← Chapters

အပိုင်း (၂၂၄)

Vol. 16 Ch. 224

အပိုင်း (၂၂၄)

Vol. 16 Ch. 224

"ဘာတွေ ဖြစ်နေတာလဲ" ရမ်ချင်းတု၏ မျက်နှာသွင်ပြင်သည် ပြောင်းလဲသွားခဲ့သည်။ သူသည် အသာလှည့်ပြီး သည့်နောက် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အဝင်ဝဆီသို့ လှမ်းလျှောက်လိုက်၏။

အဝေးတစ်နေရာသို့ လှမ်းကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ သူသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် တစ်စုံတစ်ခုကို မြင်ရပြီး မျက်စိသူငယ်အိမ်များပင် ကျုံ့ဝင်သွားခဲ့၏သည်။

အဝေးတစ်နေရာတွင် မျှော်စင်ကြီး တစ်ခုကဲ့သို့ တောင့်တင်းခိုင်မာလှသည့် လူတစ်ယောက်က မတ်မတ် ရပ်လျက်ရှိပြီး ၎င်းဆီမှ ဆန်းကြယ်ပြီး သူရဲကောင်းဆန်သည့် အော်ရာမျိုး ထွက်ပေါ်လျက်ရှိ၏။ ထိုသူသည် ကောင်းကင်ကြီးကို သရဖူအဖြစ် ဆင်မြန်းပြီး မြေပြင်ကို ဖိနပ်အဖြစ် ဝတ်ဆင်ထားသကဲ့သို့ပင် ကြီးမားလွန်း လှ၏။ မျက်လုံးများသည် နေနှင့်လကဲ့သို့ပင် စူးရှပြီး နတ်ဘုရားအလင်းတန်းများ တောက်ပလျက် ရှိနေ၏။

အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေလေ၏။ ၎င်း၏ လက်ထဲတွင် ဘယ်တော့မှ ငြိမ်းသက်နိုင်မှာ မဟုတ်သော ရှေးမီးအိမ်ကြီး တစ်ခုကို ကိုင်ဆောင်ထား၏။ ထိုသူ၏ အကြည့်များသည် တည်နေရာအနှံ့ကို ဖြန့်ကျက်ကာ ကြည့်ရှုပြီးသည့်နောက်မှာတော့ လေဟာနယ်တစ်ခုလုံးသည် ကွဲအက်လာ ခဲ့သည်။

ရှေးမီးအိမ်ကြီး - ၎င်းသည် နေတစ်စင်းကဲ့သို့ပင် ခြစ်ခြစ်တောက် ပူလောင်လျက် ရှိပြီး အပြာရောင် ကောင်းကင်ကြီးကိုပင် ထိုးခွင်းလုမတတ်ပင်။ ၎င်း၏အနားမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အင်ပါယာတစ်ယောက်၏ အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး အားလုံးသောသူများကို အသက်ရှုမဝ ဖြစ်စေခဲ့၏။ တော်ဝင်သဲကန္တာရမြို့ထဲတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် ၎င်းတို့၏ ဝိညာဉ်များပင် တုန်ခါလျက် ရှိနေပြီး မည်သို့မှ မနေနိုင်ဘဲ ထိုင်ကာ ကိုးကွယ်ချင်စိတ်ပင် ပေါက်လာမိကြ၏။

"အင်း… ဒါ ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာပဲ"

ရမ်ချင်းတုသည် ကြီးကြီးမားမား တုန်လှုပ် သွားမိ၏။ အစစ်အမှန် ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာသည် သေဆုံးသွားခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၏။ ကျန်ရှိနေသည့် အင်ပါယာတစ်ယောက်၏ စိတ်ဆန္ဒအမျှင် ပြန်လည်ကာ ပေါ်ပေါက်လာခြင်း ဖြစ်ရပေလိမ့်မည်။ သို့ပေမဲ့ စိတ်ဆန္ဒအမျှင် ပေါ်ပေါက်လာသည်ဆိုလျှင်တောင်မှ ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာသည် ၎င်း၏ ယခင်တုန်းက အောင်မြင်ခဲ့သည့် တိုက်ခိုက်မှုစွမ်းအင်၏ သုံးဆယ်ရာခိုင်နှုန်းကို ထုတ်ဖော်နိုင်စွမ်းတော့ ရှိနေသေးသည်။

"အင်ပါရီယာလက်နက်ကို အသုံးပြုတဲ့ ကြက်သွေးရောင်မီးတောက်အင်ပါယာ - သူတို့က အင်ပါရီယာရဲ့ စိတ်ဆန္ဒကိုတောင်မှ ပြန်ပြီးနိုးထအောင် အတင်းပြုလုပ်ခဲ့တာပဲ။ ခန့်မှန်းလို့ မရအောင် အားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်နဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်လိမ့်မယ်။ ဖြစ်နိုင်တာက ….."

