နောက်ဆုံးတိုက်ပွဲ
Vol. 150 Ch. 2249
ဖုန်းယင်သည် ဆဋ္ဌမအချီမှာ ဤမျှထိမြန်မြန်ဆန်ဆန် ရှုံးနိမ့်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
အစကတော့... သူတို့နှစ်ယောက်သည် သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် တိုက်ခိုက်နေခဲ့ကြပြီး မည်သူက ပိုမိုသန်မာသည်ကို ဆုံးဖြတ်ဖို့ခက်ခဲနေခဲ့၏။
သို့သော်လည်း ယွဲ့ဖုန်သည် ဆူဇီမို၏ ချဥ်းကပ်ခြင်းခံရပြီးနောက် သူက အဲ့ဒါကို ဆက်လက်၍ မခုခံနိုင်တော့ဘဲ နှစ်ချီအတွင်း ဆူဇီမို၏ တိုက်ခိုက်မှုဖြင့် သေလုမတတ်ဖြစ်ခဲ့ရ၏။
“မိုးကောင်းကင်ကိုးလွှာမှာ အင်မော်တယ်ထိုက်ဟွာနဲ့ အခြားကမ္ဘာမြေအင်မော်တယ် ၁၇ယောက်က ဘာကြောင့်သေဆုံးခဲ့ကြတာလဲဆိုတာ နားလည်လက်ခံလို့ရသွားပြီ”
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ရှုံးထွက်အဆင့်မှာ ပါဝင်ခဲ့ကြသော ကျင့်ကြံသူအချို့သည် ကျောက်စာတိုင်ရှေ့မှ တုန်လှုပ်စရာကောင်းသောတိုက်ပွဲကို မြင်တွေ့ခွင့်မရခဲ့ပေ။
ဤတိုက်ပွဲကို တွေ့မြင်သောအခါမှသာ သူတို့က ညည်းတွားရေရွတ်လိုက်ကြ၏။
“နားလည်လက်ခံလို့ရသွားပြီ ဟုတ်လား... အဲ့ဒါထက်ပိုတာပေါ့ မင်းတို့တွေက အဲ့ဒါကိုကိုယ်တိုင်မမြင်တွေ့ခဲ့ရဘူး... ဒါပေမဲ့ ဆူဇီမိုရဲ့ တန်ပြန်တိုက်ခိုက်မှုကတွေက အဲ့တုန်းကတိုက်ပွဲမှာ အခုထက်ပိုပြီး အများကြီးကြမ်းတမ်းတယ်”
“ငါထင်မထားမိတာက အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းထဲက နံပါတ်တစ် ခန္ဓာမီးဆေးဂိုဏ်းရဲ့ တောင်တန်းပင်လယ်သုတ္တန်ကို အမွေဆက်ခံရရှိထားတဲ့ ယွဲ့ဖုန်ကတောင် ဒီလောက်ထိမြန်မြန်ရှုံးနိမ့်သွားရတာကိုပဲ”
ယခင်ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်ဖြစ်သော ကောင်းကင်ချောက်နက်က အမူအရာကင်းမဲ့ပြီး အသံတိတ်နေ၏။
ပုံမှန်အခြေအနေမှာအောက်မှာဆိုလျှင် ယွဲ့ဖုန်၏ ခွန်အားနှင့် ခံစစ်အရ သူသည် အနီးကပ်တိုက်ခိုက်ရည်မှာ ဆူဇီမိုကို ရှုံးနိမ့်ချင်မှ ရှုံးနိမ့်ရပေလိမ့်မည်။ သို့သော်လည်း ဆူဇီမို၏ တိုက်ခိုက်ရေး အတတ်များက တကယ့်ကို အနည်းငယ်ထူးဆန်းနေ၏။ သူက အနာကွန်ဒါတစ်ကောင်ကဲ့သို့ ယွဲ့ဖုန်ကိုရစ်ပတ်ပြီး ခုခံဖို့အတွက် မည်သည့်နည်းလမ်းမှမပေးဘဲ ချုပ်နှောင်နိုင်ခဲ့၏။
