အပိုင်း (၂၂၆)
Vol. 16 Ch. 226
တော်ဝင်သဲကန္တာရမြို့၏ အပြင်ဖက်တွင် သွေးအလိမ်းလိမ်းနှင့် လူတစ်ယောက်က ပေါ်လာခဲ့၏။ ထိုသူသည် ရိုးရှင်းပြီး ရှေးဆန်လှသည့် အရှိန်အဝါများကို ထုတ်ဖော်လျက် ရှိနေ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးများ စွန်းထင်လျက် ရှိနေပြီး ခန္ဓာကိုယ်မှ အဆုံးမဲ့သော သတ်ဖြတ်လိုခြင်း ဆန္ဒများ ထွက်ပေါ်လျက် ရှိနေ၏။ ခြေတစ်လှမ်း လှမ်းတိုင်းတွင် မြေပေါ်၌ သွေးခြေရာများ ကျန်ရစ်ခဲ့၏။ ထိုအရာသည် ကျိန်းသေပေါက် ကြောက်မက်ဖွယ် ကောင်းလှသည့် အရှိန်အဝါမျိုးပင် ဖြစ်လေသည်။ ထိုကြားတွင် အဆုံးမဲ့သော အော်ရာများ ထွက်ပေါ်လျက် ရှိနေပြီး သူ့အနားသို့ ချဉ်းကပ်လာသည့် လူများကို တားဆီးထားသကဲ့သို့ပင်။
သွေးခြေရာများသည် တွေ့မြင်ရသူများအား ကျောရိုးမကြီးများပင် စိမ့်တက်သွားစေခဲ့၏။
လင်းရှောင်တစ်ယောက် တော်ဝင်သဲကန္တာရမြို့ဆီသို့ ချဉ်းကပ်လာစဉ်မှာတော့ ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်း ရှိ လီယွင်သည် သက်ပြင်းချလိုက်မိသည်။
ချီးတဲ့မှ …. လင်းရှောင်က တကယ့်ကို တော်ဝင်သဲကန္တာရမြို့ဆီ လာတာပေါ့။ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ အော်ရာတွေကို ကြည့်ရရင် မိတ်ဆွေဖွဲ့ဖို့ လာတာမဟုတ်တာ သေချာတယ်။
မိတ်ဆွေဖွဲ့ရန် လာခြင်းမဟုတ်မှတော့ ရည်ရွယ်ချက်သည် ထင်ပေါ်နေပြီဖြစ်၏။
"စနစ် … စတိုးကိုဖွင့်ပြီး အင်ပါယာရိုက်ချက်လို အရာမျိုးကို ရှာပေး။ အရမ်းကြမ်းတမ်းပြီး ဖျက်ဆီးနိုင်အား ပြင်းတဲ့ နည်းစနစ်တွေတော့ ဖယ်လိုက်" လီယွင်သည် တီးတိုးရေရွတ်လိုက်သည်။
အင်ပါယာတစ်ယောက်၏ တိုက်ခိုက်ချက်သည် လက်ခံနိုင်သည့် အတိုင်းအတာအတွင်းတွင် ရှိ၏။ အလွန်ကြမ်းတမ်းသော တိုက်ချက်မျိုး ဆိုပါက လင်းရှောင်ကိုသာမက လောကကြီးတစ်ခုလုံးကို ဖျက်ဆီးမိသွားမည်ကို စိုးရိမ်ရ၏။ လောကကြီးတစ်ခုလုံး ပြိုလဲသွားပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်သာ တည်ရှိတော့လျှင် ဘာဖြစ်တော့မည်နည်း။ သူ မည်ကဲ့သို့ ရပ်တည်ရတော့မည်နည်း။