ရမ်ချင်းတု၏ စိတ်နှလုံးသားသည် လှုပ်ရှားလာခဲ့သည်။ သူသည် မယုံကြည်နိုင်သလိုပင် ဖြစ်မိနေ၏။ "လင်းရှောင် များလား"

"ခန့်မှန်းစရာ မလိုဘူး။ ဒါ လင်းရှောင်ပဲ"

ထိုအချိန်မှာတော့ လီယွင်သည် နောက်ဘက်ဆီသို့ ရောက်ရှိလာ၏။ ၎င်းသည် အဝေးတည်နေရာတွင် ရှိနေသည့် မြင်ကွင်းကို လှမ်းကာကြည့်ရှု၏။ ကံကောင်းစွာဖြင့် တော်ဝင် သဲကန္တာမြို့သည် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ၏ မနီးမဝေးတွင် တည်ရှိ၏။ မဟုတ်ပါက သူ့အနေနှင့် ထိုမြင်ကွင်းကို မြင်နိုင်ရန်အတွက် ခက်ခဲပေလိမ့်မည်။

"အင်း… ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ တည်နေရာဆီကနေပြီး လှုပ်ရှားမှုတွေ ဖြစ်လာတာပဲ။ ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာ အရိပ်ကြီး မဟုတ်လား။ ဒါဆိုရင် ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာက အသက်ရှိနေသေးလို့လား"

"ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာ တည်ရှိခဲ့တဲ့ခေတ်က လက်ရှိအခြေအနေနဲ့ဆိုရင် အရမ်းကို ဝေးကွာလွန်းတယ်လေ။ သူက သေဆုံးသွားခဲ့တာ ကြာပြီ။ ဒါက ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာရဲ့ စိတ်ဆန္ဒအမျှင် တစ်ခုသာ ဖြစ်လိမ့်မယ်"

"ဒီ စိတ်ဆန္ဒအမျှင်ကို အသက်သွင်းဖို့ ဘယ်သူက အတင်းလုပ်ခဲ့တာလဲ"

လက်ရှိအချိန်မှာတော့ တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးသည် အုတ်အော်သောင်းနင်း ဖြစ်လို့နေခဲ့၏။ ဤမြင်ကွင်းကို မျက်မြင်တွေ့လျက် ရှိနေသည့် လူပေါင်းများစွာတို့သည် ကြောက်လန့်လျက် ရှိနေကြသည်။ ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာသည် လူအားလုံးတို့၏ နှလုံးသားဆီမှ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးဖြစ်သည်။ သို့ပေမဲ့ ၎င်း၏ နာမည်ကို ပြောဆိုလိုက်သည် နှင့်တပြိုင်နက် ကြောက်လန့်မှုများကို ဖြစ်စေနိုင်သည့် အရှိန်အဝါမှာတော့ အလုံးစုံ ကျန်ရစ်နေသေးသည်။

ဘုန်း ……။

ကောင်းကင်ကြီး တစ်ခုလုံး၌ ကျယ်လောင်လှသည့် အသံကြီးတစ်ခု ဖြစ်ပေါ်လာပြီး လေဟာနယ် တစ်ခုလုံးတွင်လည်း အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာ၏။ ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာသည် အလွန်ဆန်းကြယ်လှသည့် ပုံပန်းသွင်ပြင်မျိုးဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်း၏ မျက်လုံးဆီမှ နိယာမများသည် တကယ်ပင် နက်နဲပြီး ခန့်မှန်းလို့ မရအောင် နက်ရှိုင်းလွန်းလှ၏။ စကြဝဠာ၏ အနှစ်သာရများဆီမှ မွေးဖွား ဖြစ်တည်ခဲ့သည်ဆိုသည့် ဟန်ပန်အမူအရာများကို ထုတ်ဖော်လျက်ရှိ၏။

လက်တစ်ဖက်ကို မြှောက်ပြီးသည့်နောက် သူသည် ရှေးမီးအိမ်ကြီးကို ဆင့်ခေါ်ကာဖြင့် တိုက်ခိုက်ခြင်းကို ပြုမူလေသည်။

ရွှီး ရွှီး ရွှီး

ရေတွက်လို့ မရအောင် များပြားလှသည့် အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးပင်လျှင် ဇောက်ထိုးပြောင်းပြန် ဖြစ်သကဲ့သို့ပင်။ လောကကြီး၏ အဆုံးသတ်သို့ ရောက်ရှိ တော့မည် ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ တည်နေရာကြီး တစ်ခုလုံးသည် ပျက်စီးနေခဲ့၏။