“စီနီယာအစ်ကို... ကျုပ်ရှုံးသွားပြီ”
ယွဲ့ဖုန်က တောင်ပင်လယ်အင်မော်တယ်ဂိုဏ်းရှိရာဘက်သို့ ပြန်လည်ရောက်ရှိလာပြီး မလုံမလဲအမူအရာတစ်ခုနှင့်အတူ သူ၏ ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။
“မင်းက အနီးကပ်တိုက်ခိုက်ရည်နည်းစနစ်မှာအရေးနိမ့်ပြီးတော့ သူ့ရဲ့အငိုက်ဖမ်းတိုက်ခိုက်ခံခဲ့ရတာပဲ”
ကောင်းကင်ချောက်နက်က ပြောလိုက်၏။
“ဒါက... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ရဲ့ အဆင့်သတ်မှတ်ချက်တိုက်ပွဲမလို့ မင်းကထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာ... အဲ့ဒါက အသေအကြေတိုက်ပွဲတစ်ခုသာဆိုရင် မင်းကသေပြီးနေလောက်ပြီ”
“ခင်ဗျားပြောတာမှန်ပါတယ် စီနီယာအစ်ကို”
ယွဲ့ဖုန်က ခွန်းတုံ့ပြန်ရဲခြင်းမရှိပေ။
အခြားသောတိုက်ပွဲကွင်းမှာ...။
ဖုန်းယင်နှင့် လျှိုဖျင်က တိုက်ခိုက်ဖလှယ်လိုက်သည့်ခဏမှာပင် ဖုန်းယင်က တစ်ချိန်လုံး အသာစီးရရှိနေခဲ့၏။ အင်ပါယာလေဘုရားကျောင်း၏ ထိပ်တန်းလှုပ်ရှားမှုနည်းစနစ် လေနှင့်အတူအရိပ်၏ အကူအညီနှင့်အတူ သူသည် အခြေအနေကိုထိန်းချုပ်ပြီး အဆက်မပြတ်တိုက်ခိုက်နေ၏။
လျှိုဖျင်သည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် ဧရာမမိုးမခ၏ အမွေအနှစ်ကိုရရှိထားသော်လည်း သူထုတ်ဖော်သောနည်းလမ်းများက များသောအားဖြင့် အရာမရောက်ပေ။ သူသည် ဖုန်းယင်၏ အဝတ်စကိုပင် မထိနိုင်ပေ။
ဆူဇီမိုက သူ၏ တိုက်ပွဲကို အဆုံးသတ်လိုက်သည်ကို ဖုန်းယင်တွေ့မြင်သောအခါ သူ၏ တိုက်ခိုက်မှုက ပို၍ပြင်းထန်ကြမ်းတမ်းလာ၏။
တဖြည်းဖြည်း လျှိုဖျင်သည် ဆက်လက်၍တောင့်မခံနိုင်တော့ဘဲ အနိုင်နိုင်ခုခံနေရ၏။
တကယ်တော့ အမြုတေစိတ်ဝိညာဥ်နယ်ပယ် သို့မဟုတ် ကိုယ်ကာယနှင့် သွေးချီမှာ သူတို့နှစ်ယောက်ကြား ကွာဟချက်က အရမ်းမကြီးမားပေ။
သို့သော်လည်း ပြန်ဝင်စားအင်မော်တယ်များသည် တိုက်ခိုက်ရေးအတတ်များနှင့် အတွေ့အကြုံမှာ အတော်ဆုံးဖြစ်ကြ၏။
ထိုအချိုးအစားမှာ ဖုန်းယင်က လျှိုဖျင်ထက်ပိုမိုသာလွန်နေ၏။