နတ်ဘုရား အပြစ်ပေးမှုကို ဆင့်ခေါ်ရန် စဉ်းစားဖူးသည်။ သို့ပေမဲ့ ထိုအကြံအစည်ကို အစောကြီးကတည်းက ဖယ်ရှားခဲ့သည်။ တော်ဝင်သဲကန္တာရမြို့၏ သူတော်စင်ဘုရင်အဆင့် အစီအရင် မရှိချေ။ ထို့ကြောင့် နတ်ဘုရားအပြစ်ပေးမှု ကျဆင်းလာပါက တော်ဝင်သဲကန္တာရမြို့ထဲမှ လူအားလုံးတို့ ဘာတစ်ခုမှ တတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် လင်းရှောင်သည် အန္တရာယ် အငွေ့အသက်ကို ခံစားရသည်နှင့် တစ်ခါတည်း ထွက်ပြေးသွားမှာ သေချာ၏။
[ဒင် … လက်ခံသူ တောင်းဆိုသည့်အတိုင်း စာရင်းကိုအောင်မြင်စွာ ရှာဖွေပြီးပါပြီ။]
[အင်ပါယာရီထျန်း၏ တိုက်ခိုက်ချက်တစ်ခု - ကောင်းကင်လျှို့ဝှက် အမှတ် သုံးသိန်း ကုန်ကျမည်။]
[ကြမ်းတမ်းမှုအင်ပါယာ၏ တိုက်ခိုက်ချက်တစ်ခု- ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်း ကုန်ကျမည်။]
[ထာဝရအင်ပါယာ၏ တိုက်ခိုက်ချက်တစ်ခု-ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်းကုန်ကျမည်။]
[ကြက်သွေးရောင် မီးတောက်ရှေးအင်ပါယာ၏ တိုက်ခိုက်ချက် တစ်ခု- ကောင်းကင်လျှို့ဝှက် အမှတ် နှစ်သိန်းကိုးသောင်းငါးထောင် ကုန်ကျမည်။]
[ဖန်တီးခြင်း တော်ဝင်အင်ပါယာ၏ တိုက်ခိုက်ချက်တစ်ခု- ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သိန်းကိုးသောင်း ငါးထောင် ကုန်ကျမည်။]
[ရှုပ်ထွေးလူဝု ရှေးအင်ပါယာ၏ တိုက်ခိုက်ချက်တစ်ခု- ကောင်းကင်လျှို့ဝှက် အမှတ် နှစ်သိန်းရှစ်သောင်း ကုန်ကျမည်။ ]
"ဒီလောက် စျေးကြီးတာလား" လီယွင်သည် သွားကိုက်သလိုပင် ခံစားလိုက်မိ၏။
အားလုံးသည် နှစ်သိန်းကျော်တွင် တည်ရှိနေ၏။ ထို့အပြင် တစ်ခါသာ အသုံးပြုနိုင်သည်။ လက်ရှိ သူ၏ ချမ်းသာသမျှ တစ်ဝက်ကျော်ကို ထုတ်ဖော်အသုံးပြုမည့် အခြေအနေမျိုးသို့ ရောက်ရှိနေခဲ့သည်။
လင်းရှောင်ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းသည် အဘယ့်ကြောင့် ဤမျှ ကုန်ကျရသနည်း။
[အင်ပါယာတစ်ယောက်၏ တိုက်ခိုက်ချက်သည် အားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေ၏။]
စနစ်သည် တကယ်ပင် နားလည်လွယ်သည်။
လီယွင် "......"
