စိုးရိမ်ထိတ်လန့်နေသော အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

မင်းသားယွင်ထင်၏ ကိုယ်တိုင်ကိုယ်ကျ စိန်ခေါ်မှုကို လက်ခံရရှိထားသည့်လူဆိုသည့်အတိုင်းပင်။

ကျင့်ကြံမှုအဆင့်တူချင်းမှာ မင်းသားယွင်ထင်ကသာလျှင် ဤကဲ့သို့သော ပြန်ဝင်စား မွန်းစတားတစ်ယောက်ကို တိုက်ခိုက်နိုင်ပေလိမ့်မည်။

စတုတ္ထအချီမှာ ဆူဇီမိုက အနိုင်ရရှိခဲ့ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှ သူ၏ အဆင့်က နောက်တစ်ဖန် မြင့်တက်လာခဲ့၏။

သူ၏ အဆင့်သတ်မှတ်ချက်ကလည်း အဆင့် ၆ သို့ မြင့်တက်လာခဲ့၏။

ဆူဇီမိုသည် စိတ်သက်သာစွာ သက်ပြင်းချပြီး အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်းကနေ ခုန်ဆင်းကာ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်ဘက်သို့ ပြန်လည်ရောက်ရှိလာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အားပြန်ဖြည့်နေ၏။

သူ့ခန္ဓာကိုယ်သည် ၎င်း၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားကို များစွာပြန်မရသေးပေ။

ဖန်တီးခြင်းကြာခုံ၏ အားဖြည့်မှုအောက်မှာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်က ၎င်း၏ စွမ်းအားကို ၃၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ကိုသာ ပြန်လည်ရရှိသေး၏။

တိုက်ပွဲကို စောင့်ကြည့်ပြီးနောက် ဖုန်းယင်က စိတ်သက်သာရာရသွားခဲ့၏။

“ဆူဇီမိုမှာ ဒီလိုမျိုး စွမ်းအားကြီးမားတဲ့ ဝှက်ဖဲတစ်ခု ရှိနေသေးတာပဲ”

“မင်းသားယွင်လေက လှုပ်ရှားမှု ပြုလုပ်ပြီး သူ့ရဲ့ဝှက်ဖဲကို ထွက်ပေါ်လာအောင် ဖိအားပေးနိုင်ခဲ့တာ ကံကောင်းတယ်.. မဟုတ်ရင် ငါက ဒီလိုမျိုး နည်းလမ်းကို ချေဖျက်ဖို့အတွက် အားထုတ်မှု အတော်လေး ပြုလုပ်ရလိမ့်မယ်”

ဖုန်းယင်သည် အမူအရာကင်းမဲ့နေပြီး သူ့စိတ်ထဲမှ အခြေအနေကို စဉ်းစားတွေးတောချင့်ချိန်နေ၏။

ထိုသို့ဖြင့် အနိုင်ရဖို့အတွက် သူ၏ အခွင့်အရေးက များစွာပိုမိုမြင့်မားလာ၏။

ဆူဇီမို၏ ကိုယ်ကာယ ဒဏ်ရာများက သက်သာပျောက်ကင်းလာပြီ ဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က စွမ်းအင် အမြောက်အများကို သုံးစွဲခဲ့ရ၏။ အဲဒါသည် ကြီးမားသော အားနည်းချက်တစ်ခုဖြစ်ပြီး ဤအဆင့်တိုက်ပွဲမှာ သေလောက်သည့် အားနည်းချက်တစ်ခုဟု ဆိုနိုင်၏။

ဖုန်းယင်၏ အမူအရာက တည်ငြိမ်နေပြီး သူက အတော်လေး ယုံကြည်မှု ရှိနေ၏။

အခြားသော တိုက်ပွဲနယ်မြေမှာ လျှိုဖျင်သည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသားယွင်ထောင်ကို အနိုင်ယူပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ အဆင့် ၅ မှာ ယာယီအားဖြင့် ရပ်တည်လာနိုင်ခဲ့၏။

သိပ်မကြာခင် မင်းသမီးသက်တံနီလည်း သူမ၏ ပြိုင်ဘက်ကို အနိုင်ယူပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ တတိယနေရာမှာ ရပ်တည်နေနိုင်ဆဲဖြစ်၏။

စတုတ္ထအချီအပြီး၌ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ၆ ယောက်ထဲမှ ၃ ယောက်သည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ ဖြစ်၏။

ကျင့်ကြံသူများစွာက သူတို့၏ ခေါင်းများကို ညင်သာစွာ ခါပြီး ညည်းတွားရေရွတ်လိုက်ကြ၏။

မိုးကောင်းကင်ကိုးလွှာမှာ အင်မော်တယ်ထိုက်ဟွာ၊ ထျဲဟန်နှင့် အခြားသူများက မင်းသမီးသက်တံနီနှင့် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ အခြားသောသူများကို တိုက်ခိုက်ချိပ်ပိတ်လိုက်သည်ကို သူတို့ တွေ့မြင်ရသောအခါ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်က သွားရှာပြီဟု လူတိုင်းက တွေးထင်ခဲ့ကြ၏။

သို့သော်လည်း တုန်လှုပ်စရာကောင်းသော တိုက်ပွဲတစ်ခုက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ အခြေအနေကို လုံးလုံးလျားလျား ပြောင်းလဲပေးခဲ့၏။

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်က အစွမ်းကုန် တောက်ပလာခဲ့ပြီး မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းကတော့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကနေ လုံးလုံးလျားလျား ဖယ်ရှားခံခဲ့ရ၏။

All Chapters