ပြောရမည်ဆိုလျှင် လျှိုဖျင်သည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ စွမ်းအားနှင့် ပကတိအင်မော်တယ်တစ်ဦးကို ရင်ဆိုင်နေရခြင်းဖြစ်၏။
လျှိုဖျင်ကတော့... သူသည် သူ့အမြုတေစိတ်ဝိညာဥ်နှင့်ပေါင်းစည်းပြီး ဧရာမမိုးမခ၏ ခန္ဓာကိုယ်ကို ရရှိထားခါစဖြစ်၏။ သူ၏ ခွန်အားက သိသိသာသာတိုးလာပြီး သူ့မှာနည်းလမ်းများစွာရှိလာသော်လည်း သူက ဤခန္ဓကိုယ်နှင့် ယခုအချိန်ထိ အပြည့်အဝရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။
သူသည် ဧရာမမိုးမခ၏ မှတ်ဉာဏ်များနှင့်အတူ နည်းလမ်းများစွာကို ထုတ်ဖော်နိုင်၏။
သို့သော်လည်း သူ့ကိုယ်ပိုင်နားလည်ဆင်ခြင်မှုနှင့် သဘောပေါက်မှုမရှိဘဲ သူက သူ့ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ပေ။
ဤကဲ့သို့သောအခြေအနေအောက်မှာ လျှိုဖျင်က ကူကယ်ရာမဲ့လာခဲ့၏။
တကယ်တော့ မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုနှင့် အင်မော်တယ်ထိုက်ဟွာကြား တိုက်ပွဲသည် သာမန်တိုက်ပွဲတစ်ခုဖြစ်သည်ဆိုလျှင် ထိုတိုက်ပွဲက အချိန်အတော်အတန်ကြာမြင့်ခဲ့ပေလိမ့်မည်။
ဆူဇီမိုသည် အချိန်ဆေဘာ ၃၆လက်ကို တစ်ခါတည်းထုတ်ဖော်ပြီး အင်မော်တယ်ထိုက်ဟွာကို ချောင်ပိတ်ကာ ဖိအားပေးခဲ့၏။ ထိုသို့ဖြင့် နှစ်ဦးနှစ်ဖက်ကြား အားပြိုင်မှုတိုက်ပွဲအဖြစ်ပြောင်းလဲသွားခဲ့၏။
ပကတိအင်မော်တယ်တစ်ယောက်ဟူသော အင်မော်တယ်ထိုက်ဟွာ၏ အားသာမှုကပျောက်ဆုံးသွားပြီး သူကမည်သည့်တိုက်ခိုက်ရေးအတတ် သို့မဟုတ် အတွေ့အကြုံကိုမှ အသုံးမချနိုင်ခဲ့ပေ။ ထို့ကြောင့်ပင်လျှင် သူကနေရာမှာပင်သေဆုံးသွားခဲ့ရခြင်းဖြစ်၏။
သို့သော်လည်း လျှိုဖျင်က ထိုသို့မလုပ်နိုင်သည်မှာ သိသာ၏။
ဖောက်...
လျှိုဖျင်က အနည်းငယ် နှေးကွေးသွားပြီး သူ၏ လက်ပေါ်တွင် ဒဏ်ရာတစ်ခုပေါ်ထွက်လာကာ သွေးများက တစ်စက်စက်စီးကျနေ၏။
သူ၏ သေးငယ်သောမျက်နှာက မှုန်ကုပ်သွားသော်လည်း သူ၏ အကြည့်က ပြတ်သားနေ၏။ သူက အစိမ်းရောင်ကျောက်တုံးပြိုင်ပွဲကွင်းပေါ်မှာ ဆက်လက်၍လှုပ်ရှားကာ ဖုန်းယင်၏ တိုက်ခိုက်မှုများကို ခုခံနေဆဲဖြစ်၏။
ဖောက်... ဖောက်... ဖောက်...