မည်သူက ထိုအရာကို နားမလည်ဘဲ နေမည်နည်း။ တိုက်ခိုက်ချက် တစ်ခုတည်းနှင့် နတ်နယ်မြေ သို့မဟုတ် ဂိုဏ်းတစ်ခုလုံးကို ဖျက်စီးပစ်နိုင်သည်ဟု သူကယုံကြည်မိနေ၏။ သို့ပေမဲ့ သူ့အနေဖြင့် ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးချင်ခြင်း မဟုတ်ပေ။ လင်းရှောင်တစ်ယောက်တည်းကိုသာ တိုက်ခိုက်လိုခြင်း ဖြစ်၏။ ဤတိုက်ခိုက်ချက်ပြီးလျှင် သူ့၌ အမှတ်နည်းနည်းသာ ကျန်ရှိပေတော့မည်။ ကောင်းကင်အမှန် သုံးသိန်းကျော်ကို ပြန်ရှာရန်တွက် သူ့အနေဖြင့် မည်မျှ များပြားသော အရောင်းအဝယ်များကို ပြုလုပ်ရမည်နည်း။
"စနစ် …. အင်ပါယာတစ်ယောက်ရဲ့ အစွမ်းတွေကို အသုံးပြုမယ်ဆိုရင် ငါသူ့ကို ဖမ်းပြီး ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲ ခေါ်လို့ရနိုင်မလား။ " လီယွင်သည် သေသေချာချာဖြင့် စုံစမ်းလိုက်၏။
သူ့အနေဖြင့် စနစ်၏ ရှင်းပြချက်များကို သေသေချာချာ ဖတ်ရှုပြီးသား ဖြစ်၏။ သီအိုရီအရဆိုလျှင် အင်ပါယာတစ်ယောက်၏ တိုက်ခိုက်ချက်ဆိုသည်မှာ သတ်ဖြတ်ခြင်း၊ ချုပ်နှောင်ခြင်း၊ ဝိညာဉ်ချုပ်နှောင်ခြင်း …. အစရှိသော များပြားလှသည့် လုပ်ဆောင်နိုင်စွမ်းများ ပါဝင်လျက် ရှိသည်။
[ရပါတယ်]
"ငါ နားလည်ပြီ" လီယွင်၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ အရာအားလုံးသည် သူထင်မှတ်ထားသည့်အတိုင်း ဖြစ်လို့နေခဲ့၏။ ထိုသို့သာဆိုလျှင် အရာအားလုံး အဆင်ပြေမှာ သေချာသည်။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပင် ပြောလိုက်တော့၏။ "စနစ် … အင်ပါယာရီထျန်းရဲ့ တိုက်ခိုက်ချက်တစ်ခုကို ဝယ်ယူမယ်"
အင်ပါယာရီထျန်း ဆိုသည်မှာ တကယ့်ကို အားကောင်းလှသည့် လူတစ်ယောက် ဖြစ်ပြီး၎င်း၏ အားအင်အဆင့်သည် သံသယရှိစရာ မလိုအောင်ပင် ကြီးမားလွန်းလှ၏။ လီယွင်သည် တခြားသော အင်ပါယာများ၏ တိုက်ခိုက်ချက်ကို ယုံကြည်ချက်မရှိ၍ မဟုတ်ချေ။ တစ်ဖက်လူ လွတ်မြောက်သွားမည်ကို စိုးရိမ်မိသောကြောင့်ပင်။
[ဒင် …. ကောင်းကင်လျှို့ဝှက်အမှတ် သုံးသိန်းကို နှုတ်ယူလိုက်သည်။ အင်ပါယာရီထျန်း၏ တိုက်ခိုက်ချက် တစ်ခုကို ဝယ်ယူခဲ့သည်။ ]
လီယွင်သည် ပျော်ရွှင်သွားမိ၏။ စုဆောင်းထားခဲ့သမျှ အားလုံး၏ တစ်ဝက်သည် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ လက်ရှိ အချိန်၌ တော်ဝင်သူတော်စင်အဆင့်ကို ရောက်ရှိရန် မဆိုနှင့် သူတော်စင်ဘုရင်အဆင့်ကို ရောက်ရန်ပင် မသေချာတော့ချေ။
တော်ဝင်သဲကန္တာရမြို့နှင့် မိုင်တစ်ထောင်အကွာမှတော့ လင်းရှောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာဖြင့် ရပ်တန့်လျက် ရှိ၏။ သူ၏ ဆံနွယ်များအား လေတိုက်ခတ်ပြီးနောက် သူ၏ရှေးဆန်လှသော မျက်နှာသည် ထင်းခနဲ ပေါ်လာသည်။ ထိုမျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ ထင်ပေါ်မနေချေ။