ဤတိုက်ခိုက်ချက် - များပြားလွန်းလှသည့် လူများအားလုံးတို့သည် ဤအရာနှင့် ရင်ဆိုင်တွေ့သည့် အချိန်မှာတော့ မည်သို့မှ မခုခံနိုင်ခဲ့ကြချေ။ ၎င်းတို့အားလုံးသည် ထိုအရာကြီးနားတွင် တည်ရှိနေသည်ဆိုပါက ကျိန်းသေပေါက် ပြာအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရှိနေခဲ့ကြသည်။

သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ကောင်းကင်ယံတွင် ဖုန်မှုန့်ကဲ့သို့ပင် သေးငယ်လွန်းလှသော ပုံရိပ် တစ်ခုက ပေါ်ပေါက်လျက် ရှိနေ၏။ ၎င်း၏ ဆံပင်များသည် လေထဲတွင် လွင့်မျောလျက် ရှိနေပြီး ၎င်း၏ ခန္ဓာကိုယ်ဆီမှ ရှေးဆန်းပြီး တည်ငြိမ်လွန်းသည့် ဟန်ပန်အမူအရာများ ထွက်ပေါ်လျက်ရှိ၏။ ၎င်းသည် လက်သီးကို အသာထိုးလွှတ်လိုက်ပြီးသည့်နောက် ရှေ့တွင် ရှိနေသည့် ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာ၏ စိတ်ဆန္ဒနှင့် တိုက်ရိုက်ဆိုသလိုပဲ ရင်ဆိုင် တိုက်ခိုက်နေလေ၏။

ဘုန်း

မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုတည်နေရာကြီးထဲတွင် များပြားလှသည့် စွမ်းအင်လှိုင်း များ ပြည့်နှက်သွား၏။ စကြဝဠာကြီး တစ်ခုလုံးတွင် ရှိနေသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။

အသာလှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး၌ ကြီးမားလွန်းလှသည့် အပျက်အစီး တည်နေရာကြီးတစ်ခုအဖြစ် ဖြစ်တည်လျက် ရှိနေပြီး အရာအားလုံးသည် လှိုင်းအဟုန်များနှင့် အတူ လွင့်စင်ကုန်၏။

တိုက်ခိုက်ချက်တစ်ခုကို ထုတ်ဖော်ပြီးသည့်နောက် ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာ၏ ပုံပန်းသွင်ပြင်သည် ပျောက်ကွယ်သွားခဲ့သည်။

ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာ၏ စိတ်ဆန္ဒ တစ်ခုတည်းသာ ဖျက်ဆီးခံရခြင်း မဟုတ်ပေ။ ကြက်သွေးရောင် မီးတောက် နတ်နယ်မြေ တစ်ခုလုံးသည် ဤတိုက်ခိုက်ချက် တစ်ခုနှင့် အရာအားလုံး ပျက်စီးသည်အထိသို့ ရောက်ရှိသွားခဲ့ကြ၏။

လူပေါင်းများစွာတို့၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် သွေးအဆီအနှစ်ပေါင်း များစွာတို့သည် ခန္ဓာကိုယ်ဆီမှ ထွက်ခွာသွားခဲ့၏။ ထိုသေးငယ်ပြီး ပိန်ပါးလှသည့် လူတစ်ယောက်သည် ကောင်းကင်ယံတွင် မတ်မတ် ရပ်လျက် ရှိနေပြီး ထိုအရာများ အားလုံးကို စုပ်ယူစားသုံးလျက် ရှိနေလေသည်။

"ဒါက"

ရမ်ချင်းတုသည် အဝေးတစ်နေရာကို လှမ်းကာကြည့်ရှုရင်း မယုံကြည်နိုင်သလို ဖြစ်မိနေ၏။ လင်းရှောင် ထုတ်ဖော်ပြသခဲ့သည့် အားအင်အဆင့်သည် ကျိန်းသေပေါက် အင်ပါယာ တစ်ယောက်၏ အားအင်မျိုး မဟုတ်ပေ။ ကွာစီအင်ပါယာတစ်ယောက်၏ စွမ်းအင်မျိုးသာလျှင် ရှိ၏။ သို့ပေမဲ့ အင်ပါယာ တစ်ယောက်၏ တိုက်ခိုက်ချက်ကို ခုခံနိုင်ခဲ့သည်လား။

ကြက်သွေးရောင်မီးတောက် ရှေးအင်ပါယာ၏ စိတ်ဆန္ဒအမျှင်တစ်ခုသာ ဖြစ်သည်ဆိုသော်လည်း အားအင် အဆင့်သည် ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုး တည်ရှိလို့ နေခဲ့၏။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးကို သူတို့ တစ်ခါမှ မကြားခဲ့ဖူးချေ။ လက်ရှိ မျက်လုံးနှင့်ပင် မြင်နေရ၏။