ဖုန်းယင်က အမူအရာကင်းမဲ့နေပြီး သူ၏ တိုက်ခိုက်မှုများက ပို၍ထက်ရှလာခဲ့၏။
လက်ရှိကမ္ဘာမြေအင်မော်တယ်များစွာသည် လျှိုဖျင်ကို ထိခိုက်စေခဲ့သည့်လက်နက်ကို သူတို့က မတွေ့မြင်နိုင်ပေ။
ဖုန်းယင်၏ ဘေးပတ်လည်မှာ အေးစက်စက်အလင်းတန်းတစ်ခုက ကခုန်နေသည်ကိုသာ လူတိုင်းက တွေ့မြင်ရ၏။
အဲ့ဒါက တစ်ကြိမ်ပေါ်ထွက်လာတိုင်း အဲ့ဒါသည် လျှိူဖျင်၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲဒဏ်ရာတစ်ခုကို ပေါ်ထွက်လာစေ၏။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာ လျှိုဖျင်၏ သေးငယ်သော ခန္ဓာကိုယ်ပေါ်တွင် တုန်လှုပ်စရာကောင်းသော ဒဏ်ရာဆယ်ခုကျော် ရှိလာခဲ့ပြီဖြစ်၏။
လျှိုဖျင်၏ မျက်နှာက ဖြူဖျော့၍ သူ၏ မိုးမခသစ်ကိုင်းများကို ဆက်လက်ဝေ့ယမ်းကာ သူ၏ လက်နှစ်ဖက်ဖြင့် အင်မော်တယ်ပညာရပ်များနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်နေသေး၏။ သူ၏ နှုတ်ခမ်းကိုကိုက်ပြီး သူက မည်သည့်စကားမှမဆိုဘဲ ဖုန်းယင်ကိုသာ ဆက်လက်တိုက်ခိုက်နေ၏။
‘ငါတစ်စက္ကန့်လောက်ပိုပြီး တောင့်ခံနိုင်ရင် ဂျူနီယာညီဆူက တစ်စက္ကန့်ပိုပြီး အနားရလိမ့်မယ်”
အဲ့ဒီမှာဒဏ်ရာများစွာရှိလာပြီး သူ၏ သွေးချီက ကြီးမားစွာလျော့ကျလာခဲ့၏။ လျှိုဖျင်က မူးဝေထုံထိုင်းမှုကို စတင်ခံစားလာရပြီဖြစ်၏။ သို့သော်လည်း ထိုအတွေးက သူ၏ စိတ်ထဲမှာ တစ်မူးထူးခြားစွာ ပြတ်သားနေ၏။
“လျှိုဖျင် ဆင်းလာခဲ့တော့”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး လှမ်းအော်ပြောလိုက်၏။
လျှိုဖျင်က မည်သည့်အရာကိုမှ မကြားရသည့်အလား သူ၏ အစွမ်းကုန်ရှိသမျှနှင့် ဖုန်းယင်ကို တိုက်ခိုက်နေဆဲဖြစ်၏။
“မင်းကအရှုံးကိုဝန်ခံဖို့ ငြင်းဆန်နေတုန်းပဲလား”
ဖုန်းယင်၏ အမူအရာက အေးစက်လာခဲ့၏။
သူကလည်းပဲ လျှိုဖျင်၏ စိတ်ဆန္ဒကိုပြောနိုင်ပြီး သူ၏ ဘေးတွင် အေးစက်စက် အလင်းတစ်ခုက ဖျတ်ခနဲလက်သွား၏။
ဖောက်...
သွေးများက လေထဲသို့ ပန်းထွက်လာခဲ့၏။
သေးငယ်သော ကလေးလက်နှစ်ဖက်က လေထဲကိုပျံတက်လာခဲ့၏။ လျှိုဖျင်၏ လက်နှစ်ဖက်က ဖုန်းယင်၏ တိုက်ခိုက်မှုဖြင့် ပြတ်တောက်သွားခဲ့လေပြီ။
“အား...”