မျက်စိသူငယ်အိမ်များသည် ရေတွက်၍မရသော သင်္ကေတများနှင့် ထွန်းတောက်လျက် ရှိနေပြီး ထိုအရာမှ နတ်ဘုရား အလင်းတန်းအဖြစ် အသွင်ပြောင်းကာ လေဟာနယ်ထဲသို့ ထိုးခွင်းသွား၏။
၎င်းသည် မိုင်တစ်သောင်းအကွာတွင် ရှိနေသည် ဆိုလျှင်တောင်မှ မြို့ထဲတွင် ဖြစ်နေသည့် အရာများကို ကောင်းကောင်းသိနိုင်စွမ်းရှိသည်။
သူ၏အကြည့်သည် သပ်ရပ်သန့်ရှင်းလှသည့် နန်းဆောင်တစ်ခုဆီသို့ ရောက်ရှိသွား၏။ ထိုအရာဆီမှ ကောင်းကင်တာအို၏ အော်ရာများ ထွက်ပေါ်လျက် ရှိနေ၏။
“ဟမ့် ….။
လေဟာနယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သွေးများ ဖုံးလွှမ်းလျက် ရှိနေသည့် လင်းရှောင်သည် သူ၏ဆံပင်များကို သပ်တင်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် အော်ရာများကို အဆက်မပြတ် ထုတ်လွင့်နေ၏။ ဤကြမ်းတမ်းလှသည့် အော်ရာများ ထွက်ပေါ်လာချိန်မှာတော့ လေဟာနယ်ထဲ၌ မုန်တိုင်းကြီးတစ်ခု ဖြစ်တည်လာသည်။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်သည် အစစ်အမှန် အင်ပါယာတစ်ယောက် ဖြစ်သလား ဆိုသည်ကို သူက စမ်းသပ်ချင်မိသည်။
အစစ်အမှန် အင်ပါယာတစ်ယောက် ဖြစ်သည် ဆိုပါက လက်ရှိရောင်စဉ်အလင်းနတ်နယ်မြေ၏ ရန်ငြိုးများကို မေ့ပစ်ရပေမည်။ ရှုပ်ထွေးကြယ်ပင်လယ်ထဲသို့ ပြန်လည် ဝင်ရောက်ပြီး အင်ပါယာမဖြစ်မချင်း ပြန်ထွက်မလာရန် စိတ်ပိုင်းဖြတ်ရပေမည်။
အကယ်၍ အင်ပါယာတစ်ယောက် မဟုတ်ပါ သူသည် ဖြစ်ပျက်ခဲ့သမျှသော ရန်ကြွေးများအတွက် အပြီးသတ် စာရင်း ရှင်းရမှာဖြစ်၏။
ထိုကဲ့သို့သော အတွေးများကို တွေးပြီးသည့်နောက်မှာတော့ လင်းရှောင်သည် သူ၏လက်များကို အသာဆန့်တန်းလိုက်သည်။
ဘုန်း ….။
ကောင်းကင်နှင့် မြေပြင် တစ်ခုလုံး တုန်ခါသွားခဲ့ပြီး အခြေအနေတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။
ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဖိအားကြီး ဖြစ်တည်လာခဲ့့ပြီး တော်ဝင်သဲကန္တာရမြို့တွင် ရှိနေသည့် လူများအားလုံးတို့၏ ခန္ဓာကိုယ်သို့ ကျဆင်းလာသည်။ မမြင်ရသည့် တောင်ကြီးတစ်ခုသည် ၎င်းတို့အပေါ်သို့ ကျဆင်းလာသကဲ့သို့ပင်။ ၎င်းတို့၏ အသက်ရှုသံများသည် ချက်ချင်းပဲ အားပျော့သွားခဲ့ကြသည်။
"ဘာတွေဖြစ်နေတာလဲ။ ဘာတွေဖြစ်ကုန်တာလဲ။ တော်ဝင်သဲကန္တာရမြို့ကို ဘယ်သူက မဆင်မခြင်နဲ့ တိုက်ခိုက်ရဲတာလဲ။ သေချင်နေတာလား။"
"ဒါ တော်ဝင်အင်ပါယာတစ်ယောက်ရဲ့ ဖိအားတစ်ခုပဲ" လူပေါင်းများစွာတို့သည် ချက်ချင်းပဲ ကြောက်လန့်သွားကြ၏။ ၎င်းတို့၏ နှလုံးသားများသည်လည်း မွန်းကျပ်သွား ခဲ့ကြသည်။