လင်းရှောင် တစ်ယောက် အင်ပါယာတစ်ယောက်ဖြစ်ရန် မည်မျှ နီးစပ်သည့် အခြေအနေဆီသို့ ရောက်ရှိ နေသနည်း။

"စီနီယာ… ခင်ဗျားရဲ့ အထင်အမြင်အရဆိုရင် လင်းရှောင်က အင်ပါယာတစ်ယောက် ဖြစ်လာတော့မှာလား" ရမ်ချင်းတုသည် ခြောက်ကပ်လှသည့် အသံဖြင့် မေးမြန်းလိုက်၏။

"အင်း.. နည်းနည်းလေးပဲ လိုတော့တယ်"

လီယွင်သည် ထိုစကားကို ရေရွတ်လိုက်၏။ ပြီးသည့်နောက် ထပ်ပြောလိုက်သည်။ "တချို့အတွက်တော့ အဲဒီနည်းနည်းလေး ဆိုတာကို ကျော်ဖြတ်နိုင်ဖို့အတွက် သူတို့ရဲ့ တစ်ဘဝလုံးကို ပေးအပ်ခဲ့ကြရတယ်။ မအောင်မြင်ကြဘူးလေ"

"ကျုပ် နားလည်ပါပြီ"

ရမ်ချင်းတုသည် နားလည်သွား၏။ ပြီးသည့်နောက် ကြက်သွေးရောင်မီးတောက် နတ်နယ်မြေ တည်ရှိရာ နေရာဆီသို့ လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည်။ သူသည် အမှန်ပင် လေးလေးနက်နက် တုန်လှုပ်လျက် ရှိနေ၏။ "စီနီယာ… လင်းရှောင်တစ်ယောက် ဘယ်နေရာကို ထပ်သွားမယ်လို့ ထင်လဲ"

"အင်း"

လီယွင်သည် ကောင်းကင်လျှို့ဝှက်အမှတ် အနည်းငယ်ကို အသုံးပြုပြီး စနစ်ကို စစ်ဆေးလိုက်၏။ ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "အခု သူက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းရဲ့ အဝင်ဝဆီသို့ ရောက်ရှိနေပြီ"

ကောင်းကင်လျှို့ဝှက်အမှတ် အနည်းငယ်ကို အသုံးပြုပြီးသည့်နောက် သူသည် ပင်ပင်ပန်းပန်း စဉ်းစားနေစရာ မလိုအပ်တော့ချေ။ သိရှိချင်သည်များကို တစ်ခါတည်း မေးမြန်းလိုက်ရုံသာရှိ၏။

ရောင်စဉ်အလင်း နတ်နယ်မြေ ဖျက်ဆီးခံရခြင်းသည် သူနှင့် သက်ဆိုင်လျက် ရှိနေ၏။ လင်းရှောင်သည် ထိုတည်နေရာဆီသို့ ရောက်ရှိပြီး တိုက်ခိုက်ခြင်းဆိုသည်မှာ သူ့အား တစ်ဖက်လှည့်ဖြင့် သတိပေးခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲတွင် သူသည် လုံခြုံလျက် ရှိနေသည်ဆိုသော်လည်း တော်ဝင်သဲကန္တာရမြို့ထဲရှိ လူများမှာတော့ လုံခြုံလျက် ရှိလိမ့်မည်ဟု သူက မထင်မှတ်ခဲ့ချေ။

မြို့ကြီးတစ်ခုလုံး ပျက်စီးသွားမည်ဆိုပါက သူ၏ မျက်နှာကို ပါးလာရိုက်ခြင်းနှင့်ပင် ဆင်တူနေမည် မဟုတ်ပါလား။ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သိက္ခာတရားများသည် သဲထဲရေသွန် ဖြစ်ကုန်ပေ လိမ့်မည်။

ကွာစီအင်ပါယာ တစ်ယောက်၏ လှုပ်ရှားမှုကို ငြိမ်ငြိမ်သက်သက် ရပ်ကြည့်နေရမည်လား။

ထို့ကြောင့် သူသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ကောင်းကင် လျှို့ဝှက်အမှတ်များကို အသုံးပြုကာဖြင့် လင်းရှောင်၏ လှုပ်ရှားမှုများကို ကြည့်ရှုနေခြင်း ဖြစ်၏။ လင်းရှောင် အနေနှင့် သူ့ကို တိုက်ခိုက်ရဲသည် ဆိုပါက သူ့သည် အရင်ဆုံး ကြိုတင်ကာ ထိုသူ့ကို ဖျက်ဆီးပစ်ရန် စဉ်းစားထားသည်။

All Chapters