လျှိုဖျင်က ဒေါသတကြီးဟိန်းဟောက်ပြီး နောက်သို့ဆုတ်ခွာမသွားပေ။ သူ၏ ခေါင်းကိုခါယမ်းပြီး များစွာသောမိုးမခသစ်ကိုင်းများနှင့်အတူ စိတ်ဝိညာဥ်မြွေများကဲ့သို့ ဖုန်းယင်ကို ရစ်ပတ်ဖို့ ကြိုးစားနေ၏။
“လျှိုဖျင်ကအရှုံးကိုဝန်ခံပြီ... တာအိုရောင်းရင်း ကျေးဇူးပြုပြီး သနားညှာတာမှုပြပေးပါ”
အခြေအနေမကောင်းတော့သည်ကို အာရုံခံမိသွားပြီး ဆူဇီမိုက အလောတကြီးရှေ့သို့တက်ကာ အော်ပြောလိုက်၏။
လျှိုဖျင်က အစိမ်းရောင်ကျောက်တုံးတိုက်ပွဲကွင်းပေါ်မှာ နောက်ဆုတ်ဖို့ကို ငြင်းဆန်မည်ဆိုလျှင် ဖုန်းယင်က သူ့ကိုနေရာမှာပင် သတ်ဖြတ်ပစ်နိုင်၏။
ဖောက်...
နောက်ထပ်သွေးရောင်အလင်းတစ်ခုက ပန်းထွက်လာခဲ့၏။
လျှိုဖျင်၏ ရင်ဘတ်ပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်ပေါ်ထွက်လာ၏။
လျှိုဖျင်၏ နှလုံးက ဖုန်းယင်၏ အေးစက်အလင်းဖြင့် ထိုးဖောက်ခြင်းခံလိုက်ရပြီး သူ၏ သွေးချီက လျင်မြန်စွာယိုယွင်းလာခဲ့၏။
ရွှစ်... ရွှစ်...
ထိုစဥ်မှာပင် အစိမ်းရောင်ပုံရိပ်တစ်ခုက တိုက်ပွဲကွင်းပေါ်မှာ ရုတ်တရက်ပေါ်ထွက်လာပြီး လျှိုဖျင်ကို ကာပေးလိုက်၏။
ဆူဇီမိုက ပေါ်ထွက်လာပြီး သူ၏ လက်ချောင်းနှစ်ချောင်းကိုပူးကပ်ကာ ဓားကွက်တစ်ခုကို ဆင့်ခေါ်၍ သူ့ရှေ့မှာရှိသောလေဟာနယ်ကို ထိုးညွှန်လိုက်၏။
ချွင်...
ဓားလက်ညှိုး၏ ထက်ရှမှုက တလိပ်လိပ်ထိုးတက်လာပြီး ၎င်းက ဆင်းသက်လာသည့်ခဏမှာပင် လေဟာနယ်ထဲမှာ အေးစက်အလင်းတစ်ခုပေါ်ထွက်လာပြီး ၎င်းနှင့် စူးရှစွာထိတွေ့ရိုက်ခတ်သွား၏။
ဖုန်းယင်က နောက်သို့ဆုတ်ခွာသွားပြီး အစိမ်းရောင်တိုက်ပွဲကွင်း၏ အခြားတစ်ဘက်မှာ ပေါ်ထွက်လာကာ မျက်ခုံးအနည်းငယ်ပင့်လိုက်၏။
“ဘာလို့လဲ... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က အုပ်စုဖွဲ့တိုက်ခိုက်ချင်တာလား... အဲ့ဒါဆိုလည်း မင်းတို့နှစ်ယောက် အတူလာခဲ့လေ... ငါ မင်းတို့နှစ်ယောက်ကို ရင်ဆိုင်ပေးမယ်”
“ဘယ်လောက်တောင်တင်စီးလိုက်တဲ့လေသံလဲ... ပကတိပြန်ဝင်စားအင်မော်တယ်ဆိုတဲ့အတိုင်းပဲ”
လူတစ်ယောက်က ချီးကျူးလိုက်၏။
နောက်ထပ်လူတစ်ယော်က နှုတ်ခမ်းစူလိုက်၏။
“မင်းဘာသိလို့လဲ... လျှိုဖျင်ရဲ့နှလုံးက ပေါက်ကွဲသွားပြီ... သူ့ရဲ့သွေးချီကလဲ အားနဲနေပြီ... သူကအခုချိန်မှာ ဒုက္ခိတတစ်ယောက်လိုပဲ ဆူဇီမိုက လျှိုဖျင်နဲ့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် လျှိူဖျင်က သူ့ရဲ့ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်... အဲ့ဒီပြန်ဝင်စားပကတိအင်မော်တယ်က တော်တော်ပါးနပ်တာပဲ”
ဆူဇီမိုက ဖုန်းယင်ကို အေးစက်စွာကြည့်ပြီး လျှိုဖျင်၏ ထိခိုက်ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်၏။
လျှိုဖျင်၏ ထိခိုက်ဒဏ်ရာများက အလွန်တရာပြင်းထန်ပြီး ဖုန်းယင်၏ နောက်ပိုင်းပြုမူလှုပ်ရှားမှုက တမင်သက်သက်ရည်ရွယ်ခဲ့သည်မှာ သိသာလေသည်။ သူက လျှိုဖျင်၏ ခန္ဓာကိုယ်ကို ပျက်စီးထိခိုက်စေချင်ခဲ့၏။
ကံကောင်းစွာဖြင့် လျှိုဖျင်၏ လက်ရှိခန္ဓာကိုယ်ထဲမှာ ပါဝင်သောအသက်ဓာတ်အားက အရမ်းကို သိပ်သည်းပြင်းထန်လေသည်။
သူက ဒဏ်ရာအပြင်းအထန်ရရှိထားလျှင်တောင် သူ၏ ခန္ဓာကိုယ်က ယိုယွင်းပျက်စီးသွားခြင်းမရှိဘဲ တစ်စတစ်စ ပြန်လည်သက်သာလာနေဆဲဖြစ်၏။
ထိုအလျင်အဟုန်က အရမ်းကိုနှေးကွေးသော်လည်း သူက ဂရုတစိုက် အားဆက်ဖြည့်သည်နှင့် သူ၏ ခန္ဓာကိုယ်က မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာပေလိမ့်မည်။
“ဂျူနီယာညီဆူ... ငါဒီလောက်ပဲ တတ်နိုင်ခဲ့တယ်”
လျှိုဖျင်က သူ၏ ခန္ဓာကိုယ်မှ နာကျင်မှုကို တောင့်ခံရင်း ကြိုးစား၍ ပြုံးပြလိုက်၏။
“လုံလောက်နေပါပြီ”
ဆူဇီမိုက ညင်သာစွာ ရေရွတ်ပြီး သူ၏ အင်္ကျီလက်စကို ဝေ့ယမ်းလိုက်၏။ ညင်သာသောလေပြေတစ်ချက်က လျှိူဖျင်၏ ခန္ဓာကိုယ်ကို ထွေးပတ်သွားပြီး ထိုသူကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ပွဲကြည့်ဧရိယာဘက်သို့ ဖြည်းဖြည်းချင်းလွင့်မျောသွားစေ၏။
သူကတော့ အစိမ်းရောင်ကျောက်တုံး တိုက်ပွဲကွင်းကနေ ထွက်ခွာမသွားပေ။
ပကတိအင်မော်တယ်ရှဲ့လင်က ဖြည်းဖြည်းချင်း မတ်တတ်ထရပ်ပြီး ခေါင်းညိတ်ကာပြောလိုက်၏။
“အဲ့ဒါလည်းကောင်းတာပဲ.. ကမ္ဘာမြေအဆင့်သတ်မှတ်ချက်တိုက်ပွဲရဲ့ သတ္တမအချီ... နောက်ဆုံးတိုက်ပွဲ တရာဝင်စတင်ပြီ။”